Wednesday, April 30, 2025

story

မောင်ကောင်း vs မောင်ဆိုး
🎩
😁
👕👍Great!
👖

ဒီမနက်ပိုင်း ရဲလင်းကျော် ရောက်လာတယ်။ရှင်လူကြီး သူ့ကိုထမင်းလိုက်ကြွေးမယ် ပြောထားဖူးလို့ သူ့ဘက်က အပိုင်တွက်လာပုံရတယ်။ ထမင်း စားပြီးပလား ဆိုတော့ "ရှင်လူပြောထားတာ အညာသွေးမှာ သွားစားမယ်လေ"တဲ့။ ရာသီဥတုက
မနက်ပိုင်းလည်းဖြစ်ပြန် YBS 13-14-38
တခုခုစီးသွားရင် Aircon နဲ့ဆိုတော့ သိတ်လည်းမဝေးတာကြောင့် သွားကြမယ်ဆိုပြီး ထွက်လာခဲ့တယ်။
တကယ်တော့ ရှင်လူဂရုစိုက်ရမယ့်လူထဲမှာ ရဲလင်းကျော်လည်းပါပါတယ်။ လွန်ခဲ့တဲ့ ၄-၅ နှစ် ၊ သူနဲ့စတင်ရင်းနှီးခါစက
ရဲလင်းကျော် အခြေအနေက ဒီလိုမဟုတ်။
ရန်သူတွေပတ်လည်ဝိုင်းနေပြီး သူ့အဖေနဲ့ကအစ အဆင်မပြေ။ သူ့မျက်နှာက
အမြဲ နီရဲနေပြီး အချိန်မရွေးထပေါက်ကွဲတော့မယ့်ဗုံးတလုံးလို။ ဖြစ်နိုင်ရင် အိုင်အက်စ် အဖွဲ့တောင်ဝင်လိုက်ချင်သတဲ့။
သူသတ်ပစ်ချင်တဲ့လူတွေကလည်းအများသား။ အမှန်တော့ အဲ့ချိန်က ရဲလင်းကျော်တယောက် ဒေါသဟေတု တက်နေတယ်လို့ပြောရမယ်။ ရှင်လူ့ကို Confession
လုပ်စရာနေရာတခုလို လာလာပြီးရင်ဖွင့်နေတော့ ကိုယ်ကလည်း ဘုရားသခင်မဟုတ်။ ဘွဲ့ရပညာတတ်လူငယ်တယောက်မို့လည်း သူ့အယူအစွဲတွေကို ဝေဖန်ရတာမလွယ်၊ ဘုန်းကြီးတစ္ဆေဆိုတာမျိုး၊ ဘယ်လိုမှဝေဖန် ဖြောင့်ဖြလို့မရ။ ငါ့..လာမပြောနဲ့ဆိုလည်းမရ။ လက်ဖက်ရည်တိုက်၊ဘီယာတိုက်၊ ထမင်းခေါက်ဆွဲစတာတွေ ဝယ်ကြွေးပြီး သူ့အမုန်းတရားတွေ တွင်တွင်ဟောခဲ့ပေါ့။ ယတိပြတ် မောင်းထုတ်လိုက်ဖို့လည်း
ရှင်လူမလုပ်ရက်။စိတ်ပိုင်းမှာဒဏ်ရာရနေတဲ့ လူငယ်တယောက်ကို ပစ်ပစ်ခါခါ မလုပ်ချင်။ သူနဲ့စဆုံဖူးခဲ့တာကလည်း ကေတုမာလာ ဆုထူးပန်အဘိဓမ္မာသင်တန်းမှာမို့
ဓမ္မမိတ်ဆွေလည်းဖြစ်ခဲ့လေတော့ ဓမ္မနဲ့
ပဲ လက်တွဲဖေးမရမယ့် ဝတ္တရားကရှိနေပြန်တယ်။ တခုတော့ရှိတယ် သူ့ဘက်ကလည်း ရှင်လူ့လို ဘုဂလန့်ကျကျ ဆက်ဆံ
တတ်တဲ့ အဖိုးကြီးအပေါ်သည်းညည်းခံ
ဆက်ဆံတတ်တယ်မဟုတ်လား။ရှင်လူ့ကိုမှ သည်းညည်းမခံလည်း သူ့စကားကို စိတ်ရှုပ်ခံ ၊ နားညည်းခံနားထောင်ပေးမယ့်လူ တယောက်မှမရှိ။ ဒီတော့သူနဲ့ ရှင်လူက ပဋ္ဌာန်းဆက်အမျိုးအဆွေလို့ပဲ
ဆိုရမယ်။ သူက ကြီးပွားရေး စာအုပ်တွေ
၊ဥပမာ.. လင်းသိုက်ညွန့်တို့ ဒေါက်တာ
အောင်ထွန်းသက်တို့ဖတ်၊ ဟောပြောပွဲတွေလိုက်တက် နဲ့ စိတ်ကြီးကလည်းခတ်ဝင်ဝင်ရယ် ။ တခါတခါ ရှင်လု ကို ဘာစာအုပ်ဖတ်ရမလဲ မေးတတ်တယ်။ အဲ့ခါ မျိုးမှာ ရှင်လူက"တခြားစာအုပ်မဖတ်နဲ့ ပိုက်ဆံကုန်မယ်၊စာအုပ်ဆိုတာ လူအကြောင်း လောကအကြောင်း ၊သတ္တလောက၊သင်္ခါရလောက နဲ့ သြကာသလောကအကြောင်းရေးထားတာချည်းပဲ၊ ငယ်ငယ်က စီးပွားမရှာခဲ့လို့အသက်၆၀ ကျော်နေတာတောင် အနားမယူနိုင်ပဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ ရှင်လူ့ဘဝကိုဖတ်ရင် ၊မိသားစုဆွေမျိုးအသိုင်းအဝိုင်းကိုမထူထောင်ပဲ ထင်ရာစိုင်းခဲ့လို့ တကောင်ကြွက်ဖြစ်နေတဲ့ ရှင်လူကြီးကို သက်ရှိစာအုပ်ကြီးတအုပ်အဖြစ် မင်းဖတ်မယ်ဆိုရင် မင်းအတွက်အကျိုးရှိမှာပဲ "ဆိုတော့ သူမငြင်းနိုင်ဘူး။သူပြောနေကျ အမုန်းနဲ့ အာဃာတ စီးရီးတွေလည်းရှင်လူကတားမြစ်ရတယ်။လူတယောက်ရဲ့ စေတသိကဓမ္မတွေကို ဟိုလိုဒီလို ဖြစ်ပါလို့ လမ်းညွှန်ဖို့က ဘုရားအဆူဆူရင်ဆိုင်ခဲ့ရတဲ့ အဓိကပြဿနာကြီးတွေပဲ။လက်သည်းပေါ်ကမြေမှုန့်လောက်သာအဖတ်တင်တာ၊ မဟာပထဝီမြေ
