Sunday, October 26, 2025

story

 စာ‌ခြောက်ရုပ်အတွက်ဘက်ထရီ
      ⚡⚡⚡⚡⚡⚡⚡⚡   
               ခုတလော ရှင်လူ ကြီး နှာခေါင်းသွေးယို ပြီး ဆေးခန်းသွားခဲ့ရတယ်။ သွေးပေါင်ချိန်ကလည်း စစချင်း ၁၉၀/၁၁၀ ဆိုတော့  ဆေးရုံဆေးခန်းနဲ့က နေ့စဉ် ထိစပ်နေရတယ်။ ဒီ ကြားထဲ တနေ့ ထဲ ၃ ကြိမ် သွေးယိုတော့ ညအချိန်မတော် ကြီး "အောင်ရတနာ"ဆေးရုံထိ သွားပြီး ဆေးထိုးလိုက်ရသေးတယ်။ အဲဒါ မိတ်ဆွေများ အ ကြံ ပြု တိုက်တွန်း ကြတဲ့အတိုင်း စိတ်ချရအောင် နားနှာခေါင်း လည်ချောင်း အထူးကု ပါရဂူ ကြီးနဲ့ ပြဖို့ လည်းလာမယ့် Nov ,1 ရက် တနင်္လာနေ့အတွက် ဘွတ်ကင်လုပ်ထား လိုက်ပြီ။
အောင်ရတနာ မှာဆေးထိုး ပြီး ဆေးတွေသောက်ကတည်းက နှစ်ည ကျော်လာခဲ့ ပြီ။ သွေးလည်း ထပ်မယိုတော့ ၊လူလည်း စားနိုင် အိပ်နိုင်
အ‌ခြေအနေ။ တသက်လုံး တခါမှ နှာခေါင်းသွေးမယိုခဲ့ဖူးတော့ စိတ်ထဲ Shock တော့
နည်းနည်းရှိသပေါ့။
              ကံကောင်းချင်တော့ ရှင်လူ့အပေါ်ထပ် ကိုဇင်တို့ဆီမှာ သွေးပေါင်ချိန်ကိရိယာရှိနေတော့ ကိုဇင်က နေ့တိုင်း  ရှင်လူ့ ကို သွေးပေါင်ချိန်ပေးနေတယ်။ ခုတော့ မနေ့ညက သွေးပေါင်ကလည်း 129/81 ထိဆိုတော့ အ‌ခြေအနေ ကောင်းပုံပဲ။ သွေးပေါင်ချိန်ရင်း ကိုဇင့်
စက်ကို ကြည့်လိုက်တော့ ဓါတ်ခဲ အသေး ၄လုံးထည့်ထားတာ တွေ့ရတယ်။ ဒါနဲ့ဒီညနေ ၅ နာရီလောက် လမ်းထိပ်ထွက် ပြီး ဓါတ်ခဲရှာတော့ ဆိုင်တိုင်းမှာ ပါဝါ ဓါတ်ခဲတွေပဲရှိတယ်။အဲဒါ Panasonic လိုချင်တာနဲ့ မလှမ်းမကမ်း
က Convenience Store ဆီ ထွက်ခဲ့တယ်။ စတိုးမှာ ကြည့်လိုက်တော့ Panasonic
၄ လုံးတကတ် ၁၃၅၀ ဆိုတာနဲ့ နှစ်ကတ်ယူလိုက်တယ်။ကောင်တာက အရောင်းစာရေးမလေးက သူ့စက်နဲ့တွက်ရင်း "ခဏလေး နော်..
အဝိုင်း လည်နေလို့" တဲ့။ 
              အင်း...ဘဝတွေက သေခါနီးတောင် အဝိုင်းလည် နေတာကို စောင့်ရမယ့်သဘောပဲ။ အတော် ကြာမှ "လေးထောင်"တဲ့။
