Sunday, November 30, 2025

story

ရှင်လူတို့ရဲ့ကမ္ဘာ⛵🦇👻💀🤕🎃☃️။  ( ဝတ္ထုတို)            ရှင်လူ      
"ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."                                 တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။       
"ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာ​ဗျ"
            "နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."
     "ဗင်းဆင့်ဗန်းဂိုးပါဗျာ ၊
သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."
        မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။
         မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။
စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ
စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို
စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း
ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။
            ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။
            "ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ
စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"
            "နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"
              "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"
           မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..
            "လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"
          သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။
           တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...
            ဒီဝိုင်းနဲ့ နေ့တိုင်းဆုံဖြစ်ပြီးနေသားကျလာတဲ့အခါမှာတော့ ဝိုင်းထဲကလူတွေ တဦးချင်းအကြောင်း မိမိပိုသိလာရပါတယ်။
             "တကယ်တော့ ကျုပ်ဘဝရဲ့အဖော်မွန်ကတော့ စာအုပ်တွေပါပဲဗျာ၊စာအုပ်တွေကသာကျုပ်ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ပါ" လို့ အမြဲပြောတတ်တဲ့ စာသမားကြီးကို အများကဝိုင်းပြီး
ဦးဘုတ် -U Book (ဆရာတော်ဦးဗုဒ်မဟုတ်)လို့ခေါ်ကြပါတယ်။
               "ဘဝမှာ ပန်းချီအနုပညာသာပဌမ၊စာလုံးတွေ အသံတွေမလိုဘဲ အရောင်တွေ