ကြီးအဝှမ်းက အချည်းနှီးသာ။ အဲတော့ ရှင်လူသူ့့ကိုတရားမဟောတော့။တခုပဲ မေတ္တာရပ်ခံရတယ်..
"ငါက...တရားအားထုတ်နေတဲ့သူ၊ အဲ့လိုပြောတော့မင်းက တနေ့တနေ့ တကုပ်ကုပ်နဲ့
အလုပ်လုပ်၊ဘီယာဆိုင် လက်ဖက်ရည်ဆိုင်ထိုင် ကဗျာရေး စာရေး၊ ကလေးတွေတရုန်းရုန်းနဲ့နေတဲ့လူက တရားအားထုတ် နေတယ်ဆိုတော့ မင်း မျက်စိလည်ချင်လည်မယ်။ ငါနဲ့မင်း ဆက်ဆံခဲ့တဲ့နှစ်တွေအတွင်း ငါ ဒေါသဖြစ်တာမင်းဘယ်နှစ်ခါတွေ့ဖုးလဲ၊ ပင်ပန်းလို့ပါ၊နာကျင်လို့ပါလို့ ငါ
ညည်းညူ တာမင်း မြင်ဖူးးလား၊ ဟိုလူ့အကြောင်း ဒီလူ့အကြောင်းစသဖြင့် မကြေမနပ်အပြစ်တင်နေတာတွေ မင်းတွေ့ဖူးလား။ အဲဒါငါ့တရားတွေပဲ  ..ဘုရားအဆူဆူက သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ပဒါ၊ သစိတ္တ ပရိယောဒပနံ၊
မကောင်းမှုရှောင် ၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားစကားနားထောင်ပြီး နေတာ။မင်းရောက်လာရင် 
အကုသိုလ်တရားတွေ ဖြစ်တဲ့ လောဘ၊ဒေါသ၊မာန တွေ ကြားရတော့ ငါ့ အဓိဋ္ဌာန်ပျက်တယ်။ဒီတော့ မင်း..ငါနဲ့ဆက်ပေါင်းမယ်ဆိုရင် ငါ့ကိုအပူမပေးပါနဲ့၊ ငါကတော့အဓိဋ္ဌာန်အပျက်မခံနိုင်ဘူး။မင်းငါ့နားမှာဆွေ
မျိုးရင်းခြာတယောက်တလေ တွေ့ဖူးလား၊
တယောက်မှမရှိဘူး။ ငါဟာအကုသိုလ်နဲ့ဆွေမျိုးတော်မယ့်အစား တယောက်ထဲနေတယ်၊ ဒီနေ့ မင်းတွေ့ရတဲ့ ငါ့အပေါင်းအသင်းတွေဟာ ငါကိုယ်တိုင်ရွေးချယ်ထားတဲ့
ဆွေမျိုးတွေပဲ။ ဖွေးဖွေးသိမ့်လို ကလေးကအစ စိတ်ကောင်းရှိတယ်။အကောင်းဆုံးမဖြစ်သေးတောင် ကောင်းချင်တဲ့ အခြေခံ
စိတ်ရှိကြတယ်။အရှင်ဇနကာဘိဝံသ ပြောခဲ့သလို စိတ်ကောင်းရှိဖို့က ပထမပဲ။ဒီတော့
မင်းစိတ်ကောင်းထားဖို့ ကြိုးစားမယ်ဆိုမှ
ငါ့ဆီလာ၊ ချက်ချင်းရချင်မှရမယ်။ စေတနာအဓိကပဲ၊ မင်း စိတ်ကောင်းထားချင်တဲ့
ဆန္ဒရှိရမယ်။ ဒါတွေဟာ..ငါ့စကားမဟုတ်ဘူး။ ဗုဒ္ဓရဲ့ ရည်ရွယ်ချက်တွေပဲ။
မင်း စိတ်ကို ကောင်းအောင်ထားမယ်ဆို
လူ့ဘဝအခက်အခဲတွေဆိုတာ အားလုံးလွယ်ကူသွားလိမ့်မယ်၊ ဒါတင်မက နိဗ္ဗာန်ဆိုတာကိုပါ မင်းလိုချင်ရင် ရနိုင်မယ့်လမ်းရဲ့အစဟာ အဲဒီစိတ်ကောင်းလေးပဲ။
အဲတော့...မင်းဒေါသတွေ..ငါ့ကိုလှူလိုက်ပါ။
ရှင်လူ မျှော်လင့်တောင့်တတဲ့အတိုင်း ရဲလင်းကျော်တယောက် တဖြည်းဖြည်းချင်း မျက်နှာအရောင်ပြောင်းလာပါတယ်။
ဒေါသတွေကင်းစင်လာပြီး ရွှင်ပြပြ သောမနဿ မျက်နှာလေးရနေပါပြီ။သူ့အဖေနဲ့
သာမက ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ပါ အဆင်ပြေနေပါပြီ။သူ့ကြိုးစားမှုကို ရှင်လူ
ဂုဏ်ပြုသင့်တယ်လေ....
story#observation#shinlhu

