မောင်ကောင်း vs မောင်ဆိုး
🎩
😁
👕👍Great!
👖
ဒီမနက်ပိုင်း ရဲလင်းကျော် ရောက်လာတယ်။ရှင်လူကြီး သူ့ကိုထမင်းလိုက်ကြွေးမယ် ပြောထားဖူးလို့ သူ့ဘက်က အပိုင်တွက်လာပုံရတယ်။ ထမင်း စားပြီးပလား ဆိုတော့ "ရှင်လူပြောထားတာ အညာသွေးမှာ သွားစားမယ်လေ"တဲ့။ ရာသီဥတုက
မနက်ပိုင်းလည်းဖြစ်ပြန် YBS 13-14-38
တခုခုစီးသွားရင် Aircon နဲ့ဆိုတော့ သိတ်လည်းမဝေးတာကြောင့် သွားကြမယ်ဆိုပြီး ထွက်လာခဲ့တယ်။
တကယ်တော့ ရှင်လူဂရုစိုက်ရမယ့်လူထဲမှာ ရဲလင်းကျော်လည်းပါပါတယ်။ လွန်ခဲ့တဲ့ ၄-၅ နှစ် ၊ သူနဲ့စတင်ရင်းနှီးခါစက
ရဲလင်းကျော် အခြေအနေက ဒီလိုမဟုတ်။
ရန်သူတွေပတ်လည်ဝိုင်းနေပြီး သူ့အဖေနဲ့ကအစ အဆင်မပြေ။ သူ့မျက်နှာက
အမြဲ နီရဲနေပြီး အချိန်မရွေးထပေါက်ကွဲတော့မယ့်ဗုံးတလုံးလို။ ဖြစ်နိုင်ရင် အိုင်အက်စ် အဖွဲ့တောင်ဝင်လိုက်ချင်သတဲ့။
သူသတ်ပစ်ချင်တဲ့လူတွေကလည်းအများသား။ အမှန်တော့ အဲ့ချိန်က ရဲလင်းကျော်တယောက် ဒေါသဟေတု တက်နေတယ်လို့ပြောရမယ်။ ရှင်လူ့ကို Confession
လုပ်စရာနေရာတခုလို လာလာပြီးရင်ဖွင့်နေတော့ ကိုယ်ကလည်း ဘုရားသခင်မဟုတ်။ ဘွဲ့ရပညာတတ်လူငယ်တယောက်မို့လည်း သူ့အယူအစွဲတွေကို ဝေဖန်ရတာမလွယ်၊ ဘုန်းကြီးတစ္ဆေဆိုတာမျိုး၊ ဘယ်လိုမှဝေဖန် ဖြောင့်ဖြလို့မရ။ ငါ့..လာမပြောနဲ့ဆိုလည်းမရ။ လက်ဖက်ရည်တိုက်၊ဘီယာတိုက်၊ ထမင်းခေါက်ဆွဲစတာတွေ ဝယ်ကြွေးပြီး သူ့အမုန်းတရားတွေ တွင်တွင်ဟောခဲ့ပေါ့။ ယတိပြတ် မောင်းထုတ်လိုက်ဖို့လည်း
ရှင်လူမလုပ်ရက်။စိတ်ပိုင်းမှာဒဏ်ရာရနေတဲ့ လူငယ်တယောက်ကို ပစ်ပစ်ခါခါ မလုပ်ချင်။ သူနဲ့စဆုံဖူးခဲ့တာကလည်း ကေတုမာလာ ဆုထူးပန်အဘိဓမ္မာသင်တန်းမှာမို့
