Friday, May 30, 2025

story

အတွေးထောင့်
                       😊🙂🙃☺😋😌
                        အောက်ပါ Post လေးကိုကြည့်ပြီး အတွေးထောင့်အကြောင်း ခေါင်းထဲပေါ်လာတာကြောင့် ss ရိုက်ပြီးကူးလိုက်မိပါတယ်။
                         အမှန်တော့ မိမိတို့လူသားအားလုံးဟာ ဟောဒီသတ္တလောကကြီးမှာ လူသားတွေသာ အယဥ်ကျေးဆုံး အမြင့်မြတ်ဆုံးလို့ ခံယူထားကြပါတယ်။ ဒါကို
အများအားဖြင့် အငြင်းမပွားကြပါ။ဘာကြောင့်လဲဆိုတော့ အားလုံးဟာ လူသားတွေဖြစ်ကြပြီး လူသားရဲ့အတွေးထောင့်ကပဲ အမြဲတွေးတတ်ကြလို့ပါ။တကယ်တော့ လူသားတွေပဲ တီထွင်ထားတဲ့ကိုယ်ချင်းစာတ
ရား၊မေတ္တာ၊ကရုဏာ ဆိုတဲ့အရာတွေဟာ ငါဆိုတဲ့အတွေးထောင့်ကကြည့်ရင် မမြင်ရတဲ့အရာတွေပါ။
အဲဒါကြောင့် အတွေးထောင့်ကို တဘက်ပြောင်းကြည့်မှ ပေါ်လွင်ထင်ရှားလာပါတယ်။ခုစာလေးထဲကအတိုင်း " တိရစ္ဆာန် တွေမှာ သာ ဘာသာရေးရှိခဲ့ရင် အဲဘာသာရေးထဲက မကောင်းဆိုးဝါးတွေဟာ လူသားတွေဖြစ်ပါလိမ့်မယ်" ဆိုတဲ့အမြင်ဟာ တိရိစ္ဆာန်တွေရဲ့အတွေးထောင့်ဘက်က ဝင်ကြည့်တဲ့အမြင်ပါ။အဲ့ဒီအမြင်ဟာ မေတ္တာ ကရုဏာနဲ့ ကိုယ်ချင်းစာတရားကို ပုံဖော်ပေးတဲ့အမြင်ပါပဲ။တကယ်တော့ လူသားတွေရဲ့ဘာသာအမျိုးမျိုးထဲမှာ မကောင်းဆိုးဝါး မိစ္ဆာ စတဲ့ အရာတွေကိုခဏခဏ ရည်ညွှန်းတတ်ပါတယ်။လူသားတွေဟာထိုမကောင်းမိစ္ဆာတွေကို ရွံရှာမုန်းတီးကြပါတယ်။ရွံရှာမုန်းတီးတတ်အောင်လည်း ဘာသာတရားအသီးသီးကသင်ကြားပေးခဲ့ပါတယ်။
                      တကယ်လို့ တိရိစ္ဆာန်တွေဘက်က ခဏလောက်ဝင်ကြည့်လိုက်ရင် ပုရွက်ဆိတ်အရွယ်ကအစ
ဝေလငါးအထိ လူသားတွေက အစိမ်းလိုက်စားတာစား ကြော်လှော်ချက်ပြုတ်စားတာစား ၊ဆေးဝါးအတွက်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖို့ ဖမ်းဆီး သတ်ဖြတ်လိုသတ်ဖြတ်၊အပျော်တမ်းအမဲလိုက်သူကလိုက်၊ကြက်တိုက်နွားတိုက် လောင်းကစား ပျော်ပွဲကျင်းပသူကကျင်းပ စသဖြင့် လူသားတွေရဲ့ ရက်စက်ယုတ်မာမှုတွေက တကယ့် မကောင်းဆိုးဝါး အပြုအမူတွေဆိုတာ ရေးပြလို့တောင်မကုန်နိုင်ပါဘူး။အဲ....ချွင်းချက်အနေနဲ့ တခုတော့ ပြောစရာရှိပါတယ် ။လူသားထဲမှာ မေတ္တာ ကရုဏာ ကိုယ်ချင်းစာတရားရှိတဲ့ အရိယာသူတော်စဥ် တချို့တော့ရှိသပေါ့ဗျာ။ဒါပေမယ့်ကမ္ဘာ့ အတိုင်းအတာနဲ့ဆိုမပြောပလောက်ပါဘူး။ကမ္ဘာ့အတိုင်းအတာနဲ့ပြောရရင် တိရိစ္ဆာန်အပေါ်တွင်မက လူသားအချင်းချင်းတောင် နိုင်လိုမင်းထက်နှိပ်စက်ကလူ
တတ်တဲ့
လူ့မကောင်းဆိုးဝါးကြီးတွေရှိနေတယ်ဆိုတာ....
story#observation #shinlhu


Wednesday, May 28, 2025

story

တားတားရှင်လူ
🗽🎠🗽🎭

ဒီနေ့ခင်း ရှင်လူကြီး လက်ဖက်ရည်သောက်ထွက်တော့ ဖွေးဖွေးသိမ့်ကမှာတယ်
"ရှင်လူ မီးမီးအတွက် Pep နို့မှုန့်တထုပ်ဝယ်ခဲ့"တဲ့
"အေး သမီး"ဆိုပြီး ရှင်လူကြီး စက်ဘီးလေးနဲ့ထွက်ခဲ့တယ်။ လက်ဖက်ရည်ဆိုင်က
ပြန်လာတော့ ရှင်လူ ဖွေးမှာတာမေ့လာခဲ့တယ်။ရှင်လူအိမ်ပြန်ရောက်ရောက်ချင်းပဲ
ဖွေးက"မီးမီးမှာတဲ့နို့မှုန့်ရော"တဲ့။အဲ..ဟုတ်ပ ရှင်လူမေ့လာခဲ့ပြီ..
"ကဲပါ သမီးရယ်  ရှင်လူမေ့လာခဲ့ပြီ၊
လာ အန်တီ မတင့်ဆိုင်မှာသွားဝယ်မယ်"ဆိုပြီးနှစ်ယောက်သားထွက်လာခဲ့တယ်။နို့မှုန့်ဝယ်ပြီး အပြန် လမ်းကျတော့ဖွေးက"ရှင်လူ ကလေးလုပ်"တဲ့
"ဘာလဲဟ.. ငါမကစားအားသေးဘူး၊
အလုပ်လုပ်ရအုံးမယ်"ဆိုတော့
"ရဘူး..ရဘူး  ကလေးလုပ်ရမယ်"တဲ့
ဗုဒ္ဓေါ...အိမ်ရောက်တော့ ဖွေးက သူအသင့်ဆေးကျောထားတဲ့ ခွက်တွေဇွန်းတွေနဲ့ သောက်ရေအိုးကရေခပ်ပြီး နို့မှုန့်ဖျော်ပါလေရော
"လာ..ကလေးလာ၊ သားသားဒီမှာအိပ်
နို့သောက်မယ်"ဆိုပြီး ရှင်လူကြီးကိုတွန်းလှဲပါလေရော။ အင်း..သဘောပေါက်ပြီ
အပေါ်ထပ်က ရူပါက သူ့သား အောင်ဉာဏ်ဖြိုးကို ဆန်မှုန့်ကျိုပြီး ကြွေးတာကို
ဖွေးက အသေအချာ မှတ်ထားပြီး သရုပ်တူ လုပ်နေတာကိုး။ သူခိုင်းတဲ့အတိုင်းမလုပ်လည်း ပြဿနာကရှာအုံးမယ်။လုပ်ပြန်ရင်လည်း မသိတဲ့သူတွေက ဒီအဖိုးကြီး
သူငယ်ပြန်တယ် အပြောခံရအုံးမယ်။
ဟယ်..တတ်နိုင်ပါဘူး ကွကိုယ် ရုပ်ရှင်သရုပ်ဆောင်လိုလုပ်ပြီး ကလေးအသွင်ပြောင်းလိုက်မယ်..လာလေ့..ပလို့ဂျိ...
story#observation#shinlhu

