Thursday, April 24, 2025

story

ဖွေးဋီကာ
♥ ♥ ♥ 
ရှင်လူကြီးဖွေးဖွေးသိမ့် အကြောင်း တွေရေးလာတာ ခုဆို သုံးနှစ် ခွဲကျော်ခဲ့ပါပြီ။
ကာတိုလစ်ဆေးရုံပေါ် မွေးကင်းစလေးက
စပြီးဒီနေ့အထိဖွေးပုံတွေလည်းမနည်း
တော့။ ခုတလော ဖွေးအကြောင်းတွေ ရပ်လိုက်ဖို့အထိ ရှင်လူကြီး စဉ်းစားနေမိပါ
ပြီ။ ခက်တာက ရပ်မယ်ကြံတိုင်း ရေးစရာ
အကြောင်းက ပေါ်ပေါ်လာတော့ ရပ်မရပဲ
ဖြစ်ခဲ့ပေါ့။ ခုလဲ ဖြစ်ပုံ ပြောရအုံးမယ်။
ဖွေးတို့အိမ်မှာ ဖွေးအဖွားက ဝက်သား
အမဲသားရှောင်ထားလေတော့။ ဝက်သား
အမဲသားဆို အိမ်ထဲတောင်မသွင်းကြပါ။
ဟိုတုန်းကတော့ ဖွေးအမေ မလှိုင်နဲ့ ဖွေး
တီတီလေး မခိုင်ရယ် ဖွေးဦးငယ်ဂျာကြီးတို့
တခါတလေအပြင်မှာဝက်ဒုတ်ထိုးတွေဘာ
တွေစားတတ်ပါတယ်။ သူတို့ ဟင်းအနေနဲ့
စားချင်တဲ့အခါများမှာ ဝက်သားကိုဝယ်လာပြီး ရှင်လူ့အခန်းမှာပဲ
ချက်ပြီး ရှင်လူ့အခန်းမှာပဲ စားခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့လည်းခုနောက်ပိုင်း ဝက်သားကိုမစားဖြစ်သလောက်ပြတ်နေကြပါပြီ။ မစားတာကြာတော့လည်း မစားချင်
ကြတော့တာလားမသိပါ။ ဒီတော့ ဝက်သား
ကြိုက်တဲ့ရှင်လူကြီးဝက်သားဟင်းချက်တိုင်း
ဖွေးကိုခေါ်ကြွေးပြီး ဇာတ်သွင်းပါတယ်။
ဘယ့်နှယ်ဗျာ ၊ အသီးမှာ သရက် အသားမှာ
ဝက်လို့ဆိုထားတာဒီလောက်ကောင်းတဲ့
့အသား ဖွေးငတ်မှာရှင်လူစိုးပါတယ်။
ဒေါ်ကုလားမထမင်းကြော်ဆိုင်ခေါ်သွား
တိုင်းလည်း ဝက်ခေါက်နဲ့ အမြဲစားလို့
ဖွေးတောင် ဝက်ခေါက်ကြိုက်နေပါပြီ။
အဲဒါတနေ့က ရှင်လူ ဝက်သားဟင်းချက်
လို့ အိမ်ရှေ့မှာကစားနေတဲ့ဖွေးကိုခေါ်ပြီး
ခွံ့ပါတယ်။ဖွေးက ဝက်ဆီတုံးကိုဝါးရင်း
``အိမ်ထဲ မဝင်ရဘူးလား´´လို့မေးပါတယ်။
``အေးပေါ့သမီးရဲ့၊သမီးဖွားဖွားကဝက်သားမှ မစားတာ၊ရှင့်လူ့အခန်းမှာပဲစားလို့ရတာ
ပေါ့´´ဆိုတော့တလုတ်စားလိုက်၊ထွက်သွားလိုက်၊
ခနကြာတော့ပြန်ဝင်လာစားလိုက်လုပ်နေပါတယ်။ ရှင်လူလည်း ထမင်းစားအပြီး ပန်းကန်ဆေးဖို့ ရေတိုင်ကီ
နားသွားမှ အဝတ်လျှော်နေတဲ့ ဖွေးအမေ
မလှိုင်က ``ဦးလေးခလေးက လူလည် သိလား၊ သူ ဦးလေးဆီက ဝက်သားနဲ့
တလုတ်ဝင်စားလိုက်၊ထွက်လာပြီး ပလုတ်ကျင်းလိုက် အိမ်ထဲဝင်သွားလိုက်
နဲ့ အခေါက်ခေါက်အခါခါလုပ်နေတယ်´´
တဲ့။ ရှင်လူကြီး ရီလိုက်ရတာ။ပြီးတော့
စိတ်ထဲမှာလည်းပျော်သွားမိတယ်။
ပြဿနာ တခုကို ကိုယ်ပိုင်နည်းလမ်း
ထွင်ဖို့ဆိုတာ သုံးနှစ်ခွဲအရွယ်ကလေး
တယောက်အဖို့ လွယ်တာမှတ်လို့။
အင်းပေါ့ ဖွေးရယ် နင်က ရပ်မရအောင်
လုပ်နေမှတော့ ရှင်လူကြီးကလည်း ဆက်ရေးရုံပေါ့။ အင်း bill ကုန်ပေါက်တွေ။
story#observation#shinlhu


No comments:

Post a Comment