Saturday, December 6, 2025

story

ဖွေးဖွေးသိမ့် စာတတ်ပြီ
          👧👧👧👧👧👧
       ခုတလော ရှင်လူ ကြီး စာရေးချင်စိတ်သိတ်မရှိ။ ဒါမျိုး မဆလ ခေတ်နဲ့ နောက်ပိုင်း
နဝတ/နအဖ ခေတ်တွေတုန်းကလည်း မ ကြာ
မ ကြာ ဖြစ်ခဲ့ဖူးတယ်။ အမှန်တော့ Freedom of expression ပဲ။လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့် မရှိပဲ ဟိုရှောင် ဒီကွေ့
အမရာဝိ ‌က္ခေပ (အမရာ ငါးလို လိမ်ဖယ်ဖယ်)အဖမ်းခက်အောင် ရှောင်ရေးနေရတာ 
အဂတိ တရားမို့ မရေးတာကမှ အကုသိုလ်ကင်းတယ်ထင်မိတယ်။ တခါ သခင် ခင်ညွန့် ‌မြေးမင်္ဂလာဆောင် မှာ မောင်မောက်-ဥက္ကလာ (ကွယ်လွန်)နဲ့အမှတ်မထင်ဆုံမိ ကြတော့ "ဘယ်လိုလဲ ၊ဒီမိုကရေစီ ရမှ စာရေးမှာလား"လို့ အားမလိုအားမရ ထေ့သွားခဲ့ဖူးတယ်။
         ၁၆ နှစ်သားက ကဗျာစရေးခဲ့ ပေမယ့်
သက္ကရာဇ် ၂၀၁၅ လောက်ရောက်မှ fB နဲ့
ကိုယ်ပိုင် Blog ပေါ်မှာ ကဗျာနဲ့ စာအတိုအထွာ အတန်အသင့် ရေး ဖြစ်ခဲ့တယ်။ ဒါတောင်
ဆန္ဒ  ‌ဒေါသ  မောဟ ဘယာစွဲ ‌တွေ နည်းနိုင်သမျှနည်းအောင် သတိထားရေးခဲ့တယ်။
မိမိက ရဟန္တာမဟုတ်တော့ အားလုံး အ ပြစ်ကင်းတယ်တော့ မဆိုသာ။
          မိမိ စိတ်ပျက် ပြီးစာမရေးဘဲ နေ ပြန်တော့လည်း အနားက ကလေးတွေ ရဲ့ ချစ်စရာ
အ ပြုအမူလေးတွေ‌က လှုံ့ဆော်လာလို့ ထရေးမိ ပြန်တယ်။ မနေ့က ဖွေးဖွေးသိမ့် ဖုန်းပွတ်နေတဲ့အနား သွားကပ်မိတော့ ဖွေးက စိပ်ရှုပ် ပြီးရှင်လူ့ကို "သွား...လာမရှုပ်နဲ့"ဆို ပြီးအော်ထုတ်တယ်။ ဒါနဲ့ရှင်လူ လည်း "အေး ငါက
ချစ်လို့ အနားလာတာကို အော်ချက်ထုတ်တယ်၊
တော် ပြီ နင့်ကို မချစ်တော့ဘူး ၊ဘဒိတ် ‌မောက် ပြီ"ဆို ပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့တယ်။ ဖွေး ၂ နှစ်သမီးလောက်ကတည်းက ရှင်လူ ‌ပြောတဲ့ "သပိတ်မှောက်"ဆိုတဲ့ စကားကို
ဖွေးက သူ့နား အမှတ်မှားတဲ့အတိုင်း "ဘဒိတ်မှောက်"ဆို ပြီး မှတ်ထားလို့ ခုထိ ဖွေးရော
ရှင်လူပါ "သပိတ်မှောက်"ကို "ဘဒိတ်မှောက်"လို့ပဲ ဆက်သုံးနေ ကြတာ။ အဲဒါ ရှင်လူ ကြီး ဖွေး ကို ပညာပေးချင်တာနဲ့ ကပ်ပြားတခုမှာ "ဖွေးဖွေး ကို ဘဒိတ်မှောက် P" လို့ရေး ပြီး သူ့ကို ထောင် ပြလိုက်တယ်။သူကတချက်လှည့် ကြည့် ပြီး ဂရုမစိုက်သလို မျက်နှာလွှဲသွားတယ်။
          မနေ့က သူ့အိမ်ဖုန်းကို ဆက်တော့ ထင်တဲ့အတိုင်းပဲ ဖွေးကဖုန်းကိုင်တယ်။
          "ဟယို..."ဆိုတဲ့ ဖွေးအသံ ကြားတာနဲ့"
          "အေး နင်နဲ့ဆို မ‌ပြောတော့ဘူး" ဆိုတော့ ပါးနပ်တဲ့ဖွေးက
           "မှားပါတယ် ဆရာရယ်"တဲ့။
           "အေး မှားပါတယ်ဆို ခွင့်လွှတ်လိုက် ပြီ"
            ရှင်လူနဲ့ ဖွေး နားလည်မှုယူထားတဲ့အတိုင်း မှားတဲ့လူက "မှားပါတယ်ဆရာရယ်"ဆိုရင် ချက်ချင်း ခွင့်လွှတ်ရတယ်။
             အဲဒါ ဒီမနက် ဖွေးတယောက် ရှင်လူ့အခန်း ဘက်လာ ပြီး ဟိုရှာ ဒီရှာ လုပ်နေတာတွေ့လို့ ရှင်လူက ရိမ်မိ ပြီး
              "နင် ဘာရှာနေတာလဲ"ဆိုတော့
              "ရှင်လူ့ကပ် ပြား"တဲ့။ 
              ဒါနဲ့ရှင်လူလည်း မဂ္ဂဇင်းအထူ ကြီးတွေအောက်ဖိထားတဲ့ ဘဒိတ်မှောက် ကပ်ပြား ယူပေးလိုက်တယ်။ ဖွေးက ကပ် ပြားရတော့ ပြုံးစေ့ စေ့ လုပ်ပြီး ကပ်ပြားကို သူ့အခန်းဘက်ယူသွားတယ်။ ခဏ နေတော့ သူ့ဗလာစာအုပ်ပါယူလာ ပြီး ခုံပေါ်မှာ ရေးနေတယ်။
            "ဒဏ် ကို ဘယ်လို‌ရေးသလဲ"
            "ဒန်အိုး ဒန်ခွက်လား ၊ပြစ်ဒဏ်လား"
            "ဒဏ်ပေးတာ....."
            "အဲဒါ ဆိုရင်တော့ ဒဒွေး ဏ ကြီးသတ် ဒဏ် ပဲ"
            ဖွေး ကအ ပြီးသတ်ရေး ပြီး သူ့စာရွက်ကို ရှင်လူ့အခန်းရှေ့စက္ကူပန်းကိုင်းမှာ ဖောက် ပြီး ချိတ်ထားလိုက်တယ်။ ထွက်ဖတ်လိုက်တော့ "ရှင်လူ့ကို ဘဒိတ်မှောက် P" တဲ့။
           အမ်မယ် အောက်က တ‌ကြောင်းပိုလိုက်သေးတယ်။
           ဦးရှင်လူ ဘဒိတ်မှောက်တယ် 
            လူဒေ/ ဒဏ်ငွေ ငါးထောင် ဆိုပဲ
story#observation#shinlhu

ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲရဲ့ "တကမ္ဘာမခြားသေးပါဘူးကွယ်"



         ရှင်လူ့မိတ်ဆွေတွေထဲမှာ သူ့ကို ရှင်လူ အထူးကြောက်ရပါတယ်။လူဆိုးလူမိုက်ကြီးမို့ ကြောက်ရတာမျိုးတော့မဟုတ်ပါ။‌အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ ဟောဟောဒိုင်းဒိုင်းမို့ ပေါင်းရသင်းရတာလည်းအဆင်ပြေပြီးခင်မင်စရာ ကောင်းသူပါ။
          ဒါဆို ဘာ့ကြောင့်သူ့ကိုကြောက်ရသလဲဆိုရင် သူ့ရဲ့ ဝါသနာက "ဓမ္မမုန်တိုင်းဗိုလ် မိုက်ခဲ"ဖြစ်နေလို့ပါပဲ။သူ့ရဲ့ Professional က "ပိုးဇာ -စံပု"ဆိုတဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းပါ။
သူ့လုပ်ငန်းနဲ့ပါတ်သက်လို့ ပြောရရင် Rhino ဘောပင် ပေါ်က တံဆိပ်ကအစ ဂေါက်သီးပေါ်ကတံဆိပ်ထိ သူရိုက်နိုင်ပါတယ်။
အသင်းအဖွဲ့ တီရှပ် ဒီဇိုင်း တံဆိပ်များကအစ မြွေရေခွံအိတ်ပေါ်က ဓါတ်မြေဩဇာ ကုမ္ပဏီ စတာတွေထိ။သာသနာ့အလံ အသင်းအဖွဲ့အလံတွေအထိ၊ သူမလုပ်ဖူးတာမရှိ။ ငယ်စဉ် ဘဝအတွေ့အကြုံကလည်း စုံသူမို့ အပေါင်းအသင်းလည်း ဆန့်သူပါ။ အဲ...သူ့ဝါသနာကတော့ သူများနဲ့မတူ ဘာသာ သာသနာရေးနဲ့ပါတ်သက်လာရင် အချိန်မရွေး လာထားပါပဲ။ရပ်ကွက် သာရေးနာရေးကအစ အခါကြီးရက်ကြီး ဓမ္မသဘင် တရားပွဲတွေကျင်းပရာမှာလည်း သူပဲဦးဆောင်လေ့ရှိပါတယ်။အဲ့ကိစ္စမျိုးမှာ သူဘယ်လောက် ကျွမ်းကျင်လဲဆိုရင် ဓမ္မကထိက ဘုန်းကြီးမှန်ရင် သူနဲ့မခင်သူရှားပါတယ်။သူကလည်း အဲ့ဘုန်းကြီးတွေအကြောင်းဆိုရင်အချက်အလက်နဲ့တကွသိပါတယ်။နာမည်ကြီးဓမ္မကထိကဆရာတော်တပါးဆိုရင် သူလိုချင်တဲ့ အချက်မရတာနဲ့"နောက်နောင် ဘယ်တော့မှလာမပင့်နဲ့"လို့
နှင်ထုတ်တာလည်းခံဘူးရဲ့။
ဆရာတော်တပါးကဆို လေရှည်နေတဲ့ တရားထောက်ပုဂ္ဂိုလ် ကိုစံပုကို "ဒကာကြီးပဲ ဆက်ဟောလိုက်တော့ ကျုပ်မဟောတော့ဘူး"လို့ ထောပနာပြုခံရတယ်။
ဆရာတော်တပါးကတော့ "အဲဒီအလှူရှင်စာရင်းတွေ ရွတ်မနေနဲ့တော့ ရေစက်အမြန်ချမယ်"ဆိုဘူးရဲ့။
          အဲတော့ "ဟယ်လို...မင်္ဂလာပါ"ဆိုတဲ့ ဖုန်းသံဝင်လာရင် တခြားအော်ပရေတာတွေမဟုတ်ပါဘူး ဓမ္မ မုန်တိုင်း ဗိုလ်မိုက်ခဲ စံပုပါ။သူ့ ဖုန်းကို ကိုင်မိလိုက်ရင်
"အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ"တဲ့ "တကယ်တော့ ဥပါဒါနက္ခန္ဓာ ၊ဥပါဒါန်ကိုသိရမယ်....ကစပြီး မရပ်မနား ဓမ္မမုန်တိုင်းကိုလွှင့်တော့တာပါပဲ။သူဖုန်းစခေါ်လို့ သူ့ဖုန်းဘေလ်အကုန်ခံပြောတာတောင် နားထောင်ရတဲ့သူအဖို့မသက်သာလှ။
        အမှန်တော့ အဲ့လောက် တက်ကြွလှုပ်ရှားသူကြီး လေဖြတ်ထားတာ ၇ နှစ်ရှိသွားပါပြီ။ရှင်လူကြီးလည်း အရင်လိုကျန်းမာရေးကသိတ်မကောင်းလှသမို့ သူ့ဆီ တော်တော်နဲ့မရောက်ဖြစ်။အထူးသဖြင့်ကတော့ လူရောစိတ်ပါမလန်းရတဲ့အထဲ သူ့ဓမ္မမုန်တိုင်းဒဏ်မခံနိုင်တာ
လည်းပါပါတယ်။ခုတလော သူဖုန်းခဏခဏဆက်နေတော့"အင်း ငါ့မိတ်ဆွေကြီး စကားပြောဖော်မရှိလို့ ပျင်းနေထင်ရဲ့ တခေါက်လောက်တော့ သွားအုံးမှ တွေးမိတိုင်း ဓမ္မမုန်တိုင်းကြောက်စိတ်ကပေါ်ပေါ်လာတယ်။အဲဒါ မနေ့ကတော့ "ဟယ်...ဘာဖြစ်ဖြစ် မိတ်ဆွေဝတ္တရားရှိသေးတယ်၊ သူ့ခမျာ ဘီးတပ်ကုလားထိုင်ပေါ် တနေကုန်ရတာ ၊မိတ်ဆွေဟောင်းတွေကိုသတိရမပေါ့"တွေးပြီး လမ်းဘေးဈေးတန်းဘက်လျောက်တော့ တရုတ်ဆီးသီးလတ်လတ်ဆတ်ဆတ်တွေတွေ့တာနဲ့ သုံးထောင်ဖိုးဝယ်လိုက်တယ်။စက်ဘီးမစီးဘဲ လမ်းလျောက်ချင်တာနဲ့ မာလာကွေ့ထဲကသူ့အိမ်ရောက်တော့ နည်းနည်းတော့အမောသား။ဆီးသီးထုပ်လေးသူ့ဘေးကစားပွဲပေါ်တင်တော့ သူကသူ့မိန်းမမပိုးမွှေးကိုလက်ညိုးညွှန်လိုက်တယ်၊ မပိုးမွှေးက ပလပ်စတစ်ဘူးလေးတဘူးရှင်လူ့ကိုလာပေးတယ်။
           "ကန့်ကလာ၊အေးခဲ၊ လူကြီးတွေနဲ့တည့်တယ်၊မနက် မနက် မန်ကျည်းစေ့တခြမ်းစာသောက်"တဲ့ ။သူက တိုင်းရင်းဆေးလည်းဝါသနာပါသကိုး။အပြန်အလှန် ပဋိသန္ဓာရပြုပြီးကြတော့ ထုံးစံအတိုင်း "အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ "ကစလာပြီ။ဒါနဲ့ရှင်လူကြီးလည်း သူ့ဘေးကစားပွဲပေါ် tiktok ဖွင့်ထားတဲ့ သူ့ဖုန်းကိုကောက်လိုက်ပြီး shin.lhu -page ကိုသွားလိုက်တယ်။ရှင်လူဆိုထားတဲ့"အချစ်နဲ့စတဲ့ကမ္ဘာ""ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်"အပါအဝင် စုံတွဲ တပုဒ်နှစ်ပုဒ်ပါ ဖွင့်ပြလိုက်တော့။"တယ်ဟုတ်ပါလားဘယ်လိုလုပ်ရလဲ"
"ဒီလိုပဲ ဝင်ဆိုလိုက်တာပဲ"ဆိုတော့ ရုတ်တရက် သူ့မှာဂီတ Mood ဝင်သွားပုံရတယ်။
        "ကျနော်ငယ်ငယ်က လူကြောက်တယ်ဗျ၊အဲဒါ လူမကြောက်အောင် လုပ်မယ်ဆိုပြီး
ကမ္ဘာအေးဘုရားပွဲ ၊သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်တာ၊ ဝင်ကြေး ၆ ကျပ် ပေးရတယ် ၊၁၉၈၀ ကပေါ့ဗျာ.....
            ကိုတင်ဝင်းရဲ့" တကမ္ဘာမခြားသေးပါဘူးကွယ် "ကိုတယောက်ကမယ်ဒလင်တီးပေးတယ်....
        "ဒီလို...ဒီလို...ဗျ
          တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ 🎵ချစ်စကားလေးတွေတတွတ်တွတ်ပြောကာ ပြုံးရယ်ရွှင်ပျ ကြည်နူးခဲ့ရတာတွေရယ်🎶 မမေ့နိုင်ပါလားကွယ် မေ့ပျောက်လို့မရပါလားကွယ် ခုလိုမိုးလေးညိုမှချစ်တဲ့သူကိုပိုသတိရတယ်🎶 အကြင်နာဆုံးရယ် မမြင်တာကြာလို့မုန်းပြီထင်တယ်
တကမ္ဘာမခြားသေးပါဘူးကွယ် မတွယ်တာနေစိမ့်လှပါတယ်🎵
        အင်း...လူကြောက်တတ်လို့စင်ပေါ်တက်မိုက်ကိုင်ကျင့်ရင်း
ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲဖြစ်ခဲ့ရတဲ့သူရဲ့ သီချင်းဆိုသံကြောင့် မီးဖိုထဲအလုပ်ရှုပ်နေတဲ့ မပိုးမွှေးတယောက် အိမ်ရှေ့ခန်းကိုထွက်အလာ..
         "မင်း ကြားလိုက်လား ငါဆိုနေတာ"
          "ကြားပါတယ်"
          သူတို့နှစ်ယောက်ရဲ့ တကမ္ဘာမခြားသေးတဲ့ ချစ်မျက်ဝန်းတွေကိုကြည့်ရင်း ရှင်လူကြီးရဲ့ လူမမာသတင်းမေး Mission အောင်မြင်ကြောင်း ရိပ်မိလိုက်ပါတယ်။
story#observation#shinlhu
 