Monday, May 26, 2025

story

ဘာရယ်မဟုတ်
            စာ‌ခြောက်ရုပ်
      😌🤔👺🤗🙄
    အပိုင်း(၅)

      ဘာရယ်မဟုတ်         အရင်လို ဖလန်းဖလန်း မဟုတ်တော့ပေမယ့် 
လမ်းလျှောက် နိုင်သေးတယ်။ စကား‌ပြောနိုင်သေးတယ်။ အစာလည်း စားနိုင်သေးတယ်။ 
      အမှန်တော့ လူ့ဘဝဆိုတာ လမ်းလျှောက်နိုင် စကား‌ပြောနိုင် အစာစားနိုင်ရုံနဲ့တော့ မ ပြည့်စုံ သေးဘူး။
      ကလေးဘဝ အစကတည်းကိုက အ‌ခြေခံ သင် ကြားခဲ့ရတဲ့ လမ်းလျှောက် စကား‌ပြော အစာစားအလေ့အကျင့်တွေက တရိစ္ဆာန်တွေလည်း အတူတူပါပဲ။စကား‌ပြောတာကလွဲလို့ပေါ့လေ။ ရှင်လူ ကြီးက ဘဝကို အဲလို
ယုတ္တိကျကျ ခွဲ ခြမ်းစိတ် ဖြာ ပြီး နေလာခဲ့တာ အခု အသက်၆၉ နှစ်ထဲဝင်ခါမှ အခန်းထဲ ထိုင်နေရတဲ့ လူအို လူနာ
ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုနဲ့ကြုံနေရတယ်။ကိုယ့်အဝတ်ကိုယ်လျှော်ရတာ ၊စားပြီးပန်းကန်ဆေးရတာကအစ မောပန်းနွမ်းနယ် လာ ပြီဆိုတော့
ဘဝ= ဒုက္ခ ဆိုတဲ့ အဓိပ္ပာယ်ထွက်လာတယ်။
       အလုပ်ကလည်း သ င်္ကြန်မတိုင်ခင်ကတည်းက
medical leave ယူထားတာ ဆိုတော့ နှစ်လနီးပါး ဖြစ်နေ ပြီ။ ပြန်ဆင်းချင်လှ ပြီ။
       ရှင်လူ့ ရောဂါတွေက များတော့ ရှင်လူ့ကိုနှိပ်စက်နေတဲ့ရောဂါ က ဘာရောဂါမှန်းလည်းမသိတော့။
အစာအိမ် ၊‌ေ သွးတိုး ၊ရင် ကြပ် ၊လိပ်ခေါင်း စုံနေတာပဲ။
ဒီတော့ ဆေးထိုးလည်းခဏပဲ။ နောက်နေ့ ကတုန်ကယင်နဲ့ မောလွယ်နေပေမယ့် အခန်းထဲ ထိုင်နေရ‌တော့လည်း အဆင်မ‌ပြေပြန်။မိုးတိတ်တဲ့အခါ တိုင်းဝေဒနာကိုအာရုံ‌ပြောင်းဖို့ လမ်းထွက်လျှောက်ရတာလည်း ရပ်ကွက်ထဲ ခရုပတ်
စက်ဝိုင်းတွေ အထပ်ထပ်။
အဲဒါ မနေ့က ဆေးခန်းသွားတော့ အ‌ကြောဆေးသွင်းပေးလိုက်တာ တနေ့လုံးနေလို့ကောင်းတယ်။ ဟော ... ဒီမနက် ကျ အားအင်ကုန်ခန်းနေ ပြန်ရော။
ဒါနဲ့ ဆေးခန်းကဆရာဝန်လေး နဲ့တိုင်ပင် ပြီး ပုလင်းချိတ် ဖြစ်တယ်။ ဆရာဝန်လေးက သူ့ဆေးခန်းနေရာ ကျဉ်းလို့အိမ်လိုက်ချိတ်ပေးတယ်။
သူဝယ်ခိုင်းတဲ့ အားဆေးကို
ဆေးဆိုင်မှာ ဆိုက္ကားနဲ့ သွားဝယ် ပြီး ဆရာဝန်လေးကိုပါ
ဆိုက္ကားနဲ့ အိမ်ပင့်လာခဲ့တယ်။ ဆေးပုလင်းချိတ် ပြီး ဆရာဝန်လေးက ကပ်ရက်အခန်းက ဖွေးဖွေးသိမ့် တီတီလေးကို ဆေးကုန်ရင် အပ် ဖြုတ်ဖို့သင်ပေးခဲ့တယ်။ဆေးက အနည်းဆုံး ၃ နာရီလောက်သွင်းရမတဲ့။ အ
ငြိမ်မနေတတ်တဲ့ရှင်လူ ကြီး
ဆေးသွင်း ပြီး၁ နာရီလောက် ကြာတော့ ဆီးအရမ်းသွားချင်လာတယ်။ဒါနဲ့ အိမ်ရှေ့က ရဲရင့်အောင်ကို ဖုန်းဆက်လှမ်းခေါ် ပြီး ဆီးပုံးယူခိုင်း၊ တံခါးပိတ်ခိုင်း ပြီး ဆီးသွားပေါ့။ ဒီလိုနဲ့ နောက်တခါ ဆီးတင်းလို့ဆီးသွားတဲ့အခါ လက်က ဆေးသွင်းပိုက် ပြုတ်ထွက် ပြီး သွေးတွေထွက်လာတယ်။ မွန်းလွဲ ၁ နာရီဆိုတော့ ဆေးခန်းကဆရာဝန်လေးလည်း ပြန်သွားလောက် ပြီ။ ပိုက် ပြန်တပ် ပြီး ဆက်သွင်းဖို့ ညနေလာထိုင်တဲ့ ဆရာဝန်နောက်တယောက်ပင့်ရမယ်။
လိုက်ကော လုပ်ပေးပါ့မလားမသိ။
       ဒီလိုနဲ့ညနေ ၄ နာရီခွဲ ဆေးခန်းကိုသွားတော့
အလှည့်ကျထိုင်တဲ့ ဆရာဝန်လေး နောက်တယောက် ရောက်နေ ပြီ။ "ဘာ ဖြစ်တာလဲ"မေးလို့နေ့လယ်က အ
ဖြစ် ‌ပြော ပြတော့ သူ ပြန်လုပ်ပေးမယ် ၊ခဏစောင့် အ ပြင်က လာပင့်လို့သွားလိုက်အုံးမယ် ဆို ပြီး ဆေးပုံးလေး ကိုင် ပြီး ပင့်သူနောက်
လိုက်သွားတယ်။ဆရာဝန်ထွက်သွား ပြီးမှ နောက်ထပ်လူနာတွေတယောက် ပြီးတယောက် ထပ်ရောက်လာတယ်။ ၂ နှစ်သား နဲ့ ၁၁ လသားအရွယ်လေးတွေလည်းပါတယ်။ တယောက်က ဝမ်းသွားလို့တယောက်က 
ရင် ကြပ်ပြီးဖျားလို့။ဒီလိုနဲ့ဆရာဝန်လေး တခေါက်ပြန်ရောက်လာ ပြီး နောက်အိမ်ပင့်တယောက်နဲ့ပါသွား ပြန်တယ်။ စောင့်ရမှာပေါ့ မိမိဆေးသွင်းဖို့ဆက်လုပ်ပေးမယ် ‌ပြောထားတာပဲ။ ဆေးက ပိုက်မ ပြုတ်ခင် သုံးပုံ တပုံလောက်သွင်းထားတာနဲ့တင် နေရထိုင်ရ အဆင်‌ပြေနေတယ်။ ဒီတော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်ပေါ့။
ဆရာဝန်လေးက အိမ်ပင့်က
ပြန်လာ ပြီး မိမိမျက်နှာလှမ်း