               "ဟ တထုပ် ၁၃၅၀ ၊နှစ်ထုပ်
၂၇၀၀ ကျမှာ ဘယ့်နှယ် ၄၀၀၀ လဲ "ဆိုတော့မှ "တထုပ် ပိုယူပေးပါ ၊စာရင်းမှာ တထုပ်ပို
သွားလို့ပါ"တဲ့။ "ငါက အ ကြာ ကြီးလည်းစောင့်ရတယ်၊ မလိုပဲလည်း တထုပ် ပိုဝယ်ရမယ် ဆိုတော့ ဘယ်တရားမလဲ၊ ဘာလဲ ဟို အရက်ပုလင်းတွေပါယူရအုံးမလား"
              "မဟုတ်ပါဘူး၊ ကျမ စိုက်ရမှာမို့ပါ"တဲ့။ စိတ်ထဲတော့ မကောင်း ...
               "အေး နို့မို့ဆို ငါစိုက်ပေးပါတယ်၊
ငါလည်း ဆေးရုံကိုပေးရတာ သောင်းနဲ့ချီနေ ပြီ၊
နောက်ထပ်လည်း ကုန်စရာတွေရှိသေးတယ်၊ 
နင်တို့စက်မကောင်းရင် အဲ့စက်အ ပြစ်။ ငါ့အ ပြစ်မဟုတ်ဘူး" ဆို ပြီး ပြန်အမ်းငွေယူ ထွက်လာခဲ့တယ်။
               အဲဒါ အိမ်ပြန်ရောက်တော့ ကိုဇင့်ကို အသင့်တွေ့တာနဲ့ ဓါတ်ခဲထုပ် ပေးတော့
ကိုဇင်က "ပေးစရာ မလိုပါဘူး "ဆို ပြီး လက်မခံဘူး၊ အတင်းငြင်းတယ်။
               "ယူပါကွာ၊ ငါ့ ကျန်းမာရေး အသုံးစားရိပ်ပါ၊ ငါ့မှာရှိပါတယ် ၊နေ့တိုင်းဆေးခန်းသွားမချိန်ရတာနဲ့ပဲ အဆင်‌ပြေနေပါ ပြီ"ဆိုတော့
                "ဓါတ်ခဲက အသေး ဒါလည်းမဟုတ်ဘူး" ဆိုမှ ဒီ့ထက်သေးတဲ့တစားကိုသွားသတိရတယ်။"ကဲပါ မထူးပါဘူး နာရီတော့ သုံးလို့ရမှာပါ ၊နောက်မှ ထပ်ဝယ်ခဲ့ပါ့မယ်"ဆို ပြီးအတင်းထိုးပေးမှ ကိုဇင်လည်း ငြင်းမရလို့ယူထားလိုက်တယ်။ 
               ဒီညနေ သွေးပေါင်ချိန်တော့
၁၅၉/၉၆ ဖြစ်နေ ပြန်တယ်။ဘာမှားပြန်သလဲ၊ ညနေကတော့ မင်းမင်းယူလာတဲ့ နန်းကြီးသုပ်တဘူးစားမိတယ်၊ ကြက်သားဟင်းအနှစ်တွေတောင် အကုန်မနယ်ပါဘူး၊ တဝက်ချန်ထားသေး။စတိုးက ကောင်မလေးတွေကိုလည်း ဒေါသ မ ဖြစ်ပါဘူး။သူတို့မနစ်နာအောင်
ဆိုင်နာမည်တောင် ထည့်မရေးဘူး။
              အင်း...ဒီဝိပါက်ခန္ဓာ ကြီးက ဘက်ထရီလည်းလိုတာပဲ။ သွေးပေါင်ချိန်စက်လည်း လိုတာပဲ။
story#observation #shinlhu