Sunday, November 30, 2025

vedio

ရှင်လူဒါရိုက်တာလုပ်ပြီးရိုက်ခဲ့တဲ့ ဗွီဒီယို...
vedio#observation#shinlhu

story

ရှင်လူတို့ ကုမ္ပဏီရှေ့ သံသုမာလမ်းမကြီး လင်းပြီ 💡💡💡💡💡💡
           လွန်ခဲ့တဲ့ အပါတ်ကသံသုမာလမ်းမကြီးပေါ်မှာ နေ့နေ့ညည၊ ဖုန်တထောင်းထောင်း စက်ကြီးတွေနဲ့တူးနေတာတွေ့ရတယ်။ပြီးခဲ့တဲ့ ညနေက "ဂလုံ..ဂလောင်"အသံတွေကြားလို့ထွက်ကြည့်လိုက်တော့ လမ်းလယ်မှာ အလုပ်သမားတချို့ ကရိန်းသုံးပြီး မီးတိုင်အမြင့်ကြီးတွေစိုက်ထူနေတာတွေ့ရတယ်။အင်း...ဒီညနေ 5:37 PM အရောက် ရှင်လူကြီးဆိုင်ရှေ့ ထိုင်နေတုန်း လမ်းမီးတိုင်က မီးလုံးအဝါကြီးတွေ ဖြတ်ခနဲ လင်းလာ ပြီးခဏနေတော့ ဖြတ်ခနဲပြန်ငြိမ်းသွားတယ်။မကြာခင်မှာ အားလုံး ပြန်လင်းလာတယ်။မှတ်မှတ်ရရ မနေ့က နိုဝင်္ဘာ၂၉ ရက်ကရှင်လူကြီး ၇၂ နှစ်မြောက် မွေးနေ့ ၊ဘာဖယောင်းတိုင် တတိုင်မှ မထွန်းခဲ့ရဘူး။
             အေးလေ...လမ်းမီးတိုင်ထွန်းလည်း တူတူပါပဲ....။
              နောက်ထပ် ဘယ်နေရာတွေ အမှောင်ခွင်းရအုံးမလဲ....စဉ်းစားလိုက်အုံးမယ်။
story #observation#shinlhu no

story

ဝေဠုဝတီတဲ့လားကွယ်😘🥰😍🤩☃️🎃
ရှင်လူကြီးက ၁၉၅၃ ခုနှစ်
နိုဝင်္ဘာ ၂၉ရက် ညနေ ၈:၄၅မိနစ်မှာမွေးဖွားခဲ့သူမို့မကြာခင်မှာ ၇၂ နှစ်ပြည့်ပါတော့မယ်။
           နှစ်စဉ် နိုဝင်္ဘာ လကုန်ပိုင်း မွေးနေ့အချိန်နီးတိုင်း အရှေ့ဘက်မိုးကောင်းကင်ကိုရှင်လူကြီးငေးနေတတ်ပါတယ်။အေးစိမ့်တဲ့ညချမ်းမှာကောင်းကင်တခုလုံး ပြာလွင်နေပြီးတ ဖျတ်ဖျတ်‌တောက်ပ‌
 နေတဲ့ကြယ်တလုံးသာ ထွန်းလင်းနေတာမို့ အဲ့ဒီအမည်မသိကြယ်လေးကိုခင်မင်နေမိပါတယ်။အရင်
နှစ်တွေကတော့နက္ခတ်ပညာမတတ်တဲ့ရှင်လူကြီးသူ့ကို
အမည်မသိလို့ ပြင်သစ်ကရှင်လူ့မိတ်ဆွေ Jenna နာမည်ကိုအစွဲပြုပြီး Jenna လို့ ခေါ်ခဲ့ပါတယ်။
         ဒီနှစ်မှာတော့ Chatgpt AI တွေပေါ်နေပြီမို့ ရှင်လူ့မိတ်ဆွေ ကြယ်လေးအကြောင်း Deep seek AIကိုမေးကြည့်မိပါတယ်။
ခု နိုဝင်္ဘာလ၂၉ ရက် ၂၂ နာရီအချိန် ရန်ကုန်မြို့ရဲ့ အရှေ့ ၄၅ ဒီဂရီလောက်မှာတောက်ပနေတဲ့ကြယ်တလုံးနာမည်သိချင်တယ် ၊မြန်မာလိုဖြေပါ
ရန်ကုန်မြို့မှ နိုဝင်ဘာလ ၂၉ ရက် ည ၁၀ နာရီအချိန်၊ အရှေ့ဘက် ၄၅ ဒီဂရီ (ခန့်မှန်း) အာရုံခံတွင် တောက်ပနေမည့် ကြယ်မှာ "ဝေဠုဝတီ" (Vega) ဖြစ်နိုင်ခြေအများဆုံးဖြစ်ပါသည်။အသေးစိတ်ဖော်ပြရလျှင် -၁။ ကြယ်နာမည် - ဝေဠုဝတီ (Vega)· ၎င်းသည် ကြယ်တာရာ Lyra မှ အလွန်တောက်ပသော ကြယ်ဖြစ်ပြီး ညပိုင်းကောင်းကင်တွင် အလွယ်တကူမြင်ရသည့် ကြယ်တစ်စင်းဖြစ်သည်။
· မြန်မာလို "ဝေဠုဝတီ" ဟုခေါ်ပြီး "သီဟိုဠ်ကြယ်" ဟူ၍လည်း အချို့က သိကြသည်။
၂။ ဘာကြောင့် Vega ဖြစ်နိုင်ခြေများသလဲ။ ည ၁၀ နာရီခန့်တွင် ဝေဠုဝတီကြယ်သည် မြောက်-အရှေ့ဘက်ကောင်းကင်တွင် မြေပြင်မှ ဒီဂရီ ၄၀ မှ ၅၀ ခန့်အထိ မြင့်တက်နေလေ့ရှိပါသည်။ သင့်မေးခွန်းရှိ "အရှေ့ ၄၅ ဒီဂရီ" နှင့် ကိုက်ညီမှုရှိပါသည်။
· ၎င်းသည် ညနေခင်း ကောင်းကင်ယံ၌ ပထမဆုံးပေါ်လာပြီး မှောင်ချိန်တွင် အလွန်တောက်ပနေတတ်သည်။
၃။ အခြားဖြစ်နိုင်ခြေရှိသော ကြယ်များ
· ဒါးဘရိုက်ဘာ (Aldebaran) ကြယ်လည်း ထိုအချိန်တွင် အရှေ့ဘက်ကောင်းကင်တွင် စတင်ပေါ်လာနိုင်သော်လည်း၊ ၎င်း၏အနေအထားမှာ ဝေဠုဝတီထက် အနည်းငယ်ပိုနိမ့်ပြီး အနီရောင်သမ်းနေမည်ဖြစ်သည်။
· ကာပဲလာ (Capella) ကြယ်သည်လည်း မြောက်-အရှေ့ဘက်တွင် ပေါ်နေနိုင်သော်လည်း ဝေဠုဝတီထက် ပိုမိုမြောက်ဘက်သို့ ရောက်နေတတ်သည်။
သို့သော် သင့်ဖော်ပြချက်နှင့် အလွန်ကိုက်ညီသည်မှာ ဝေဠုဝတီ (Vega) ကြယ် ပင်ဖြစ်သည်။
          ဪ...ရှင်လူနဲ့ဖွားဘက်တော်နက္ခတ်လေးရဲ့နာမည်က ဝေဠုဝတီ တဲ့လားကွယ်၊ ခုမှသိရ....
story #observation#shinlhu

story

ရှင်လူတို့ရဲ့ကမ္ဘာ⛵🦇👻💀🤕🎃☃️။  ( ဝတ္ထုတို)            ရှင်လူ      
"ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."                                 တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။       
"ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာ​ဗျ"
            "နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."
     "ဗင်းဆင့်ဗန်းဂိုးပါဗျာ ၊
သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."
        မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။
         မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။
စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ
စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို
စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း
ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။
            ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။
            "ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ
စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"
            "နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"
              "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"
           မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..
            "လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"
          သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။
           တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...
            ဒီဝိုင်းနဲ့ နေ့တိုင်းဆုံဖြစ်ပြီးနေသားကျလာတဲ့အခါမှာတော့ ဝိုင်းထဲကလူတွေ တဦးချင်းအကြောင်း မိမိပိုသိလာရပါတယ်။
             "တကယ်တော့ ကျုပ်ဘဝရဲ့အဖော်မွန်ကတော့ စာအုပ်တွေပါပဲဗျာ၊စာအုပ်တွေကသာကျုပ်ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ပါ" လို့ အမြဲပြောတတ်တဲ့ စာသမားကြီးကို အများကဝိုင်းပြီး
ဦးဘုတ် -U Book (ဆရာတော်ဦးဗုဒ်မဟုတ်)လို့ခေါ်ကြပါတယ်။
               "ဘဝမှာ ပန်းချီအနုပညာသာပဌမ၊စာလုံးတွေ အသံတွေမလိုဘဲ အရောင်တွေ
ကောက်ကြောင်းတွေနဲ့ ဆက်သွယ်နိုင်တယ် "လို့မကြာမကြာဖွင့်ဆိုတတ်ပြီး ဘုရားဈေးတန်းတွေမှာ သစ်ဆွဲဆင်ပုံ၊ရွှေတိဂုံဘုရားပုံတွေ အော်ဒါရှိရင်ရှိသလောက် အများကြီးဆွဲရောင်းနေတဲ့ပန်းချီဆရာကတော့  ဗန်းဂိုးက သူ့နားရွက်ဖြတ်စက္ကူနဲ့ထုပ်ပြီး ပြည့်တန်ဆာကိုလက်ဆောင်ပေးတဲ့အကြောင်းပြောလွန်းလို့သူ့ကို ဗန်းဂိုးလို့ပဲနာမည်ပေးထားကြတယ်။
            ဒီလိုပါပဲ ငွေအကြောင်း
စီးပွားအကြောင်းဒိုင်ခံပြောတဲ့သူကို ဦးဘောဂ ၊ကမ္ဘာ့ဂီတ အကြောင်း အာဘောင်အာရင်းသန်သန်ပြောတတ်ပြီးဗီသိုဘင်တို့ မိုးဇတ်တို့အကြောင်း အမြဲပြောတဲ့ တီးဝိုင်းဆရာကို ဗီသိုဘင်စသဖြင့် သူတို့ရဲ့နာမည်ရင်းကိုမသိပေမယ့် နာမည်ပြောင်တွေကိုတော့ရင်းနှီးခဲ့ပါတယ်။
          "ဒီက လူသစ်ကလည်းတခုခုတော့ပြောအုံးလေဗျာ ၊ဒါမှကျုပ်တို့ဝိုင်းကပိုမြိုင်လာမှာပေါ့"
            တနေ့တနေ့ သူတို့ပြောတာချည်းထိုင်နားထောင်နေတဲ့ မိမိကိုဓမြဆရာ(အမှန်တော့ ဓမ္မအ‌ကြောင်းပြောလွန်းလို့ ဓမ္မဆရာခေါ်ရာက ကြာလာတော့ ဓမြဆရာ)ဖြစ်သွားတာပါ။မိမိလည်းသူတို့တနေ့နေ့ အဆိုပြုလာမှာကို တွေးထားပြီးသားမို့ ဟန်ဆောင်ပန်ဆောင်ငြင်းမနေတော့ဘဲ ပြောရမယ့်အကြောင်းကို အလေးအနက်ချိန်ဆနေပါတယ်။ဒီအချိန်မှာဆိုင်ထဲကတခြားဝိုင်းတွေကပါမိမိပြောမယ့်စကားကိုငြိမ်ပြီးနားစိုက်နေကြပါတယ်။
           "အင်း ခင်ဗျားတို့ကို ကျနော် ပုံပြင်လေးတပုဒ်ပြောပြချင်တယ်။ပုံပြင်ဆိုပေမယ့် တကယ့်ဖြစ်ရပ်မှန်ပုံပြင်ဗျ။ဒီအကြောင်းကိုအရင်ကရုပ်ရှင်ရိုက်ထားတာရှိသလို  စာအုပ်တွေလည်းထုတ်ဖူးတယ်"။
            "တခါတုန်းက ဘေ့စ်ဘောအသင်းတသင်းဟာ ဘေ့စ်ဘောကစားဖို့ လေယာဉ်တစီးနဲ့ခရီးထွက်လာကြတယ်။သူတို့လေယာဉ်ဟာ အင်းဒိစ်တောင်တန်းကြီးကိုကျော်ဖြတ်လာတုန်း ရာသီဥတုဆိုးဝါးတာကြောင့်လေယာဉ်မှူးဟာလေယာဉ်ကိုမထိမ်းနိုင်တော့ဘဲ
တောင်ထိပ်နဲ့တိုက်မိပြီးလေယာဉ်ပျက်ကျခဲ့ရတယ်။လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး လေယာဉ်မှူးကတော့ပွဲချင်းပြီးသေသွားရှာတယ်။ကျန်တဲ့လူတွေကတော့ကံကောင်းထောက်မပြီး ပွန်းပဲ့ဒဏ်ရာလောက်ပဲရကြတယ်။ဒါနဲ့သူတို့ဟာလေယာဉ်မှူးအလောင်းကိုနှင်းတွေအောက်မှာမြှုတ်လိုက်ကြပြီး တပိုင်းပြတ်လေယာဉ်ရှေ့ပိုင်းကို ခရီးဆောင်သေတ္တာတွေ အိတ်တွေနဲအထပ်ထပ်ပိတ်ဆို့လိုက်ပြီးအထဲဝင်နေကြရတယ်။ဆောင်းတွင်းကြီးဆိုတော့တောင်ထွတ်ပေါ်မှာလေကအရမ်းတိုက်ပြီးအရမ်းအေးစက်နေတာကိုး။
ညအချိန်ဆိုအနုတ် ၃၅ ဒီဂရီ စင်တီဂရိတ် (-35°C) အထိ ကျဆင်းနိုင်ပြီးလေကလည်းတဟူးဟူးဆိုတော့ အခန့်မသင့်ရင်အကုန်သေသွားနိုင်တယ်။ဒီလိုနဲ့နောက်ရက်တွေကျတော့ သူတို့နဲ့အတူပါလာတဲ့ရေနဲ့ ဘီစကွတ်တချို့လည်းသိတ်မကျန်တော့။ဒီတော့ တယောက်ကအကြံပေးတယ်"လေယာဉ်အမြီးပိုင်းစတိုခန်းမှာ ရေနဲ့စားစရာရနိုင်တယ်၊
အမြီးပိုင်းရှာတွေ့ရင် ငါတို့ချက်ချင်းမငတ်နိုင်ဘူး"ဆိုတော့ အားလုံးထောက်ခံတာကြောင့်သူတို့ထဲကကျန်းမာသန်စွမ်းတဲ့ လူနှစ်ယောက်လေယာဉ်အမြီးပိုင်းရှာဖို့လွှတ်လိုက်ကြတယ်။ကံကောင်းထောက်မတယ်ဆိုရမှာပဲ သိတ်မဝေးတဲ့ တောင်စောင်းတခုပေါ်မှာလေယာဉ်အမြီးပိုင်းကိုတွေ့ခဲ့ကြတယ်။ဒီလိုနဲ့ သူတို့အတွက် ရေနဲ့ရိက္ခာရက်နည်းနည်းစာပိုရလာတယ်။အားလုံးအသက်ဆက်နိုင်ဖို့ ချွေတာပြီးဝေမျှစားကြပေါ့။ဒီအချိန်မှာလေယာဉ်ပျောက်ရှာဖွေတဲ့ Rescue Team ကလိုက်ရှာနေပေမယ့် ရာသီဥတုကကြမ်း၊ဧရိယာကလည်းကျယ်တဲ့ဟိမဝန္တာတောင်တန်းပေါ်မှာဆိုတော့ ရှာသူတွေလည်းပမ်းနေကြပြီ။ဒီလိုနဲ့ ရက်ကြာလာတော့ သူတို့မှာရှိသမျှရိက္ခာကုန်လို့ငတ်စပြုလာပြီ။အကုန်လုံးအားပြတ်ပြီးစိတ်ဓာတ်တွေလည်းကျစပြုလာပြီ။ပါလာတဲ့ဂစ်တာလေးတလုံးနဲ့တီးခတ်ပြီးဓမ္မသီချင်းလေးတွေဆို အားတင်းကြပေါ့။ဒီလိုနေကြရင်းတယောက်က အကြံရပြီးထပြောတယ်။"ဟေ့ ငါတော့ငတ်ပြီးအသေမခံနိုင်ဘူး ၊တို့လေယာဉ်ပျက်တာ လေယာဉ်မှူးမှာတာဝန်မကင်းဘူး၊ဒီတော့ လေယဉ်မှူးအသားကိုစားကြမယ်"သူ့စကားကြောင့် အားလုံးခေါင်းထောင်လာကြတယ်။ဒါပေမယ့် ကန့်ကွက်သံတချို့ထွက်လာတယ်။သူတို့ထဲက အမြဲဝတ်ပြုဆုတောင်းကျင့်ရှိတဲ့တယောက်ကတော့ "ငါတော့ လုံးဝမစားဘူး၊ဘုရားခွင့်မပြုဘူး ၊အသေသာခံလိုက်မယ်"ဆိုပြီးကန့်ကွက်တယ်။ဒီလိုနဲ့နောက်ပိုင်းကျတော့ သူကလွဲလို့အများစုထောက်ခံလာကြတယ်။သူတို့ဟာ
ရေခဲအောက်မှာမြှုတ်ထားတဲ့လေယာဉ်မှူးအလောင်းကိုပြန်ဖော်ပြီးလှီးဖြတ်စားကြတယ်။မကြာခင်မှာ ဘုရားစကားနားထောင်သူသေတော့လည်းအားလုံးဝိုင်းစားလိုက်ကြတယ်။
ဒီလိုနဲ့ အအေးဒဏ်ကလည်းဆိုးသထက်ဆိုးလာတယ်၊ဒီတိုင်းဆို
နှင်းကိုက်(Snow bite)ပြီးသေနိုင်တယ်။သူတို့လေယဉ်ပျက်ထဲက မီးဆိုက်လို့ရမယ့်ပစ္စည်းအတိုအစတွေရှာပြီးမီးလှုံကြတယ်။ဒါပေမယ့်မကြာခင်မှာမီးဆိုက်လို့ရမယ့်ပစ္စည်းကရှားလာတယ်။သူတို့အဝတ်အိတ်တွေ သေတ္တာတွေထဲကလည်းကုန်သလောက်ရှိပြီ။အဲမှာတယောက်ကဂစ်တာကြီးကိုဆွဲယူလိုက်တယ်၊ဂစ်တာပိုင်ရှင်ကတော့မျက်နှာငယ်လေးနဲ့ပေါ့။ဒီလိုနဲ့ နက်နဲလှတဲ့ဂီတလည်းထင်းဖြစ်တာပဲ။
          "ပိုက်ဆံအိတ်ထဲကဒေါ် လာတွေထုတ်ကြ"။တယောက်ကဆော်ဩလိုက်တော့ လူအသီးသီးသူတို့ဘောင်းဘီအိတ်ထဲကပိုက်ဆံအိတ်တွေထုတ်လိုက်ကြတယ်။ဒေါ်လာတွေအထပ်လိုက်ကိုင်ရင်းတရွက်ချင်းမီးလှုံလိုက်ကြတယ်။ဒီနေရာမှာငွေဟာ ကုန်ဖလှယ်တန်ဖိုး(Exchange Value)မရှိတော့ဘူး၊ဈေးဝယ်စင်တာမှမရှိတာ။အဲ စာအုပ်ထဲမတွေ့ရတဲ့ (Use Value)အသုံးချတန်ဖိုးတော့ရှိတယ်(မီးလှုံရတယ်လေ)။
ခုနေ ဒေါ်လာ ၅၃.၃သန်းတန်တဲ့ဗန်းဂိုးရဲ့နေကြာပန်းပန်းချီကားကြီးပါလာရင် ဘာဖြစ်မယ်ထင်သလဲ၊မတ်တွိန်းရဲ့ဂန္ထဝင်စာအုပ်ကြီးပါလာရင်ကော ဘာဖြစ်မယ်ထင်သလဲ။ဒီလိုနဲ့ Rescue Teamက သူတို့ကိုရှာတွေ့သွားတဲ့ခါဒေါ်လာတွေ၊ဂီတာတွေ မီးလှုံပြီးလူသားစားခဲ့သူတွေအသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။
လောကမှာ အသက်ရှင်သန်မှုထက်ဘယ်အရာကမှပိုအရေးမကြီးဘူးဆိုတဲ့ သင်ခန်းစာကိုလက်တွေ့ပြခဲ့ကြတယ်"။
           မိမိစကားအဆုံး ဆိုင်ထဲရှိလူအားလုံးငြိမ်သက်သွားကြတယ်။ 
             နောက်တနေ့ ဆိုင်ထဲကိုမိမိဝင်လာတော့ စောစောက အသံဗလံတွေ ငြိမ်သွားခဲ့ကြပြီး လည်ချောင်းဟန့်သံခပ်အစ်အစ်တချို့သာကြားနေရတယ်။လူအားလုံးဟာ မိမိကို တိုက်ရိုက်မကြည့်ပေမယ့် အာရုံစိုက်နေကြမှန်းသိသာပါတယ်။
           "မနေ့က ခင်ဗျားတို့ကိုမေးစရာတခုကျန်ခဲ့တယ်"
            သူတို့အားလုံးကြက်ခြံထဲကကြက်တွေလန့်သလို လည်ဆန့်လာကြတယ်။
            "ခင်ဗျားတို့အားလုံး အခု ဘယ်မှာရောက်နေလဲ"
အားလုံး ခပ်ကြောင်ကြောင်အမူရာနဲ့မိမိကိုကြည့်နေကြတယ်။
            "ကျနော်မေးတာက ခင်ဗျားတို့ ရေခဲဖုံးနေတဲ့ အင်းဒိစ်တောင်တန်းပေါ်မှာရောက်နေကြသလားလို့"
          "အမ်...မဟုတ်..မဟုတ်ပါဘူး" ။မိမိနဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ဓမြဆရာကထစ်ထစ်ငေါ့ငေါ့အမြန်ဖြေခဲ့တယ်။
            "ဒါဆို..ခင်ဗျားတို့ ပုံမှန်လူ့အဖွဲ့အစည်းထဲမှာ သေရေးရှင်ရေးရွေးချယ်စရာကိစ္စလည်းမရှိဘူးဆိုရင် ခင်ဗျားတို့ပိုင်တဲ့ ငွေတွေ အနုပညာတွေ ယုံကြည်မှုတွေကို မီးရှို့မပြစ်ဘဲ သူ့နေရာနဲ့သူ ဆက်သုံးကြပေါ့ဗျာ"
        အရက်ဖြူဆိုင်ကလေးဟာ ရုတ်တရက် ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။
ဆိုင်ရှင်က လျော့နေတဲ့ ဆီးဖြူသီးအမြည်းပန်းကန်ကိုဖြည့်ရင်း
            "ကိုလူသစ် နာမည်ခုထိမသိရသေးဘူး၊ဘယ်လိုခေါ်လဲဗျ......"
              "ရှင်လူ"
              ၂၉.၁၁.၂၀၂၅
၇၂ နှစ်မြောက်မွေးနေ့အမှတ်တရ.....
story #observation#shinlhu