ကြည့်လိုက်တော့ စောင့်နေတဲ့ လူနာတွေဘက်လက်ပြလိုက် ပြီး သူတို့အရင် ကြည့်ပေးလိုက်ပါ လို့‌ပြောလိုက်တယ် ။ ဟုတ်တယ်လေ ကိုယ်က သွင်းလက်စပုလင်း ဆက်သွင်းရုံ။ တချို့လူနာသစ်တွေက လတ်တလော ခံစားနေရတာ။ဒီလိုနဲ့
တယောက် ပြီးတယောက်။
၂ နှစ်သား ဝမ်းသွားတဲ့ကလေးက ဆေးခန်းထဲ လျှောက်ဆော့နေတယ်။ ၁၁ လသားကလေးကတော့ ပိန်ပိန်လှီလှီလေးနဲ့ ချောင်းဆိုးလိုက် ငိုလိုက် ဝေဒနာခံစားနေရတယ်။ အသက် ၁၆ နှစ်လောက်သာမှန်းရတဲ့ သူ့အမေက ကလေးကိုပွေ့ထားရင်း တင်ပါးကို
ခပ်ပြင်းပြင်း ပုတ်ပုတ်ပေးနေတယ်။ ငိုနေတဲ့ကလေးက
သူ့အမေ ပုတ်ပေးတဲ့အခါ မျက်နှာပေါ်က နာကျင်မှုတွေ
ပျောက် ပြီး လန်းဆန်းလာတယ်။မိခင်တယောက်ရဲ့သာမာန်လက်ဝါးတွေမှာ ထူးဆန်းတဲ့ တန်ခိုးစွမ်းအင်တွေကို တွေ့နေရတယ်။ အထဲကလူနာထွက်လာတော့ ကလေးအမေက"အဘ ဝင်လေ"တဲ့။ ‌ဒါနဲ့ ခေါင်းဆတ် ပြီး
သူ့ကိုပဲ ဝင်ခိုင်းလိုက်တယ်။
၄ နာရီခွဲကတည်းက စောင့်နေတာ ၇ နာရီထိုး ပြီ။ ဒါပေမယ့် စောင့်နေတဲ့ လူနာအကုန် ပြီးအောင် ဦးစားပေးလိုက်တယ်။ အမှန်တော့ မိမိရဲ့အသက်ရှင်သန်နေမှုဟာ သူတပါး အပေါ်စာနာ နားလည်မှု၊ သက်ညှာ စောင့်ရှောက်မှု လုပ်နိုင်မှသာ လူ ဖြစ်
ကျိုးနပ်ပေလိမ့်မယ်။ 
       ဒီလိုနဲ့လူနာကုန်တော့ ဆရာဝန်လေးက ဆေးခန်းကုတင်ပေါ်တက်ခိုင်း ပြီး လက်ခုံ အ‌ကြောကို အပ်သွင်းတယ်။ ဒီမှာ အဆင်သင့် လုပ်သွားပြီး အိမ်ရောက်တော့
ပိုက်နဲ့ဆက်လိုက်ရုံပေါ့ တဲ့။
အပ်ပေါ်က အသေအချာ ပလာစတာကပ် ၊ပတ်တီးပါစီးပေး ပြီးမှ နှစ်ဦးသားဆေးခန်းအ ပြင်ထွက်လာခဲ့ ကြ။
မိမိက အသင့်ထုတ်ထားတဲ့
တထောင်တန်လေးနဲ့ ဆိုက္ကားတစီးလှမ်းခေါ်လိုက် ပြီး
လမ်းဟိုဘက်ထိပ်သိတ်မဝေးပေမယ့် ဆရာဝန်ကို သိက္ခာရှိ ရှိ ပင့်ခဲ့တယ်။အခန်းရှေ့ရောက်တော့ ဆိုက္ကားဆရာကို ငွေ တထောင်ပေးရင်း "ဆရာ့ကို ခဏစောင့်ပေးပါ"ဆို ပြီး‌ မှောင်နေတဲ့ အခန်းထဲဝင် မီးဖွင့်ပေါ့။ဆရာဝန်လေးက အရင်ဆုံး "ဆီးသွားချင်သွားထား ၊အားမနာနဲ့"ဆိုတာနဲ့ဆီးအရင်သွားထားလိုက်တယ်။ ဆရာဝန်က အ‌ခြေအနေ ခဏ
ကြည့် ပြီး ဆေးပိုက် ကို ပြန်ချိတ်ပေးတယ်။ ပြီးတော့
ဆေးကုန်ရင် ပိုက် ဖြုတ်ပုံ
ဖြုတ်နည်း ပြပေး ပြီးမှ ပြန်သွားတယ်။‌ခြေ ကြွခ ပေးတာလည်း မယူပါဘူး။
       မိမိအခန်းထဲက ဆိုဖာ ကြီးပေါ်မှာ အရမ်းကျန်းမာချင်နေတဲ့ ရှင်လူ ကြီး ဆေးပိုက်တန်းလန်းနဲ့ တယောက်ထဲပေါ့။အပေါ်ကတစက်စက်ကျနေတဲ့ ဆေးရည်
ဝါဝါတွေကို ကြည့်ငေးရင်း
တနာရီခွဲ လောက်အ ကြာ
ဆေးကုန်မယ့်အချိန်ကို စောင့် နေမိတယ်။ ဒိအချိန်မှာပဲ
ဖွေးဖွေးသိမ့် ‌ကြောင် ဂျ ူ ဂျ ူ ူးက အိမ်ရှေ့ပေါက်က တလှမ်းချင်း ဝင်လာခဲ့တယ်။ရှင်လူဆေးသွင်းနေတဲ့ ဆိုဖာနောက်မှီပေါ်တက် ပြီး ဆိုဖာ ကြီးကို အနံ့ခံနမ်းရှုံ့ရင်းဘေးကစားပွဲပေါ်တက်သွားတယ်။စားပွဲပေါ်က ဘူးတွေ၊
ပစ္စည်းတွေကို လိုက်နမ်းနေ
ပြန်တယ်။
        ခဏ  ကြာမှာ မထင်မှတ်ဘဲ ဒုန်းခနဲ အသံ နဲ့အတူ မိမိရင်ဘတ်ပေါ်တခုခုကျလာလို့ကြည့်လိုက်တော့ ‌ကြောင်က တံခါးထောင့်က ကြွက်ကို ‌တွေ့ပြီး စားပွဲပေါ်က မိမိရင်ဘတ်ပေါ််တဆင့်ထောက် ပြီးခုန်ဆင်းသွားတာ ။ အင်း နှလုံးရောဂါမရှိသေးတာတော့ ဟုတ်လောက်တယ်။ နှလုံးသမားဆို
သေသွားနိုင်တယ်။
        တော်သေးရဲ့ဆေးပိုက်ကိုသာဝင်တိုက်သွားရင်
ဆေးတပုလင်းကို ဆရာဝန်
၃ ယောက်နဲ့ ၃ ခါ ပြန်ချိတ်ရမှာ။ ဆေးကုန်သွားတော့
မျက်စိတွေလည်း ကြည်လို့၊
လူလည်းလန်းနေတယ်။ဒါပေမယ့် တညပါပဲ ၊ နောက်နေ့မနက် အရင်အတိုင်း အားအင်ချိနဲ့တုန်ယင် မြဲ။ 
       ဘာရယ်မဟုတ် ၊ စိတ်တွေ ပျံ့လွင့် နာကျင်နေလို့ သက်သာအောင် စိတ်‌ပြေလက်ပျောက် တွေ ရေးနေမိတာ။ ဒီတခါ ဖျားနာချိန် တရားမှတ်ရတာလည်း အကျင့်က မရှိတော့ သမာဓိကမတက်ဘူး။ စာရေးတာကျတော့ သမာဓိ ရလွယ်တယ်။
သမ္မာ သမာဓိ တော့ ဟုတ်မထင်ဘူး။ ဒဏ်ရာသက်သာအောင် မော်ဖင်းထိုးသလိုပေါ့။
story#observation#shinlhu

