ရှင်လူ(သို့မဟုတ်)
အရေးမပါတဲ့ကောင်
👻👻👻👻👻👻
တမြန်နေ့က ညီတော်လက်ျာဝင်းဆီက ဖုန်း
ဝင်လာတယ်။``ဘုန်းသက်ပိုင် အမေ ဆရာမဗဟိုစည်မှာဆေးရုံတင်ထားရတယ်၊
အဲ့ဒါ အောင်ဒင့်ဆီဖုန်းဆက်ပေးပါ´´ဆိုတဲ့ အမှာစကား။ ဘုန်းသက်ပိုင်အမေ ဆရာမ
ဆိုတာ တချိန်က အောင်ဒင်တို့ရဲ့ ကျောင်း
ဆရာမလည်းဖြစ်ခဲ့ဖူးတယ်။ ပြီးတော့
ဆရာမရဲ့ ကလောင်အမည်က ခင်မမ(ပညာရေး)။ ခုတော့ ဆရာမအသက်က ၈၂ နှစ်အရွယ်။ ဟိုး
လွန်ခဲ့တဲ့ ၃၅နှစ်ကျော်လောက်တုန်းက
တောင်ဥက္ကလာ မှာ ``စာပေလုပ်သား
အဖွဲ့´´ဆိုပြီး စာရေးဆရာ ကဗျာဆရာတွေနဲ့ စုစည်းခဲ့ကြတယ်။
အဲ့တုန်းက ရှင်လူတို့က ၃၀ ဝန်းကျင်
အရွယ်ကောင်းတွေ။အဲ့ စာပေလုပ်သား
အဖွဲ့ကြီးက ပြုလုပ်တဲ့ စာပေဆိုင်ရာ အစည်းအဝေးတွေ၊စာပေဟောပြောပွဲတွေဆို တောင်ဥက္ကလာက စာပေသမားတွေ
စုံစုံညီညီ တက်ရောက် ကြလေ့ရှိတယ်။
အထူးသဖြင့် စာပေဟောပြောပွဲ ကျင်းပကြတဲ့အခါ ဆရာမ ခင်မမ(ပညာရေး)က ခင်ပွန်းဖြစ်သူ စာရေး
ဆရာ တည်ကြည်(နောင်-နေမိနြ္ဒ ဓမ္မ ဝိဇ္ဇာ
ရဟန်းဘဝနဲ့ ပျံလွန်) နဲ့ တတွဲတွဲ လာတတ်သလို ရှင်လူကလည်း စာကဗျာ
ဝါသနာပါတဲ့ဇနီးဖြစ်သူမမနဲ့အတူလာလေ့ရှိတယ်။စုံတွဲအချင်းချင်းလည်းအပြန်
အလှန်ခင်မင်မှုရှိခဲ့ကြတယ်။နောက် စာပေလုပ်သားအဖွဲ့က တောင်ဥက္ကလာ
စာတိုက်နဲ့မျက်စောင်းထိုးမြေကွက်မှာရုံး
ဖွင့်ပြီး ``သစ္စာလမ်းဆုံ´´လက်ဖက်ရည်
ဆိုင်ဖွင့်တော့ သက်သာကော်မီတီဖွဲ့ရာမှာ
တခြားစာရေးဆရာတွေဖြစ်တဲ့ မောင်ခက်ပန် တို့ နောင် NLD ၁၉၉၀ ခု
ရွေးကောက်ပွဲမှာ ယင်းမာပင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့
တင်ထွန်းအောင်(မြန်မာ့အလင်း)တို့၊
ဝင်းသူရ(မဟေသီမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ)တို့
အပြင်၊မောင်ချစ်စိန်၊ရွှေဘိုစောလွင်တို့လည်းပါမယ်
ထင်တယ်၊တချို့တော့
ကောင်းကောင်းမမှတ်မိတော့။အဲ့မှာ ဆရာ
တည်ကြည်နဲ့ရှင်လူ(ဇေယျဝတီမင်းလွင်စိုး)