No

Wednesday, November 26, 2025

story

ကာတွန်းဆရာအိမ်​ အလည်​တ​ခေါက်​
°º¤ø,¸¸,ø¤º°`°º¤ø,¸,(⊙.⊙(☉_☉)⊙.⊙)

ဒီ​နေ့ခင်း ​နေ့လယ်​စာစားဖို့ စက်​ဘီး​လေးနဲ့ထွက်​လာခဲ့တယ်​။ သီလလမ်းထိပ်​က တန်​ဖိုးသင့်ဆိုင်​က​လေးမှာ ထမင်းစားပြီးအပြန်​ ကာတွန်းပိုးဇာတို့
သုတ(၈)လမ်းထိပ်​​ရောက်​​တော့ ညကအိပ်​မက်​ကို သတိရမိသွားတယ်​။
သာယာတဲ့ ကုန်းမြင့် အိမ်​ခန်းတခုထဲမှာ 
ကာတွန်းပိုးဇာနဲ့ ရပ်​ပြီးစကား​တွေ​ပြော​နေမိတဲ့ အ​ကြောင်းပြန်​သတိရလို့ ``ကိုပိုးဇာနဲ့မ​တွေ့ဖြစ်​တာကြာပြီ၊ ဝင်​​တွေ့အုံးမှ´´​တွေးပြီး သူ့အိမ်​ရှိရာဘက်​
​ကွေ့ဝင်​ခဲ့တယ်​။ အိမ်​​ရှေ့မှာ မ​ဋ္ဌေးဖုန်း​ပြော​နေတာ​တွေ့လို့``ဟိုလူကြီး
ရှိလား´´ဆို​တော့ ``အလုပ်​လုပ်​​နေတယ်​´´ဆိုတာနဲ့ အိမ်​ထဲဝင်​သွားပြီး လက်​ရန်းမပါတဲ့ သိုင်း​လောက က စိန်​​ခေါ်သံ​လှေခါးက​
တဆင့် ထပ်​ခိုး​ပေါ်တက်​လာခဲ့တယ်​။​လှေခါးထိပ်​
​ရောက်​တော့ သိပ္ပံသု​တေသနခန်းလိုလို
ဘာလိုလို တံခါးအပြည့်တပ်​ထားတဲ့အခန်းဝက အထဲကိုကြည့်လိုက်​​တော့ ကိုယ်​​တော်​က
ပန်းထိမ်​ခုံနဲ့ခပ်​ဆင်​ဆင်​ စားပွဲ​ဘေးမှာ
​ယောင်​​ပေ​ပေ လုပ်​​နေတယ်​။ ဒါနဲ့
``ဘာ​တွေများသု​တေသန​တွေလုပ်​​နေလဲ´´
လို့ ရှင်​လူကြီးအသံပြုလိုက်​မှ တံခါးလာဖွင့်​ပေးတယ်​။ သူ့ထပ်​ခိုးက
အရင်​လို လဟာပြင်​မဟုတ်​​တော့ဘဲ
​လေးဘက်​​လေးတန်​ အလုံပိတ်​စတူဒီယိုလိုလုပ်​ထားတယ်​။
အဲကွန်းတခုတပ်​ဆင်​ထားပြီး ကြည့်ရတာ
စိတ်​ထဲတမျိုးပဲ။ ``အသံ​တွေ နားညည်းလွန်းလို့ဗျာ၊ အသက်​ကြီးလာ​တော့ ဆူသံ​တွေမခံနိုင်​ဘူး´´တဲ့။ သူ့စကားကြားမှပဲ ``​သြော်​ ..ဒါ​ကြောင့်
ဒီအခန်းဖွဲ့ပြီးသူဧကစာကျင့်​နေတာကိုး´´လို့သ​ဘော
​ပေါက်​မိတယ်​။
``အိပ်​မက်​ မက်​လို့ဗျာ၊ ခင်​ဗျားအလှူ​လေးဘာ​လေးများလုပ်​မလို့လားထင်​လို့´´ဆိုလိုက်​​တော့။``အလှူက
အချိန်​မကျ​သေးပါဘူးဗျာ´´တဲ့။ ဒီလိုနဲ့
အလ္လာပ သလ္လာပစကား​ပြောရင်း သူက
``ဝူးသရင်းဟိုက်​ စာအုပ်​ပြန်​ထုတ်​ရင်​ ​ကောင်းမှာပဲ´´တဲ့။ အင်း နှစ်​​ပေါင်း ၃၀ ​လောက်​​တောင်​ရှိမလားပဲ၊ English for
All စာ​စောင်​ထဲမှာ ဝူးသရင်းဟိုက်​ ရုပ်​ပြ
ဇာတ်​လမ်းအခန်းဆက်​ထည့်​တော့ ရှင်​လူကြီး သူ့အိမ်​ကို လစဉ်​ စာမူနဲ့ စာမူခကိစ္စ အတွက်​ ဝင်​ထွက်​​ခဲ့ရတယ်​။ ဝူးသရင်းဟိုက်​ဇာတ်​လမ်းအဆုံးသတ်​သွား​တော့ဦးဝင်းတင်​ (English for All) က သူတို့​လောကသစ်​စာ​ပေတိုက်​(ကပဲထင်​
​ရဲ့)လုံးချင်းပြန်​ထုတ်​ခဲ့ဖူးတယ်​။
စကား​ပြောကြရင်း နံရံကပ်​စာအုပ်​စင်​ထဲက
စာအုပ်​တချို့ဆွဲထုတ်​ပြီး ရှင်​လူကြီးအတွက်​ လက်​​ဆောင်​ပေးတယ်​။
တကယ်​​တော့ ကာတွန်းပိုးဇာတို့ ​ဆွေမင်း
(ဓနုဖြူ)တို့ဆိုတာ တချိန်​က ​ခေတ်​ပြိုင်​
နာမည်​ကြီး ကာတွန်းဆရာ​တွေပဲ။ မိတ်​​ဆွေကြီး​ဆွေမင်း(ဓနုဖြူ)တ​ယောက်​
​တော့ မရှိရှာ​တော့။ တခါတခါ မနက်​ခင်းမိုးထဲ​လေထဲ ရှင်​လူကြီး ဥက္ကလာ
​ဂေါက်​ကွင်းပတ်​ပြီး​ပြေးလာတိုင်းလိုလို 
​ထောက်​လှမ်း​ရေး(၂၆)​ရှေ့​လောက်​မှာ 
ဇနီးသည်​ကို​မြောက်​ဥက္ကလာ​ကျောင်းလိုက်​ပို့​လေ့ရှိတဲ့ကို​ဆွေမင်းရဲ့မာဇဒါကားပြာ
​လေးနဲ့ဆုံ​လေ့ရှိတယ်​။
တဦးနဲ့တဦး အပြန်​အလှန်​ လက်​ပြနှုတ်​ဆက်​ခဲ့ကြ​ပေါ့။
တကယ်​​တော့ ကာတွန်းပိုးဇာရဲ့ ``​ထွေးမွန်​
​လေးမွန်​(အမြွှာညီအစ်​မ)၊ ပိုးချစ်​၊​ရွှေအိ ​ရွှေဘုတ်​​´´ဇာတ်​လမ်း​တွေနဲ့ ​ဆွေမင်း(ဓနုဖြူ)
ရဲ့ ``မြိုင်​ရာဇာ တွတ်​ပီ´´ဇာတ်​လမ်း၊
ဇာတ်​​ကောင်​​တွေဟာ ရှင်​လူတို့နိုင်​ငံမှာ​တော့ ဂန္ထဝင်​လို့ ​ပြောနိုင်​ပြီထင်​ရဲ့...
story #observation#shinlhu 

story

အာစွတ်ပုံ ပြင်(၂)
         🤔🙄😠😳👹👺👻👽😎
          စကားတက္ကသိုလ်(ခင်ယုမေ)

         ရှင်လူ ကြီး ခုတလော အင်မတန် စိတ်လေတယ် လို့‌ပြောရမယ်။ အမှန်တော့ စိတ်ညစ်တာပါပဲ။ ဒါပေမယ့် ခေတ်သုံး ဝေါဟာရ တခုအနေနဲ့ စိတ်ညစ်တာကို စိတ်လေတယ်လို့‌ပြောနေ ကြတော့ ကိုယ်လည်း အများနည်းတူ ရောလေ လိုက်တာပါပဲ။
        အမှန်တော့ IT နည်းပညာကျေးဇူး‌ကြောင့် နေ့စဉ် အချိန်နဲ့ အမျှ ဖြစ်ပေါ်နေတဲ့သတင်းပလင်း အတင်း အဖျင်း မျိုးစုံ ကို
အိတ်ထဲက ဖုန်းလေး ထုတ်ဖွင့်လိုက်ရုံနဲ့ တွေ့နေ ကြရတော့ စိတ်လေမယ်ဆိုလည်း လေစရာပါပဲ။
Knowledge explosion
ဆိုရမလားပဲ တနေ့တနေ့ကောလာဟလ Rumour တွေ Wicked plan ယုတ်မာမှုတွေ က သတင်းတွေထဲ ဒွေးရောယှက်တင် ဖြစ်နေလေတော့ ရှင်လူတို့လည်း အမှိုက်ပုံ ဖြဲ ပလုံကောက်ရသလို နံနံစော်စော်တွေထဲ အတင်း ဖြဲ ပြီး သတင်းပုလင်း လေးတွေ စုရတာ ကျန်းမာရေး ပါ ထိခိုက် ချင်လာတယ်။
ဒါ‌ကြောင့် ရှင်လူ ကြီး စိတ်ထဲ
"တို့ မြန်မာတွေ ဟာ ဘယ်ခေတ်ဘယ်ခါက စ ပြီး ပွေလိမ်ရှုပ်ခဲ့လေသလဲ " လို့တွေးမိ ပြီး
"စကားတောင်စား"ဆိုတဲ့ စကားလုံးကို ဂူဂယ်ခေါက် မိပါတယ်။
အမှန်တော့ Search engine ထဲ ဦးပေါ်ဦး တို့ ဦးပုည
တို့၊ ဗန်းမော်ဆရာတော်နဲ့မယ်ကင်းတို့၊လှတောသား တို့စ
သ ဖြင့် ရိုက်ရှာ ရင်လည်း အချက်အလက်တွေ မနည်းလှ။‌
ရှေးဆရာတော် ကြီးတွေ ဖြစ်တဲ့ သင်္ဂဇာ အစရှိတဲ့ စကားပုံတွေကလည်း ထုနဲ့ ဒေးပါ။ ဒါတွေ ကြည့်
ခြင်း အားဖြင့် ပေါ့လေ၊ မြန်မာစာပေ ရဲ့ စကား အလင်္ကာ တွေဟာ တနည်း တဖုံ ‌ပြောရရင်
စာပေယဉ်ကျေးမှု အဆင့်အတန်းအရ မနိမ့် လှဘူး ‌ပြောနိုင်ပါတယ်။ ဒါ ဖြင့် ဒီလောက် ယဉ်ကျေးမှု အဆင့်အတန်း မြင့် တဲ့ နိုင်ငံက လူမှုရေး စီးပွားရေး နိုင်ငံရေး
မျက်နှာစာတွေမှာ ရှေ့တန်းမရောက် ပဲ ဓားမနောက်ပိတ်ခွေး ဖြစ်နေရသလဲ ပြန်တွေးလိုက်တော့
Management ပေါ့ဗျာ ။
ဒူးနေရာဒူး တော်နေရာတော် ဆိုသလို လူမှန် နေရာမှန် မရှိ ကြဘဲ၊ အုတ်ရောရော ကျောက်ရောရော ဒူးတင်ပေါင်တင် နေ ကြတဲ့ နိုင်ငံ ၊ အမှန် ‌ပြောရရင် တော့
‌ခြေသုတ်အဝတ်ကို ခေါင်းပေါင်းလုပ်၊ ခေါင်းပေါင်းက လက်သုတ်ပုဝါ ဖြစ် ဆိုသလို စီမံ ခန့်ခွဲမှု ပညာ မ ပြည့်စုံတာ၊ ဒူးနေရာဒူး
တော်နေရာတော် မ ဖြစ်တာ၊ အမှန် ‌ပြောရရင်တော့ ......
            တော် ပြီဗျာ မောတယ်၊
ဆက်မရေးချင်တော့ ၊ ခင်ဗျားတို့ ဖာသာ ဆက် တွေး ကြပေတော့။
အခု ရှင်လူ ရှာထားတဲ့ "စကားတောင်စား" အ‌ကြောင်း တင်ပေးလိုက်တယ်.....