ကောက်ကြောင်းတွေနဲ့ ဆက်သွယ်နိုင်တယ် "လို့မကြာမကြာဖွင့်ဆိုတတ်ပြီး ဘုရားဈေးတန်းတွေမှာ သစ်ဆွဲဆင်ပုံ၊ရွှေတိဂုံဘုရားပုံတွေ အော်ဒါရှိရင်ရှိသလောက် အများကြီးဆွဲရောင်းနေတဲ့ပန်းချီဆရာကတော့  ဗန်းဂိုးက သူ့နားရွက်ဖြတ်စက္ကူနဲ့ထုပ်ပြီး ပြည့်တန်ဆာကိုလက်ဆောင်ပေးတဲ့အကြောင်းပြောလွန်းလို့သူ့ကို ဗန်းဂိုးလို့ပဲနာမည်ပေးထားကြတယ်။
            ဒီလိုပါပဲ ငွေအကြောင်း
စီးပွားအကြောင်းဒိုင်ခံပြောတဲ့သူကို ဦးဘောဂ ၊ကမ္ဘာ့ဂီတ အကြောင်း အာဘောင်အာရင်းသန်သန်ပြောတတ်ပြီးဗီသိုဘင်တို့ မိုးဇတ်တို့အကြောင်း အမြဲပြောတဲ့ တီးဝိုင်းဆရာကို ဗီသိုဘင်စသဖြင့် သူတို့ရဲ့နာမည်ရင်းကိုမသိပေမယ့် နာမည်ပြောင်တွေကိုတော့ရင်းနှီးခဲ့ပါတယ်။
          "ဒီက လူသစ်ကလည်းတခုခုတော့ပြောအုံးလေဗျာ ၊ဒါမှကျုပ်တို့ဝိုင်းကပိုမြိုင်လာမှာပေါ့"
            တနေ့တနေ့ သူတို့ပြောတာချည်းထိုင်နားထောင်နေတဲ့ မိမိကိုဓမြဆရာ(အမှန်တော့ ဓမ္မအ‌ကြောင်းပြောလွန်းလို့ ဓမ္မဆရာခေါ်ရာက ကြာလာတော့ ဓမြဆရာ)ဖြစ်သွားတာပါ။မိမိလည်းသူတို့တနေ့နေ့ အဆိုပြုလာမှာကို တွေးထားပြီးသားမို့ ဟန်ဆောင်ပန်ဆောင်ငြင်းမနေတော့ဘဲ ပြောရမယ့်အကြောင်းကို အလေးအနက်ချိန်ဆနေပါတယ်။ဒီအချိန်မှာဆိုင်ထဲကတခြားဝိုင်းတွေကပါမိမိပြောမယ့်စကားကိုငြိမ်ပြီးနားစိုက်နေကြပါတယ်။
           "အင်း ခင်ဗျားတို့ကို ကျနော် ပုံပြင်လေးတပုဒ်ပြောပြချင်တယ်။ပုံပြင်ဆိုပေမယ့် တကယ့်ဖြစ်ရပ်မှန်ပုံပြင်ဗျ။ဒီအကြောင်းကိုအရင်ကရုပ်ရှင်ရိုက်ထားတာရှိသလို  စာအုပ်တွေလည်းထုတ်ဖူးတယ်"။
            "တခါတုန်းက ဘေ့စ်ဘောအသင်းတသင်းဟာ ဘေ့စ်ဘောကစားဖို့ လေယာဉ်တစီးနဲ့ခရီးထွက်လာကြတယ်။သူတို့လေယာဉ်ဟာ အင်းဒိစ်တောင်တန်းကြီးကိုကျော်ဖြတ်လာတုန်း ရာသီဥတုဆိုးဝါးတာကြောင့်လေယာဉ်မှူးဟာလေယာဉ်ကိုမထိမ်းနိုင်တော့ဘဲ
တောင်ထိပ်နဲ့တိုက်မိပြီးလေယာဉ်ပျက်ကျခဲ့ရတယ်။လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး လေယာဉ်မှူးကတော့ပွဲချင်းပြီးသေသွားရှာတယ်။ကျန်တဲ့လူတွေကတော့ကံကောင်းထောက်မပြီး ပွန်းပဲ့ဒဏ်ရာလောက်ပဲရကြတယ်။ဒါနဲ့သူတို့ဟာလေယာဉ်မှူးအလောင်းကိုနှင်းတွေအောက်မှာမြှုတ်လိုက်ကြပြီး တပိုင်းပြတ်လေယာဉ်ရှေ့ပိုင်းကို ခရီးဆောင်သေတ္တာတွေ အိတ်တွေနဲအထပ်ထပ်ပိတ်ဆို့လိုက်ပြီးအထဲဝင်နေကြရတယ်။ဆောင်းတွင်းကြီးဆိုတော့တောင်ထွတ်ပေါ်မှာလေကအရမ်းတိုက်ပြီးအရမ်းအေးစက်နေတာကိုး။