Monday, May 19, 2025

story

နုထွားကြီးမဟုတ်
ဒီအရွယ် ဟာ ပြုတ်မနူးကြီးကွ
💻👿💻😖💻👿💻😖

ရှင်လူ​ကြီးတို့မှာ အိမ်ပိုင်နဲ့နေခဲ့တုန်းကနှစ်ထပ် အိမ်ကလေး အောက်ထပ် နှစ်ခန်းကို အိမ်ငှားတင်ထားခဲ့တယ်။ အပေါ်ထပ်ကတော့ မိမိရော အဖိုးအဖွားနဲ့ ဦးလေးမိသားစုပါ တလှေကြီးစုပေါင်းနေခဲ့ကြတယ်။
ဦးလေးမိသားစုမှာ ဦးလေးမိန်းမက အနေအထိုင်ပက်စက်တယ်။ ဒါကြောင့်  ရှင်လူနဲ့မတည့် ၊မကြာခဏစကားများရတယ်။ နေတော့ အိမ်အပေါ်ထပ် မှာနေပြီး သူ့သားသမီးတွေချေးသေး အစ
အချိန်မီ သုတ်သင်ဆေးကြောတာမျိုး မလုပ်တော့ အောက်ထပ်က အိမ်ငှားတွေခမျာ စိတ်ဆင်းရဲရတယ်။  ဦးလေးမိန်းမကတော့ "အိမ်ငှားပဲ၊ မနေချင်ပြောင်းပေါ့၊ငကန်းသေ ငစွေ
ပေါ်လိမ့်မယ်"ဆိုတဲ့ မျက်နှာပေးနဲ့ ခပ်တင်းတင်းပဲ။ ရှင်လူ က သာ လူ့ကျင့်ဝတ်အရ မျက်နှာပူပြီး ကြားက တောင်းပန်တန် တောင်းပန်၊ကိုယ်တိုင် ဝင်ပြီး သန့်ရှင်းရေးလုပ်လိုလုပ်ပေးပေါ့။
အခု ရှင်လူကြီး အိမ်ငှားဘဝ
နှစ်ပေါင်း ၄၀ ကျော်မှာ အောက်ထပ်ခန်း အတွေ့အကြုံ
ဇာတ်လမ်းစုံတွေ အများကြီးရခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင်က အပေါ်ထပ်နေသွားတဲ့ ကားဒရိုင်ဘာတယောက်ဆိုရင် မူးပြီး သေးပါပေါက်ချပေါ့။ တခါ နှစ်ခါ သုံးခါ ထိ
ဇနီးသည်က ဒေါသဖြစ်ပြီး
ရန်လုပ်မယ်ကြံ တိုင်း ရှင်လူက
ဇနီးသည်ကို ဖြောင့်ဖြရတယ်။
အရက်သမားကဒီလိုပဲ၊အရက်သောက်တာကြာလာရင် သူတို့အာရုံကြောတွေ ထိန်းမနိုင်တော့ဘူး...ဘညာ..နဲ့ ဖြောင့်ဖြ
ခဲ့ရပေါ့။ နောက်တော့ သိလာရတာက အဲ့ဒီ အရက်သမားဟာ
သူ့ ဘော်ဒါ တယောက် အိမ်ခန်း လိုချင်နေခိုက် သူနဲ့အပေါ်ထပ်အောက်ထပ် နီးနီးကပ်ကပ် နေနိုင်အောင် ရှင်လူ့ အပေါ် ယုတ်မာတာ၊ ပြောင်းပြေးအောင်လုပ်တာမှန်းသိလာ တယ်။ ဒီတော့ တနေ့...သူအပေါ်ထပ်လှေခါးပေါ်က
"လူတွေနဲ့... ဝေးဝေး...ဝေးတဲ့နယ်မြေ"ဆိုလားသီချင်းဆိုရင်း
ဆင်းလာတာနဲ့ ရှင်လူလည်း
စိတ်တိုပြီး ခွေးခြေနဲ့ကောက်ရိုက်လိုက်တယ်။
နောက် အဖွားကြီးတယောက်ကျတော့ ထမင်းအိုးဝေတာ
နောက်ဖေးခန်းမှာ နေ့တိုင်း
ထမင်းရည်ပူကျတယ်။ပြောလည်း ကြောင်ရိုက်မနာ ဆိုသလို နောက်နေ့ကျမြဲ။
တခါတခါ စဥ်းစားမိတာကတော့ တချို့ လူတွေ ဦးနှောက်ထဲ အိုင်အိုဒင်း ချို့တဲ့ပုံ
ရတယ်။ အောက်ထပ်မှာလည်း
ကိုယ့်လို လူတွေနေနေတယ်ဆိုတဲ့ အသိမျိုး ချို့တဲ့လွန်းတယ်။
အပေါ်ထပ်က ရေသွန်ရင် ပက်ခနဲသွန်တယ်။အောက်ကလူ ခေါင်းပေါ်ကျ၊ အပြင်သွားဖို့ ဝတ်ထားတဲ့ အဝတ်တွေစိုကုန်ပြီးမှ "ကန်တော့နော်၊
လူရှိမှန်းမသိလို့"ဆိုတာ။
တခါတခါ ကြမ်းကြားကဖိတ်လာတဲ့ရေက အောက်မှာလှမ်းထားတဲ့ တီရှပ် ဖွေးဖွေးလေးပေါ်ကျတော့ ကြမ်းကြားက
ချေးနဲ့ ကော်ဖီရောင်တွေစွန်းကုန်တယ်။အစွန်းကတော်တော်နဲ့ မကျွတ်တော့ဘူး။ အမြတ်တနိုးထားတဲ့ တီရှပ်အဖြူလေး ဝတ်မရတော့ဘူး။ဝတ်လိုက်ရင် သွေးတစိုစို ပြီတစိုစိုစွန်းနေတဲ့အတိုင်း။
သူ့မှာ နားတွေ မျက်စိတွေ အစုံရှိနေတာပဲ..လူလူချင်း လေးစားတန်ဖိုးထားရင် သိကိုသိရမယ်။
ခုပြောတဲ့ သေးအိုးမှောက်တာမျိုး ဆိုရင် အောက်ကစိုသွားတဲ့ အဝတ်စား အိပ်ယာ ဘာညာကို ပြန်လျှော်ပေးပြီး တောင်းပန်ရမယ်။နောက်ထပ်မဖြစ်အောင်လည်းသတိထားရမယ်။အခု ရှင်လူတို့အနားမှာ
ကိုရီးယား ကဆောက်နေတဲ့ 
Inno City ဆိုတဲ့ မိုးမျှော်လူမှု
အသိုက်အဝန်းတခု တည်ဆောက်နေတယ်။အဲ့မှာသာ သူတို့ကို အပေါ်ဆုံးထပ်
ဝယ်ပေးလိုက်ရင် ဘယ်လိုနေမလဲ။ တိုက်အထပ်မြင့်ဖို့ထက်
စိတ်အထပ်မြင့်ဖို့က ပိုအရေးကြီးတယ်။ လည်ပင်းကဆွဲကြိုးကြီးအချိန်စီးဖို့ထက်
ခေါင်းထဲကဦးနှောက်အချိန်စီးဖို့ကပိုအရေးကြီးတယ်။
အိမ်သာ ခေါင်မိုး သွပ်ပြားပေါ်
ခိုစာပက်ကြွေးတော့ အထဲကအီးပါတဲ့လူက လန့်ပြီး ထွက်ပြီးသားအီးတုံးပြန်ဝင်သွားတယ်။အိမ်သာအမိုးပေါ် ခိုတွေက တဝုန်းဝုန်း အစာကောက်တော့ သွပ်ပြားအဆွေးတွေကပေါက်ကုန်တယ်။မိုးဦးကျလို့ အိမ်ရှင်က ပြင်မမိုးပေးနိုင်ရင်
အီးပါရင်းရေပါချိုးနေရမှာ။
နိုင်ငံတော်အစိုးရက ပညာရေး
မှာ Sex Education အကြောင်း
ပြောတာကြားတော့ ရှင်လူက
လူတွေ စိတ်နဲ့ကိုယ်နဲ့ကပ်အောင် Body+Mind Education. ကို အကြံပြုချင်တယ်။တချို့ 
ကွန်ကရစ်လမ်းပေါ် ဗြစ်ခနဲ
ကွမ်းသွေးထွေးချတယ်။အထူးသဖြင့် ဆိုက္ကား သမားနဲ့ ကားသမားတွေ လုပ်တတ်တယ်။
ကိုယ်အမှီပြု လုပ်ကိုင်စားနေတဲ့ လမ်းကိုတောင် လေးစားရကောင်းမှန်းမသိ။ဒီလူတွေအထင်သေးလို့တော့မရ။ဆိုက္ကား သမား တက္ကစီသမားတွေထဲမှာ ဘွဲ့ရ ပညာတတ် မဟာဝိဇ္ဇာတွေတောင်ပါတယ်။
ပညာမတတ်လို့မဟုတ်။သူတို့ကိုသင်ပေးလိုက်တဲ့ ပညာထဲမှာ စိတ်နဲ့ကိုယ် အညမညပစ္စယော ဘာသာရပ်မပါခဲ့ကြလို့ပါ။
အဲ...အမှန်ကို အမှန်အတိုင်း
ထူးထူးဆန်းဆန်း ကိစ္စတခုအနေနဲ့ပြောရရင်တော့
မသန်းစီနဲ့ နောက်တမိသားစုနှစ်စုရှိခဲ့တယ်။အဲ့မိသားစုကတော့ ပြောင်းသွားတာကြာလို့ နာမည်တောင် မမှတ်မိတော့ဘူး။ သူတို့ကတော့ ရေကျဖို့နေနေသာသာ ခြေသံတောင်မကြားရပါဘူးဗျာ။
ရှင်လူက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ အပြစ်မပြောဘူးနော်။ 
ပညာရေးရဲ့ အားနည်းချက်ကို ထောက်ပြနေတာ။
ဦးရှင်ကြီးထိပ်ခေါက်ပြီမှ ကွမ်းဆေး လက်ဖက်နဲ့ ကန်တော့ ကန်တော့ ဆိုရင် ရချင်ရမယ်။ရှင်လူကြီးကတော့
 ဝါဝင်ဝါထွက် ကန်တော့ဆွမ်းစားတဲ့ နတ်မျိုးမဟုတ်တဲ့ လခစား လုံခြုံရေးနတ်မို့ 
နည်းနည်း အခက်အခဲရှိနိုင်တယ်။ အဲ..တခုတော့ရှိတယ် 
ကိုယ့်အမှားကိုယ်သိကြမယ်ဆိုရင်တော့ ကျေနပ်တယ်။
ဒီရုပ် ဒီနာမ်တွေကို အပ္ပမါဒဆိုတဲ့ တရားနဲ့ မမေ့မလျှော့စောင့်ကြည့်နိုင်ရင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမှာနော်....
(အရင်က ရေးမယ်လုပ်ပြီးမှ
မရေးဘဲ နေခဲ့တာ၊ခုတော့ ရေးသင့်ပြီထင်လို့ ရေးတာပါ၊တဖက်သားတွေနစ်နာစေလိုတဲ့စေတနာနဲ့မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေးကို
ဦးတည်ပါတယ်။ တဦးနဲ့တဦး
အပြန်အလှန် လေးစားရင် ငြိမ်းချမ်းတယ်)
story#observation#shinlhu