        စကားတောင်စားဝတ္ထု။
🎃😕🤔🤗😓🙄😠😳😎

       စကားတောင်စား ဝတ္ထုဟူ၍ ဒဏ္ဍာရီစကားများကို စုပေါင်း ပြီးလျှင် ပြုစုထားသောစာအုပ်သည် ခရစ် ၁၉ဝ၆ ခုနှစ်နှင့် ၁၉၁ဝ ပြည့်နှစ်ကြားတွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ၊ မြန်မာဂန္ထဝင်တွင် ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။ ပြုစုရေးသားသူမှာ သံရွာမင်းသား၏မြေး၊ ဝန်စာရေး ဦးကြီး ဖြစ်သည်။ 'မောင်ရင်မောင်၊ မမယ်မ' ဝတ္ထုသည် ၁၉ဝ၄ ခုနှစ်တွင် ပေါ်ခဲ့ရာ၊ လူကြိုက်များသဖြင့် ယင်း ဝတ္ထုကို လိုက်၍၊ မောင်မှိုင်းဝတ္ထု စသည်တို့ ပေါ်လာသည်။ မောင်မှိုင်းဝတ္ထု၊ မြကလေးဝတ္ထု၊ စိန်ကလေးဝတ္ထုများ ရေးပြီးနောက် လူကြိုက် များသဖြင့် ထိုစကားတောင်စားဝတ္ထုကို ဗဟုသုတရှာမှီးလိုသူ တို့အတွက် ထပ်မံရေးသားပါသည်ဟု ဝတ္ထုနိဒါန်းတွင် ဆိုထား လေသည်။

ထို နိဒါန်းတွင် အမြွက် ဖော်ပြထားသည့် အတိုင်း၊ စကား တောင်စားဝတ္ထုကို ဝတ္ထုရေးသူ ဦးကြီးက ပင်ကိုယ်စိတ်ကူးဖြင့် ဖန်တီးရေးလိုက်ခြင်း မဟုတ်ပေ။ ဝတ္ထုပါအကြောင်းရပ်များမှာ ရှေးအစဉ်အဆက် နန်းတွင်းမှအစ အရပ်ထဲအထိ မြန်မာတို့ ပြောလေ့ပြောထ ရှိသည်များကို မှတ်သား၍ စာတင်ကာ ဝတ္ထု ဖွဲ့ရေးလိုက်ခြင်း ဖြစ်၏။ ထိုကြောင့်လည်း စကားတောင်စား၊ ပခန်းသား၊ ချည်ပါသားဟူသော အမည်များနှင့် ယင်းတို့၏ စရိုက်များကို ဝတ္ထုမပေါ်ခင်ကပင် မြန်မာများ ပြောစမှတ်ပြုခဲ့ ကြ၏။

ဝတ္ထုဇာတ်အိမ် ဖွဲ့သောခေတ်မှာ အင်းဝမြို့ ကောင်းစားစဉ်က ဖြစ်သည်။ ဇာတ်ဆောင်တို့မှာ နောင်အခါတွင် စကားတောင် စား အမတ်ဟူ၍ ထင်ရှားမည့် နာမည်ရင်းမရှိသူနှင့်၊ ပခန်းသား ငလက်တို၊ ချည်ပါသား ငညိုတို့ ဖြစ်ကြသည်။ ထိုသုံးယောက် အနက် စကားတောင်စားက ပို၍စကားအရာတွင် ကျွမ်းကျင် လေသည်။ ထိုကြောင့် စကားတောင်စားသည် ပညာရှိအမတ် အဖြစ် ခန့်အပ်ခံရ၍ ဘုရင့်ထံပါးတွင် ခစားရလေသည်။ ဓည ဝတီ ရခိုင်ပြည်သို့ သံတမန်ခန့်အပ် စေလွှတ်ရာတွင်လည်း ဓညဝတီ ဘုရင်နှင့် မှူးမတ် ပညာရှိတို့၏ ပညာစမ်းမှုကို အောင်မြင်စွာ ဖြေဆိုဆောင်ရွက်နိုင်သောကြောင့် ချီးမွမ်းခံရသည်။ ပခန်းသား ငလက်တို့နှင့် ချည်ပါသား ငညို တို့ကား စကား ကျွမ်းကျင်သော်လည်း လိမ်လည်ကောက်ကျစ်သော စိတ်သဘော ရှိ၏။ လူတစ်ဦး တစ်ယောက်အား လိမ်လည်လှည့်ဖြားခြင်း မပြုရလျှင် မနေတတ်သူများ ဖြစ်ကြ၏။ ထိုကြောင့် သူတို့ အချင်းချင်းလည်း လိမ်လည်၏။ သူတို့ချင်း လိမ်ကောက်၍ မရသော အခါတွင်လည်း နှစ်ဦးသဘောတူ ပူးပေါင်း၍ လိမ်လည်ကြ၏။ သို့ဖြစ်၍ အင်းဝမြို့တော်မှ စုန်ဆင်းကာ မြစ်ရိုးတစ်လျှောက်နှင့်အောက်မြို့ကျေးရွာဖြစ်သော ညောင်တုန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်မြို့များတိုင် လှည့်လည်၍ လိမ် လည် လှည့်ဖြားကာ အသက်မွေးကြသည်။ အသွင်မတူ အိမ်သူ မဖြစ် ဆိုသည့်အတိုင်း စိတ်သဘောချင်း တူကြသူ မခါကြီး၊ မကျေးဥတို့နှင့် ပေါင်းဖက်မိရာတွင် လိမ်ကောက်မှုများ ပိုမို များပြားလာလေသည်။

ထိုကြောင့်ပင် နှုတ်ရေး စကားတတ်နှင့် စကားအကောက် အကတ် ပြောလာလျှင် ထိုသူအား စကားတောင်စားဟူ၍လည်းကောင်း၊ စကားတံ ရှည်ရှည်နှင့် ဆင်ခြေများများသုံး၍ လှည့်ပတ်ပြော လာလျှင် ထိုသူအား ပခန်းသား၊ ချည်ပါသားဟူ၍လည်းကောင်း တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

စကားတောင်စားဝတ္ထုမှ ကောက်နုတ်ချက် တနေ့သ၌ စာရေးကြီးကတော်သည် မိမိအိမ်၌ မုန့်အိုးကင်း ကပ်လုပ်၍၊ မိမိယောက်ျား စာရေးကြီးကို စားလေစလိုသော ကြောင့် စကားတောင်စားကို ခေါ်ရန် နန်းတော်ထဲသို့စေလွှတ် လိုက်ရာ၊ လွှတ်တော်ပေါ်သို့ တက်သွားပြီးလျှင် လှေကားဦး ကစ၍ မာရဘင်နားသို့ ကျရောက်သည့်တိုင်အောင်၊ အသံကျယ် စွာနှင့် ပြင်းထန်စွာ ဟစ်အော်ပြီးလျှင်၊ စာရေးတော်ကြီးမင်း၊ စာရေးကြီးကတော်က မုံ့အိုးကင်းကပ်စားရအောင် မြန်မြန်လာပါ အခေါ်စေလွှတ်ပါသည်ဟု ပြောဆိုသောအခါ၊ ကြားသမျှ မင်း ပရိသတ်တို့သည် ဝိုင်း၍ ပြောင်လှောင်ရယ်မောကြလေ၏။ ထို အခါ စာရေးတော်ကြီးသည် တော်ရာသို့ ခေါ်ပြီးလျှင် ထိပ်ကို ပုတ်၍၊ မောင်မင်းသည် မင်းပရိသတ်အလယ်၌ ငါ့ကို အရှက် ရအောင် မုံ့အိုးကင်းကပ်ကို စားရန် ဟစ်အော်၍ ခေါ်သည်။ နောင်တစ်စုံတစ်ရာကိစ္စရှိလျှင် လူပရိသတ်တို့ရှေ့ ဟစ်အော်၍ မခေါ်နှင့်၊ မျက်ရိပ်မျက်ခြေ မျက်စနှင့်ခေါ်ရမည်ဟု ပြောဆို လေသည်။ စကားတောင်စားလည်း နောင် တစ်စုံတစ်ရာကိစ္စ ရှိလျှင်၊ မျက်စနှင့်ခေါ်ပါမည်ဟု ပြောဆိုလေ၏။ တစ်ရံရောအခါ အိမ်နှင့် မနီးမဝေး မီးလောင်သောအခါ၊ အိမ်ထောင်မှု ပရိဘောဂတို့ကို အိမ်ပြင်သို့ သယ်ထုတ်ကြရာ၊ စာရေးကြီး ကတော်က ပေါ့ပေါ့ပါးပါးကိုသာ သယ်ပါဟူ၍၊ အဖိုးတန်သောပစ္စည်းများကို ယူစေလို၍ ပြောသည်ကို စကား တောင်စားသည် အိမ်အောက်က ပေါ့ပါးသော ဖွဲတောင်းတွေကို ချီ၍ ထုတ်လေ၏။ ထိုအခါ စာရေးကြီးကတော်က ပေါ့ပေါ့ ပါးပါးကို သယ်ပါဆိုတာကို အဘယ်ကြောင့် ဖွဲတောင်းတွေကို သယ်ရသလဲဟု မေးမြန်းရာ၊ ဖွဲတောင်းသည် အပေါ့ဆုံးဖြစ်၍ သယ်ပါသည်ဟု ပြောဆိုသောအခါ၊ စာရေးကြီး ကတော်က မင်း မသယ်ပါနှင့်တော့၊ စာရေးတော်ကြီးကိုသာ မြန်မြန် ခေါ်ပေးပါဟု ပြောဆိုလေ၏။ ထိုအခါ စကားတောင်စားသည် နန်းတော်သို့ဝင်သွား၍ လှေကားတော်ဦးက ထိုင်ပြီး၊ မျက်စပစ်၍သာ နေလေ၏။

အချိန်ကုန်၍ စာရေးကြီး ပြင်ဖက်သို့ ထွက်လာသောအခါ မျက်စပစ်သည်ကို မြင်၍၊ မောင်မင်းသည် သည်နေရာမှာထိုင်၍ မျက်ခုံးကို ဘယ်အတွက်ကြောင့် လှုပ်၍နေသနည်းဟု မေးသော အခါ စကားတောင်စားသည် စာရေးတော်ကြီးနား နားကိုကပ်၍ မီးလောင်သည်ဟု ပြောလေ၏။ ထိုအခါ စာရေးတော်ကြီးက အပြင်ဘက်သို့ထွက်ကြည့်သောအခါ မီးခိုးကို မမြင်ရ၍၊ ဘယ် အချိန်က လောင်သနည်းဟု မေးမြန်း၏။ စကားတောင်စား ကလည်း နေ့လယ်ကပင် လောင်ပါသည်ဟု ပြောဆိုသောအခါ၊ မင်းရောက်တာ ဘယ်ကလောက်ကြာပြီလဲဟု မေးမြန်းလေ၏။ စကားတောင်စားကလည်း နေ့လယ်ကပင် ကျွန်တော်ရောက်ပါ သည်။ စာရေးတော်ကြီးမင်းက မျက်စနှင့်သာခေါ်ရမည် မှာထား သောကြောင့် မျက်စပစ်၍ ခေါ်နေပါသည်ဟု ပြောဆိုလေ၏။ ထိုအခါ စာရေးကြီးသည် အိမ်သို့ ပျာယီးပျာယာ၊ ပြန်၍သွား သောအခါ၊ ကံအားလျော်စွာ အိမ်အနီးကျမှ မီးငြိမ်း၍ သွား သောကြောင့် ပစ္စည်းများကို ပြန်၍ အိမ်ပေါ်သို့ သယ်ပြီးသည် နောက်မှ ရောက်ကြလေသည်။ ထိုအခါ နေ့လယ်က မီးလောင် ၍ အခေါ်ခိုင်းသည်ကို ညနေမှလာရမည်လားဟု စာရေးကြီး ကတော်က ပြောဆိုသောအခါ၊ စကားတောင်စားသည် မျက်စပစ်၍နေသည်ကို ငါမသိသောကြောင့် ကြန့်ကြာပါသည် ဟု ပြောဆိုသကာလ၊ စာရေးကြီးကတော်က အိမ်မှာလဲ အရေး အကြောင်းရှိ၍လည်း အသုံးမကျ၊ စကားအရာမှာလည်း အင်မတန် ကတ်သည်။ မင်းသွားတော့ဟု နှင်ပြန်လေ၏။ ထို အခါ လနှစ်လမြင်မှ သွားမည်ဟု ပြောဆိုပြီးလျှင် အတင်း ကပ်၍ နေမြဲနေထိုင်လေ၏။ တနေ့သ၌ စာရေးကြီးကတော်သည် ဝယ်ခြမ်းရန် အများရှိ၍ ကလေးကို ပုခက်ထဲ၌ သိပ်ပြီး လျှင် စကားတောင်စားကို ကလေးကြည့်ရစ်ပါဟု မှာထားခဲ့လေ ၏။ စာရေးကြီးကတော် ဈေးသို့သွား၍ အတော်ကြာသောအခါ၊ ကလေးနိုး၍ ငိုပြီးလျှင် ပုခက်ပေါ်မှ လိမ့်ကျလေ၏။ စကား တောင်စားသည် လက်ပိုက်၍ ထိုင်ပြီးလျှင် သေသေချာချာ ကြည့်လေ၏။ ထိုနောက် ကလေးသည် လေးဖက်ထောက်၍ သွားပြီးလျှင် လှေကားပေါက်ဝမှ ဒလိမ့်ဒလိမ့် ကျသွားလေ၏။ စကားတောင်စားသည် ကျပုံနှင့်တကွ သေသေချာချာ ကြည့်၍ မှတ်သားပြီးလျှင်၊ ကလေးအနီး၌ ဆင်းပြီးလျှင် မျက်တောင် မခတ်ဘဲ ရပ်၍ကြည့်လေ၏။ ထိုအခါ ကလေးသည်ထိပ်ပေါက်၍ သွေးသံရဲရဲနှင့် မြောနေအောင် ငိုလေ၏။ ထိုအခါ စာရေးကြီး ကတော်သည် ဈေးကပြန်လာရာ၊ အဝေးကမြင်၍ ရင်ပတ်ကို တီးပြီးလျှင်၊ ကလေးကို ကြည့်ရစ်ပါဟု မှာထားပါလျက်၊မင်း မကြည့်သောကြောင့် ကလေးတစ်ကိုယ်လုံးသည် သွေးရဲရဲသံရဲရဲနှင့် နေသည်ကို မင်းသည် မမြင်ဘူးလားဟု အော်ငေါက်၍မေးသော အခါ စကားတောင်စားသည် ရွှေကြက်ယက်ဘုရားကိုစူးရပါစေရဲ့၊ ကျွန်တော်ကြည့်ပါသည်။ အဦးအစပထမ ကလေးသည်ပုခက်ပေါ်က တစ်ကြိမ်ကျပါသည်။ ထိုနောက်မှ လေးဖက်ထောက်၍လာပြီးလျှင် လှေကားပေါက်ဝက ဒလိ့မ်ဒလိ့မ် ကျသွားပြီးလျှင်၊ လှေကားဘောင် နှင့် ဦးခေါင်း ရိုက်မိပါသည်။
ကျွန်တော်လည်း ကြည့်ရမည် မှာထားသည့်အတိုင်း စေ့စေ့စပ်စပ် ကလေးကိုသာကြည့်၍နေပါ သည်ဟု ပြောဆိုသော အတွင်း စာရေးတော်ကြီးသည် နန်းတော်မှ လာ၍ အကြောင်းအရာကို မေးမြန်းပြီးလျှင်၊ ထိုနေ့ည လလည်း အလွန်သာသည် နှင့် ရေအင်တုံထဲ၌ လရိပ်ကို မြင်သောအခါ၊ စာရေးကြီးသတိရ၍၊ စကားတောင်စားကို ခေါ်ပြီးလျှင်၊ မိုးပေါ်၌ လတစ်လ၊ ရေထဲ၌ တစ်လ၊ လနှစ်လရှိပြီဖြစ်သောကြောင့် မင်းအိမ် ကို သွားတော့ဟု နှင်လိုက်ရလေ၏။ စကားတောင်စား နှစ်လရှိ ပေပြီဟူ၍ ပြောဆိုပြီးလျှင်၊ နောက်ကို နှစ်လလောက် ကျွန်တော် နေပါရစေအုံးတော့ဟု ပြောဆိုသောအခါ၊ စာရေးကြီးကတော်က အလို မောင်မင်းကြီးသား၊ မောင့်ခြေဖျားကို ဦးသုံးကြိမ်ချပါရဲ့၊ ကြွတော်မူပါတော့ ပြောဆိုသောကြောင့် စကားတောင်စားသည် အမိအိမ်သို့ပြန်သွားလေ၏။ [၁]

ကိုးကား
ပြင်ဆင်
 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
story#observation#shinlhu

story

အရိုင်းဘုံမှာသာတဲ့လ(သို့မဟုတ်)ကျေးဇူးတော်နေ့-Thanksgiving day ⛵


၁၇ ရာစုတုန်းကအင်္ဂလန်နိုင်ငံမှာ(Church of England) ဟာ တစ်ခုတည်းသော ခွင့်ပြုထားတဲ့ ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး၊ ဘုရင့်ရဲ့အာဏာကို ဆန့်ကျင်တဲ့ အယူအဆမှန်သမျှကိုသည်းမခံခဲ့ပေ။ အဲဒီအချိန်က Church of England ရဲ့ အစဥ်လာလမ်းကြောင်းကိုမလိုက်လိုတဲ့ Nonconformist

( ပရိုတက်စတင့်အသင်းတရပ်ရပ်)ကဲ့သို့သော လူများဟာ ထောင်ချခံရခြင်း၊ ဒဏ်ငွေချမှတ်ခံရခြင်းနဲ့ လူမှုရေးအရ သပိတ်မှောက်ခံရခြင်းများကို ရင်ဆိုင်ခဲ့ကြရတယ်။ 

