သင်္ကြန်မင်းသားကြီးများဆိုတာ
®®®®®®®®®®®®
ဒီ ပုဂ္ဂိုလ်က ရှင်လူတို့ Maze Walker Team ထဲရောက်လာတာ တနှစ်နီးပါးပဲရှိဦးမယ်ထင်တာပဲ။စကားနည်းပြီး
ပြောပြန်ရင်လည်း လေသံတိုးတိုးမို့ ရှင်လူသူနဲ့သိတ်စကားမပြောဖြစ်ခဲ့ဘူး။သူကအကိုကြီး ဦးမောင်မောင်စိန်နဲ့တလမ်းထဲ၊တောင်ဥက္ကလာ ၊၄ ရပ်ကွက် စာဂ ၂၂လမ်းမှာနေတာ။ဒီနေ့ လမ်းလျောက်ကအပြန် လက်ဖက်ရည်ဆိုင်ထိုင်ကြတော့
စာဂလမ်းနဲ့ သဒ္ဒါလမ်းထောင့်ဆိုင်မှာထိုင်ဖြစ်ကြတယ်။ကျန်လူတွေ သင်္ကြန်ကြောင့်ပျက်ကွက်လို့ ရှင်လူရယ် ဦးမောင်မောင်စိန်ရယ်
သူရယ်(ဦးသန်းတင်)ရယ် သုံးယောက်ထဲဆုံဖြစ်တာပေါ့။ ရှင်လူလည်းသင်္ကြန်အလွမ်းကြောင့် တချိန်က တောင်ဥက္ကလာပကထွက်တဲ့ သင်္ကြန်ကား´´ ခြင်းကြားဒုတ်ထောက်´´
အကြောင်းပြောဖြစ်တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ ဝန်းကျင်က အဲဒီ ခြင်းကြားဒုတ်ထောက်အဖွဲ့မှာ ရှင်ဘုရင်ယူနီဖောင်းနဲ့ သံချပ်တိုင်တဲ့
ကိုမြင့်လွင်(ကျောင်းဆရာ) ကွယ်လွန် ~နဲ့ ခင်မင်ခဲ့ဖူးတဲ့အကြောင်း။ နောက်ပိုင်း နန္ဒဝန်စျေးစီလုံတီးလက်ဖက်ရည်ဆိုင်ရှေ့မှာ ကွမ်းယာရောင်းတဲ့ ဖိုးကွမ်း (ဝန်ကြီးလား စစ်သူကြီးလား)မမှတ်မိတော့ ..နဲ့ပါသိကျွမ်းခင်မင်ခဲ့ဖူးကြောင်းပြောတော့ ဦးမောင်မောင်စိန်ကဦးသန်းတင်ကို မေးငေါ့ပြပြီး သူတို့ပေါ့ သူလည်းပါတာပေါ့တဲ့။ ဦးမောင်မောင်စိန်စကားကြောင့် ရှင်လူဝမ်းသာသွားမိတယ်။
ဟာ တကယ်ဗျာ။ သမိုင်းဝင် သင်္ကြန်မင်းသားအနုပညာရှင်တွေ။ရိုးရာမဟာသင်္ကြန် အက အလှ သဘာဝ သံချပ် ယဉ်ကျေးမှုတွေဟာ စစ်အစိုးရတွေ အစဉ်ဆက်အောက်မှာ ဒီမိုကရေစီနဲ့အတူ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်ခဲ့ရပြီး သင်္ကြန်မင်းသားတွေ
လည်းအသက်ကြောင့် ရော အရက်ကြောင့် ပါ အခြားအကြောင်းအမျိုးမျိုးကြောင့်ပါ ဇာတ်မြုပ် ပျောက်ကွယ်ခဲ့ကြရတယ်။ခုရှင်လူ့ရှေ့မှာ တယောက်ကို ဘွားခနဲ ပြန်တွေ့ရပြီ။
သူတို့ ခြင်းကြားဒုတ်ထောက်အဖွဲ့ ကို ရှင်လူ
လူပျိုအရွယ် အသက် ၂၀ ကျော်ကတည်းကသဘောကျခဲ့တာ။သင်္ကြန်ဆုပေးမဏ္ဍပ်ထဲကို ``ခြင်းကြားဒုတ်ထောက် ´´သံချပ်အဖွဲ့ဝင်လာပြီဆို ရှင်လူတို့ပရိတ်သတ်တွေအလုအယက် တိုးဝှေ့ ကြည့်ခဲ့ရတာ။
``ခြင်းကြားဒုတ်ထောက် ထိရာပေါက်သဟေ့..ဆိုပြီး ဒိုးသံ တမြိုင်မြိုင်နဲ့ သံချပ်တိုင်လိုက်ရင် ပရိတ်သတ်ကြီးဟာ စိတ်ထဲမှာ ရွစိ
ရွစိ ဖြစ်လာတာ၊ ဘာအကြောင်းတွေများ တိုင်မလဲပေါ့နော် အားလုံးနားတွေ စွင့်လို့ ။သူတို့ဝတ်ထားစားထားတာကလည်းအမိုက်စား ကိုမြင့်လွင်က ရှင်ဘုရင်ယူနီဖောင်းနဲ့ ကျန်တဲ့လူတွေက အမတ် စစ်သူကြီး ပုဏ္ဍားစသဖြင့် တကယ့် နန်းတွင်းအခင်းအကျင်းအတိုင်း ။အားလုံးဟာ ဗောင်းတွေ စလွယ်တွေ သံလျက်တွေ ဒါးလွယ်တွေနဲ့
ပြောင်ပြောင်လက်လက်။ အဲဒီမှာ ရှင်ဘုရင်ကိုမြင့်လွင်က တကယ်ဆို စကားထစ်တဲ့သူ ။သံချပ်တိုင်တော့ သံနေသံထားနဲ့ အထစ်အငေါ့မရှိ ချောလို့။ ``ကရဝိတ်ကြီးသနားစရာ
ရွှေလက်မခံဘူးဗျာ ..ဒီလင်မယားမှာအပြစ်ရှိနေလို့ထုံးသုတ်ကွာ ..ထုံးသုတ်ကွာ..´´ဆိုပြီး
မင်းကြီးက သံလျက်ကို ဝင့်ကာ ဝင့်ကာတိုင်လိုက်ရင် ပရိတ်သတ် လက်ခုပ်သံက တဖျောဖျော ..တော်တော်နဲ့မစဲ။ ဘယ်စဲနိုင်မလဲ ဆိရှယ်လစ်ခေါင်းဆောင်ကြီးဦးနေဝင်းက ပြည်သူတွေ ငတ်မွတ်ဆင်းရဲနေချိန်မှာ ကန်တော်ကြီးထဲ ကရဝိတ်ဟိုတယ်ဆောက်တော့ ပြည်သူက သောက်ညင်ကပ်နေတာ။
အင်း သင်္ကြန် သံချပ်အကြောင်းပြောရင်
ရှင်လူ့ မိတ်ဆွေ ကိုနေဝင်း(ဂန္ဓဝင်မောင်ဝိုင်း)
၈၈ ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော့်အဖေ၊ ဗေလုဝအကို ရဲ့ ``မောင်မောင်ဆိုလေထီးရိုးရှည်´´အဖွဲ့ကိုလည်းသတိရမိရဲ့။ ကိုနေဝင်းလည်း ကျောင်းဆရာဟောင်းပဲ ၊ ကွယ်လွန်ရှာပြီ...
story#observation #shinlhu
Tuesday, April 15, 2025
story
Subscribe to:
Post Comments (Atom)
No comments:
Post a Comment