Sunday, April 27, 2025

story

အင်း..တောင်ဥက္ကလာထဲမှာ တချိန်က
တေဖော်တေဖက် နောင်တော်ကြီးတယောက်တော့ သွားပြန်ပြီ။ သူ့အရင် မောင်ရွှေစွန်က သွားနှင့်ပြီ။ သူတို့ နှစ်ယောက်လုံး
ရှင်လူ့ထက် ၁၀ နှစ်စီ ကြီးကြတယ်။
ရှင်လူက သူတို့ကိုအကြောင်းပြုပြီး သံဝေဂစကားလည်းမပြောချင်ဘူး။စိတ်ထဲမကောင်းတာက တရက်လောက်အဆင်ပြေရင်
သူ့အိမ်သွားလည်ရင်း ဘီယာလေးဘာလေးသောက်ကြမလား တွေးထားတာ ခုတော့ လွဲကြပြီ။ သူ့ကို နောက်ဆုံးတွေ့ဖြစ်တာက ၂၀၀၉ ဇန္နဝါရီ ၊ရှင်လူ့မမ
ရက်လည်မှာ နောက်ဆုံးပဲ။ 
အင်း...မိတ်ဆွေများ...ရဲဘော်များ...
မသေခင်..အတူသောက်ထားကြ
သေမှ လွမ်းနေလည်းအပိုပဲ....
Photo credit; Aung Yar Zar Oka
story#observation #shinlhu