ဒီနှိပ်ကွပ်မှုများကြောင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် စွန့်စားရန် ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ (Pilgrims) ဟုခေါ် သီးသန့်အသိုင်းအဝိုင်းတစ်ခုကို မွေးထုတ်ပေးခဲ့တယ်။ ပထမဦးစွာ သူတို့ဟာ ပိုမိုသည်းခံမှုရှိတယ်ထင်ရတဲ့ နယ်သာလန်ကိုထွက်ပြေးခဲ့ကြတယ်။ ဒါပေမယ့် နယ်သာလန်မှာလည်း သူတို့ဟာ စီးပွားရေးအခက်အခဲများ၊ ယဉ်ကျေးမှုကွဲလွဲမှုများနဲ့ နောက်ဆက်တွဲမျိုးဆက်သစ်များအတွင်း မိမိတို့ဂုဏ်သိက္ခာနဲ့ယုံကြည်ချက်များ ပျောက်ဆုံး

သွားမှာကို တည်ဆောက်ဖို့ အတွက် အိပ်မက်မျိုးမဟုတ်ခဲ့ပါ။

ဒါနဲ့ပဲ သူတို့ဟာ အမေရိကအသစ်ကို သွားရောက်အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒီ့နောက်အင်္ဂလန်ပြန်လာပြီး ငွေကြေးထောက်ပံ့မှုတွေရှာ လိုအပ်တာတွေကိုပြင်ဆင်ပြီး (၁၆၂၀)ခုနှစ်အင်္ဂလန်Southampton)မြို့ ကနေ Mayfloweသင်္ဘော

နဲ့ အခြား သင်္ဘောတစ်စင်းဖြစ်တဲ့ Speedwell နဲ့အတူ ထွက်ခွာခဲ့ကြတယ်။

    *   Speedwell  သင်္ဘော ဟာခရီးမဝေးခင် ရေယိုစိမ့်မှုဖြစ်တဲ့အတွက် ပြန်ဆိုက်ရပြီး၊ ခရီးသည်အားလုံးနီးပါး Mayflower တစ်စင်းတည်းပေါ်မှာ စုပြီးစီးခဲ့ကြရတယ်။

ဒီလိုနဲ့ Mayflower ခရီးရှည်ရဲ့ ကြမ်းတမ်းတဲ့အသစ်တစ်ခုအစပြုခဲ့ကြတယ်။

ဒါ့ကြောင့် ၁၆၂၀ ပြည့်နှစ်မှာ ခရီးသည်၁၀၂ယောက်

တို့ဟာ (Virginia) ကို ထွက်ခွာခဲ့ကြတယ်။ဒီခရီးဟာ ခန့်မှန်းခြေအရ ရက်ပေါင်း ၆၆ ရက်ကြာမြင့်ခဲ့ပြီး၊ ပင်လယ်ပြင်တွင် လှိုင်းကြီးများနှင့် ရင်ဆိုင်ခဲ့ရတယ်။ သင်းဘောပေါ်မှာ ကျဉ်းမြောင်းပြီး မသန့်ရှင်းတဲ့ အခြေအနေများကြောင့် ရောဂါများ ဖြစ်ပွားခဲ့ကြတယ်။ သူတို့၏ ခရီးစဉ်ဟာ မျှော်မှန်းထားတာထက် ပိုမိုဝေးကွာသွားပြီး၊ လက်ရှိ မက်ဆာချူးဆက်ပြည်နယ် (Massachusetts) ကမ်းခြေကို ၁၆၂၀ ခုနှစ် ဆောင်းရာသီမှာ ရောက်ရှိခဲ့ကြတယ်။ ဆောင်းရာသီရဲ့ ကြမ်းတမ်းမှုက သူတို့အတွက် ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုတစ်ခုဖြစ်ခဲ့တယ်။ အအေးဒဏ်၊ အစားအစာရှားပါးမှုနှင့် ရောဂါများကြောင့် ခရီးသည် တစ်ဝက်နီးပါး သေဆုံးခဲ့ကြရတယ်။

        ကျေးဇူးတော်နေ့(Thanksgiving) ရဲ့မူလအစ.......

ဒါပေ၊မယ့် ကံကောင်းထောက်မတယ်ပြောရမှာပေါ့

​​လေဒေသခံ(Wampanoag) ကျေးရွာ သားတွေကဒီဥရောပသားတွေကိုကူညီခဲ့ကြတယ်။

 သူတို့ဟာစိုက်ပျိုးရေးနည်းလမ်းတွေ၊ ဒေသထွက်သီးနှံများကို စိုက်ပျိုးနည်းတွေကို သင်ကြားပေးခဲ့ကြတယ်။ ၁၆၂၁ ခုနှစ် ဆောင်းဦးရာသီရိတ်သိမ်းချိန်မှာ ခရီးသည်တော်များဟာသူတို့ရဲ့ ပထမဆုံးသော ရိတ်သိမ်းမှုကို အောင်မြင်စွာ ရရှိခဲ့ကြတယ်။ ကျေးဇူးတင်ခြင်းအထိမ်းအမှတ်အဖြစ်၊ ခရီးသည်တော်များဟာ(Wampanoag) ကျေးရွာသား ၉၀ ခန့်ကို ဧည့်ခံကျွေးမွေးပြီး သုံးရက်တိတိ ကျေးဇူးတင်ခြင်းပွဲတော်ကိုကျင််းပခဲ့ကြတယ်။အဲဒီနေ့ဟာကျေးဇူးတော်နေ့ရဲ့ပထမဆုံးအကြိမ် ကျင်းပမှုဖြစ်တယ်။ ဒီပွဲမှာ သူတို့ဟါ ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၊ မိသားစုများနဲ့အတူရှိခြင်းနဲ့အသက်ရှင်ကျန်ရစ်ခြင်းအတွက် ဝမ်းမြောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်။

အဆုံးသတ် ခက်ခဲကြမ်းတမ်း

မှုကနေပေါက်ဖွားလာတဲ့ ကျေးဇူးတော်နေ့ဟာ ကမန်းကတန်းကျင်းပတဲ့ ပွဲလမ်းသက်သက်မဟုတ်ဘဲ၊ လွတ်လပ်ခွင့်အတွက် စွန့်လွှတ်စွန့်စားခဲ့မှုများ၊ မျှဝေခံစားခဲ့ကြရတဲ့ဒုက္ခများနဲ့ ကျေးဇူးတင်ခြင်းမေတ္တာတရားတို့ ရဲ့သက်သေသာဓကတစ်ရပ်ဖြစ်တယ်။လွတ်လပ်မှုနယ်သစ်ရှာခရီးသည်တော်များရဲ့ သေလုနီးပါး ကြုံတွေ့ခဲ့ရတဲ့ ခရီးတို့ဟာဒီကျေးဇူးတော်နေ့မှာ မျှဝေစားသောက်ကြတဲ့ ကျေးဇူးတင်ခြင်းစိတ်ခံစားမှုကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ဒါဟာ လူသားတို့ရဲ့ ဇွဲလုံ့လ၊ ယုံကြည်ခြင်းနဲ့ မျှဝေမှုစိတ်ဓာတ်တို့က ဘယ်လောက်ကြီးမားတဲ့ ဒုက္ခ

ကိုမဆို ကျော်လွှားနိုင်ကြောင်း သတိပေးနေတဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပင်ဖြစ်တယ်။

မှန်ပါတယ်။ ဝမ်ပန်နိုအဂ် (Wampanoag) လူမျိုးများဟာ အမေရိကတိုက်သား (Native Americans) များဖြစ်ပြီး၊ သမိုင်းတွင်ကျယ်ခဲ့တဲ့ "ကျေးဇူးတော်နေ့"မှာ(Pilgrims) ခရီးသည်တော်များကို ကူညီခဲ့သူများဖြစ်ကြပါတယ်။

အခုချိန် အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ (Thanksgiving Day) ကို ကျင်းပပုံဟာ သမိုင်းကြောင်းအစဖြစ်ခဲ့တဲ့ ၁၆၂၁ခုနှစ်မှာ Plymouthကျေးရွာက ရိုးရှင်းတဲ့ ရိတ်သိမ်းပွဲကနေ ကြီးကျယ်ခမ်းနားတဲ့ မိသားစုပွဲတစ်ခုအဖြစ် ပြောင်းလဲလာပါပြီ။

ကျင်းပချိန် နိုဝင်ဘာလ စတုတ္ထကြာသပတေးနေ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ရုံးပိတ်ရက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေနဲ့ ပေါင်းကာ ရှည်လျားတဲ့ အားလပ်ရက်အဖြစ် ကျင်းပပါတယ်။

👨‍👩‍👧‍👦 မိသားစုစည်းဝေးခြင်း နေရာတကာမှ မိသားဝင်များ ပြန်လည်စုရုံး နှစ်စဉ်နှစ်တိုင်း "ကျေးဇူးတော်နေ့ ခရီးသည်အရေအတွက် အမြင့်ဆုံးရက်" ဖြစ်ကာ လေကြောင်း၊ ကားလမ်းများ ပြတ်တောက်သွားတတ်ပါတယ်။

🍗 ထမင်းဝိုင်း ကျေးဇူးတော်နေ့ညစာ ကြက်ဆင်သားဟင်း၊ ခရန်ဘယ်ရီဆော့စ်၊ အာလူးချေပြီး ချက်ထားသောဟင်း၊ ပြောင်းဖူးမုန့်၊ ချိပ်စ်ပါသော ဟင်းသီးဟင်းရွက်နှဲ့မုန့်ကြွပ်ကြီးများထဲတွင် ချက်ထားသော အသားတုများ တို့ဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။

🏈 အားကစားကြည့်ခြင်း အမေရိကန်ဘောလုံးလိဂ် (NFL) ကျေးဇူးတော်နေ့တွင် NFL ဘောလုံးပွဲစဉ်များ ကျင်းပပြီးမိသားစုဝင်များအတူကြည့်ရှုကြပါတယ်။

🛍️ ဈေးဝယ်ခြင်း အနက်ရောင်စနေ ကျေးဇူးတော်နေ့ပြီးတစ်ရက်ဖြစ်သော သောကြာနေ့တွင် "အနက်ရောင်စနေ" ဈေးလျှော့ပေးသည့်နေ့ဖြစ်ကာ ခရစ္စမတ်ဈေးဝယ်စတင်ကြပါတယ်။

🧡 ကျေးဇူးတင်ခြင်း ကျေးဇူးတင်စကား ထမင်းစားဝိုင်းတွင် မိသားစုဝင်တိုင်းက မိမိကျေးဇူးတင်ရှိသည့် အရာများအကြောင်း ဝိုင်းဝန်းမျှဝေပြောဆိုကြပါတယ်။


---


ကျေးဇူးတော်နေ့ရဲ့ အဓိပ္ပာယ်နှင့် ဆင်နွှဲပုံ


၁။ ကျေးဇူးတင်ခြင်း၏ အနှစ်သာရ

ကျေးဇူးတော်နေ့ရဲ့ဗဟိုချက်မှာ "ကျေးဇူးတင်ခြင်း" ပါပဲ။ မိသားစုဝင်တွေဟာ ထမင်းစားတဲ့အခါ၊ သို့မဟုတ် စုရုံးနေတဲ့အခါ တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရတဲ့ ကောင်းချီးများအတွက် ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ဥပမာ - ကျန်းမာရေး၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေရှိခြင်း၊ အလုပ်အကိုင်စသည်ဖြင့် ဖြစ်ပါတယ်။


၂။ စေတနာ့ဝန်ထမ်းလုပ်အားပေးခြင်း

မိသားစုပွဲတွေကျင်းပရင်းဆင်းရဲသားများအတွက်လည်း မမေ့ကြပါဘူး။ လူမှုရေးအဖွဲ့အစည်းတွေက ချို့တဲ့သူများအတွက် အခမဲ့ကြက်ဆင်သားဟင်းပွဲများ ဝေငှပေးတတ်ပြီး စေတနာ့ဝန်ထမ်းများက ထိုအစီအစဉ်တွေမှာ ကူညီဆောင်ရွက်ပေးကြပါတယ်။


၃။ ကျေးဇူးတော်နေ့ ခရီးစဉ်

ကျေးဇူးတော်နေ့ဟာနှစ်စဉ် ခရီးသွားအရေအတွက် အများဆုံးရက်သတ္တပတ် ဖြစ်ပါတယ်။ လူသန်းပေါင်းများစွာဟာ မိသားစုဆီပြန်ဖို့ လေကြောင်းခရီး၊ ကားခရီးတွေ ထွက်ကြပါတယ်။ ဒါကြောင့် လေဆိပ်တွေ၊ ကားလမ်းမကြီးတွေမှာ လူအများအပြားနဲ့ ပြတ်တောက်မှုတွေ ကြုံရတတ်ပါတယ်။


၄။ ကျေးဇူးတော်နေ့ ပါရာဒါ

ကျေးဇူးတော်နေ့မနက်ခင်းမှာ"Macy's Thanksgiving Day Parade" လို့ခေါ်တဲ့ ကြီးကျယ်တဲ့ လှေကားထစ်ပွဲတစ်ခုကို နယူးယောက်မြို့မှာ ကျင်းပပါတယ်။ ကြီးမားတဲ့ ပူဖောင်းရုပ်ကြီးတွေ၊ ဂီတအဖွဲ့တွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ တောက်ပလှပပါတယ်။ ဒီပွဲကို လူသန်းပေါင်းများစွာက မြို့လမ်းမပေါ်ကနေရော၊ ရုပ်မြင်သံကြားကနေပါ ကြည့်ရှုကြပါတယ်။


---


ကျေးဇူးတော်နေ့ရဲ့ အဓိကအစားအစာများ


· ကြက်ဆင်သားဟင်း: ကျေးဇူးတော်နေ့ရဲ့ သင်္ကေတဖြစ်ပါတယ်။ တစ်ကောင်လုံးအခြောက်လှန်းပြီး မီးဖုတ်ကာ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ကြပါတယ်။

· ခရန်ဘယ်ရီဆော့စ်: ချိုချဉ်အရသာရှိပြီး ကြက်ဆင်သားနဲ့ တွဲဖက်စားသုံးကြပါတယ်။

· ပြောင်းဖူးမုန့်: ပြောင်းဖူးမှုန့်နဲ့ ပြုလုပ်ထားတဲ့ ချိုပြီး ပျော့အိအိမုန့်ဖြစ်ပါတယ်။

· အာလူးချေပြီး ချက်ထားသောဟင်း: အာလူးကို ချေပြီး ထောပတ်၊ နို့၊ ခရင်မ်တို့နဲ့ ရောမွှေထားတာဖြစ်ပါတယ်။

· မုန့်ကြွပ်ကြီးများထဲတွင် ချက်ထားသော အသားတုများ: မုန့်ကြွပ်ခွက်ထဲမှာ ပေါင်းမုန့်၊ ဟင်းသီးဟင်းရွက်၊ အသားတို့ကို ထည့်ပြီး ချက်ထားတာဖြစ်ပါတယ်။

· ဖုတ်ကြော်ထားသော ရွှေရောင်ချို: ရွှေရောင်ချိုကို ချိပ်စ်နဲ့ မတ်ရှ်ပြုလုပ်ပြီး ဖုတ်ထားတာဖြစ်ကာ ချိုပြီး နူးညံ့တဲ့ အရသာရှိပါတယ်။

· ရွှေရောင်ချိုမုန့်: ရွှေရောင်ချိုကို ဟင်းချိုအနေနဲ့ ချက်ပြုတ်ကြပါတယ်။

· ပိုင်းမုန့်: ကျေးဇူးတော်နေ့အတွက် အထူးပြုလုပ်ထားတဲ့ ပိုင်းမုန့်မျိုးစုံရှိပြီး၊ ရွှေရောင်ချိုပိုင်း၊ ပန်းသီးပိုင်း၊ သစ်ကြားသီးပိုင်းတို့ ဖြစ်ကြပါတယ်။


ကျေးဇူးတော်နေ့ဟာ မိသားစုနဲ့ ချစ်ရသူတွေအတူစုရုံးပြီး တစ်နှစ်တာအတွင်း ရရှိခဲ့တဲ့ ကောင်းချီးများအတွက် ကျေးဇူးတင်ခြင်း၊ ကောင်းမွန်စွာစားသောက်ခြင်းနဲ့ အတူတူအချိန်ဖြုန်းခြင်းတို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်နှက်နေတဲ့ နွေးထွေးပျူငှာတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