ညအချိန်ဆိုအနုတ် ၃၅ ဒီဂရီ စင်တီဂရိတ် (-35°C) အထိ ကျဆင်းနိုင်ပြီးလေကလည်းတဟူးဟူးဆိုတော့ အခန့်မသင့်ရင်အကုန်သေသွားနိုင်တယ်။ဒီလိုနဲ့နောက်ရက်တွေကျတော့ သူတို့နဲ့အတူပါလာတဲ့ရေနဲ့ ဘီစကွတ်တချို့လည်းသိတ်မကျန်တော့။ဒီတော့ တယောက်ကအကြံပေးတယ်"လေယာဉ်အမြီးပိုင်းစတိုခန်းမှာ ရေနဲ့စားစရာရနိုင်တယ်၊
အမြီးပိုင်းရှာတွေ့ရင် ငါတို့ချက်ချင်းမငတ်နိုင်ဘူး"ဆိုတော့ အားလုံးထောက်ခံတာကြောင့်သူတို့ထဲကကျန်းမာသန်စွမ်းတဲ့ လူနှစ်ယောက်လေယာဉ်အမြီးပိုင်းရှာဖို့လွှတ်လိုက်ကြတယ်။ကံကောင်းထောက်မတယ်ဆိုရမှာပဲ သိတ်မဝေးတဲ့ တောင်စောင်းတခုပေါ်မှာလေယာဉ်အမြီးပိုင်းကိုတွေ့ခဲ့ကြတယ်။ဒီလိုနဲ့ သူတို့အတွက် ရေနဲ့ရိက္ခာရက်နည်းနည်းစာပိုရလာတယ်။အားလုံးအသက်ဆက်နိုင်ဖို့ ချွေတာပြီးဝေမျှစားကြပေါ့။ဒီအချိန်မှာလေယာဉ်ပျောက်ရှာဖွေတဲ့ Rescue Team ကလိုက်ရှာနေပေမယ့် ရာသီဥတုကကြမ်း၊ဧရိယာကလည်းကျယ်တဲ့ဟိမဝန္တာတောင်တန်းပေါ်မှာဆိုတော့ ရှာသူတွေလည်းပမ်းနေကြပြီ။ဒီလိုနဲ့ ရက်ကြာလာတော့ သူတို့မှာရှိသမျှရိက္ခာကုန်လို့ငတ်စပြုလာပြီ။အကုန်လုံးအားပြတ်ပြီးစိတ်ဓာတ်တွေလည်းကျစပြုလာပြီ။ပါလာတဲ့ဂစ်တာလေးတလုံးနဲ့တီးခတ်ပြီးဓမ္မသီချင်းလေးတွေဆို အားတင်းကြပေါ့။ဒီလိုနေကြရင်းတယောက်က အကြံရပြီးထပြောတယ်။"ဟေ့ ငါတော့ငတ်ပြီးအသေမခံနိုင်ဘူး ၊တို့လေယာဉ်ပျက်တာ လေယာဉ်မှူးမှာတာဝန်မကင်းဘူး၊ဒီတော့ လေယဉ်မှူးအသားကိုစားကြမယ်"သူ့စကားကြောင့် အားလုံးခေါင်းထောင်လာကြတယ်။ဒါပေမယ့် ကန့်ကွက်သံတချို့ထွက်လာတယ်။သူတို့ထဲက အမြဲဝတ်ပြုဆုတောင်းကျင့်ရှိတဲ့တယောက်ကတော့ "ငါတော့ လုံးဝမစားဘူး၊ဘုရားခွင့်မပြုဘူး ၊အသေသာခံလိုက်မယ်"ဆိုပြီးကန့်ကွက်တယ်။ဒီလိုနဲ့နောက်ပိုင်းကျတော့ သူကလွဲလို့အများစုထောက်ခံလာကြတယ်။သူတို့ဟာ
ရေခဲအောက်မှာမြှုတ်ထားတဲ့လေယာဉ်မှူးအလောင်းကိုပြန်ဖော်ပြီးလှီးဖြတ်စားကြတယ်။မကြာခင်မှာ ဘုရားစကားနားထောင်သူသေတော့လည်းအားလုံးဝိုင်းစားလိုက်ကြတယ်။
ဒီလိုနဲ့ အအေးဒဏ်ကလည်းဆိုးသထက်ဆိုးလာတယ်၊ဒီတိုင်းဆို
နှင်းကိုက်(Snow bite)ပြီးသေနိုင်တယ်။သူတို့လေယဉ်ပျက်ထဲက မီးဆိုက်လို့ရမယ့်ပစ္စည်းအတိုအစတွေရှာပြီးမီးလှုံကြတယ်။ဒါပေမယ့်မကြာခင်မှာမီးဆိုက်လို့ရမယ့်ပစ္စည်းကရှားလာတယ်။သူတို့အဝတ်အိတ်တွေ သေတ္တာတွေထဲကလည်းကုန်သလောက်ရှိပြီ။အဲမှာတယောက်ကဂစ်တာကြီးကိုဆွဲယူလိုက်တယ်၊ဂစ်တာပိုင်ရှင်ကတော့မျက်နှာငယ်လေးနဲ့ပေါ့။ဒီလိုနဲ့ နက်နဲလှတဲ့ဂီတလည်းထင်းဖြစ်တာပဲ။