Friday, May 16, 2025

story

ဥက္ကလာထိပ်ခေါင် ရဲရင့်အောင် ပါတဲ့...😀😬😁😂😅😆😇😉🙃☺😌😎
ရှင်လူကြီး အသက်၇၀ ကျော်လာပြီဆိုတော့ မိမိမျက်စိရှေ့ အရွယ်ရောက်လာတဲ့ ကလေးလူငယ်တွေ များလှပြီ။ ဒီ ဖိုးလဝန်းခေါ်(ရဲရင့်အောင်)က ရှင်လူ့အခန်းနဲ့ မျက်နှာချင်းဆိုင်အိမ်ကပါ။သူငယ်စဥ် ကလေးဘဝကတည်းက သူ့ဓပုံတွေလည်းအတန်သင့် ရှင်လူရိုက်တင်ခဲ့ဖူးရဲ့။တခါဆို ယဥ်ကျေးလိမ္မာသင်တန်းမှာ သူ့သူငယ်ချင်းမိလ္လာတွင်းထဲချော်ကျလို့ သူ့အကူအညီနဲ့ကယ်တင်နိုင်တာကြောင့် သင်တန်းကသူ့ကို ဆုငွေချီးမြှင့်တဲ့အကြောင်းရှင်လူ ဗွီဒီယိုရိုက်ပြီး fbမှာအင်တာဗျူးတင်ခဲ့ဖူးတယ်။ဇကတော့မသေးဘူး။ရှင်လူမေးသမျှ အချက်အလက်နဲ့ မတွန့်မဆုတ် သူပြန်ဖြေနိုင်ခဲ့တယ်။သူက လူမှန်းသိစအရွယ်ကတည်းက အလှူခံဆိုင်းလှည့်သံကြားရင် မရိုးမရွ ဖြစ်တတ်သူ။
ကထိန်ရာသီနီးလို့ နံကရိုင်းမယ်တော်သီချင်းနဲ့ ကျွဲရိုင်းအကအဖွဲ့ရောက်လာရင် သူ့စိတ်တွေမထိန်းနိုင်တော့။ဝါးခြမ်းကို ​ကြိုးနဲ့ကွေး ပုဆိုးကြီးခြုံလို့ နံကရိုင်းကျွဲအက ကလေပေါ့။နည်းနည်းအရွယ်ရောက်လာတော့ အိမ်နားက"ရှန်းရှန်းတောက်"ရှမ်းအိုးစည်အဖွဲ့နဲ့လိုက်ပြီးဓားသိုင်းကလေရဲ့။အိမ်ကမိဘတွေ ဘယ်လိုတားတား မရ ။ခုမှသူ့ပညာရေးက ခုနှစ်တန်းလားရှစ်တန်းလားမသိ။သဘာက နတ်ဆရာဖြစ်နေပြီ။ငယ်စဥ်ကတ ည်းက ပညာထူးချွန်ဆုတွေဘာတွေလည်းရနေကျမို့ သူ့ကိုကျောင်းပညာရေးထူးချွန်မယ်ပဲထင်ခဲ့တာ။မိဘအသိုင်းအဝိုင်းတွေဘယ်လိုပဲတားတား သူ့ဖြစ်တည်မှုကတားမရခဲ့။ခုလည်း သူ့အိမ်မှာလုပ်မယ့်"ဒေဝဒါန ဗလိနတ်စာပူဇော်ပွဲ"တဲ့။ရှင်လူ့ကို Messenger ကဖိတ်စာပို့လာတယ်။ သူ့အိမ်က ကျဥ်းတော့အထဲတောင်ဝင်မရ။ဒါနဲ့ အဝကပဲ ဗွီဒီရိုက်ပြီး ပြန်ခဲ့တယ်။ဒီနေရာမှာ ထေရဝါဒ ဘာညာ ရှင်လူမဆွေးနွေး၊ သူ့အသိကိုယ့်အသိ တန်းမညှိ။လွတ်လပ်စွာကိုးကွယ်မှုနဲ့ လူရဲ့ဖြစ်တည်မှုကိုသာ အလေးထားတင်ပြလိုက်ပေရဲ့။