မှတ်ချက်။ ။ဒီ ကျေးဇူးတော်နေ့ဟာ တဖက်စောင်းနင်း ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အလွန်လှပတဲ့ သင်္ကေတတခုဖြစ်နေတာကြောင့် ရှင်လူကြီးမနည်းကြိုးစားရေးခဲ့ရပါတယ်။ရှင်လူ့ဖုန်းက စာရိုက်ရတာအဆင်မ‌ပြေပါ။ရိုက်ရင်း ရပ်ရပ်သွားလို့ ဖုန်းပိတ်ပြီးပြန်ဖွင့်ပြန်ရိုက် ပြန်ပြင် အကြိမ်ကြိမ်ကျိုးစားရပါတယ်။ရှင်လူတို့ဆီကအတာသင်္ကြန်နဲ့ခပ်ဆင်ဆင်ယဉ်ကျေးမှုပွဲတော်မို့ အမှတ်တရဖတ်ကြည့်နိုင်ရအောင်။

story#observation#shinlhu



Tuesday, November 25, 2025

story

တမဂ်တဖိုလ် ရလိုစိတ်
         😔😔😔😔😔

မနက်၁၁ နာရီ ဖွေးဖွေးသိမ့် တယောက် ကျူရှင်က ပြန်ရောက်လာလာချင်း သူတို့ အိမ်ရှေ ခန်းခုံပေါ်မှာ ဖုန်းထိုင်ပွတ်နေပေါ့။
             ရှင်လူ ကြီးက သူ့ရှေ့သွားပြီး ခုံလက်တန်းလေးကိုင် သူ့မျက်နှာလေးငုံ့ကြည့်တော့။
              "သွား...လာနဲ့"ဆို ပြီး ထအော်လေရဲ့
              "ဘာလဲ ၊ငါ နှောင့်ယှက်တာလည်းမဟုတ်ဘူး၊ ချစ်လို့ မျက်နှာလေး ကြည့်ချင်လို့လာတာကို ၊ဒီလောက်တောင် ဖြစ်နေ၊ တော် ပြီ နင့်ကို မချစ်တော့ဘူး ဘဒိတ်မှောက်လိုက် ပြီ"
                 သူငယ်ငယ်ကတည်းက ရှင်လူပြောတဲ့ သပိတ်မှောက် ဆိုတဲ့စကားကို သူကသူ့နားထဲ ကြားတဲ့အတိုင်း ဘဒိတ်မှောက်လို့ပြောလေ့ရှိလို့ သူရောရှင်လူပါ ဘဒိတ်မှောက်ပဲ ပြောနေကျပေါ့။ ရှင်လူက ပြောပြောဆို ဆို သူ့အခန်းကလှည့်ထွက်လာတော့ ဖွေးက ရှင်လူ့ဘက်လှည့် ကြည့်ရင်း "မှားပါတယ် ဆရာရယ်"တဲ့။
             အင်း...ရှင်လူနဲ့ ဖွေးကြားမှာ ကိုယ့်ဘက်ကမှားသွားရင် "မှားပါတယ် ဆရာရယ်"လို့
တောင်းပန်လိုက်ရင်ချက်ချင်း ကြေအေးရတဲ့ ထုံးစံ ရှိသမို့။
             "အေး..ဒါဆိုရင်တော့ ခွင့်လွှတ်လိုက်ပြီ၊ ဘဒိတ်မှောက်တော့ဘူး"
             ရှင်လူလည်း ကိုယ့်အခန်းပြန်လာ ပြီးဖုန်းပွတ်နေလိုက်တာ ဖုန်းဘက်ထီက ၂၀ အောက်ရောက် ပြီးနီလာတာနဲ့ ဖုန်းကို အားသွင်း ကြိုးတပ်ထား ပြီး ဒဂုန် ဦးစန်းငွေ ရဲ့ "နိဗ္ဗာန်စခန်းလက်တကမ်း "စာအုပ် ကောက်ဖတ်နေလိုက်တယ်။ ဒီလိုနဲ့စာဖတ်ရင်း ဘယ်အချိန် မှေးခနဲ ဖြစ်သွားတယ်မသိ။ ဆိုဖာ ကြီးပေါ် လက်နှစ်ဖက် နောက်မှီပေါ်တင်ရင်း ငိုက်မျဉ်းနေတုန်း
တစုံတယောက် လှန့်လိုက် လို့ ညာလက်နဲ့အလိုအလျောက်ရိုက်ချလိုက်တာ ဖွေးရဲ့ငိုသံ ကြားမှ သတိရ လို့ ကြည့်လိုက်တော့ ဖွေးကသူ့မျက်နှာကို လက်နဲ့အုပ် ပြီးအော်ငိုနေလေရဲ့။
           "ဖြစ်ရလေ သမီးလေးရယ်၊ ရှင်လူက
 ယောင်တတ်လို့ပါ၊ ဘယ်နာသွားလဲ၊လာစမ်း"
            ဖွေးက သူ့ ညာမျက်စိအောက် နှာခေါင်းနား ကို ပွတ်နေတာကြောင့် ရှင်လူက တန်းပေါ်က တဘက်ယူ အာငွေ့ မှုတ် ပြီး ကြပ်ထုပ်ထိုးပေးနေမိတယ်။
             "တိတ် တိတ် သမီးလေး ၊ရှင်လူ့
အာငွေ့က တန်ခိုးရှိတယ်၊ အုံဖွ အုံဖွ ၊သမီးသက်သာသွားမှာ"
              ဖွေးက အငိုမရပ်၊ ရှင်လူ့ရင်ထဲ အတော်မကောင်း ဖြစ်သွားမိတယ်။ငယ်စဉ်ကတည်းက ခုလို ၇ နှစ်သမီးအရွယ် ဖြစ်လာတဲ့အထိ လက်နဲ့တောင်မရွယ်ခဲ့တဲ့ ကလေးကိုရိုက်လိုက်မိ ပြီ။
              "တိတ်တိတ် သမီးလေး၊ ရှင်လူ မုန့်ဝယ်ကြွေးမယ်၊ အန်တီမတင့် တို့ဆိုင်က သမီးဘာစားမလဲ"
              အတော်နာသွားပုံရတယ်။မုန့်ဝယ်ကျွေးမယ်ဆိုတာတောင် အငိုမတိတ်။ ရုတ်တရက် သူ အ ကြိုက်ဆုံးကို ရှင်လူ စဉ်းစားမိလိုက်တယ်။
            "လာလာ သမီးကြိုက်တဲ့ အာလူးကြော်ဘူး ဝယ်ကြွေးမယ်" ဆိုမှ ရုတ်တရက် အငိုရပ်သွားတယ်။ ဖွေးကို လက်ဆွဲထွက်လာတော့ ဖွေးက နောက်က မျက်ရည်သုတ်ရင်းထလိုက်လာတယ်။ Master အာလူးကြော် တဘူး
၁၆၀၀ တဲ့။ လကုန်ခါနီး ငွေ ပြတ်နေပေမယ့်
တတ်နိုင်ဘူး သမီးလေးအငိုတိတ်ဖို့က ဒီချိန်မှာ အရေး ကြီးဆုံး။
            ရှင်လူ ကြီးမှာ မကောင်းတဲ့ အကျင့်က အဲ့လို အိပ်ပျော်ချိန် ယောင်တတ်တာပဲ။
တ​လောက
ကျန်းမာရေးမကောင်းလို့ကိုယ့်အခန်း ပြန်အိပ်တုန်းကလည်း ဖွေးအမေ ငမိုးရိပ်က
ပြော ပြီးပြီ "ရှင်လူ ညက အိပ်မက်မက် ပြီး
မ ကြားဝံ့မနာသာတွေ ဆဲ ဆို ပြီး ဝုန်းဒိုင်း ကြဲနေတာပဲ"တဲ့။
             ဒေါသဟေတု ဆိုတာ ကြောက်စိတ်
အကုသိုလ်ပဲ။ရှင်လူ့
မသိစိတ်ထဲမှာ ဒီအကုသိုလ်တွေက ဘယ်လောက်များ ကိန်းအောင်းနေသလဲ မသိ။ ခုပဲ ကလေး
ကို ယောင် ပြီး ရိုက်မိခဲ့ ပြီ။ ဒါတွေ ပျောက်ကင်းဖို့က
တော့တနေ့က
FB ထဲ နာဖူးတဲ့ တရားတပုဒ်ထဲကလို တမဂ်တဖိုလ် ရမှပဲ ဒေါသကိလေသာတွေ ကို အ ပြီးတိုင်တားနိုင်မှာ။
              ဒီတခါလောက် နိဗ္ဗာန်စခန်းကို တက်လှမ်းလိုတဲ့စိတ်မျိုး တခါမှ မ ဖြစ်ဖူးဘူး။
story#observation#shinlhu


Monday, November 24, 2025

story

ကလေးလိမ်နည်း 
အနုပညာ😀😬😁🤓😎🤩🥳


          အိမ့်ချယ်တယောက်ခုတလော ရှင်လူ့ အခန်းမှာ အနေများတယ်။ ဖွေးဖွေးသိမ့်တို့ အခန်းပြင်တုန်း ရှင်လူ့ အခန်းမှာ လာပေါင်းနေကြတာကြောင့်လည်းပါတယ်။
သူကဖွေးကိုလည်းခင်တာကိုး။
         ဒီနေ့ မနက် ဖွေး ဖုန်းပွတ်နေတာတွေ့တော့ သူလည်းအားကျပြီး ဖွေးဖွားလေးဖုန်းကိုကောက်ကိုင်  ပွတ်နေလေရဲ့။ သူခေါင်းအုံးပုံကြီးမီပြီး ဇိမ်နဲ့ ဖုန်းပွတ်နေတာ ဖွေးအမေ ငမိုးရိပ်ကမြင်သွားပြီးအိမ့် ရေ..သမီးမျက်စိပျက်မယ်၊တော်တော့ ဆိုပြီး ဖုန်းကို အသာ ချော့ယူ ဝှက်လိုက်တာမို့ အိမ့်ချယ် မျက်နှာကြီးကစူပုပ်နေပြီး ငိုမဲ့မဲ့ ဖြစ်နေတာနဲ့ ရှင်လူလည်းမနေနိုင်တော့ဘဲ...
          အား..အား..ငါ့မျက်စိ
ဘာဖြစ်သွားပလဲ.. နာလိုက်တာ
ဖုန်းကြည့်များလို့ အိုင်တီဗိုင်းရပ်စ်ကိုက်ပြီဗျဆိုပြီး ညာဘက်မျက်စိကို မှိတ်ထားလိုက်တော့ အိမ့်ချယ်က ရှင်လူ့ညာဘက်မျက်စိကိုစိုက်ကြည့်ရင်း ငြိမ်သွားတယ်၊ ခဏေနေတာ့ သူစိတ်ကောက်နေတာလည်း ပြေသွားပုံရတယ်။ဒါပေမယ့် မကြာမကြာ ရှင်လူ့မျက်နှာလှမ်းကြည့်နေလို့ ရှင်လူလည်း
အတန်ကြာအောင် မျက်စိတဘက်မှိတ်ပြီးနေရတယ်။ အဲဒါနေ့လယ်နေ့ခင်း ထမင်းစားနားကြ ပြီး အိမ့်ချယ်လည်းသူ့အိမ်ပြန် တရေးတမောအိပ်ပေါ့။ ဒီလိုနဲ့ညနေဘက်တခေါက် အိမ့်ချယ်ရောက်
လာတော့ ရှင်လူလည်း အမှုမဲ့ အမှတ်မဲ့ ကွကိုယ် ကွမ်းထိုင်ဝါးနေတုန်း ရှင်လူ့မျက်နှာကို အိမ့်ချယ် ခဏခဏ ကြည့်နေတာတွေ့မှ သတိရပြီး ညာမျက်စိကို ချက်ချင်းမှိတ်ထားလိုက်ရတယ်။
ဖုန်းကြည့်လို့ အိုင်တီဗိုင်းရပ်စ်အကိုက်ခံထားရတဲ့မျက်လုံးကြီးကပြူးနေလို့ဘယ်ဖြစ်မလဲ လေ။
           အင်း...ကလေးတွေကို
လိမ်တတ်တဲ့ လူကြီးတွေ သိထားဖို့က လိမ်စရှိရင် ပိပိိရိရိ နဲ့ ဆက်လိမ်ထားတတ်ဖို့တော့ လိုသပ ။ ကလေးမှာလည်း မနက် နဲ့ ည
ဆက်စပ်တွေးတောတတ်တဲ့ဉာဏ်ရည်ရှိတာပဲ။ ခုတမျိုး တော်ကြာတမျိုးဆို ဘယ်က
လေးမှ
ယုံတော့မှာမဟုတ်ဘူး။

Sunday, November 16, 2025

Draft

ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."
       တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေအစ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။
          "ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာ​ဗျ"

            "နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."

     "ဗင်းဆင့်ဗင်းဂိုးပါဗျာ ၊

သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."

        မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။

         မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။

စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ

စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို

စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း

ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။

            ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။

            "ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ

စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"

            "နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"

              "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"

           မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..

            "လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"

          သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။

           တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...


Saturday, November 15, 2025

story

လောဘမူစိတ်ဟူသည်...😀😬😁😂🤓😎🤩🥳🥳
မနက်ခင်း လက်ဖက်ရည် ဆိုင်မှာ လက်ဖက်ရည် တခွက်မှာရင်း စီးကရက်ဘူးသစ်ကလေးကိုဖောက် တလိပ်ထုတ်ပြီးမီးညှိဖွာရှိုက်လိုက်တယ်။ဒီအချိန်မှာ ဆွမ်းခံကိုယ်တော်တပါးက အနားမှာရပ်ပြီး မိမိမျက်နှာကိုစိုက်ကြည့်နေတာကြောင့် အသိဘုန်းကြီးများလား စဥ်းစားပေမယ့် မဟုတ် ။ ဘာကိစ္စ များပါလိမ့်။မိမိကစူးစမ်းဟန်နဲ့ ပြန်ကြည့်လိုက်တော့ ဘုန်းကြီးက…"စီးကရက်"လို့တခွန်းထဲပြန်ပြောလိုက်မှ …"သြော်...စီးကရက်အလှူခံချင်လို့ပဲ."တွေးပြီး တလိပ်ထုတ်ကာ ဘုန်းကြီး ကိုတရိုတသေကပ်လိုက်တယ်။ဒီအချိန်မှာ ဝိနည်းတွေဘာတွေ စပ်စုတတ်တဲ့ရှင်လူကြီးဘာမှမစဥ်းစားဖြစ်။အသက် ၇၀ ကျော်တာတောင် စီးကရက်မပြတ်သူမို့ ကိုယ်ချင်းစာကာ ကိုယ့်လိုပဲ သောက်ချင်ရှာမှာတွေးပြီးပေးလှူလိုက်ခြင်းသာ။ပြီးမှ တခုတွေးမိပြန်ပေါ့။လက်ဖက်ရည်ဆိုင်မှာ ဆုံနေကျမိတ်ဆွေများ တိုက်သလို တလိပ်ချင်းတိုက်သလိုဖြစ်သွားတာ။တကယ်ဆို ဘူးလိုက်ကပ်လိုက်လည်းဘာမှပိုမကုန်သွား။ခုတော့ အလှူကုသိုလ်က ကိုယ့်အတွက် ၁၉လိပ်ချန်ပြီး ဘုန်းကြီးကိုတလိပ်လှူသလိုဖြစ်သွားတယ်။အင်း... ရှင်လူကြီးလည်း အဘိဓမ္မာလေ့လာခဲ့သူမို့ အကုသိုလ် ၁၂ပါး၊ လောဘမူစိတ် ၈ ပါး၊ဒေါသမူစိတ် ၂ ပါး၊မောဟမူစိတ် ၂ ပါး စသဖြင့်ရေတွက်တဲ့အကျင့်ပါနေလို့လားမသိ။စီးကရက်တလိပ်ဘုန်းကြီးလှူပြီး ယူနစ်တွေ တွက်နေလိုက်တာ....။
        ဟိုက်... ဗုဒ္ဓေါ...အဲ့ဘုန်းကြီး က ပစ္စေကဗုဒ္ဓါဖြစ်နေပြီး မိမိကိုကယ်မချင်လို့ အလှူလာခံတာဆိုရင် အလှူက ဓိဋ္ဌဓမ္မဝေဒနိယ ကံ.. ချက်ချင်း အကျိုးပေးမှာ။
ကတောက်စ်...တဘူးလုံးလှူလိုက်ရမှာ...
story#observation #shinlhu