ဓမ္မမိတ်ဆွေလည်းဖြစ်ခဲ့လေတော့ ဓမ္မနဲ့
ပဲ လက်တွဲဖေးမရမယ့် ဝတ္တရားကရှိနေပြန်တယ်။ တခုတော့ရှိတယ် သူ့ဘက်ကလည်း ရှင်လူ့လို ဘုဂလန့်ကျကျ ဆက်ဆံ
တတ်တဲ့ အဖိုးကြီးအပေါ်သည်းညည်းခံ
ဆက်ဆံတတ်တယ်မဟုတ်လား။ရှင်လူ့ကိုမှ သည်းညည်းမခံလည်း သူ့စကားကို စိတ်ရှုပ်ခံ ၊ နားညည်းခံနားထောင်ပေးမယ့်လူ တယောက်မှမရှိ။ ဒီတော့သူနဲ့ ရှင်လူက ပဋ္ဌာန်းဆက်အမျိုးအဆွေလို့ပဲ
ဆိုရမယ်။ သူက ကြီးပွားရေး စာအုပ်တွေ
၊ဥပမာ.. လင်းသိုက်ညွန့်တို့ ဒေါက်တာ
အောင်ထွန်းသက်တို့ဖတ်၊ ဟောပြောပွဲတွေလိုက်တက် နဲ့ စိတ်ကြီးကလည်းခတ်ဝင်ဝင်ရယ် ။ တခါတခါ ရှင်လု ကို ဘာစာအုပ်ဖတ်ရမလဲ မေးတတ်တယ်။ အဲ့ခါ မျိုးမှာ ရှင်လူက"တခြားစာအုပ်မဖတ်နဲ့ ပိုက်ဆံကုန်မယ်၊စာအုပ်ဆိုတာ လူအကြောင်း လောကအကြောင်း ၊သတ္တလောက၊သင်္ခါရလောက နဲ့ သြကာသလောကအကြောင်းရေးထားတာချည်းပဲ၊ ငယ်ငယ်က စီးပွားမရှာခဲ့လို့အသက်၆၀ ကျော်နေတာတောင် အနားမယူနိုင်ပဲ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ ရှင်လူ့ဘဝကိုဖတ်ရင် ၊မိသားစုဆွေမျိုးအသိုင်းအဝိုင်းကိုမထူထောင်ပဲ ထင်ရာစိုင်းခဲ့လို့ တကောင်ကြွက်ဖြစ်နေတဲ့ ရှင်လူကြီးကို သက်ရှိစာအုပ်ကြီးတအုပ်အဖြစ် မင်းဖတ်မယ်ဆိုရင် မင်းအတွက်အကျိုးရှိမှာပဲ "ဆိုတော့ သူမငြင်းနိုင်ဘူး။သူပြောနေကျ အမုန်းနဲ့ အာဃာတ စီးရီးတွေလည်းရှင်လူကတားမြစ်ရတယ်။လူတယောက်ရဲ့ စေတသိကဓမ္မတွေကို ဟိုလိုဒီလို ဖြစ်ပါလို့ လမ်းညွှန်ဖို့က ဘုရားအဆူဆူရင်ဆိုင်ခဲ့ရတဲ့ အဓိကပြဿနာကြီးတွေပဲ။လက်သည်းပေါ်ကမြေမှုန့်လောက်သာအဖတ်တင်တာ၊ မဟာပထဝီမြေ
ကြီးအဝှမ်းက အချည်းနှီးသာ။ အဲတော့ ရှင်လူသူ့့ကိုတရားမဟောတော့။တခုပဲ မေတ္တာရပ်ခံရတယ်..