Saturday, October 25, 2025

story

 အလင်္ကာစကား
❀ ❀ ❀ ❀ ❀ ❀ 
ဒီ​နေ့မနက်​ 10:30 AM ​လောက်​မှာ 
​အောင်​ရာဇာ(ဥက္ကလာ)ဆီကဖုန်းဝင်​လာတယ်။ ဆယ်​မိနစ်​​လောက်​ကြာရင်​
``မိုးဝိုင်း​ကျော်​´´လက်​ဖက်​​ရည်​ဆိုင်​ကို
သူ​ရောက်​လာမယ်​ တဲ့။ဒါနဲ့ ``မိုးဝိုင်း​ကျော်​´´
ဆိုင်​ဘက်​ထွက်​ခဲ့ပြီး ဒိန်​ချဉ်​တခွက်​မှာ
​သောက်​ရင်း ​စောင့်​နေလိုက်​တယ်​။
ခဏ​နေ​တော့ ​အောင်​ရာဇာ သူ့ကား​လေးနဲ့
​ရောက်​လာခဲ့တယ်​။ သူ့လက်​ထဲမှာပါလာတဲ့
မြန်​မာနိုင်​ငံ စာ​ရေးဆရာအသင်း ​တောင်​
ဥက္ကလာပမြို့နယ်​ ရဲ့ ​မော်​ကွန်း မှတ်​တမ်း
မဂ္ဂဇင်း ရယ်​ ``ရာပြည့် လင်းယုန်​´´ဆရာ
လင်းယုန်​ သစ်​လွင်​ နှစ်​ (၁၀၀)ပြည့် အထိမ်းအမှတ်​ စာအုပ်​ ကို လက်​မှတ်​ထိုးပြီး
​ပေးတယ်​။ခုတ​လော ​တွေ့တဲ့လူတိုင်းက
ရှင်​လူ့ကို​တောင်​ဥက္ကလာစာ​ရေးဆရာ
အသင်းသက်​ကြီးပူ​ဇော်​ပွဲ နိုဝင်္ဘာ ၇ ရက် ​နေ့ လာ​တက်​ဖို့တိုက်​တွန်းကြတယ်​။ တ​လောက ကဗျာဆရာ နီရှန်​​
နဲ့​လမ်းမှာ ဆုံဖြစ်​​တော့လည်း စာ​ရေးဆရာ
အသင်းဝင်​ဖို့ တိုက်​တွန်းတယ်​။ မနက်​က
ကိုအုန်းမြင့်(အုန်းမြင့်ဦး)နဲ့ ​တွေ့​တော့လည်း
စာ​ပေ သက်​ကြီးပူ​ဇော်​ပွဲ ကိုတက်​ဖို့ ​ဆော်​သြတယ်​။``ချစ်​တာ မုန်းတာ ထားလိုက်​ပါဗျာ၊ တက်​ဖြစ်​​အောင်​​တော့
တက်​လိုက်​ပါ၊လူ​ဟောင်း​တွေပြန်​ဆုံရတာ
​ပေါ့´´..တဲ့။အုန်းမြင့်ဦးကရှင်​လူ့စိတ်​ဓာတ်​
ကို ဖမ်းဆုပ်​မိပုံရတယ်​။ ဟုတ်​တယ်​..
စာ​ရေးဆရာ ကဗျာဆရာဆိုတဲ့​ကောင်​က
စာဓာတ်​ ကဗျာဓာတ်​ပဲ တန်​ဖိုးထားတာ။
ဓာတ်​​ကြောင်​​နေတဲ့ကဗျာဆရာစာ​ရေးဆရာ
​တွေစုန်း​တောက်​သလို​တောက်​​နေတဲ့​နေရာဆို ​ဝေး​ဝေးက​ရှောင်​တယ်​။ ခုလည်း​အောင်​ရာဇာက``ကျ​နော်​ ဆရာ့နံမည်​နဲ့ အလှူ​ငွေ နှစ်​​ထောင်​​တောင်​
ထည့်​ပေးထားတယ်​၊ ဆရာ့အရင်​ကတ်​
ပြန်​ရှာပြီး ပြန်​ဝင်​ပါ ဆရာရယ်​၊ အဆက်​အသွယ်​လည်းဖြစ်​သွား​အောင်​ပါ´´
တဲ့။ညီကဗျာဆရာ​တွေကချစ်​ဖို့​ကောင်းပါတယ်။ရှင်​လူ့ကိုအထီးကျန်​သင်းကွဲပုံစံမြင်​လို့ ​နွေး​ထွေး​ပွေ့ဖက်​လိုတဲ့သ​ဘောထား
​တွေ၊​စေတနာ​တွေနဲ့။ရှင်​လူကသက်​ကြီး
ဆရာများကိုလည်း ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဦးနှိမ်​ရိုကျိုးကန်​​တော့လိုပါတယ်​။
အင်​မတန်​ မင်္ဂလာရှိတဲ့ ကိစ္စ​ပေပဲ။ဒါ​ပေမယ့် ကဗျာ​ရေးတဲ့ လူဟာ ကဗျာ​ရေးရုံမက
​စောင့်စည်းရမယ့် ကိစ္စ​တွေကအများသား။
တချို့ပွဲ​တွေက မတက်​ပဲ​နေတာ ပိုပြီး
ဂုဏ်​သိက္ခာနဲ့မာနကိုထိမ်းသိမ်းရာ​ရောက်​ပါတယ်​။
ကဗျာမာနဟာရိုးသားသစ္စာ​ဖြောင့်သူ​တွေအတွက်​​တော့ မဟုတ်​ဘူး​နော်​။
အဲဒီစုန်း​မီး​တောက်​​နေတဲ့ဓာတ်​​ကြောင်​​တွေ
အတွက်​ ​ပေတံတခုပဲ။
story#observation #shinlhu