လည်းအတူပါခဲ့ကြပြီးအစည်းဝေးလုပ်တိုင်း ပုံမှန်ဆုံခဲ့ကြတယ်။
နောက်ပိုင်း နှစ်တွေ ခေတ်တွေ အလီလီ
ပြောင်းခဲ့ချိန်မှာ တချို့လည်းကွယ်လွန်ခဲ့ကြပြီ။ရှင်လူသိသလောက်
တော့ ဆရာတည်ကြည်ရော
မောင်ခက်ပန်ပါ မရှိကြတော့။ တချို့တော့အဆက်ပြတ်ကုန်ပြီ၊မသ်ိနိုင်တော့။
ဆရာဝင်းသူရနဲ့တော့ ပြီးခဲ့တဲ့ ၅နှစ်၆နှစ်လောက်က မဟေသီကဗျာကိစ္စနဲ့ ဆုံဖြစ်ခဲ့သေးတယ်။
ခေါင်းထဲပေါ်လာတဲ့ အတိတ်ကာလထဲ
နည်းနည်းမျောသွားမိတယ်။
နောက်ပိုင်း ၁၉၉၀ ဝန်းကျင် နှင်းခါးမိုးတယောက်ပြည်ပထွက်ကာနီး
ရှင်လူ့ကို လူငယ်ကဗျာဆရာသုံးယောက်နဲ့
ချိတ်ဆက် မိတ်ဆက်ပေးခဲ့တယ်။သူတို့
သုံးယောက်ကတော့ စေတ၊လက်ျာဝင်းနဲ့
ဘုန်းသက်ပိုင်။ ကမ်းရှာငှက်ကဗျာစာအုပ်ရဲ့လက်သည်
တွေပဲပေါ့။အဲ့မှာပါတဲ့ ဘုန်းသက်ပိုင်က
ဆရာတည်ကြည် နဲ့ ခင်မမ (ပညာရေး)ရဲ့
သားဖြစ်လေတော့ ရှင်လူက ဂျင်နရေးရှင်း
နှစ်ခုလုံးနဲ့ချိတ်ဆက်မိနေတယ်။ဒါမျိုးက
အောင်ဒင်(ဒတ္ထ)တို့ရွှေဘုန်းလူ(တာရာမင်းဝေ)တို့ညီအကိုနဲ့လည်း ဒီအတိုင်းပဲ။
စာပေလုပ်သားအဖွဲ့မှာဦးကျော်ရှိန်(မြေလပ်ဖိုးအောင်)နဲ့ရင်းနှီးခင်မင်ခဲ့ရပြီး နောက်ပိုင်းမှာ သူ့သားတွေဖြစ်တဲ့ အောင်ဒင်တို့ ရွှေဘုန်းလူတို့နဲ့ တွဲမိပြန်တယ်။
အင်း...ဇာတ်ပေါင်းခန်းတော့ ရောက်ခါနီးပါပြီ။ အဲ့ ညီတော်ဘုန်းသက်ပိုင်
ဆိုတာကလည်း မြန်မာနိုင်ငံသမိုင်းမှာ
ရှင်လူဖတ်ဖူးခဲ့ပေမယ့် မမြင်ဖူးခဲ့တဲ့ သခင်
ဖေဋ္ဌေး လို။သခင်ဖေဋ္ဌေးကတော့ အင်းစိန်
ထောင်ထဲကကြမ်းတမ်းတဲ့ဒဏ်ချက်တွေ
ကြောင့်ထောင်ကလွတ်လာတဲ့အခါ ကိုယ်တခြမ်း စောင်းနေတာ လမ်းလျှောက်ရင် တည့်အောင် လွယ်အိတ်ထဲ အုတ်နီခဲတွေထည့်လွယ်ရတယ်..တဲ့။
နောက်တယောက်က ဆရာမောင်သော်က
ကတော့ တိုက်ရေယာဉ် (၁၀၃)နစ်ခဲ့တဲ့
ဒဏ်နဲ့ ဇက်စောင်းနေပြီး စစ်အစိုးရလက်ထက် အင်းစိန်ထောင်ထဲမှာ
ကျဆုံးခဲ့ရတယ်။ ဘုန်းသက်ပိုင်ကတော့
၈ လေးလုံးနောက်ပိုင်း ကျောင်းသားသမဂ္ဂ