Saturday, April 26, 2025

story

တန်ဖိုးကြီး ကော်ဖီတခွက်

"ရှင်လူ့အတွက်ကော်ဖီဖျော်ထားတယ်လေ၊ တွေ့လား"
"ဟေ..."
ဖွေးဖွေး သိမ့်စကားကြောင့် အိမ်ရှေ့ခန်းထဲ ဝေ့ဝဲကြည့်လိုက်တော့ ရှင်လူ့ အလုပ်ထိုင်ခုံပေါ်မှာ ကော်ဖီ ခွက်ကိုတွေ့လိုက်ပါပြီ...
"ကော်ဖီ အစစ်တော့မဟုတ်ဘူး၊ သဲနဲ့ ရေနဲ့ဖျော်ထားတာ" တဲ့...
မနေ့က အိမ်သာပြင်ရင်း အိမ်နောက်က
လက်ကျန်သဲပုံကို သတိရလိုက်မိ...
"အင်း...သမီးလေးရေ... ရှင်လူအားမှပဲ
သောက်လိုက်မယ်"
ဘာပဲပြောပြော...ရှင်လူ့ကိုကော်ဖီဖျော်တိုက်မယ့် မမ မရှိတော့တာ ၁၀ နှစ်နဲ့ ၃လ
ကြာခဲ့ပြီလေ။ကျေးဇူးပါ ဖွေးရယ်...
story#observation #shinlhu

Thursday, April 24, 2025

story

ဖွေးဋီကာ
♥ ♥ ♥ 
ရှင်လူကြီးဖွေးဖွေးသိမ့် အကြောင်း တွေရေးလာတာ ခုဆို သုံးနှစ် ခွဲကျော်ခဲ့ပါပြီ။
ကာတိုလစ်ဆေးရုံပေါ် မွေးကင်းစလေးက
စပြီးဒီနေ့အထိဖွေးပုံတွေလည်းမနည်း
တော့။ ခုတလော ဖွေးအကြောင်းတွေ ရပ်လိုက်ဖို့အထိ ရှင်လူကြီး စဉ်းစားနေမိပါ
ပြီ။ ခက်တာက ရပ်မယ်ကြံတိုင်း ရေးစရာ
အကြောင်းက ပေါ်ပေါ်လာတော့ ရပ်မရပဲ
ဖြစ်ခဲ့ပေါ့။ ခုလဲ ဖြစ်ပုံ ပြောရအုံးမယ်။
ဖွေးတို့အိမ်မှာ ဖွေးအဖွားက ဝက်သား
အမဲသားရှောင်ထားလေတော့။ ဝက်သား
အမဲသားဆို အိမ်ထဲတောင်မသွင်းကြပါ။
ဟိုတုန်းကတော့ ဖွေးအမေ မလှိုင်နဲ့ ဖွေး
တီတီလေး မခိုင်ရယ် ဖွေးဦးငယ်ဂျာကြီးတို့
တခါတလေအပြင်မှာဝက်ဒုတ်ထိုးတွေဘာ
တွေစားတတ်ပါတယ်။ သူတို့ ဟင်းအနေနဲ့
စားချင်တဲ့အခါများမှာ ဝက်သားကိုဝယ်လာပြီး ရှင်လူ့အခန်းမှာပဲ
ချက်ပြီး ရှင်လူ့အခန်းမှာပဲ စားခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့လည်းခုနောက်ပိုင်း ဝက်သားကိုမစားဖြစ်သလောက်ပြတ်နေကြပါပြီ။ မစားတာကြာတော့လည်း မစားချင်
ကြတော့တာလားမသိပါ။ ဒီတော့ ဝက်သား
ကြိုက်တဲ့ရှင်လူကြီးဝက်သားဟင်းချက်တိုင်း
ဖွေးကိုခေါ်ကြွေးပြီး ဇာတ်သွင်းပါတယ်။
ဘယ့်နှယ်ဗျာ ၊ အသီးမှာ သရက် အသားမှာ
ဝက်လို့ဆိုထားတာဒီလောက်ကောင်းတဲ့
့အသား ဖွေးငတ်မှာရှင်လူစိုးပါတယ်။
ဒေါ်ကုလားမထမင်းကြော်ဆိုင်ခေါ်သွား
တိုင်းလည်း ဝက်ခေါက်နဲ့ အမြဲစားလို့
ဖွေးတောင် ဝက်ခေါက်ကြိုက်နေပါပြီ။
အဲဒါတနေ့က ရှင်လူ ဝက်သားဟင်းချက်
လို့ အိမ်ရှေ့မှာကစားနေတဲ့ဖွေးကိုခေါ်ပြီး
ခွံ့ပါတယ်။ဖွေးက ဝက်ဆီတုံးကိုဝါးရင်း
``အိမ်ထဲ မဝင်ရဘူးလား´´လို့မေးပါတယ်။
``အေးပေါ့သမီးရဲ့၊သမီးဖွားဖွားကဝက်သားမှ မစားတာ၊ရှင့်လူ့အခန်းမှာပဲစားလို့ရတာ
ပေါ့´´ဆိုတော့တလုတ်စားလိုက်၊ထွက်သွားလိုက်၊
ခနကြာတော့ပြန်ဝင်လာစားလိုက်လုပ်နေပါတယ်။ ရှင်လူလည်း ထမင်းစားအပြီး ပန်းကန်ဆေးဖို့ ရေတိုင်ကီ
နားသွားမှ အဝတ်လျှော်နေတဲ့ ဖွေးအမေ
မလှိုင်က ``ဦးလေးခလေးက လူလည် သိလား၊ သူ ဦးလေးဆီက ဝက်သားနဲ့
တလုတ်ဝင်စားလိုက်၊ထွက်လာပြီး ပလုတ်ကျင်းလိုက် အိမ်ထဲဝင်သွားလိုက်
နဲ့ အခေါက်ခေါက်အခါခါလုပ်နေတယ်´´
တဲ့။ ရှင်လူကြီး ရီလိုက်ရတာ။ပြီးတော့
စိတ်ထဲမှာလည်းပျော်သွားမိတယ်။
ပြဿနာ တခုကို ကိုယ်ပိုင်နည်းလမ်း
ထွင်ဖို့ဆိုတာ သုံးနှစ်ခွဲအရွယ်ကလေး
တယောက်အဖို့ လွယ်တာမှတ်လို့။
အင်းပေါ့ ဖွေးရယ် နင်က ရပ်မရအောင်
လုပ်နေမှတော့ ရှင်လူကြီးကလည်း ဆက်ရေးရုံပေါ့။ အင်း bill ကုန်ပေါက်တွေ။
story#observation#shinlhu