Thursday, May 15, 2025

story

ရှင်လူ(သို့မဟုတ်)
အရေးမပါတဲ့ကောင်
👻👻👻👻👻👻​
တမြန်နေ့က ညီတော်လက်ျာဝင်းဆီက ဖုန်း
ဝင်လာတယ်။``ဘုန်းသက်ပိုင် အမေ ဆရာမဗဟိုစည်မှာဆေးရုံတင်ထားရတယ်၊
အဲ့ဒါ အောင်ဒင့်ဆီဖုန်းဆက်ပေးပါ´´ဆိုတဲ့ အမှာစကား။ ဘုန်းသက်ပိုင်အမေ ဆရာမ
ဆိုတာ တချိန်က အောင်ဒင်တို့ရဲ့ ကျောင်း
ဆရာမလည်းဖြစ်ခဲ့ဖူးတယ်။ ပြီးတော့
ဆရာမရဲ့ ကလောင်အမည်က ခင်မမ(ပညာရေး)။ ခုတော့ ဆရာမအသက်က ၈၂ နှစ်အရွယ်။ ဟိုး
လွန်ခဲ့တဲ့ ၃၅နှစ်ကျော်လောက်တုန်းက
တောင်ဥက္ကလာ မှာ ``စာပေလုပ်သား
အဖွဲ့´´ဆိုပြီး စာရေးဆရာ ကဗျာဆရာတွေနဲ့ စုစည်းခဲ့ကြတယ်။
အဲ့တုန်းက ရှင်လူတို့က ၃၀ ဝန်းကျင်
အရွယ်ကောင်းတွေ။အဲ့ စာပေလုပ်သား
အဖွဲ့ကြီးက ပြုလုပ်တဲ့ စာပေဆိုင်ရာ အစည်းအဝေးတွေ၊စာပေဟောပြောပွဲတွေဆို တောင်ဥက္ကလာက စာပေသမားတွေ
စုံစုံညီညီ တက်ရောက် ကြလေ့ရှိတယ်။
အထူးသဖြင့် စာပေဟောပြောပွဲ ကျင်းပကြတဲ့အခါ ဆရာမ ခင်မမ(ပညာရေး)က ခင်ပွန်းဖြစ်သူ စာရေး
ဆရာ တည်ကြည်(နောင်-နေမိနြ္ဒ ဓမ္မ ဝိဇ္ဇာ
ရဟန်းဘဝနဲ့ ပျံလွန်) နဲ့ တတွဲတွဲ လာတတ်သလို ရှင်လူကလည်း စာကဗျာ 
ဝါသနာပါတဲ့ဇနီးဖြစ်သူမမနဲ့အတူလာလေ့ရှိတယ်။စုံတွဲအချင်းချင်းလည်းအပြန်
အလှန်ခင်မင်မှုရှိခဲ့ကြတယ်။နောက် စာပေလုပ်သားအဖွဲ့က တောင်ဥက္ကလာ
စာတိုက်နဲ့မျက်စောင်းထိုးမြေကွက်မှာရုံး
ဖွင့်ပြီး ``သစ္စာလမ်းဆုံ´´လက်ဖက်ရည်
ဆိုင်ဖွင့်တော့ သက်သာကော်မီတီဖွဲ့ရာမှာ
တခြားစာရေးဆရာတွေဖြစ်တဲ့ မောင်ခက်ပန် တို့ နောင် NLD ၁၉၉၀ ခု
ရွေးကောက်ပွဲမှာ ယင်းမာပင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ 
တင်ထွန်းအောင်(မြန်မာ့အလင်း)တို့၊
ဝင်းသူရ(မဟေသီမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ)တို့
အပြင်၊မောင်ချစ်စိန်၊ရွှေဘိုစောလွင်တို့လည်းပါမယ်
ထင်တယ်၊တချို့တော့
ကောင်းကောင်းမမှတ်မိတော့။အဲ့မှာ ဆရာ
တည်ကြည်နဲ့ရှင်လူ(ဇေယျဝတီမင်းလွင်စိုး)
လည်းအတူပါခဲ့ကြပြီးအစည်းဝေးလုပ်တိုင်း ပုံမှန်ဆုံခဲ့ကြတယ်။
နောက်ပိုင်း နှစ်တွေ ခေတ်တွေ အလီလီ
ပြောင်းခဲ့ချိန်မှာ တချို့လည်းကွယ်လွန်ခဲ့ကြပြီ။ရှင်လူသိသလောက်
တော့ ဆရာတည်ကြည်ရော
မောင်ခက်ပန်ပါ မရှိကြတော့။ တချို့တော့အဆက်ပြတ်ကုန်ပြီ၊မသ်ိနိုင်တော့။
ဆရာဝင်းသူရနဲ့တော့ ပြီးခဲ့တဲ့ ၅နှစ်၆နှစ်လောက်က မဟေသီကဗျာကိစ္စနဲ့ ဆုံဖြစ်ခဲ့သေးတယ်။
ခေါင်းထဲပေါ်လာတဲ့ အတိတ်ကာလထဲ
နည်းနည်းမျောသွားမိတယ်။
နောက်ပိုင်း ၁၉၉၀ ဝန်းကျင် နှင်းခါးမိုးတယောက်ပြည်ပထွက်ကာနီး
ရှင်လူ့ကို လူငယ်ကဗျာဆရာသုံးယောက်နဲ့
ချိတ်ဆက် မိတ်ဆက်ပေးခဲ့တယ်။သူတို့
သုံးယောက်ကတော့ စေတ၊လက်ျာဝင်းနဲ့
ဘုန်းသက်ပိုင်။ ကမ်းရှာငှက်ကဗျာစာအုပ်ရဲ့လက်သည်
တွေပဲပေါ့။အဲ့မှာပါတဲ့ ဘုန်းသက်ပိုင်က
ဆရာတည်ကြည် နဲ့ ခင်မမ (ပညာရေး)ရဲ့
သားဖြစ်လေတော့ ရှင်လူက ဂျင်နရေးရှင်း
နှစ်ခုလုံးနဲ့ချိတ်ဆက်မိနေတယ်။ဒါမျိုးက