story

မုဆိုးဖို ဆိုင်သင်
🤡👺😎😂
မုဆိုး စိုင်သင်ပဲ ကြားဖူးပါတယ်၊ ဘယ့်နှယ် မုဆိုးဖို ဆိုင်သင် ရယ်လို့ ဆို ပြီး
ဝေဘန် စော‌ကြော ကြမယ်ထင်ပါတယ်။
စကားပုံ ဆိုတာကလည်း လူ့ဘဝ အထွေထွေ မှာ ကြုံရ ဆုံရတဲ့ အ ဖြစ်က‌လေးတွေကို ပုံခိုင်း ပြီး နှိုင်းခဲ့ ကြတာမို့ အ‌ကြောင်းသိရင် အကျိုးသိ ကြရမှာပါ။
ရှင်လူ ကြီး ထမင်းဟင်း ကွကိုယ် ချက်စားလာခဲ့တာ အောက်တိုဘာ လဆန်းကတည်းကပါ။ အလုပ်က အိမ် မ ပြန်တော့ကတည်းက နေ့စဉ် စားဖို့ ကွကိုယ်ချက်ရပါတယ်။
လဆန်းပိုင်းကတည်းက ဝက်ခေါင်း၊ဝက်နံရိုး၊ဝက်ခေါက်၊ ကကတစ် ၊ဘဲဥ စတဲ့
ဟင်းမယ်တွေ အားလုံးဟာ အချိုချက်တွေချည်းပါ။ဒီမှာက ငြုတ်ဆုံမရှိဘာမရှိဆိုတော့ သားငါးကို နံနွင်း နိုင်နိုင်နယ် ပြီး
ချင်း၊ကြက်သွန် ဖြူနီ လောက်ပဲ အားကိုးရတာပါ။ဒါ ‌ကြောင့် နနွင်းများသွားတဲ့အခါ
Menu က ဝက်ခေါင်းမီးနေသည် ဟင်းတွေဘာတွေ ဖြစ်လို့။ လူ့သဘာဝဟာ တပုံစံထဲ နေရ စားရ လုပ်ရ တာ အပ်‌ကြောင်းထပ်လာရင် ငြီးငွေ့တတ်ပါတယ်။ဒါ ‌ကြောင့် ဟင်းကို ငြုတ်သီးထည့်ချက်ဖို့ ငါးသေတ္တာ ဘူးခွံလေး ကြည့်ရင်း အနေတော်
တုတ်ချောင်းလေးရှာ ပြီး ငြုတ်သီးထည့်ထောင်းရကောင်းမလား စဉ်းစားနေမိပါတယ်။ဒါ မျိုးဆို ရှင်လူက မောင်တီထွင်ပါ။
ရှင်လူ အိမ်ထောင်ကျခါစတုန်းက အိမ်ခထာင်ပစ္စည်း မ ပြည့်စုံလို့ အချက်အ ပြုတ်ဝါသနာပါတဲ့ ဇနီးသည် မမကပူဆာရှာတယ်"မောင်ရယ်၊ငြုတ်ဆုံလေးတလုံး
တော့ မြန်မြန် ဝယ်ပေးပါ၊ဟင်းချက်ရတာအဆင်မ‌ပြေ ဘူး"ဆိုတော့ ကောက်ညှင်းပေါင်းသည်ဆီက အုန်းမှုတ်ခွက်တောင်း ပြီး
မိန်းမ လိုအင်ကို ဖြည့်ပေးလိုက်ပါတယ်။သူ့့ဟာသူ အနေတော်တုတ်တချောင်းရှာ ပြီး လအတော်ကြာအောင် အုန်းမှုတ်ခွက်ငြုတ်ဆုံပဲသုံးခဲ့ရရှာတယ်။
အခုတော့ ရှင်လူ ကြီးကံကောင်းတယ်ဆိုရမှာပဲ။မနက်က မြင်သာဈေးသွားတော့
ဝက်သားသည်ဆီက အတိုအစ ငါးရာဖိုးဝယ်(အဆီအခေါက်တွေချည်း)။ကိုယ့်အကြိုက်လေ။ဈေးထဲဝင် ပြီး ကုန်ဆိုင်လေးတွေက ဘူးလေး ခွက်လေးတွေ ဟိုကိုင် ဒီကိုင်
လျောက်ကိုင် ကြည့်တော့ အသင့် ထောင်း ပြီးသား ငြုတ်သီး အနှစ်ဘူး သွားတွေ့တယ်။တံဆိပ် နှစ်မျိုးရှိတဲ့ထဲက "ဟံနေဝန်း"
တံဆိပ် ၄၅၀ တန်တဘူး ဝယ်လာခဲ့
တယ်။ဒါ ‌ကြောင့် ဒီနေ့ဟင်းလျာကတော့
ရှင်လူ ဝက်သားနီချက်ပေါ့။
မုဆိုးဖို ဆိုင်သင် ဆိုတာ ဒါပါပဲ။ဈေးထဲကဆိုင်လေးတွေက သင်တို့ကို သင်ပေးပါလိမ့်မယ်။
အို မုဆိုးဖို အပေါင်းတို့ သင်တို့ အားမငယ်လင့်။
နေ့တိုင်း ဈေးထဲဝင် ပြီးဟိုကိုင်ဒီကိုင်
လေ့ကျင့် ကြပါကုန်။
story#observation #shinlhu