Monday, November 3, 2025

story

သဘာဝရဲ့ရင်သွေးငယ် food blogger  စစ်စစ်..🤓🤑😝😎🤩🥳🤭🤫
တနေ့ပြီးတနေ့...
တရားတွေနာရင်း ကိလေသာအကြောင်းသိသိလာတယ်။အမှန်တော့ အရင်တုန်းက အဲဒီလောဘ ဒေါသ မောဟ ဆိုတဲ့ကိလေသာနဲ့ နေ့တိုင်းရန်ဖြစ်နေရတာကိုတရားလို့ထင်ခဲ့တာ။"မင်းနဲ့ပေါင်းလို့ ငါ ဒုက္ခတွေရောက်နေတာ၊သွား...သွား  မင်းကိုအလိုမရှိဘူး"ပြောလေ ဒေါသကဖြစ်လေ။ အင်းမဟုတ်သေးပါဘူး ဒီကောင်နဲ့ အဆင်ပြေအောင် အလိုက်သင့်ပေါင်းကြည့်မှဆိုပြီး ဒီနေ့တော့ ဝက်ပေါင်သားလေးထောင်ဖိုးဝယ်ခဲ့တယ်။အခါတိုင်းလည်း ဝက်သားကိုအမျိုးမျိုးချက်စားခဲ့တာပဲ။တသက်လုံးချက်စားခဲ့လို့လည်းရိုးနေပြီ။ဒီနေ့တော့ အွန်လိုင်းပေါ်ကတွေ့တဲ့ချက်နည်းအတိုင်းချက်စားမယ်ဆိုပြီးလိုတာတွေရှာဝယ်လာခဲ့တယ်။အရင်ဆုံးဝက်သားတုံးတွေကိုဆားရည်နဲ့ ၁၅ မိနစ်စိမ်ထားလိုက်တယ်။ပြီးတော့ ကြက်သွန်မိတ်နဲ့ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ ချင်းနည်းနည်းထောင်းထည့်။ပြီးတော့ နာနတ်ပွင့်နည်းနည်းထည့်ပြီးဝယ်ထားတဲ့ဘီယာဘူးကိုဖောက် အပေါ်ကလောင်းထည့်။ပိုတဲ့ဘီယာကို တခါထဲမော့ချပလိုက်တယ်။အေးရော။ဒီလိုနဲ့ ဟင်းအိုးပွက်လာတော့ အရည်ခပ်မြည်းလိုက် ၊အသားဖဲ့မြည်းလိုက်နဲ့ ခု ခေါင်းထဲမှာရီတီတီဖြစ်နေပြီ။ဆီးချိုတက်တာလား၊ သွေးတိုးနေတာလား၊ဘီယာမူးတာလား မသိနိုင်တော့။ဒါ...နေ့လယ်စာစားချိန်မရောက်သေး။
                 အင်း...ဓမ္မမိတ်ဆွေတို့ရေ။ကိလေသာဆိုတာ ရန်သူလား မိတ်ဆွေလား ပယ်ရမယ့်တရားလား ၊ပေါင်းရမယ့်တရားလား။မဂ္ဂင် ၈ ပါးထဲမှာ ဘယ်လိုသွန်သင်ထားသလဲ။
             ဝှူး...ဘာကမူးမှန်းမသိ မူးတော့မူးနေပြီ။
story#observation#shinlhu

story

ဖိုးသောကြာလေး ၁၂နှစ်ကြာသောအခါ😍😁😘🤓😎🤩🥳
"ဦးလေး"
"ဟေ...."
"ကျနော်အပေါ်ထပ်မှာ အလုပ်လုပ်ရတာသိတ်အဆင်မပြေဘူး၊အလုပ်ကထုရရိုက်ရနဲ့ဆိုတော့ ၊ဦးလေးအခန်းမှာကျနော့ပန်းထိမ်ခုံလေးထားပြီး လုပ်ချင်တယ်"
         ရှင်လူ့အပေါ်ထပ်ခန်းကရခိုင်ပန်းထိမ်ဆရာလေးမောင်ဖြူသီးက ခွင့်တောင်းလာတယ်။ရှင်လူ့အခန်းကလည်းရှင်လူတယောက်ထဲသမားမို့ ပြဿနာမရှိ။
       "အေး...ငါကခွင့်ပြုပေးလို့ရပါတယ်၊ဒါပေမယ့် မင်းပန်းထိမ်ခုံ အလုပ် မီးချောင်းသုံးတဲ့ကိစ္စကတော့ အိမ်ရှင်နဲ့ညှိပေါ့ကွာ။
          ဒီလိုနဲ့ ၂၀၁၂/၁၃ လောက်မှာ မောင်ဖြူသီးတို့မိသားစု ရှင်လူ့အခန်းမှာလုပ်ငန်းအခြေချလာတယ်။သူ့အလုပ်ခုံရောက်လာတော့သူနဲ့အတူ ဇနီးသည်ဖြစ်သူဘာလာ(သူ့နာမည်က ချိုချိုမွန်၊ Ant Z ကာတွန်းကားထဲကပုရွက်ဆိတ်မင်းသမီးဘာလာနဲ့တူလို့ သူ့ကိုရှင်လူက ဘာလာလို့ပဲခေါ်တယ်)။သူတို့က အိမ်ထောင်ကျ
တာမကြာသေး။ ဒီအချိန်ဘာလာ့မှာပထမကိုယ်ဝန်လွယ်ထားရပြီ။ဒီလိုနဲ့ တကိုယ်တော်ရှင်လူကြီးသူတို့နဲ့အတူနေအတူစား မိသားစုလိုဖြစ်လာတယ်။အဲ့နောက်ဘာလာတယောက် သားဦးလေး ဖိုးသောကြာကိုမွေးခဲ့တာပါပဲ။၂၀၁၃ မှာမွေးလာတဲ့ဖိုးသောကြာဟာ ရှင်လူ့ရင်ခွင်ထဲရောက်လာခဲ့ပေါ့။ရှင်လူကလည်းဖိုးသောကြာ သူ့အမေဘိုက်ထဲရှိစဥ်ကအစ မွေးလာတဲ့အထိ ဓပုံတွေရိုက်ပြီး fbတင်ခဲ့တာပါပဲ။ဖိုးသောကြာဟာ မွေးခါစတုန်းက မည်းမည်းရှုံ့ရှုံ့နဲ့အကောင်သေးလေး။ ဒီလိုနဲ့ပဲ တနှစ်ကျော်ကျော်မှာ လုပ်ငန်းကိစ္စနဲ့ ဖိုးသောကြာတို့မိသားစု မုံရွာ (ခင်မွန်)ကိုပြောင်းဖို့အကြောင်းဖန်လာတယ်။အင်း..စကားတောင်ကောင်းကောင်းမပြောတတ်သေးတဲ့ဖိုးသောကြာရှင်လူ့မျက်စိကွယ်ရာ မုံရွာကိုရောက်သွားရှာတယ်။အဲ့နောက်ရှင်လူ့ခြေရင်းခန်း
က မောင်ဝင်းနဲ့ငမိုးရိပ်တို့လင်မယားကမွေးတဲ့ ဖွေးဖွေးသိမ့်ရှင်လူ့ရင်ခွင်ထဲရောက်လာတာ ဒီနေ့ထိပဲ။
        ဒီနေ့တော့ ရှင်လူဂျူတီကျနေတုန်း Messenger ထဲက ဘာလာဆက်သွယ်လာတယ်။ရှင်လူ့ဖုန်းနံပတ်တောင်းပြီးဖုန်းဆက်လာတယ်။တောင်ဥက္ကလာမင်္ဂလာဆောင်လာရင်းအပြန်ရှင်လူ့ဆီဝင်မလို့တဲ့။ဖိုးသောကြာလည်းပါတယ်ဆိုတော့ ရှင်လူအတော်ပျော်သွားတယ်။ခုလောလောဆည် ဘာလာတို့ကတောင်ဒဂုံမှာနေကြပြီး မောင်ဖြူသီးက အမ်းမှာတဲ့။ဒီလိုပဲ သွားရင်းလာရင်း လမ်းပန်းဆက်သွယ်ရေးတွေအဆင်မပြေလို့ မယ်တရွာမောင်တမြို့ဖြစ်နေကြရှာတယ်။ဘာလာတို့ ရှင်လူ့ဆိုင်နားအရောက်မှာ ဖုန်းဆက်လာလို့ ရှင်လူ ဆိုင်ရှေ့ထွက်ကြိုရတယ်။ဘာလာရယ် သူ့အမေဒေါ်ပိန်ရယ်၊ ဘာလာ့တူမလေးရယ်၊ဖိုးသောကြာရယ်။
ဘာလာ မုံရွာ(ခင်မွန်) ရောက်မှထပ်မွေးထားတဲ့ ဟိုကောင်အညာသားတကောင်ပါအဆစ်ပါလာတယ်။စကားစမြည်ပြောပြီးပြန်ခါနီး ရှင်လူ့ကိုကန်တော့ကြတော့ ရှင်လူကလည်း ကလေးတွေကိုမုန့်ဖိုးပေးပေါ့။
       အမ်မယ်..ငယ်ငယ်ကရှုံ့တွတွကောင် ဖိုးသောကြာ ရှင်လူကဆဲလ်ဖီဆွဲဖို့ လူချင်းယှဥ်လိုက်တော့ ရှင်လူ့ အရပ်ထက်တောင်ပိုထွက်နေပြီ။အံ့ရော။
story #observation #shinlhu


Sunday, October 26, 2025

story

 စာ‌ခြောက်ရုပ်အတွက်ဘက်ထရီ
      ⚡⚡⚡⚡⚡⚡⚡⚡   
               ခုတလော ရှင်လူ ကြီး နှာခေါင်းသွေးယို ပြီး ဆေးခန်းသွားခဲ့ရတယ်။ သွေးပေါင်ချိန်ကလည်း စစချင်း ၁၉၀/၁၁၀ ဆိုတော့  ဆေးရုံဆေးခန်းနဲ့က နေ့စဉ် ထိစပ်နေရတယ်။ ဒီ ကြားထဲ တနေ့ ထဲ ၃ ကြိမ် သွေးယိုတော့ ညအချိန်မတော် ကြီး "အောင်ရတနာ"ဆေးရုံထိ သွားပြီး ဆေးထိုးလိုက်ရသေးတယ်။ အဲဒါ မိတ်ဆွေများ အ ကြံ ပြု တိုက်တွန်း ကြတဲ့အတိုင်း စိတ်ချရအောင် နားနှာခေါင်း လည်ချောင်း အထူးကု ပါရဂူ ကြီးနဲ့ ပြဖို့ လည်းလာမယ့် Nov ,1 ရက် တနင်္လာနေ့အတွက် ဘွတ်ကင်လုပ်ထား လိုက်ပြီ။
အောင်ရတနာ မှာဆေးထိုး ပြီး ဆေးတွေသောက်ကတည်းက နှစ်ည ကျော်လာခဲ့ ပြီ။ သွေးလည်း ထပ်မယိုတော့ ၊လူလည်း စားနိုင် အိပ်နိုင်
အ‌ခြေအနေ။ တသက်လုံး တခါမှ နှာခေါင်းသွေးမယိုခဲ့ဖူးတော့ စိတ်ထဲ Shock တော့
နည်းနည်းရှိသပေါ့။
              ကံကောင်းချင်တော့ ရှင်လူ့အပေါ်ထပ် ကိုဇင်တို့ဆီမှာ သွေးပေါင်ချိန်ကိရိယာရှိနေတော့ ကိုဇင်က နေ့တိုင်း  ရှင်လူ့ ကို သွေးပေါင်ချိန်ပေးနေတယ်။ ခုတော့ မနေ့ညက သွေးပေါင်ကလည်း 129/81 ထိဆိုတော့ အ‌ခြေအနေ ကောင်းပုံပဲ။ သွေးပေါင်ချိန်ရင်း ကိုဇင့်
စက်ကို ကြည့်လိုက်တော့ ဓါတ်ခဲ အသေး ၄လုံးထည့်ထားတာ တွေ့ရတယ်။ ဒါနဲ့ဒီညနေ ၅ နာရီလောက် လမ်းထိပ်ထွက် ပြီး ဓါတ်ခဲရှာတော့ ဆိုင်တိုင်းမှာ ပါဝါ ဓါတ်ခဲတွေပဲရှိတယ်။အဲဒါ Panasonic လိုချင်တာနဲ့ မလှမ်းမကမ်း
က Convenience Store ဆီ ထွက်ခဲ့တယ်။ စတိုးမှာ ကြည့်လိုက်တော့ Panasonic
၄ လုံးတကတ် ၁၃၅၀ ဆိုတာနဲ့ နှစ်ကတ်ယူလိုက်တယ်။ကောင်တာက အရောင်းစာရေးမလေးက သူ့စက်နဲ့တွက်ရင်း "ခဏလေး နော်..
အဝိုင်း လည်နေလို့" တဲ့။ 
              အင်း...ဘဝတွေက သေခါနီးတောင် အဝိုင်းလည် နေတာကို စောင့်ရမယ့်သဘောပဲ။ အတော် ကြာမှ "လေးထောင်"တဲ့။
               "ဟ တထုပ် ၁၃၅၀ ၊နှစ်ထုပ်
၂၇၀၀ ကျမှာ ဘယ့်နှယ် ၄၀၀၀ လဲ "ဆိုတော့မှ "တထုပ် ပိုယူပေးပါ ၊စာရင်းမှာ တထုပ်ပို
သွားလို့ပါ"တဲ့။ "ငါက အ ကြာ ကြီးလည်းစောင့်ရတယ်၊ မလိုပဲလည်း တထုပ် ပိုဝယ်ရမယ် ဆိုတော့ ဘယ်တရားမလဲ၊ ဘာလဲ ဟို အရက်ပုလင်းတွေပါယူရအုံးမလား"
              "မဟုတ်ပါဘူး၊ ကျမ စိုက်ရမှာမို့ပါ"တဲ့။ စိတ်ထဲတော့ မကောင်း ...
               "အေး နို့မို့ဆို ငါစိုက်ပေးပါတယ်၊
ငါလည်း ဆေးရုံကိုပေးရတာ သောင်းနဲ့ချီနေ ပြီ၊
နောက်ထပ်လည်း ကုန်စရာတွေရှိသေးတယ်၊ 
နင်တို့စက်မကောင်းရင် အဲ့စက်အ ပြစ်။ ငါ့အ ပြစ်မဟုတ်ဘူး" ဆို ပြီး ပြန်အမ်းငွေယူ ထွက်လာခဲ့တယ်။
               အဲဒါ အိမ်ပြန်ရောက်တော့ ကိုဇင့်ကို အသင့်တွေ့တာနဲ့ ဓါတ်ခဲထုပ် ပေးတော့
ကိုဇင်က "ပေးစရာ မလိုပါဘူး "ဆို ပြီး လက်မခံဘူး၊ အတင်းငြင်းတယ်။
               "ယူပါကွာ၊ ငါ့ ကျန်းမာရေး အသုံးစားရိပ်ပါ၊ ငါ့မှာရှိပါတယ် ၊နေ့တိုင်းဆေးခန်းသွားမချိန်ရတာနဲ့ပဲ အဆင်‌ပြေနေပါ ပြီ"ဆိုတော့
                "ဓါတ်ခဲက အသေး ဒါလည်းမဟုတ်ဘူး" ဆိုမှ ဒီ့ထက်သေးတဲ့တစားကိုသွားသတိရတယ်။"ကဲပါ မထူးပါဘူး နာရီတော့ သုံးလို့ရမှာပါ ၊နောက်မှ ထပ်ဝယ်ခဲ့ပါ့မယ်"ဆို ပြီးအတင်းထိုးပေးမှ ကိုဇင်လည်း ငြင်းမရလို့ယူထားလိုက်တယ်။ 
               ဒီညနေ သွေးပေါင်ချိန်တော့
၁၅၉/၉၆ ဖြစ်နေ ပြန်တယ်။ဘာမှားပြန်သလဲ၊ ညနေကတော့ မင်းမင်းယူလာတဲ့ နန်းကြီးသုပ်တဘူးစားမိတယ်၊ ကြက်သားဟင်းအနှစ်တွေတောင် အကုန်မနယ်ပါဘူး၊ တဝက်ချန်ထားသေး။စတိုးက ကောင်မလေးတွေကိုလည်း ဒေါသ မ ဖြစ်ပါဘူး။သူတို့မနစ်နာအောင်
ဆိုင်နာမည်တောင် ထည့်မရေးဘူး။
              အင်း...ဒီဝိပါက်ခန္ဓာ ကြီးက ဘက်ထရီလည်းလိုတာပဲ။ သွေးပေါင်ချိန်စက်လည်း လိုတာပဲ။
story#observation #shinlhu


Saturday, October 25, 2025

story

 အလင်္ကာစကား
❀ ❀ ❀ ❀ ❀ ❀ 
ဒီ​နေ့မနက်​ 10:30 AM ​လောက်​မှာ 
​အောင်​ရာဇာ(ဥက္ကလာ)ဆီကဖုန်းဝင်​လာတယ်။ ဆယ်​မိနစ်​​လောက်​ကြာရင်​
``မိုးဝိုင်း​ကျော်​´´လက်​ဖက်​​ရည်​ဆိုင်​ကို
သူ​ရောက်​လာမယ်​ တဲ့။ဒါနဲ့ ``မိုးဝိုင်း​ကျော်​´´
ဆိုင်​ဘက်​ထွက်​ခဲ့ပြီး ဒိန်​ချဉ်​တခွက်​မှာ
​သောက်​ရင်း ​စောင့်​နေလိုက်​တယ်​။
ခဏ​နေ​တော့ ​အောင်​ရာဇာ သူ့ကား​လေးနဲ့
​ရောက်​လာခဲ့တယ်​။ သူ့လက်​ထဲမှာပါလာတဲ့
မြန်​မာနိုင်​ငံ စာ​ရေးဆရာအသင်း ​တောင်​
ဥက္ကလာပမြို့နယ်​ ရဲ့ ​မော်​ကွန်း မှတ်​တမ်း
မဂ္ဂဇင်း ရယ်​ ``ရာပြည့် လင်းယုန်​´´ဆရာ
လင်းယုန်​ သစ်​လွင်​ နှစ်​ (၁၀၀)ပြည့် အထိမ်းအမှတ်​ စာအုပ်​ ကို လက်​မှတ်​ထိုးပြီး
​ပေးတယ်​။ခုတ​လော ​တွေ့တဲ့လူတိုင်းက
ရှင်​လူ့ကို​တောင်​ဥက္ကလာစာ​ရေးဆရာ
အသင်းသက်​ကြီးပူ​ဇော်​ပွဲ နိုဝင်္ဘာ ၇ ရက် ​နေ့ လာ​တက်​ဖို့တိုက်​တွန်းကြတယ်​။ တ​လောက ကဗျာဆရာ နီရှန်​​
နဲ့​လမ်းမှာ ဆုံဖြစ်​​တော့လည်း စာ​ရေးဆရာ
အသင်းဝင်​ဖို့ တိုက်​တွန်းတယ်​။ မနက်​က
ကိုအုန်းမြင့်(အုန်းမြင့်ဦး)နဲ့ ​တွေ့​တော့လည်း
စာ​ပေ သက်​ကြီးပူ​ဇော်​ပွဲ ကိုတက်​ဖို့ ​ဆော်​သြတယ်​။``ချစ်​တာ မုန်းတာ ထားလိုက်​ပါဗျာ၊ တက်​ဖြစ်​​အောင်​​တော့
တက်​လိုက်​ပါ၊လူ​ဟောင်း​တွေပြန်​ဆုံရတာ
​ပေါ့´´..တဲ့။အုန်းမြင့်ဦးကရှင်​လူ့စိတ်​ဓာတ်​
ကို ဖမ်းဆုပ်​မိပုံရတယ်​။ ဟုတ်​တယ်​..
စာ​ရေးဆရာ ကဗျာဆရာဆိုတဲ့​ကောင်​က
စာဓာတ်​ ကဗျာဓာတ်​ပဲ တန်​ဖိုးထားတာ။
ဓာတ်​​ကြောင်​​နေတဲ့ကဗျာဆရာစာ​ရေးဆရာ
​တွေစုန်း​တောက်​သလို​တောက်​​နေတဲ့​နေရာဆို ​ဝေး​ဝေးက​ရှောင်​တယ်​။ ခုလည်း​အောင်​ရာဇာက``ကျ​နော်​ ဆရာ့နံမည်​နဲ့ အလှူ​ငွေ နှစ်​​ထောင်​​တောင်​
ထည့်​ပေးထားတယ်​၊ ဆရာ့အရင်​ကတ်​
ပြန်​ရှာပြီး ပြန်​ဝင်​ပါ ဆရာရယ်​၊ အဆက်​အသွယ်​လည်းဖြစ်​သွား​အောင်​ပါ´´
တဲ့။ညီကဗျာဆရာ​တွေကချစ်​ဖို့​ကောင်းပါတယ်။ရှင်​လူ့ကိုအထီးကျန်​သင်းကွဲပုံစံမြင်​လို့ ​နွေး​ထွေး​ပွေ့ဖက်​လိုတဲ့သ​ဘောထား
​တွေ၊​စေတနာ​တွေနဲ့။ရှင်​လူကသက်​ကြီး
ဆရာများကိုလည်း ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဦးနှိမ်​ရိုကျိုးကန်​​တော့လိုပါတယ်​။
အင်​မတန်​ မင်္ဂလာရှိတဲ့ ကိစ္စ​ပေပဲ။ဒါ​ပေမယ့် ကဗျာ​ရေးတဲ့ လူဟာ ကဗျာ​ရေးရုံမက
​စောင့်စည်းရမယ့် ကိစ္စ​တွေကအများသား။
တချို့ပွဲ​တွေက မတက်​ပဲ​နေတာ ပိုပြီး
ဂုဏ်​သိက္ခာနဲ့မာနကိုထိမ်းသိမ်းရာ​ရောက်​ပါတယ်​။
ကဗျာမာနဟာရိုးသားသစ္စာ​ဖြောင့်သူ​တွေအတွက်​​တော့ မဟုတ်​ဘူး​နော်​။
အဲဒီစုန်း​မီး​တောက်​​နေတဲ့ဓာတ်​​ကြောင်​​တွေ
အတွက်​ ​ပေတံတခုပဲ။
story#observation #shinlhu