"ငါက...တရားအားထုတ်နေတဲ့သူ၊ အဲ့လိုပြောတော့မင်းက တနေ့တနေ့ တကုပ်ကုပ်နဲ့
အလုပ်လုပ်၊ဘီယာဆိုင် လက်ဖက်ရည်ဆိုင်ထိုင် ကဗျာရေး စာရေး၊ ကလေးတွေတရုန်းရုန်းနဲ့နေတဲ့လူက တရားအားထုတ် နေတယ်ဆိုတော့ မင်း မျက်စိလည်ချင်လည်မယ်။ ငါနဲ့မင်း ဆက်ဆံခဲ့တဲ့နှစ်တွေအတွင်း ငါ ဒေါသဖြစ်တာမင်းဘယ်နှစ်ခါတွေ့ဖုးလဲ၊ ပင်ပန်းလို့ပါ၊နာကျင်လို့ပါလို့ ငါ
ညည်းညူ တာမင်း မြင်ဖူးးလား၊ ဟိုလူ့အကြောင်း ဒီလူ့အကြောင်းစသဖြင့် မကြေမနပ်အပြစ်တင်နေတာတွေ မင်းတွေ့ဖူးလား။ အဲဒါငါ့တရားတွေပဲ ..ဘုရားအဆူဆူက သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ပဒါ၊ သစိတ္တ ပရိယောဒပနံ၊
မကောင်းမှုရှောင် ၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဘုရားစကားနားထောင်ပြီး နေတာ။မင်းရောက်လာရင်
အကုသိုလ်တရားတွေ ဖြစ်တဲ့ လောဘ၊ဒေါသ၊မာန တွေ ကြားရတော့ ငါ့ အဓိဋ္ဌာန်ပျက်တယ်။ဒီတော့ မင်း..ငါနဲ့ဆက်ပေါင်းမယ်ဆိုရင် ငါ့ကိုအပူမပေးပါနဲ့၊ ငါကတော့အဓိဋ္ဌာန်အပျက်မခံနိုင်ဘူး။မင်းငါ့နားမှာဆွေ
မျိုးရင်းခြာတယောက်တလေ တွေ့ဖူးလား၊
တယောက်မှမရှိဘူး။ ငါဟာအကုသိုလ်နဲ့ဆွေမျိုးတော်မယ့်အစား တယောက်ထဲနေတယ်၊ ဒီနေ့ မင်းတွေ့ရတဲ့ ငါ့အပေါင်းအသင်းတွေဟာ ငါကိုယ်တိုင်ရွေးချယ်ထားတဲ့
ဆွေမျိုးတွေပဲ။ ဖွေးဖွေးသိမ့်လို ကလေးကအစ စိတ်ကောင်းရှိတယ်။အကောင်းဆုံးမဖြစ်သေးတောင် ကောင်းချင်တဲ့ အခြေခံ
စိတ်ရှိကြတယ်။အရှင်ဇနကာဘိဝံသ ပြောခဲ့သလို စိတ်ကောင်းရှိဖို့က ပထမပဲ။ဒီတော့
မင်းစိတ်ကောင်းထားဖို့ ကြိုးစားမယ်ဆိုမှ
ငါ့ဆီလာ၊ ချက်ချင်းရချင်မှရမယ်။ စေတနာအဓိကပဲ၊ မင်း စိတ်ကောင်းထားချင်တဲ့
ဆန္ဒရှိရမယ်။ ဒါတွေဟာ..ငါ့စကားမဟုတ်ဘူး။ ဗုဒ္ဓရဲ့ ရည်ရွယ်ချက်တွေပဲ။
မင်း စိတ်ကို ကောင်းအောင်ထားမယ်ဆို
လူ့ဘဝအခက်အခဲတွေဆိုတာ အားလုံးလွယ်ကူသွားလိမ့်မယ်၊ ဒါတင်မက နိဗ္ဗာန်ဆိုတာကိုပါ မင်းလိုချင်ရင် ရနိုင်မယ့်လမ်းရဲ့အစဟာ အဲဒီစိတ်ကောင်းလေးပဲ။
အဲတော့...မင်းဒေါသတွေ..ငါ့ကိုလှူလိုက်ပါ။
ရှင်လူ မျှော်လင့်တောင့်တတဲ့အတိုင်း ရဲလင်းကျော်တယောက် တဖြည်းဖြည်းချင်း မျက်နှာအရောင်ပြောင်းလာပါတယ်။
ဒေါသတွေကင်းစင်လာပြီး ရွှင်ပြပြ သောမနဿ မျက်နှာလေးရနေပါပြီ။သူ့အဖေနဲ့
သာမက ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ပါ အဆင်ပြေနေပါပြီ။သူ့ကြိုးစားမှုကို ရှင်လူ
ဂုဏ်ပြုသင့်တယ်လေ....
story#observation#shinlhu
No comments:
Post a Comment