Saturday, April 19, 2025

story

သေတဲ့တိုင်
မေ့မရတဲ့ မှတ်တမ်း
@@@@@@@@@
သိမ်းထားတဲ့ စာအုပ်တွေ ဖတ်ဖို့မျက်စိကလည်းအားမကောင်းတော့ ၊ပိုးဟပ်နဲ့ ကြွက်တွေရဲ့ဒဏ်‌ကြောင့်လည်း တချို့ပျက်စီးခဲ့ပေါ့။
ဆက်လက်သိမ်းဆည်းထားဖို့မတတ်နိုင်တော့
လို့့ရဲရင့်အောင်အကူအညီနဲ့ ဘော်တယ်ဆိုင်ပို့တာ သုံးလေး ကြိမ်ရှိသွား ပြီ။ 
         ဒီနေ့ အချိန်တဆယ် လေးထောင်ကျပ် ရတယ်။ရဲရင့်အောင်ကို နှစ်ထောင်ခွဲပေးတာ ရဲရင့်အောင်က
ငြင်းနေလို့အတင်းပေးတော့မှ တထောင်ပဲယူတယ်။
      နောက်ဘေးခန်းထဲမှာ
စာအုပ်တွေ သုံးပုံတပုံလောက်ကျန်အုံးမလားပဲ။ ဒီနေ့စာအုပ်ပုံရှင်းတော့ အတိတ်ရုပ်ပုံ ကားချပ်တခု ထွက်လာတယ်။ ရှင်လူ့သမီးလေးတွေ ဒပ်ဖရင် သားဖွားဆေးရုံက ဆင်းတဲ့လက်မှတ်။
      ၂၆.၆.၇၆ ဆိုတော့
အမွှာသမီးလေးတွေ အဖတ်တင်ခဲ့ရင် ၄၆ နှစ်အရွယ်တွေပေါ့။နောက်တနှစ် အ ကြာမှာမွေးခဲ့တဲ့သားလေးကရှိခဲ့ရင် ၄၅ နှစ်ပေါ့။ ခုတော့
သူတို့အမေပါ မရှိတော့တာ
၁၂ နှစ်ကျော်ခဲ့ ပြီ။
      အ မြဲတမ်း မ‌ပြောင်းလဲ တည်တန့်နေတာကတော့ သင်္ခါရ တရားပဲ။ ဒီမှတ်တမ်း ကတ်လေးကိုလည်း
တခါထဲ စွန့်ပစ်လိုက်ပါ ပြီ။
       တကယ်တော့ ရုပ်
ဝေဒနာ သညာ သင်္ခါရ ဝိဉာဉ် ဆိုတဲ့ ခန္ဓာ၅ ပါး ရုပ်နာမ်တရား အစုဟာလည်း အနိစ္စပါပဲလေ။
story#observation#shinlhu