Thursday, October 23, 2025

story

 နီရှန် (သို့မဟုတ်)
ကဗျာတောမှာ မျောနေသူ
😎👺😂😈👺😎😂😈

ကဗျာဆရာ နီရှန် တယောက် Messenger ပေါ်မှာ ရှင်လူနဲ့ ဆက်သွယ်မိ ပြီးနောက် နေ့တိုင်း လိုလို ရှင်လူ့ဆီ
သတင်း‌တွေ တွင်တွင် ပို့နေတော့တယ်။တလောက လှကို ဧရာဝတီ စင်တာမှာ
Q ဝင်တာက အစ ပြန်ဆင်းလာတဲ့အထိ။
မဟေသီ အယ်ဒီတာ စာရေးဆရာ ဝင်းသူရ ဆေးရုံတက်ရာက ကွယ်လွန် တဲ့အထိ။
ခုလည်း ကာတွန်း တင်အောင်နီ(ပြာဂလောင် ပြာလချောင်) မကျန်းမာလို ‌မြောက်ဥက္ကလာ ဆေးရုံတက်နေ ရ ပြန် ပြီ တဲ့။
နီရှန့်အ‌ကြောင်းက နှစ်ပေါင်းများစွာ
ပေါင်းလာသူမို့ သိတော့သိ ပြီးသားပါ။
သူက ဂျာနယ်လစ်လည်း လုပ်ခဲ့တာမို့
သတင်းမီဒီယာဝါ သနာ အလေ့အကျင့်ဖြစ်နေသူ။
၈ လေးလုံးကာလ တောင်ဥက္ကလာ
၁၂ ရပ်ကွက် (ယခု အထက ၅) ကျောင်း ကြီးထဲမှာ စာပေသမဂ္ဂ ဖွဲ့ကြတော့ ဥက္ကဌကဆရာ ကြီးကွေး(အီ ကြာ‌ကွေး) အတွင်းရေးမှုးက နွေလယ်နေ၊ တွဲဘက် အတွင်းရေးမှုး ၁ က ဇေယျဝတီ -မင်းလွင်စိုး(မိမိ) တွဲဘက်အတွင်းရေးမှူး ၂ က
နီရှန်။ ဘာမှ ကြိုတင် စီစဉ်ထားတာမရှိ။
အစည်းအဝေး စခါနီးမှ ကဗျာဆရာ နှင်းခါးမိုးက လာခေါ် ပြီး "စာပေသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးခေါ်ထားတယ်၊အကိုတို့အားလုံးလာ ကြ"ဆိုတာနဲ့ ထလိုက်လာခဲ့ ကြတာ။ဟိုရောက်တော့ အချင်းချင်း တယောက်တ ပြန်အဆိုတင်လိုက် ကြ ပြီး ဥက္ကဌတွေ အတွင်းရေးမှူးတွေ လုပ်လိုက် ကြတာ။နှင်းခါးမိုး ကြိုရေးထားတဲ့ တောင်ဥက္ကလာပ မြို့နယ် စာပေသမဂ္ဂရဲ့သဘောထားကိုဖတ်ကြားအ ပြီး ကြွရောက်လာတဲ့ စာရေးဆရာ ကဗျာ ဆရာများထဲက မေးချင်တာ ရှိရင် မေးကြဖို့ တောင်းဆိုလိုက်တော့ အများစုကစာရွက်လေးတွေပေါ် ရေး ပြီး အမေးလွှာလေးတွေကို နီရှန့်လက်ထဲ ထည့်ကြတယ်။ နီရှန်က ခပ်တည်တည်နဲ့ စာရွက်တွေယူလာ ပြီး ရှေ့ခုံမှာထိုင်နေတဲ့ရှင်လူ့စားပွဲပေါ်ယို့ယို့လေးလာတင်တယ်။ ဘယ်သူ‌ဖြေမယ်၊ ဘယ်လိုသဘောထားပေးမယ် ဘာညာညှိနှိုင်းထားတာတခုမှ မရှိ။
ခုတော့ ရှေ့နားထိုင်မိတဲ့ ရှင်လူ့မှာ အလိုလိုနေရင်း ‌ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားတယ်။တချိုု့ မေးခွန်းတွေကလည်း ထောင်
 ၇ နှစ်လောက် ကျသွားနိုင်တဲ့ မေးခွန်းမျိုး။ ဥမာ။ ။မောင်သုည (ခေါ်)ကိုခင်မောင်မောင် ရဲ့မေးခွန်းက" ကျနော်တို့ စာပေသမဂ္ဂ အနေနဲ့ လိုအပ်ရင် တော်လှန်ဖို့
လက်နက်ကိုင် သင်တန်းတွေ ပေးရန်  ပြင်ဆင်ထားမှု ရှိမရှိ"။ဗု‌ဒေါ...။တကယ် ချွေးပြန်ရတဲ့မေးခွန်းပါ၊ ရှင်လူ ဘာ ပြန်‌ဖြေမလဲ။ ဥက္ကဌဖြစ်သူ ဆရာ အီ ကြာကွေးကလည်း နားစွင့်နေပါတယ်။ပိတ်သတ် ကြီးကလည်း စိတ်ဝင်တစား ရှင်လူ့ကို အာရုံစိုက်နေ ကြပါတယ်၊ ကင်မရာမီးတွေ တဖျပ်ဖျပ် နဲ့ မျက်စိတွေ ပြာလို့။
အဟမ်း ..အဟမ်း။ ဘာ‌ပြောရမှန်းမသိတော့ အဟမ်းနဲ့ အင်ထရို ဝင်ရပါတယ်။
" ဆရာ မောင်သုည မေးတဲ့ လက်နက်ကိုင်သင်တန်းပေးမပေးကိစ္စ ကို‌ဖြေ ကြားရရင်ကျနော် တို့ စာပေသမဂ္ဂ ဆိုတာ နှလုံးရည် အဖွဲ့အစည်းပါ ၊လက်ရုံးရည် အဖွဲ့အစည်း မဟုတ်ပါဘူး၊ တကယ် လို့ ဒီ စာရေးဆရာ များထဲက လက်နက်ကိုင်တော်လှန်ရေး လုပ်ချင်သူ ရှိရင်တော့ မိမိသဘောနဲ့မိမိ လွတ်လပ်စွာလုပ် နိုင်ပါတယ်"
"ဖျောင်း ဖျောင်း ဖျောင်း"
နောက်ပိုင်းမှာ ဆရာကွေးက"ဇေယျဝတီ ကအားကိုးရတယ်လို"့ မှတ်ချက်ပေးပါတယ်။ မိမိတို့ တောင်ဥက္ကလာပ မြို့နယ် တော်လှန်သော စာပေသမဂ္ဂ ကြီး ဖွဲ့စည်းလို့ အောင်မြင်စွာ ပြီးဆုံးလုလုမှာပဲ လွယ်အိတ်ကို ကြိုးထုံးလွယ်ထားတဲ့ ကဗျာဆရာ ဒတ္ထ (ကျောင်းသားခေါင်းဆောင် အောင်ဒင်) ‌ရုတ်တရက်ရောက်လာ ပြီး စစ်ကားတွေ လာနေ‌ကြောင်း သတင်းပေးပါတယ်။
ဒီအချိန်မှာပဲ ကျောင်းဝန်းကျင်ကို လေ့လာ
ကြည့်လိုက်တော့  ကုက္ကိုပင် ကြီးတွေနဲ့ ဝါးရုံ တွေ နောက်မှာ စစ်သားတွေ နေရာယူနေ ကြပါ ပြီ။မိမိတို့ သမ ဂ္ဂဝင် အားလုံးလည်း ချက်ချင်းတပ်ဖျောက်လိုက် ကြပါတယ်(တနည်း။  ။လွတ် ရာ‌ပြေးပေါက်က
