ဖတ်ပြီးတဲ့ စာတအုပ် ဓပုံရိုက်ပြီးတင်လိုက်တယ်
☁ 🚁☁️🌞 ☁
တလောက ညီကဗျာဆရာနေလအောင်ဆီက ငှားလာတဲ့စာအုပ်လေး ဖတ်ပြီးပါပြီ။
စာအုပ်ဖတ်တာပဲ လူသိအောင်status ရေးတင်နေစရာလား လို့ထင်စရာရှိပါတယ်။ဒီစာအုပ်နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောစရာ အချက်ကလေးတခု ရှိနေလို့ပါပဲ။
ဒီစာအုပ်လေး ဟာ ရေးသားသူ
မန်းငြိမ်းမောင်(ရဲဘော်ရှောင်း)ရဲ့ အထုပ္ပတ္တိတပိုင်းဖြစ်သလို ဖြစ်ရပ်မှန် ကိုယ်တွေ့စွန့်စားခန်း ဝတ္ထုကြီးတပုဒ်လို့ပြောမယ်ဆိုလည်းပြောနိုင်ပါတယ်။ဗိုလ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ပါတီအသီးသီးကနိုင်ငံရေးသမား၊ကျောင်းသား၊ကျောင်းဆရာ၊သတင်းစာဆရာ၊စာရေးဆရာအပါအဝင် စစ်တပ်ထဲက ရဲဘော်များပါမကျန် ကိုကိုးကျွန်းကို ပို့ပြီး စိတ်ပိုင်း/ရုပ်ပိုင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့သမိုင်းတခုပါ။ စာရေးဆရာဗန်းမော်တင်အောင်တို့ မြသန်းတင့်တို့ကအစ လေထီးဦးအုန်းမောင်တို့လို သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေအထိ ကိုကိုကျွန်းကိုအပို့ခံခဲ့ရပါတယ်။အဲဒါကို အဲ့ဒီအချိန်က လူငယ်တယောက်ဖြစ်ခဲ့တဲ့ မန်းငြိမ်းမောင်က မှတ်တမ်းတခုအနေနဲ့ပြန်ရေးခဲ့တာပါ။
ထူးခြားတာက မန်းငြိမ်းမောင်အပါအဝင် ရဲဘော်သုံးယောက်(တယောက်က ကွန်မြူနစ်ပါတီကပါ) လှေတစင်းကို ရရာပစ္စည်းတွေနဲ့လျှို့ဝှက်တည်ဆောက်ပြီး
ကိုကိုးကျွန်းက ထွက်ပြေးခဲ့တဲ့အကြောင်းဟာ သာမာန်လူတွေအဖို့ စိတ်တောင်မကူးရဲလောက်တဲ့ ဖြစ်ရပ်တွေပါ။
ဒီအကြောင်းလေးကို အရင်စစ်အစိုးရလက်ထက် RFA ရေဒီယိုက အခန်းဆက် ထုတ်လွှင့်တော့ ရှင်လူ တဝက်တပျက်နားထောင်ခဲ့ဖူးပါတယ်။
လှေပေါ်မှာ ရေနွေးတည်ပြီး လေထီးဦးအုန်းမောင်တို့ပေးလိုက်တဲ့ ခေါက်ဆွဲခြောက်တွေထည့်ပြုတ်သောက်ခဲ့တဲ့အကြောင်းလေး နားထောင်ဖူးတော့ လေထီးဦးအုန်းမောင်နဲ့တွေ့ခိုက်မှာ ရှင်လူက ဒီအကြောင်းလေး ပြန်မေးလိုက်တဲ့အခါ လေထီးဦးအုန်းမောင်က စိတ်အားထက်သန်တဲ့လေသံနဲ့ "ဟုတ်တယ်လေ၊သူတို့ ပြေးခါနီးနှုတ်ဆက်တော့
သူနဲ့ကျနော် အမှတ်တရ အဝတ်အစားချင်းလဲလှယ်ခဲ့ကြတယ်၊သူ့အဝတ်တွေခုထိကျနော်သိမ်းထားသေးတယ်"တဲ့။ဒီအကြောင်းတော့ မန်းငြိမ်းမောင်စာအုပ်ထဲမပါလို့ ရှင်လူကြားခဲ့ရတဲ့အတိုင်း ဣဝံမေသုတံလုပ်လိုက်ပါတယ်။သူတို့နိုင်ငံရေးရဲဘော်တွေချင်းတိုက်ပွဲကြားကချစ်စရာယဥ်ကျေးမှုလေးတခုမို့ရှင်လူ့ရင်မှာကြည်နူးခဲ့တာလေးပါ။ခုတော့ လေထီးဦးအုန်းမောင်လည်းမရှိတော့ပါ။
မှတ်ချက်။ ။လေထီးဦးအုန်းမောင်နဲ့ရှင်လူက တကယ်တော့ပတ်သက်စရာမရှိလှပါ။ဒါပေမယ့် စစ်အစိုးရလက်ထက်
NLD နဲ့လေထီးဦးအုန်းမောင်၊ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့စသူတွေနဲ့ ဆက်သွယ်ရာမှာNLDပါတီကဆက်သားမရှိပါ။လေထီးဦးအုန်းမောင်အိမ်ရှေ့မျက်စောင်းထိုးအဆောက်အဦပေါ်ကထောက်လှမ်းရေးတွေက အချိန်ပြည့်လိုစောင့်ပြီးဓာတ်ပုံတွေ ဗွီဒီယိုတွေရိုက်ယူနေတဲ့အချိန်ပါ။အဲ့ဒီအချိန်မှာ
NLD ပါတီဝင်မဟုတ်တဲ့ရှင်လူ့ကိုNLD ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဥက္ကဋ္ဌ သ္ခင်စိုးမြင့်က ဆီမီးယူဂျီဆိုပြီးဆက်သားအဖြစ်ခိုင်းလို့ အကြိမ်ကြိမ်ဝင်ထွက်ဆက်သွယ်ရင်း ရင်းနှီးခဲ့ဖူးတာပါ။အမှန်တော့ရှင်လူက
နိုင်ငံရေးသမားမဟုတ် မျက်ကန်းတစ္ဆေမကြောက်ကောင်ပါ။
No comments:
Post a Comment