Wednesday, April 16, 2025

story

သိင်္ဂါရထဲက အဆွေးများ
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ 
ဒီနေ့ နှစ်ဆန်းတရက်နေ့။ 
သူများတွေ ငါးတွေလွှတ်၊ငှက်တွေလွှတ်
ကြသလို ရှင်လူကြီးကတော့ ဖွေးဖွေးသိမ့်
ရဲ့ ဥပါဒါန်တွေကိုလွှတ်လိုက်ဖို့ စဉ်းစားထားပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ခွဲ ဖွေးဖွေးသိမ့်လေးစတင်မွေးဖွားလာ
ကတည်းက ဖွေးရဲ့ ချစ်စရာဓာတ်ပုံလေးတွေနဲ့ ဉာဏ်ထက်ပုံ
မြူးပျော်ဆော့ကစားနေပုံများကို fb တင်ခဲ့ရာမှာ အားလုံးလိုလိုဟာ ချစ်ခင်
ကြည်နူးဖွယ်ရာ သိင်္ဂါရ ရသ တွေချည်းပါပဲ။
တကယ်တော့ ဖွေးရဲ့ သနားစဖွယ် ရင်နင့်ဖွယ်ရာ အဖြစ်ကလေးတခုကိုတော့ 
ခုချိန်ထိထိန်ချန်ထားခဲ့မိပါတယ်။ရှင်လူကိုယ်တိုင်မကြာခဏ တုန်လှုပ်ခဲ့ရတဲ့ ဖြစ်ရပ်ကလေးကတော့....ဒီလိုပါ။
ဖွေးရဲ့ ပုံနဲ့ အကြောင်းအရာတွေကို ရှင်လူ
မှတ်တမ်းတင်ရာမှာ တခါတခါ Vedio Clip
လေးနှစ်ခုသုံးခုလောက်လည်းတင်ဖူးပါတယ်။ ပထမ ဆုံးအကြိမ် သူ့ကို Vedio ရိုက်တော့ဖွေးကရှင်လူ့ဖုန်းကိုအတင်းဆွဲယူ
ပြီး ``ကြည့်မယ်´´ဆိုပြီး သူ့Vedio Clip ကို
ကြည့်ပါတယ်။ ကြည့်ရင်း ချက်ချင်းဆိုသလို
မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလို့ အီကနဲငိုချလိုက်ပြီးရှင်လူ့ပုခုန်းပေါ်မှောက်ခါရှိုက်ကြီးတငင်ငိုကြွေးပါတယ်။ ဘယ်လိုမှချော့လို့မရပါ။ဒီလိုအဖြစ်မျိုးအကြိမ်ကြိမ်ဖြစ်လာတော့ ရှင်လူလည်းသူ့ကို Vedio မရိုက်ရဲ
တော့ပါ။သူ့Vedioကြည့်မိတဲ့အခါတိုင်းနီးစပ်ရာလူကိုဖက်ပြီး သူ့မျက်ရည်တွေကို ပုဆိုးနဲ့ဖြစ်စေ ထမီနဲ့ အင်္ကျီတွေကိုဖြစ်စေ
ခေါင်းဝှေ့ပွတ်သပ်ပြီးငိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့မတိုင်ခင်ညနေက
အိမ်နောက်ဖေးကွက်လပ်မှာ ဖွေးတယောက်အားရပါးရကခုန်နေပါတယ်။
ရှင်လူလည်းသဘောကျတာနဲ့ fb တင်ဖို့
Vedio Clip လေးငါးခု ရိုက်ပါတယ်။ အဲ့ထဲက တခုရွေးပြီး fb တင်ခဲ့ပါတယ်။
အဲ့Vedio Clip ကလေးတွေကို ကြည့်မယ်ဆိုပြီးဖွေးကရှင်လူ့ရင်ခွင်ထဲဝင် 
ပြီးပူဆာပါတယ်။ ဒါနဲ့ရှင်လူက ``သမီးရယ်
မကြည့်ပါနဲ့ နင်ကြည့်ပြီးငိုအုံးမယ်´´ဆိုတော့
``မငိုဘူး´´တဲ့။ ``ဒါဆိုနင် ဂတိပေး´´ဆိုပြီး
သူ့ကိုလက်သန်းချင်းချိတ်ကတိတောင်း
တော့သူကတိပေးတာနဲ့တခုပြလိုက်ပါ
တယ်။ကြည့်မိတာနဲ့တပြိုင်နက် သူ့မျက်ရည်တွေထွက်လာတော့ သူ့ကတိကြောင့် ခေါင်းကိုမော့ပြီးမျက်ရည်မကျအောင်
ထိန်းရှာပါတယ်။ ဒီအချိန်မှာသူ့အမေ
မလှိုင်က``ဘယ်မှာလဲ  ဦးလေး
ကျမကိုပြအုံး´´ဆိုတာနဲ့ မလှိုင်ကိုဖုန်းပေးလိုက်တော့ သူ့အမေကြည့်နေတာကို နောက်ကသူ့အမေပုခုံးကိုမေးတင်ပြီးလိုက်
ကြည့်ပါတယ်။ ခဏနေတော့ ခစ်ခစ်နဲ့
ချောင်းဆိုးပြီး သီးသလိုအသံကြောင့်သူ့ကိုကြည့်လိုက်
တော့ ဖွေးတယောက် မျက်ရည်တွေတွေကျ
ရင်းတက်မလိုချက်မလိုဖြစ်နေပါပြီ။ဒါနဲ့
ရှင်လူသူ့ကိုပွေ့ချီလိုက်ပြီး လက်ဝါးပေါ်
ရင်ဘတ်မှောက်တင်ရင်းကျောကို လက်ဝါးတဖက်နဲ့ဖိလိုက်ပုတ်လိုက်လုပ်တာ
တဘုန်းဘုန်းမြည်နေပါတယ်။ရှင်လူသိလိုက်ပါပြီ။စိတ္တဇဝါယော။ ဖွေးနှလုံးခုန်နေပုံက တဒိန်းဒိန်း ရှင်လူ့လက်ကို လာတိုးနေပါတယ်။သူ့အဖေ
မောင်ဝင်းလည်း အနားမှာရှိနေတာမို့ လက်ပြောင်းယူလိုက်ပြီး အတန်ကြာ နှိပ်နယ်ပြုစုလိုက်မှ သက်သာစပြုလာပါတယ်။ အဲ့တော့မှ ရေလေးနည်းနည်းတိုက်ပေးရပါတယ်။
ရှင်လူလည်း အရမ်းစိတ်မကောင်းဖြစ်သွားပြီး ဒီအတိုင်းဆို ရှော့ခ်ရပြီး အသက်တောင်ပါသွားနိုင်ကြောင်းတွေးမိပါတယ်။
တကယ်တော့ ဝိသုဒ္ဓိမဂ်ထဲမှာ ဇာတိဿရ
ဉာဏ်ကျင့်စဉ်အကြောင်းရှင်လူဖတ်ဖူးခဲ့ပါတယ်။ခု ရှင့်လူ့ဖုန်းထဲမှာ ဝိသုဒ္ဓိမဂ်မရှိတော့
လို့ အမှတ်ရသလောက်ပဲ ပြန်ရေးပြပါမယ်။
ဇာတိဿရဉာဏ်အတွက် ကျင့်ရာမှာ ရှေး
ဦးစွာ ကသိုင်းတမျိုးကျင့်ရပါတယ်။အဲ့ဒီ
ကသိုင်းကထပြီးတဲ့ခါမနက်ကဘာဟင်းနဲ့စားခဲ့လဲ၊ မနေ့ညနေက ဘာဟင်းနဲ့ စားခဲ့လဲ၊
မနေ့မနက်စာ ဘာနဲ့စားခဲ့လဲ တိုးတိုးပြီး
ကျင့်ရင်တချို့ ဆို အရင်ဘဝတွေထိသိရတယ် ဆိုပါတယ်။
ဖားအောက်တောရအကြောင်းဖတ်ဖူးထားတဲ့အထဲမှာလည်း ကျင့်စဉ်တူမတူတော့မသိ။ တချို့ဆို အရင်ဘဝ သုံးလေးဘဝကိုပြန်သိရတယ်
ဆိုပါတယ်။မျက်မှောက်ခေတ် ထင်ရှားသူထဲက မေတ္တာရှင်(ရွှေပြည်သာ)
ကလည်း အရင်ဘဝတုန်းက ဝက်ဖြစ်ခဲ့ဖူး
ကြောင်းပြန်ရေးပြတာ ဖတ်ဖူးပါတယ်။
ရှင်လူကြီးကတော့ ဒိဋ္ဌ တရားကိုသာ
ဒိဋ္ဌေဒိဋ္ဌမတ္တံ နှလုံးပိုက်သူမို့ ဘာဥပါဒါန်မှ
မစွဲပေမယ့်  ဖွေးရဲ့အဖြစ်ကိုမြင်ပြီး ကရုဏာ
သက်မိပါတယ်။ ဖွေးတယောက် သူ့Vedio Clip လေးတွေကတဆင့် အတိတ်သံသရာ
ကို ဘယ်ထိအောင်တွေ့မြင်နေရသလဲ ဆိုတာကိုယ်တွေမသိနိုင်ပါ။ သမီးလေးဖွေး အသက်ပါမတတ်ငိုရှိုက်ပူဆွေးနေတဲ့ဒုက္ခ
ဝေဒနာကိုလည်းရှင်လူမမြင်လိုတော့ပါ။ သူ့အကြောင်းလေးတွေ ဆက်ရေးဖို့တောင်
သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကျန်းမာ
ပျော်ရွှင်မှုကိုထိခိုက်မယ်ဆိုရင် ရှင်လူကြီး
ဆက်မရေးတော့ဖို့ ဆုံးဖြတ်ပြီးပါပြီ။
ဒီနှစ် နှစ်ဆန်းတရက်မှာ ဖွေးရဲ့ ဥပါဒါန်တွေ
ကိုငှက်ကလေး ငါးကလေးတွေကိုလွတ်
မြောက်စေသလို လွတ်မြောက်စေဖို့ 
ဖွေးရဲ့ လှုပ်ရှားပြုမူပုံ Vedio Clip လေးတွေကိုတော့ ဘယ်တော့မှရိုက်ကူးတော့မှာမဟုတ်ပါ
ကြောင်း....
story#observation#shinlhu


