Sunday, November 16, 2025

Draft

ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."
       တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေအစ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။
          "ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာ​ဗျ"

            "နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."

     "ဗင်းဆင့်ဗင်းဂိုးပါဗျာ ၊

သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."

        မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။

         မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။

စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ

စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို

စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း

ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။

            ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။

            "ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ

စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"

            "နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"

              "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"

           မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..

            "လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"

          သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။

           တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...


No comments:

Post a Comment