အောင်ဒင်(ဒတ္ထ)တို့ရွှေဘုန်းလူ(တာရာမင်းဝေ)တို့ညီအကိုနဲ့လည်း ဒီအတိုင်းပဲ။
စာပေလုပ်သားအဖွဲ့မှာဦးကျော်ရှိန်(မြေလပ်ဖိုးအောင်)နဲ့ရင်းနှီးခင်မင်ခဲ့ရပြီး နောက်ပိုင်းမှာ သူ့သားတွေဖြစ်တဲ့ အောင်ဒင်တို့ ရွှေဘုန်းလူတို့နဲ့ တွဲမိပြန်တယ်။
အင်း...ဇာတ်ပေါင်းခန်းတော့ ရောက်ခါနီးပါပြီ။ အဲ့ ညီတော်ဘုန်းသက်ပိုင်
ဆိုတာကလည်း မြန်မာနိုင်ငံသမိုင်းမှာ
ရှင်လူဖတ်ဖူးခဲ့ပေမယ့် မမြင်ဖူးခဲ့တဲ့ သခင်
ဖေဋ္ဌေး လို။သခင်ဖေဋ္ဌေးကတော့ အင်းစိန်
ထောင်ထဲကကြမ်းတမ်းတဲ့ဒဏ်ချက်တွေ
ကြောင့်ထောင်ကလွတ်လာတဲ့အခါ ကိုယ်တခြမ်း စောင်းနေတာ လမ်းလျှောက်ရင် တည့်အောင် လွယ်အိတ်ထဲ အုတ်နီခဲတွေထည့်လွယ်ရတယ်..တဲ့။
နောက်တယောက်က ဆရာမောင်သော်က
ကတော့ တိုက်ရေယာဉ် (၁၀၃)နစ်ခဲ့တဲ့
ဒဏ်နဲ့ ဇက်စောင်းနေပြီး စစ်အစိုးရလက်ထက် အင်းစိန်ထောင်ထဲမှာ
ကျဆုံးခဲ့ရတယ်။ ဘုန်းသက်ပိုင်ကတော့
၈ လေးလုံးနောက်ပိုင်း ကျောင်းသားသမဂ္ဂ
ကိစ္စနဲ့ အင်းစိန်ထောင်ကျပြီးပြန်ထွက်လာတော့ 
ခေါင်းကလေးစောင်းနေရှာတယ်။ ဒီနေ့မနက် လက်ျာဝင်းကဖုန်းဆက်ပြီး
``ဗဟိုစည်ဆေးရုံ လူနာကြည့်သွားမယ်၊
အကိုကြီးလိုက်အုံးမလား´´ဆိုတော့
မနက်ခင်းအလုပ်ကဂျူတီထွက်ချိန်အားတာနဲ့ လိုက်သွားခဲ့တယ်။၈၂ အရွယ် မိခင်အိုကြီးရဲ့နာမကျန်းဖြစ်နေတဲ့အနားမှာ
ဗျာများနေရှာတဲ့ညီမောင် ဘုန်းသက်ပိုင်ကို
ကြည့်ရတာ သူ့ကိုယ်သူဂရုစိုက်ဖို့တောင်
မေ့နေပုံရတယ်။မိခင်ကြီး ကခွဲစိတ်ကုသဖို့
လိုအပ်လို့ သွေးသွင်းထားရတာ ဒီနေ့တင်
၆ ပုလင်းရှိနေပြီ။သွေးအမျိုးအစားကလည်း
AB+တဲ့။တကယ့်ရှားမှရှားတဲ့သွေး။ဒါပေမယ့် ဒီနေ့ လှူမယ့်ရဲဘော်သုံးယောက်က
အဆင်သင့်။တယောက်က A သွေးဖြစ်နေလို့ပြန်လွှတ်လိုက်ရတယ်။
အထူးသဖြင့် ကဗျာဆရာအသိုင်းဝိုင်းနဲ့
ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းတွေ
ဝန်းရံနေကြတယ်။မနေ့ကအောင်ဒင်လည်းရောက်လာ
ပြီးဆရာမအတွက် ငွေကြေးအကူအညီပေးသွားကြောင်းသိရတယ်။ဆေးရုံခုတင်ပေါ်မှာ အောက်ဆီဂျင်
ပိုက်တန်းလန်းဒရစ်ကလည်းသွင်းထားရတဲ့ ဆရာမခင်မမ(ပညာရေး)အိပ်ယာကနိုးလာတော့
သမီးကြီးကခေါင်းရင်းနံရံမှာကပ်
ထောင်ထားတဲ့ဆရာတော့်ပုံလေးပြပြီး အာနာပါနမှတ်ဖို့သတိပေးနေတယ်။
ရှင်လူ့မိတ်ဆွေဟောင်းကြီး ဆရာတည်ကြည်က ပျံလွန်တော်မူခဲ့တဲ့
နေမိနြ္ဒ ဓမ္မဝိဇ္ဇာဆရာတော်ဓာတ်ပုံအနေနဲ့
ဆေးရုံနံရံမှာရှိနေပြီး ဆရာမကတော့
ရှိသမျှအင်အားကလေးနဲ့သတိပဋ္ဌာန်ကိုပွားနေရှာ
တယ်။ဒီအချိန် သူ့အနားမှာရှင်လူ
ရောက်နေတာလည်းသူမသိဘူး။တချိန်က
ဂျစ်ကန်ကန် ကဗျာဆရာလေး ဇေယျဝတီ
မင်းလွင်စိုးဆိုတဲ့ သိဟောင်းကျွမ်းဟောင်း
လေးရောက်နေတာလည်းမသိရှာဘူး။
သိဖို့လည်းမလိုအပ်ဘူးလေ။ဒီအချိန်မှာ 
သူ့အတွက်သတိပဋ္ဌာန်တရားလောက် ဘယ်ကောင်မှအရေးမပါဘူး။
(ကျင့်ဝတ်အရ ဆေးရုံပေါ်က လူမမာကို 
ဓာတ်ပုံမရိုက်ဘဲ အခန်းနံပတ်ပုံပဲတင်လိုက်တယ်)
story#observation #shinlhu