Tuesday, April 15, 2025

story

သင်္ကြန်မင်းသားကြီးများဆိုတာ
®®®®®®®®®®®®
ဒီ ပုဂ္ဂိုလ်က ရှင်လူတို့ Maze Walker Team ထဲရောက်လာတာ တနှစ်နီးပါးပဲရှိဦးမယ်ထင်တာပဲ။စကားနည်းပြီး
ပြောပြန်ရင်လည်း လေသံတိုးတိုးမို့ ရှင်လူသူနဲ့သိတ်စကားမပြောဖြစ်ခဲ့ဘူး။သူကအကိုကြီး ဦးမောင်မောင်စိန်နဲ့တလမ်းထဲ၊တောင်ဥက္ကလာ ၊၄ ရပ်ကွက် စာဂ ၂၂လမ်းမှာနေတာ။ဒီနေ့ လမ်းလျောက်ကအပြန် လက်ဖက်ရည်ဆိုင်ထိုင်ကြတော့
စာဂလမ်းနဲ့ သဒ္ဒါလမ်းထောင့်ဆိုင်မှာထိုင်ဖြစ်ကြတယ်။ကျန်လူတွေ သင်္ကြန်ကြောင့်ပျက်ကွက်လို့ ရှင်လူရယ် ဦးမောင်မောင်စိန်ရယ်
သူရယ်(ဦးသန်းတင်)ရယ် သုံးယောက်ထဲဆုံဖြစ်တာပေါ့။ ရှင်လူလည်းသင်္ကြန်အလွမ်းကြောင့် တချိန်က တောင်ဥက္ကလာပကထွက်တဲ့ သင်္ကြန်ကား´´ ခြင်းကြားဒုတ်ထောက်´´
အကြောင်းပြောဖြစ်တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ ဝန်းကျင်က အဲဒီ ခြင်းကြားဒုတ်ထောက်အဖွဲ့မှာ ရှင်ဘုရင်ယူနီဖောင်းနဲ့ သံချပ်တိုင်တဲ့
ကိုမြင့်လွင်(ကျောင်းဆရာ) ကွယ်လွန် ~နဲ့ ခင်မင်ခဲ့ဖူးတဲ့အကြောင်း။ နောက်ပိုင်း နန္ဒဝန်စျေးစီလုံတီးလက်ဖက်ရည်ဆိုင်ရှေ့မှာ ကွမ်းယာရောင်းတဲ့ ဖိုးကွမ်း (ဝန်ကြီးလား စစ်သူကြီးလား)မမှတ်မိတော့ ..နဲ့ပါသိကျွမ်းခင်မင်ခဲ့ဖူးကြောင်းပြောတော့ ဦးမောင်မောင်စိန်ကဦးသန်းတင်ကို မေးငေါ့ပြပြီး သူတို့ပေါ့ သူလည်းပါတာပေါ့တဲ့။ ဦးမောင်မောင်စိန်စကားကြောင့် ရှင်လူဝမ်းသာသွားမိတယ်။
ဟာ တကယ်ဗျာ။ သမိုင်းဝင် သင်္ကြန်မင်းသားအနုပညာရှင်တွေ။ရိုးရာမဟာသင်္ကြန် အက အလှ သဘာဝ သံချပ် ယဉ်ကျေးမှုတွေဟာ စစ်အစိုးရတွေ အစဉ်ဆက်အောက်မှာ ဒီမိုကရေစီနဲ့အတူ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး သင်္ကြန်မင်းသားတွေ
လည်းအသက်ကြောင့် ရော အရက်ကြောင့် ပါ အခြားအကြောင်းအမျိုးမျိုးကြောင့်ပါ ဇာတ်မြုပ် ပျောက်ကွယ်ခဲ့ကြရတယ်။ခုရှင်လူ့ရှေ့မှာ တယောက်ကို ဘွားခနဲ ပြန်တွေ့ရပြီ။
သူတို့ ခြင်းကြားဒုတ်ထောက်အဖွဲ့ ကို ရှင်လူ
လူပျိုအရွယ် အသက် ၂၀ ကျော်ကတည်းကသဘောကျခဲ့တာ။သင်္ကြန်ဆုပေးမဏ္ဍပ်ထဲကို ``ခြင်းကြားဒုတ်ထောက် ´´သံချပ်အဖွဲ့ဝင်လာပြီဆို ရှင်လူတို့ပရိတ်သတ်တွေအလုအယက် တိုးဝှေ့ ကြည့်ခဲ့ရတာ။
``ခြင်းကြားဒုတ်ထောက် ထိရာပေါက်သဟေ့..ဆိုပြီး ဒိုးသံ တမြိုင်မြိုင်နဲ့ သံချပ်တိုင်လိုက်ရင် ပရိတ်သတ်ကြီးဟာ စိတ်ထဲမှာ ရွစိ
ရွစိ ဖြစ်လာတာ၊ ဘာအကြောင်းတွေများ တိုင်မလဲပေါ့နော် အားလုံးနားတွေ စွင့်လို့ ။သူတို့ဝတ်ထားစားထားတာကလည်းအမိုက်စား ကိုမြင့်လွင်က ရှင်ဘုရင်ယူနီဖောင်းနဲ့ ကျန်တဲ့လူတွေက အမတ် စစ်သူကြီး ပုဏ္ဍားစသဖြင့် တကယ့် နန်းတွင်းအခင်းအကျင်းအတိုင်း ။အားလုံးဟာ ဗောင်းတွေ စလွယ်တွေ သံလျက်တွေ ဒါးလွယ်တွေနဲ့
ပြောင်ပြောင်လက်လက်။ အဲဒီမှာ ရှင်ဘုရင်ကိုမြင့်လွင်က တကယ်ဆို စကားထစ်တဲ့သူ ။သံချပ်တိုင်တော့ သံနေသံထားနဲ့ အထစ်အငေါ့မရှိ ချောလို့။ ``ကရဝိတ်ကြီးသနားစရာ
ရွှေလက်မခံဘူးဗျာ ..ဒီလင်မယားမှာအပြစ်ရှိနေလို့ထုံးသုတ်ကွာ ..ထုံးသုတ်ကွာ..´´ဆိုပြီး
မင်းကြီးက သံလျက်ကို ဝင့်ကာ ဝင့်ကာတိုင်လိုက်ရင် ပရိတ်သတ် လက်ခုပ်သံက တဖျောဖျော ..တော်တော်နဲ့မစဲ။ ဘယ်စဲနိုင်မလဲ ဆိရှယ်လစ်ခေါင်းဆောင်ကြီးဦးနေဝင်းက ပြည်သူတွေ ငတ်မွတ်ဆင်းရဲနေချိန်မှာ ကန်တော်ကြီးထဲ ကရဝိတ်ဟိုတယ်ဆောက်တော့ ပြည်သူက သောက်ညင်ကပ်နေတာ။
အင်း သင်္ကြန် သံချပ်အကြောင်းပြောရင်
ရှင်လူ့ မိတ်ဆွေ ကိုနေဝင်း(ဂန္ဓဝင်မောင်ဝိုင်း)
၈၈ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော့်အဖေ၊ ဗေလုဝအကို ရဲ့ ``မောင်မောင်ဆိုလေထီးရိုးရှည်´´အဖွဲ့ကိုလည်းသတိရမိရဲ့။ ကိုနေဝင်းလည်း ကျောင်းဆရာဟောင်းပဲ ၊ ကွယ်လွန်ရှာပြီ...
story#observation #shinlhu