          "ပိုက်ဆံအိတ်ထဲကဒေါ် လာတွေထုတ်ကြ"။တယောက်ကဆော်ဩလိုက်တော့ လူအသီးသီးသူတို့ဘောင်းဘီအိတ်ထဲကပိုက်ဆံအိတ်တွေထုတ်လိုက်ကြတယ်။ဒေါ်လာတွေအထပ်လိုက်ကိုင်ရင်းတရွက်ချင်းမီးလှုံလိုက်ကြတယ်။ဒီနေရာမှာငွေဟာ ကုန်ဖလှယ်တန်ဖိုး(Exchange Value)မရှိတော့ဘူး၊ဈေးဝယ်စင်တာမှမရှိတာ။အဲ စာအုပ်ထဲမတွေ့ရတဲ့ (Use Value)အသုံးချတန်ဖိုးတော့ရှိတယ်(မီးလှုံရတယ်လေ)။
ခုနေ ဒေါ်လာ ၅၃.၃သန်းတန်တဲ့ဗန်းဂိုးရဲ့နေကြာပန်းပန်းချီကားကြီးပါလာရင် ဘာဖြစ်မယ်ထင်သလဲ၊မတ်တွိန်းရဲ့ဂန္ထဝင်စာအုပ်ကြီးပါလာရင်ကော ဘာဖြစ်မယ်ထင်သလဲ။ဒီလိုနဲ့ Rescue Teamက သူတို့ကိုရှာတွေ့သွားတဲ့ခါဒေါ်လာတွေ၊ဂီတာတွေ မီးလှုံပြီးလူသားစားခဲ့သူတွေအသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။
လောကမှာ အသက်ရှင်သန်မှုထက်ဘယ်အရာကမှပိုအရေးမကြီးဘူးဆိုတဲ့ သင်ခန်းစာကိုလက်တွေ့ပြခဲ့ကြတယ်"။
           မိမိစကားအဆုံး ဆိုင်ထဲရှိလူအားလုံးငြိမ်သက်သွားကြတယ်။ 
             နောက်တနေ့ ဆိုင်ထဲကိုမိမိဝင်လာတော့ စောစောက အသံဗလံတွေ ငြိမ်သွားခဲ့ကြပြီး လည်ချောင်းဟန့်သံခပ်အစ်အစ်တချို့သာကြားနေရတယ်။လူအားလုံးဟာ မိမိကို တိုက်ရိုက်မကြည့်ပေမယ့် အာရုံစိုက်နေကြမှန်းသိသာပါတယ်။
           "မနေ့က ခင်ဗျားတို့ကိုမေးစရာတခုကျန်ခဲ့တယ်"
            သူတို့အားလုံးကြက်ခြံထဲကကြက်တွေလန့်သလို လည်ဆန့်လာကြတယ်။
            "ခင်ဗျားတို့အားလုံး အခု ဘယ်မှာရောက်နေလဲ"
အားလုံး ခပ်ကြောင်ကြောင်အမူရာနဲ့မိမိကိုကြည့်နေကြတယ်။
            "ကျနော်မေးတာက ခင်ဗျားတို့ ရေခဲဖုံးနေတဲ့ အင်းဒိစ်တောင်တန်းပေါ်မှာရောက်နေကြသလားလို့"
          "အမ်...မဟုတ်..မဟုတ်ပါဘူး" ။မိမိနဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ဓမြဆရာကထစ်ထစ်ငေါ့ငေါ့အမြန်ဖြေခဲ့တယ်။
            "ဒါဆို..ခင်ဗျားတို့ ပုံမှန်လူ့အဖွဲ့အစည်းထဲမှာ သေရေးရှင်ရေးရွေးချယ်စရာကိစ္စလည်းမရှိဘူးဆိုရင် ခင်ဗျားတို့ပိုင်တဲ့ ငွေတွေ အနုပညာတွေ ယုံကြည်မှုတွေကို မီးရှို့မပြစ်ဘဲ သူ့နေရာနဲ့သူ ဆက်သုံးကြပေါ့ဗျာ"
        အရက်ဖြူဆိုင်ကလေးဟာ ရုတ်တရက် ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။
ဆိုင်ရှင်က လျော့နေတဲ့ ဆီးဖြူသီးအမြည်းပန်းကန်ကိုဖြည့်ရင်း
            "ကိုလူသစ် နာမည်ခုထိမသိရသေးဘူး၊ဘယ်လိုခေါ်လဲဗျ......"
              "ရှင်လူ"
              ၂၉.၁၁.၂၀၂၅
၇၂ နှစ်မြောက်မွေးနေ့အမှတ်တရ.....
story #observation#shinlhu

No

No comments:

Post a Comment