"ဟော...ရှင်လူရောက်လာပြီ"
ကိုအောင်မျိုးက ရှင်လူ့အတွက်ခုံတလုံးဆွဲ နေရာလုပ်ပေးရင်းပြောလိုက်ပါတယ်။ "
ရွှေနဂါး(၃)"လက်ဖက်ရည် ဝိုင်း ၊ရှင်လူတို့ လေသိုင်းလောကသားတွေရဲ့ ဆုံမှတ်မှာပေါ့ဗျာ။မျက်နှာသစ်ပုဂ္ဂိုလ်က မစ္စတာဘင်းမျက်နှာမျိုးနဲ့ အသက်က ၇၀ ကျော်၈၀ နီးပါး ရှင်လူ့ထက်ကြီးပုံရပါတယ်။
"ဒီမှာ ကျနော်ပြောပြထားလို့ ဖေ့စ်ဘုတ် ပေါ်မှာ ရှင်လူ့ကိုသဘောကျနေတာ၊ အဲဒါနဲ့ သူက
LU Shin_လူရှင်း(မိုးကုတ်)ဆိုပြီး ဖေ့စ်ဘုတ်ပေါ်တက်လာတာ"
"အေးဗျာ ဥက္ကလာမှာ ကိုယ်နဲ့အရွယ်တူ ၊ဝါသနာတူ စာသမားတွေနဲ့တွေ့ရတော့ စမ်းချောင်းက ပြောင်းလာတာ မှန်သွားပြီ" ၊မစ္စတာဘင်းက
မျက်နှာခပ်ရွှင်ရွှင် သွက်သွက်လက်လက်နဲ့ ရှင်လူ့ကိုလှမ်းပြောပါတယ်။နောက်ပိုင်းမှသိရတာက သူကရှင်လူ့ထက် ဆယ်နှစ်နီးပါးကြီးတဲ့အကိုကြီးပါ။သူက မိုးကုတ်ဇာတိဖြစ်ပြီး မိုးကုတ်မှာ အိမ်ရှိပါတယ်။ခုတော့ အခြေနေအရပ်ရပ်ကြောင့် ရန်ကုန်က သားသမီးတွေနဲ့ အတူလာနေတာပါ။သားသမီး ၆ ယောက်ရှိပြီး အားလုံး အခြေတကျ တွေချည်းပါ။သူ့အဖွားကြီးလည်းရှိပါသေးတယ်။မိုးကုတ်မှာနေစဥ် ရှေ့ဘတ်စာရေးလည်းလုပ်ခဲ့ဖူးပြီး ကျောက်တူးသမားလည်း လုပ်ခဲ့ဖူးကြောင်းသိရပါတယ်။နောက်ပိုင်း FB ပေါ်မှာ သူတင်တဲ့ ပို့စ်တွေလည်းအဆက်မပြတ်
တွေ့လာရပါတယ်။ကဗျာတိုထွာလေးတွေလည်းရေးတင်လေ့ရှိပြီး
သူအာရုံကျတဲ့ စာပေ ရုပ်ရှင် ဂီတအကြောင်းတွေလည်းတင်တတ်ပါတယ်။မနက်မနက်ဆို သူစီးနေကျ
BMX ဘီးလေးနဲ့ ရွှေနဂါးကိုလာလေ့ရှိပါတယ်။စက်ဘီးကသူ့ဝါသနာ ဖြစ်ပုံရပါတယ်။ဘာလို့လည်းဆိုတော့ သူနေတဲ့အခန်းက ရွှေနဂါးကလှမ်းကြည့်ရင်မြင်နေရတဲ့ ဓာတ်တိုင်တတိုင်စာအကွာအဝေးက ၄ လွှာမှာပါ။နောက်ပိုင်းရင်းနှီးလာတော့ တခါတခါ ဝိုင်းထဲကဘော်ဒါတွေကို သူ့ပါလာတဲ့မုန့်လေးတွေကျွေး လက်ဖက်ရည်ဖိုးရှင်းတဲ့အခါရှင်းပေါ့။ ရှင်လူနဲ့ကတော့ တယောက်တလှည့်ဆီ ပါလာတဲ့စီးကရက်ဘူးလေးတွေ ဝေမျှသောက်ကြပေါ့။စီးကရက်ကောင်းကလည်းကြိုက်ကြသကိုး။တခါတခါ အရက်အကြောင်းပြောဖြစ်ကြပေမယ့် တခါမှတော့ မဝိုင်းဖြစ်ခဲ့ကြ။သူ့ဝတ်ပုံစားပုံကတော့ ကောင်းဘွိုင်စတိုင်လ်ပြောရမလားပဲ တခါတခါ ဝေ့စ်ကုတ်နဲ့ စီးကရက်လေးခဲရင်း မီးခြစ်အထူးအဆန်းလေးတွေလည်းတနေ့တမျိုးပြောင်းကိုင်တတ်တယ်။ရှင်လူ့ကိုတောင် ဘီးနဲ့ မီးခြစ်ကျောက်တိုင်ပါ အရှင်ဆွဲထုတ်လို့ရတဲ့ ဂက်စ်မီးခြစ်အဆန်းလေးတလုံးလက်ဆောင်ပေးခဲ့သေးတယ်။သူ့မှာပုံမှန်အလေ့အကျင့်တခုကတော့ လှည်းကူးဘက်က ရိပ်သာတခုမှာတလကို ၁၅ရက်တခါတရားဝင်၊၁၅ ရက်ပြန်နား ၊တခါတခါလည်း ဦးဂိုအင်ကာရိပ်သာမှာဝင်တတ်တယ်။မှတ်မှတ်ရရ တလောက မင်မိုတက်လာတဲ့ ရှင်လူ့ကဗျာလေး fb မှာပြန်ရှယ်တော့ သူကနောက်ပြီးအောက်မှာဝင်မန့်သွားသေးတယ်။
ခရီးဆုံးဘူတာ
~~~~~~~~
ဘယ်ကိုသွားနေမှန်းမသိတဲ့
ရထားတစင်းပေါ်မှာ အိပ်ပျော်ရင်း
တရေးနိုး ပြူတင်းကကြည့်လိုက်တော့
ဘယ်ရောက်နေမှန်းမသိတာကို
ဘဝ သံသရာလို့ခေါ်ရင်
ရှေ့ဘူတာမှာဆင်းလိုက်တာ အကောင်းဆုံး
ညိုမြသွေး
4:55 pm
Fri,21 Jul 2017
LU Shin
ရထားပေါ်
အိပ်ပျော်သွားလို့လား ?
ဂျုံး ဂျုံး
ဂျက် ဂျက်
ခရီးဆက်မယ်
တက်စီငှားပြီးပြန်မယ်လေ ။
အင်း ...ရှင်လူ့ကိုကြီးလူရှင်း(မစ္စတာဘင်း)တယောက် ဇူလိုင် ၂၀ရက် မနက် ၂ နာရီမှာ ခရီးဆုံးသွားခဲ့ပါပြီ။ တက်စီငှားပြီးပြန်မယ်လေ တဲ့ ရှင်လူ့ကိုတောင်အဖော်ညှိသွားသေးတယ်။
သွားနှင့်လို့ပြောရမလား၊စောင့်အုံးကိုကြီးရေလို့ပြောရမလား..
~~~~~~~
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။"သင်္ခါရာ=ပြုပြုသမျှသော သင်္ခါရတရား တို့သည်""အနိစ္စာ ဝတ= အမြဲမရှိကုန်စွတကား""ဥပ္ပါဒဝယဓမ္မိနော= ဖြစ်တတ် ပျက်တတ်သောသဘောရှိကုန်၏""ဥပ္ပဇ္ဇိတွာ=ဖြစ်ပြီး၍လည်း"" နိရုဇ္ဈန္တိ=ချုပ်ပျောက်တတ်ကြကုန်၏""တေသံ=ထိုသင်္ခါရတရားတို့၏။""ဝူပသမော=ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်သာလျှင်""သု

= အချမ်းသာလှပေ၏
= အချမ်းသာလှပေ၏
No comments:
Post a Comment