နှင်းခါးမိုးကဗျာ

ရှင်လူ
- - - - - - - - 

ဘူတာဝင်ကာနီးရထားလို
အရှိန်တွေလျော့လာပြီ တဲ့၊

အေးဆေးပေါ့၊ အကုန်လွှတ်ချထားလိုက်
ဒါမှမဟုတ် ကောက်ရိုးမျှင်သေးသေးလေးပဲဖြစ်ဖြစ် ကျစ်ကျစ်ဆုပ်ထားလိုက်၊

သစ်ကိုင်းပေါ်ကပြုတ်ကျရင်တောင်
ကိုယ့်လျှာဖျားမှာ နောက်ဆုံးပျားရည်စက်လေး ပါသွားစေရမယ်။

လွှတ်ချလို့မရသေးတော့ ဆုပ်မိဆုပ်ရာပေါ့တဲ့လား၊

တခါတလေ ပြီးပြီဆိုတဲ့စာတမ်းထိုးတာတောင် ခုံပေါ်မှာ ဆက်ထိုင်နေမိတဲ့သူလိုပေါ့
ကိုယ်ကြည့်ခဲ့တဲ့ရုပ်ရှင်က အရသာရှိနေဖို့ပဲလိုတာပါ။

- - - - - 
နှင်းခါးမိုး
(ချစ်သောအကို ဇေယျဝတီမင်းလွင်စိုး၊ ရှင်လူ ခေါ် ကိုအောင်မြင့်သို့)

Saturday, May 10, 2025

story

အမေပေးတဲ့စောင်လေးတထည်
 ~~~~~~~~~~~~~~~
       
  ဒီစောင်ကလေးက နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။
မဟောင်းသေး ၊ မစုတ်နိုင်သေးတဲ့အပြင် ခုတိုင်သစ်
လွင် မွှေးမြလို့ နွေးထွေးဆဲ ။ အို  မိတ်ဆွေ ဒီစောင်မျိုး
က ရှားတော့ရှားတယ်ဗျ။ ဒါပေမယ့် ကံကောင်းတဲ့ လူတွေတော့ ဒီလိုစောင်လေးမျိုး တထည်လောက်
စီရနိုင်ကြပါရဲ့။ အမေပေးလိုက်တဲ့စောင်ကလေးတထည်
ပေါ့ဗျာ။ အကြောင်းက ဒီလိုဗျ.....
               အဲဒီညက လေတွေမိုးတွေက မစဲနိုင်။
မုဒုံ မော်လမြိုင် ကားလမ်းမနံဘေး ခရွန်းရှမ်းရွာဆိုတဲ့
ရွာလေးရဲ့ တောင်ဘက်အစွန်ဆုံး ကားလမ်းအနောက်
ခြမ်းမှာ သုံးဧကခွဲအကျယ်ရှိတဲ့ဒူးရင်းခြံကြီးတခု ရှိတယ်။
အဲဒီ ခြံကြီးရဲ့ အလည်မှာ ဓနိမိုး ထရံကာပြီး ကွမ်းသီပင်အသားနဲ့ ကြမ်းကိုခပ်စိပ်စိပ်ခင်းထားတဲ့
တဲအိမ်ပုပျပ်ပျပ်လေးထဲမှာ နီကျင်ကျင် ဒီဇယ်မီးခွက်
ကြီးကမှိ ုင်းတလူလူနဲ့ပေါ့ ။ မနက် ၄ နာရီကျော်ကျော်
မို့ မကြာခင် ရွာဦးကျောင်းက အုန်းမောင်းခေါက်
တော့မှာပါ ။ တညလုံးစွေနေတဲ့မိုးဟာ ခုမှပဲ စဲစပြုပါ
တော့တယ်။ အမေက ဖားအောက်စျေးမှာ သွားရောင်းဖို့
အတွက် စျေးဗန်းပြင်နေပါပြီ။မနေ့ညနေမှောင်လုလုက
ခူးဆွတ်ထားတဲ့ စံပယ်ပန်းတွေလည်း အမေ အိ်ပ်ယာ
ကအစောကြီးထပြီးသီထားတာမို့ လက်စသပ်လောက်ပါ
ပြီ။ တချက်တချက် လေအဝှေ့မှာ ဒူးရင်းရွက်တွေပေါ်
တင်နေတဲ့မိုးစက်များက ခေါင်မိုးပေါ်ကို တဖျောဖျော
ကျလာပါတယ်။ အဲဒီလေရမ်းလေးဝှေ့လိုက်ရင် အသည်း
ထဲစိမ့်အောင်အေးသမို့ အမေ့ စျေးဗန်းဘေး ဖျာကြမ်း
ပေါ်မှာကွေးနေတဲ့ မိမိက ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း
တဟီးဟီး ညည်းမိတော့ အမေက `` သားရယ်
သိတ်ချမ်းနေရင် ကိုယ်ကို တစောင်းလေးကွေး ၊လက်
ဖဝါးနှစ်ဖက်ကို ဘုရားရှိခိုးသလိုပူးပြီး တံတောင်ဆစ်နှစ်ခု
ဒူးကြားညှပ်ပြီး အိပ်ကြည့်စမ်း ၊စောင်မရှိလည်းနွေးနွေး
လေးအိပ်လို့ရတယ် ´´။
          အဲဒီအချိန်ကစလို့ ဘဝရဲ့ ထောင့်ချိုးအကွေ့
ခရီးလမ်းမများမှာ စောင်တထည်အတွက် မိမိစိတ်မှာ
မပူပင်တတ်တော့ပါ ။အမေ့စောင်လေးက အဖိုးထိုက်
တန်ပါတယ်ဆိုတဲ့ ကတ္တီပါစောင် ၊လျှပ်စစ်စောင်တွေ
ထက် အဆပေါင်းများစွာ သာနေတယ်ဆိုတာကို 
အမှတ်မထင်တွေ့လိုက်ရပါတယ် ။            ။

ရှင်လူ
story#observation #shinlhu