story

မုဆိုးဖို ဆိုင်သင်
🤡👺😎😂
မုဆိုး စိုင်သင်ပဲ ကြားဖူးပါတယ်၊ ဘယ့်နှယ် မုဆိုးဖို ဆိုင်သင် ရယ်လို့ ဆို ပြီး
ဝေဘန် စော‌ကြော ကြမယ်ထင်ပါတယ်။
စကားပုံ ဆိုတာကလည်း လူ့ဘဝ အထွေထွေ မှာ ကြုံရ ဆုံရတဲ့ အ ဖြစ်က‌လေးတွေကို ပုံခိုင်း ပြီး နှိုင်းခဲ့ ကြတာမို့ အ‌ကြောင်းသိရင် အကျိုးသိ ကြရမှာပါ။
ရှင်လူ ကြီး ထမင်းဟင်း ကွကိုယ် ချက်စားလာခဲ့တာ အောက်တိုဘာ လဆန်းကတည်းကပါ။ အလုပ်က အိမ် မ ပြန်တော့ကတည်းက နေ့စဉ် စားဖို့ ကွကိုယ်ချက်ရပါတယ်။
လဆန်းပိုင်းကတည်းက ဝက်ခေါင်း၊ဝက်နံရိုး၊ဝက်ခေါက်၊ ကကတစ် ၊ဘဲဥ စတဲ့
ဟင်းမယ်တွေ အားလုံးဟာ အချိုချက်တွေချည်းပါ။ဒီမှာက ငြုတ်ဆုံမရှိဘာမရှိဆိုတော့ သားငါးကို နံနွင်း နိုင်နိုင်နယ် ပြီး
ချင်း၊ကြက်သွန် ဖြူနီ လောက်ပဲ အားကိုးရတာပါ။ဒါ ‌ကြောင့် နနွင်းများသွားတဲ့အခါ
Menu က ဝက်ခေါင်းမီးနေသည် ဟင်းတွေဘာတွေ ဖြစ်လို့။ လူ့သဘာဝဟာ တပုံစံထဲ နေရ စားရ လုပ်ရ တာ အပ်‌ကြောင်းထပ်လာရင် ငြီးငွေ့တတ်ပါတယ်။ဒါ ‌ကြောင့် ဟင်းကို ငြုတ်သီးထည့်ချက်ဖို့ ငါးသေတ္တာ ဘူးခွံလေး ကြည့်ရင်း အနေတော်
တုတ်ချောင်းလေးရှာ ပြီး ငြုတ်သီးထည့်ထောင်းရကောင်းမလား စဉ်းစားနေမိပါတယ်။ဒါ မျိုးဆို ရှင်လူက မောင်တီထွင်ပါ။
ရှင်လူ အိမ်ထောင်ကျခါစတုန်းက အိမ်ခထာင်ပစ္စည်း မ ပြည့်စုံလို့ အချက်အ ပြုတ်ဝါသနာပါတဲ့ ဇနီးသည် မမကပူဆာရှာတယ်"မောင်ရယ်၊ငြုတ်ဆုံလေးတလုံး
တော့ မြန်မြန် ဝယ်ပေးပါ၊ဟင်းချက်ရတာအဆင်မ‌ပြေ ဘူး"ဆိုတော့ ကောက်ညှင်းပေါင်းသည်ဆီက အုန်းမှုတ်ခွက်တောင်း ပြီး
မိန်းမ လိုအင်ကို ဖြည့်ပေးလိုက်ပါတယ်။သူ့့ဟာသူ အနေတော်တုတ်တချောင်းရှာ ပြီး လအတော်ကြာအောင် အုန်းမှုတ်ခွက်ငြုတ်ဆုံပဲသုံးခဲ့ရရှာတယ်။
အခုတော့ ရှင်လူ ကြီးကံကောင်းတယ်ဆိုရမှာပဲ။မနက်က မြင်သာဈေးသွားတော့
ဝက်သားသည်ဆီက အတိုအစ ငါးရာဖိုးဝယ်(အဆီအခေါက်တွေချည်း)။ကိုယ့်အကြိုက်လေ။ဈေးထဲဝင် ပြီး ကုန်ဆိုင်လေးတွေက ဘူးလေး ခွက်လေးတွေ ဟိုကိုင် ဒီကိုင်
လျောက်ကိုင် ကြည့်တော့ အသင့် ထောင်း ပြီးသား ငြုတ်သီး အနှစ်ဘူး သွားတွေ့တယ်။တံဆိပ် နှစ်မျိုးရှိတဲ့ထဲက "ဟံနေဝန်း"
တံဆိပ် ၄၅၀ တန်တဘူး ဝယ်လာခဲ့
တယ်။ဒါ ‌ကြောင့် ဒီနေ့ဟင်းလျာကတော့
ရှင်လူ ဝက်သားနီချက်ပေါ့။
မုဆိုးဖို ဆိုင်သင် ဆိုတာ ဒါပါပဲ။ဈေးထဲကဆိုင်လေးတွေက သင်တို့ကို သင်ပေးပါလိမ့်မယ်။
အို မုဆိုးဖို အပေါင်းတို့ သင်တို့ အားမငယ်လင့်။
နေ့တိုင်း ဈေးထဲဝင် ပြီးဟိုကိုင်ဒီကိုင်
လေ့ကျင့် ကြပါကုန်။
story#observation #shinlhu

Thursday, October 23, 2025

story

 နီရှန် (သို့မဟုတ်)
ကဗျာတောမှာ မျောနေသူ
😎👺😂😈👺😎😂😈

ကဗျာဆရာ နီရှန် တယောက် Messenger ပေါ်မှာ ရှင်လူနဲ့ ဆက်သွယ်မိ ပြီးနောက် နေ့တိုင်း လိုလို ရှင်လူ့ဆီ
သတင်း‌တွေ တွင်တွင် ပို့နေတော့တယ်။တလောက လှကို ဧရာဝတီ စင်တာမှာ
Q ဝင်တာက အစ ပြန်ဆင်းလာတဲ့အထိ။
မဟေသီ အယ်ဒီတာ စာရေးဆရာ ဝင်းသူရ ဆေးရုံတက်ရာက ကွယ်လွန် တဲ့အထိ။
ခုလည်း ကာတွန်း တင်အောင်နီ(ပြာဂလောင် ပြာလချောင်) မကျန်းမာလို ‌မြောက်ဥက္ကလာ ဆေးရုံတက်နေ ရ ပြန် ပြီ တဲ့။
နီရှန့်အ‌ကြောင်းက နှစ်ပေါင်းများစွာ
ပေါင်းလာသူမို့ သိတော့သိ ပြီးသားပါ။
သူက ဂျာနယ်လစ်လည်း လုပ်ခဲ့တာမို့
သတင်းမီဒီယာဝါ သနာ အလေ့အကျင့်ဖြစ်နေသူ။
၈ လေးလုံးကာလ တောင်ဥက္ကလာ
၁၂ ရပ်ကွက် (ယခု အထက ၅) ကျောင်း ကြီးထဲမှာ စာပေသမဂ္ဂ ဖွဲ့ကြတော့ ဥက္ကဌကဆရာ ကြီးကွေး(အီ ကြာ‌ကွေး) အတွင်းရေးမှုးက နွေလယ်နေ၊ တွဲဘက် အတွင်းရေးမှုး ၁ က ဇေယျဝတီ -မင်းလွင်စိုး(မိမိ) တွဲဘက်အတွင်းရေးမှူး ၂ က
နီရှန်။ ဘာမှ ကြိုတင် စီစဉ်ထားတာမရှိ။
အစည်းအဝေး စခါနီးမှ ကဗျာဆရာ နှင်းခါးမိုးက လာခေါ် ပြီး "စာပေသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးခေါ်ထားတယ်၊အကိုတို့အားလုံးလာ ကြ"ဆိုတာနဲ့ ထလိုက်လာခဲ့ ကြတာ။ဟိုရောက်တော့ အချင်းချင်း တယောက်တ ပြန်အဆိုတင်လိုက် ကြ ပြီး ဥက္ကဌတွေ အတွင်းရေးမှူးတွေ လုပ်လိုက် ကြတာ။နှင်းခါးမိုး ကြိုရေးထားတဲ့ တောင်ဥက္ကလာပ မြို့နယ် စာပေသမဂ္ဂရဲ့သဘောထားကိုဖတ်ကြားအ ပြီး ကြွရောက်လာတဲ့ စာရေးဆရာ ကဗျာ ဆရာများထဲက မေးချင်တာ ရှိရင် မေးကြဖို့ တောင်းဆိုလိုက်တော့ အများစုကစာရွက်လေးတွေပေါ် ရေး ပြီး အမေးလွှာလေးတွေကို နီရှန့်လက်ထဲ ထည့်ကြတယ်။ နီရှန်က ခပ်တည်တည်နဲ့ စာရွက်တွေယူလာ ပြီး ရှေ့ခုံမှာထိုင်နေတဲ့ရှင်လူ့စားပွဲပေါ်ယို့ယို့လေးလာတင်တယ်။ ဘယ်သူ‌ဖြေမယ်၊ ဘယ်လိုသဘောထားပေးမယ် ဘာညာညှိနှိုင်းထားတာတခုမှ မရှိ။
ခုတော့ ရှေ့နားထိုင်မိတဲ့ ရှင်လူ့မှာ အလိုလိုနေရင်း ‌ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားတယ်။တချိုု့ မေးခွန်းတွေကလည်း ထောင်
 ၇ နှစ်လောက် ကျသွားနိုင်တဲ့ မေးခွန်းမျိုး။ ဥမာ။ ။မောင်သုည (ခေါ်)ကိုခင်မောင်မောင် ရဲ့မေးခွန်းက" ကျနော်တို့ စာပေသမဂ္ဂ အနေနဲ့ လိုအပ်ရင် တော်လှန်ဖို့
လက်နက်ကိုင် သင်တန်းတွေ ပေးရန်  ပြင်ဆင်ထားမှု ရှိမရှိ"။ဗု‌ဒေါ...။တကယ် ချွေးပြန်ရတဲ့မေးခွန်းပါ၊ ရှင်လူ ဘာ ပြန်‌ဖြေမလဲ။ ဥက္ကဌဖြစ်သူ ဆရာ အီ ကြာကွေးကလည်း နားစွင့်နေပါတယ်။ပိတ်သတ် ကြီးကလည်း စိတ်ဝင်တစား ရှင်လူ့ကို အာရုံစိုက်နေ ကြပါတယ်၊ ကင်မရာမီးတွေ တဖျပ်ဖျပ် နဲ့ မျက်စိတွေ ပြာလို့။
အဟမ်း ..အဟမ်း။ ဘာ‌ပြောရမှန်းမသိတော့ အဟမ်းနဲ့ အင်ထရို ဝင်ရပါတယ်။
" ဆရာ မောင်သုည မေးတဲ့ လက်နက်ကိုင်သင်တန်းပေးမပေးကိစ္စ ကို‌ဖြေ ကြားရရင်ကျနော် တို့ စာပေသမဂ္ဂ ဆိုတာ နှလုံးရည် အဖွဲ့အစည်းပါ ၊လက်ရုံးရည် အဖွဲ့အစည်း မဟုတ်ပါဘူး၊ တကယ် လို့ ဒီ စာရေးဆရာ များထဲက လက်နက်ကိုင်တော်လှန်ရေး လုပ်ချင်သူ ရှိရင်တော့ မိမိသဘောနဲ့မိမိ လွတ်လပ်စွာလုပ် နိုင်ပါတယ်"
"ဖျောင်း ဖျောင်း ဖျောင်း"
နောက်ပိုင်းမှာ ဆရာကွေးက"ဇေယျဝတီ ကအားကိုးရတယ်လို"့ မှတ်ချက်ပေးပါတယ်။ မိမိတို့ တောင်ဥက္ကလာပ မြို့နယ် တော်လှန်သော စာပေသမဂ္ဂ ကြီး ဖွဲ့စည်းလို့ အောင်မြင်စွာ ပြီးဆုံးလုလုမှာပဲ လွယ်အိတ်ကို ကြိုးထုံးလွယ်ထားတဲ့ ကဗျာဆရာ ဒတ္ထ (ကျောင်းသားခေါင်းဆောင် အောင်ဒင်) ‌ရုတ်တရက်ရောက်လာ ပြီး စစ်ကားတွေ လာနေ‌ကြောင်း သတင်းပေးပါတယ်။
ဒီအချိန်မှာပဲ ကျောင်းဝန်းကျင်ကို လေ့လာ
ကြည့်လိုက်တော့  ကုက္ကိုပင် ကြီးတွေနဲ့ ဝါးရုံ တွေ နောက်မှာ စစ်သားတွေ နေရာယူနေ ကြပါ ပြီ။မိမိတို့ သမ ဂ္ဂဝင် အားလုံးလည်း ချက်ချင်းတပ်ဖျောက်လိုက် ကြပါတယ်(တနည်း။  ။လွတ် ရာ‌ပြေးပေါက်က
အလျှို အလျှို ထွက် ပြီး ကျောင်းတောင်ဘက် ငမိုးရိပ် ချောင်း လက်တက်လေးကိုကျော် ပြီး ‌ဘေးကင်းရာ နေ ရာ အသီးသီးမှာ ပုန်းခို    ကြ‌ပေါ့ဗျာ)။
ခုလည်း နီရှန် သတင်းတွေ ပို့နေ ပြန် ပြီ။
 (မှတ်ချက်။ ။အရင်နေ့က တင်တဲ့ Post
တွေမှာ သူ့ မူရင်းကလောင်နာမည် နီသျှန်လို့ ရေးခဲ့ပါတယ်။ဒါပေမယ့် ဒီနေ့ဖုန်းဆက်တော့ သူ့ရှေ့အရင်ကရော ခုနောက်ပိုင်း တွေမှာပါ သျှန်ပါတဲ့ ကလောင်တွေ
တွေ့နေလို့ သူက ရှန် ‌ပြောင်းလိုက်‌ကြောင်း ‌ပြောပါတယ်။ဒါနဲ့ ရှန်လိုက်ပါတယ်။
သူ့ကို ဖုန်းဆက် ပြီး "သူငယ်ချင်း ဓပုံတပုံ
Messenger ကပို့ပေး ဆိုတော့ "ဘာလုပ်မလို့ လဲ"တဲ့။သူငယ်ချင်း အ‌ကြောင်းရေးထားလို့ တွဲတင်မလို့ "ဆိုတော့ အိအ ကွိကွ လုပ်နေပါတယ်။ဒါနဲ့ အခု‌ပေးရင်ပေး၊မပေးရင် သေမှ မတင်ချင်ဘူး ဆိုမှ သဘော တူတာပါ။သူသဘောတူ  ပြီးခါမှ
ဖုန်းတခါ ထပ်ခေါ် ပြီး" ဓပုံ မပို့နဲ့တော့။
တော် ကြာ ဘာလိုလို ထင်ကုန်မယ်"
ဆိုမှ "ဟာ ဟုတ်တာပေါ့"တဲ့။
တကယ် Post တင်မယ် ကြံတော့ ပုံလေးတခုခု တွဲချင်လာ ပြန်ကရော၊ ဒါနဲ့သူ့
Wall ထဲဝင်ရှာလိုက်တာ သူကိုယ်တိုင်ဆဲလ်ဖီဆွဲ ပြီး တင်ထား တဲ့ပုံ တပုံမှမရှိ။ဒါ ‌ကြောင့် လည်း လူပျို ကြီး ဖြစ်နေတာ။
Wall တခုလုံး ဆေး မြီးတိုတွေချည်း။
နောက်ဆုံး စင် ဖြူရှင် အကောင့် တင်ထားတဲ့ သူ့ ပုံ ကော်ပီ လုပ်ပြီး တင်လိုက်တယ်။ စိတ်ကူးမလွဲ  ကြပါနဲ့ နေ့လယ်ကပဲ
သူနဲ့ဖုန်း ‌ပြောခဲ့ပါသေးတယ်)
story#observation #shinlhu