Sunday, April 13, 2025

story

"အတောင်ပံ သာလျှင်ဝန်ရှိ
သော ငှက်ပမာ"
   ဒီစကားလုံးတွေကို တွေ့့တာ ဓမ္မပဒထဲလား ဘာလား
မမှတ်မိတော့။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ ကမ္မဌာန်းတရား အားထုတ်သူတို့အတွက် ရည်ညွှန်းထားမှန်းတော့
သိသာပါတယ်။
      ကမ္မဌာန်းအားထုတ်သူတို့ ကို နှောင့်ယှက်တဲ့ အ ပြစ် (၁၀) မျိုးရှိပါတယ်။ အဲ
ဒါကို ပလိဗောဓ (၁၀)ပါးလို့ ခေါ်ပါတယ်။ ပလိဗောဓ(၁၀)ပါးဆိုတာကတော့
(၁)အာဝါသ ပလိဗောဓ=အိမ် ကျောင်း အိပ်ရာ နေရာ အရာမ်။
(၂)ကုလ ပလိဗောဓ=အိမ်စေ ကျွန် အလုပ်အကျွေး၊
ဆွေမျိုးဉာတိ၊ပ စ္စည်းလေးပါး
ဒကာ ဒကာမ။
(၃)လာဘပလိဗောဓ=ပ စ္စည်းလေးရပ်၊လာဘ်သ ပ္ပကာ၊ဥ စ္စာစည်းစိမ်။
(၄)ဂဏ ပလိဗောဓ=မိတ်ဆွေ အပေါင်းအဖော်၊ဂိုဏ်း သံဃာတော် အသင်းအပင်း၊ပါတီဝင်အုပ်စု။
(၅)ကမ္မပလိဗောဓ=ပြုလုပ်စရာတန်းလန်းဖြစ်သော
အလုပ်ကိစ္စများ။
(၆)အဒ္ဓါန ပလိဗောဓ=ခရီးသွားစရာနှင့် ခရီးသွား ခြင်းများ။
(၇)ဉာတိ ပလိဗောဓ=သာဿနာ့ဆွေမျိုး ၊အိမ်၏ဆွေမျိုးများ။
အာဗာဓ ပလိဗောဓ=မကျန်းမမာ အနာရောဂါများ။
(၉)ဂန္ထပလိဗောဓ=သင် ကြားပို့ချမှုနှင့် ရေးပြုဆဲ ကျမ်းဂန်စာပေများ။
(၁၀)ဣဒ္ဓိ ပလိဗောဓ=ဝိပဿနာကို နှောင့်ယှက်ဖျက်ဆီးတတ်သော ပုထုဇဉ်၏ ဈာန်အဘိညာဉ်တန်ခိုးစုများ။
      အထက်ပါ"အတောင်ပံ သာလျှင်ဝန်ရှိ‌သော ငှက်ပ
မာ" စကားအရ ဘဝရှင်သန်မှုအတွက် အပို ဝန်လေးစေတဲ့ ပလိဗောဓ(၁၀)ပါးကင်းစင်မှုကို တင်စားပုံရပါတယ်။
      တရားဆိုတာ ကိုယ်တိုင် ကြုံတွေ့လာရမှလည်း နားလည် တတ်ပါတယ်။ရှင်လူ ကြီး ကျန်းမာရေး မကောင်း ဖြစ်နေတဲ့အခါ အတွေးအ မြင်တွေ အတော်‌ပြောင်း လဲကုန်ပါတယ်။ အဲတော့
မိမိ အဝတ်အစားနဲ့ အသုံးဆောင် အတော်များများဟာ
အပို ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာပါတယ်။အထူးသ ဖြင့်
ဆေး‌ကြော တိုက်ချွတ်ရမယ့်အိုးခွက်ပန်းကန် အကုန်လုံးကတော့ ဇနီးသည်ကွယ်လွန်းစ ၊လွန်ခဲ့တဲ့ ၁၂ နှစ်ကပင် စွန့်ခဲ့ ပြီးပါ ပြီ။ပန်းကန်စင်ပေါ်တင်ထားလည်း ဖုန်တက် ညစ်ပေနေတာသာအဖတ်တင်ပါမယ်။ အိမ်ထောင်ပရိဘောဂ စားပွဲကုလားထိုင်စသည်တို့လည်း လိုသူတွေ
ဟိုတခု ဒီတခု ပေးလိုက်တော့ အိမ်မှာ များများစားစားမကျန်။ သားသမီး ‌မြေးများရှိရင်တော့ သူတို့ထိမ်းသိမ်းမပေါ့။ ခုဆို ရာသီဥတုက အပူလွန်ကဲလာတော့ အများအား ဖြင့် စွတ်ကျယ်နဲ့သာအနေများသမို့ အချို့အင်္ကျီတွေ အပို ဖြစ်နေ ပြီ။ တချို့ကို ပေးပစ်လိုက် ပြီ။ပေးစရာတွေ ကျန်နေသေး။ တကယ်တော့ တချိန်က အသားလေး ကြိုက်လို့၊ဒီဇိုင်းလေး ကြိုက်လို့ဆို ပြီး သိမ်းထားတာတွေဟာ ကြွက်ဒဏ် ၊ပိုးဟပ်ဒဏ် နဲ့ ပျက်စီးမယ့်ဒဏ်တွေက ကာကွယ် ထိမ်းသိမ်းဖို့ခွန်အားမိမိမှာမရှိတော့။စွတ်ကျယ်လေးတထည် ဆပ် ပြာဆီနဲ့စိမ် ပြီး ရေညှစ်ရတာတောင် မောနေတဲ့အခါမှာ မလျှော်ရသေးတဲ့ အဝတ်ပုံ ကြီး မြင်ရုံနဲ့ မောနေမိ ပြီ။ သူများ ကန်တော့ ထားတဲ့ စောင်တဘက် ကြီးနှစ်ထည် လုပ်ငန်းပါတနာ ကြီးတထည် ၊‌ေ ဖွးတထည် ပေးလိုက် ပြီ။ ဒါ ကြီးတွေ လျှော်ဖို့ ရေညှစ်ဖို့အားမရှိတော့။ တဘက်အသေးလေးတွေပဲ ချန် ပြီး အလျဉ်မီအောင်သုံးရတော့တယ်။
       အင်း ကမ္မဌာန်းသမားမဟုတ်ဘဲနဲ့တောင် ပလိဗောဓတွေက ဒုက္ခပေးလှ ပြီ။ တချိန်က ဖတ်ချင်လို့သိမ်းထားတဲ့စာအုပ်တွေလည်း မဖတ်နိုင်တော့။ ခွဲထားတဲ့ မျက်စိက စာလုံးသေး မ မြင်တဲ့ ပြင် စာလုံး ကြီးတောင်ဖတ်ရင်းဝါးကုန် ပြီ။ဒါ‌ကြောင့် တပိဿာ ၈၀၀ ဆိုလား
ဖိုးလဝန်း စက်ဘီးနဲ့တင်ပြီးသွားရောင်းခိုင်းတာတင် တသောင်းဖိုးကျော်သွား ပြီ။ အိမ်မှာ တဝက်လောက် ကျန်နေသေးတယ်။ စာအုပ်ပုံရှင်းရင်း နိုင်ဝင်းဆွေရဲ့"နွေတည"လို ၊ရှင်ဥ က္ကဌရဲ့"ကပ္ပ ပြဿနာ"လို ဦးရွှေအောင်နဲ့ အရှင်ဇနကာဘိဝံသလို စာအုပ်တွေ ၊မိမိ အ မြတ်တနိုးဖတ် ပြီး သိမ်းထားတဲ့ "Pioneer of the Press" ,Nation Builder Alexander Hilminton လို စာအုပ်တွေအစ ၊တအုပ်စ နှစ်အုပ်စတော့ ညီကဗျာဆရာ တယောက်အတွက် ဖယ်ထား ပြီး ကျန်တာတွေ အကုန် ဘော်တယ်ဆိုင်ပို့ပေါ့။
       ကဲ ကမ္မဌာန်း သမားမဟုတ်တဲ့ ဂီလာန အဖိုး ကြီးရှင်လူတောင်"တောင်ပံ ထက်ပိုလေးနေတဲ့ ဝန်"‌တွေကို
မနိုင်တော့လို့ စွန့်နေရတာ။
     ဒါတောင်မှ သ င်္ကြန်တွင်း အိမ် ပြန်နားတော့ မနက်မနက်ဆို ဟိုက ဒီက ပို့တဲ့ မုန့် လုံးရေပေါ်၊ ‌ပေါင်မုန့်အုန်းနို့ဆမ်း စတာတွေအတွက် ပန်းကန်ငှားထည့်ရ။
ရဲလင်းကျော်ပို့တဲ့ ပဲဟင်းနဲ့ပုစွန်‌ခြောက်ထောင်း‌ကြော်အတွက် ချိုင့်ငှားရ ၊ဒေါ်လှသန်းပို့တဲ့ အမဲသားဟင်း ပလပ်စတစ်ဘူး ကြီးနဲ့ထည့် ပြီး ၊အိတ်နဲ့ထည့် ၊သံငုတ်မှာချိတ်(‌မြေ ကြွက် ရန်က ‌ကြောက်ရသေး)ဒီ‌မြေ ကြွက်တွေကလည်း အိုင်ကျ ူ မြင့်လာပုံရတယ်။တော်ရုံ အိုးခွက် အဖုန်းတွေဆို ဖွင့်တတ်လာတယ်။
     ကဲ ... ဖြစ်နိုင်မယ်ဆို
ဗြဟ္မာတွေလို ပီတိသာစားနေချင်တော့တာပဲ။ ‌ပြောမယ့်သာ‌ပြောရတာ ၃၁ ဘုံလုံး
ဒုက္ခသစွာက လွတ်တဲ့ဘုံ ရှာမရ။
story#observation#shinlhu