ကိစ္စနဲ့ အင်းစိန်ထောင်ကျပြီးပြန်ထွက်လာတော့
ခေါင်းကလေးစောင်းနေရှာတယ်။ ဒီနေ့မနက် လက်ျာဝင်းကဖုန်းဆက်ပြီး
``ဗဟိုစည်ဆေးရုံ လူနာကြည့်သွားမယ်၊
အကိုကြီးလိုက်အုံးမလား´´ဆိုတော့
မနက်ခင်းအလုပ်ကဂျူတီထွက်ချိန်အားတာနဲ့ လိုက်သွားခဲ့တယ်။၈၂ အရွယ် မိခင်အိုကြီးရဲ့နာမကျန်းဖြစ်နေတဲ့အနားမှာ
ဗျာများနေရှာတဲ့ညီမောင် ဘုန်းသက်ပိုင်ကို
ကြည့်ရတာ သူ့ကိုယ်သူဂရုစိုက်ဖို့တောင်
မေ့နေပုံရတယ်။မိခင်ကြီး ကခွဲစိတ်ကုသဖို့
လိုအပ်လို့ သွေးသွင်းထားရတာ ဒီနေ့တင်
၆ ပုလင်းရှိနေပြီ။သွေးအမျိုးအစားကလည်း
AB+တဲ့။တကယ့်ရှားမှရှားတဲ့သွေး။ဒါပေမယ့် ဒီနေ့ လှူမယ့်ရဲဘော်သုံးယောက်က
အဆင်သင့်။တယောက်က A သွေးဖြစ်နေလို့ပြန်လွှတ်လိုက်ရတယ်။
အထူးသဖြင့် ကဗျာဆရာအသိုင်းဝိုင်းနဲ့
ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းတွေ
ဝန်းရံနေကြတယ်။မနေ့ကအောင်ဒင်လည်းရောက်လာ
ပြီးဆရာမအတွက် ငွေကြေးအကူအညီပေးသွားကြောင်းသိရတယ်။ဆေးရုံခုတင်ပေါ်မှာ အောက်ဆီဂျင်
ပိုက်တန်းလန်းဒရစ်ကလည်းသွင်းထားရတဲ့ ဆရာမခင်မမ(ပညာရေး)အိပ်ယာကနိုးလာတော့
သမီးကြီးကခေါင်းရင်းနံရံမှာကပ်
ထောင်ထားတဲ့ဆရာတော့်ပုံလေးပြပြီး အာနာပါနမှတ်ဖို့သတိပေးနေတယ်။
ရှင်လူ့မိတ်ဆွေဟောင်းကြီး ဆရာတည်ကြည်က ပျံလွန်တော်မူခဲ့တဲ့
နေမိနြ္ဒ ဓမ္မဝိဇ္ဇာဆရာတော်ဓာတ်ပုံအနေနဲ့
ဆေးရုံနံရံမှာရှိနေပြီး ဆရာမကတော့
ရှိသမျှအင်အားကလေးနဲ့သတိပဋ္ဌာန်ကိုပွားနေရှာ
တယ်။ဒီအချိန် သူ့အနားမှာရှင်လူ
ရောက်နေတာလည်းသူမသိဘူး။တချိန်က
ဂျစ်ကန်ကန် ကဗျာဆရာလေး ဇေယျဝတီ
မင်းလွင်စိုးဆိုတဲ့ သိဟောင်းကျွမ်းဟောင်း
လေးရောက်နေတာလည်းမသိရှာဘူး။
သိဖို့လည်းမလိုအပ်ဘူးလေ။ဒီအချိန်မှာ
သူ့အတွက်သတိပဋ္ဌာန်တရားလောက် ဘယ်ကောင်မှအရေးမပါဘူး။
(ကျင့်ဝတ်အရ ဆေးရုံပေါ်က လူမမာကို
ဓာတ်ပုံမရိုက်ဘဲ အခန်းနံပတ်ပုံပဲတင်လိုက်တယ်)
No comments:
Post a Comment