အလျှို အလျှို ထွက် ပြီး ကျောင်းတောင်ဘက် ငမိုးရိပ် ချောင်း လက်တက်လေးကိုကျော် ပြီး ‌ဘေးကင်းရာ နေ ရာ အသီးသီးမှာ ပုန်းခို    ကြ‌ပေါ့ဗျာ)။
ခုလည်း နီရှန် သတင်းတွေ ပို့နေ ပြန် ပြီ။
 (မှတ်ချက်။ ။အရင်နေ့က တင်တဲ့ Post
တွေမှာ သူ့ မူရင်းကလောင်နာမည် နီသျှန်လို့ ရေးခဲ့ပါတယ်။ဒါပေမယ့် ဒီနေ့ဖုန်းဆက်တော့ သူ့ရှေ့အရင်ကရော ခုနောက်ပိုင်း တွေမှာပါ သျှန်ပါတဲ့ ကလောင်တွေ
တွေ့နေလို့ သူက ရှန် ‌ပြောင်းလိုက်‌ကြောင်း ‌ပြောပါတယ်။ဒါနဲ့ ရှန်လိုက်ပါတယ်။
သူ့ကို ဖုန်းဆက် ပြီး "သူငယ်ချင်း ဓပုံတပုံ
Messenger ကပို့ပေး ဆိုတော့ "ဘာလုပ်မလို့ လဲ"တဲ့။သူငယ်ချင်း အ‌ကြောင်းရေးထားလို့ တွဲတင်မလို့ "ဆိုတော့ အိအ ကွိကွ လုပ်နေပါတယ်။ဒါနဲ့ အခု‌ပေးရင်ပေး၊မပေးရင် သေမှ မတင်ချင်ဘူး ဆိုမှ သဘော တူတာပါ။သူသဘောတူ  ပြီးခါမှ
ဖုန်းတခါ ထပ်ခေါ် ပြီး" ဓပုံ မပို့နဲ့တော့။
တော် ကြာ ဘာလိုလို ထင်ကုန်မယ်"
ဆိုမှ "ဟာ ဟုတ်တာပေါ့"တဲ့။
တကယ် Post တင်မယ် ကြံတော့ ပုံလေးတခုခု တွဲချင်လာ ပြန်ကရော၊ ဒါနဲ့သူ့
Wall ထဲဝင်ရှာလိုက်တာ သူကိုယ်တိုင်ဆဲလ်ဖီဆွဲ ပြီး တင်ထား တဲ့ပုံ တပုံမှမရှိ။ဒါ ‌ကြောင့် လည်း လူပျို ကြီး ဖြစ်နေတာ။
Wall တခုလုံး ဆေး မြီးတိုတွေချည်း။
နောက်ဆုံး စင် ဖြူရှင် အကောင့် တင်ထားတဲ့ သူ့ ပုံ ကော်ပီ လုပ်ပြီး တင်လိုက်တယ်။ စိတ်ကူးမလွဲ  ကြပါနဲ့ နေ့လယ်ကပဲ
သူနဲ့ဖုန်း ‌ပြောခဲ့ပါသေးတယ်)
story#observation #shinlhu


story

ပါးကွက်မလေးမောင့်ချစ်သူ😃😄😂😍🥰🤓😎🤩🥳မနက်စောစော ရပ်ကွက်ထမင်းကြော်ဆိုင်လေးမှာ ထမင်းကြော်ထိုင်စားရင်း
သူကိုတွေ့လိုက်ရတာဖြစ်ပါတယ်။ဒါနဲ့ ရှင်လူလည်း ဘေးလွယ်အိတ်ထဲကဖုန်းကိုအသာထုတ်ယူပြီး သူ့ပုံလေးတွေရိုက်ယူလိုက်တယ်။သူအထိတ်တလန့်ဖြစ်ပြီးထွက်များပြေးမလားထင်မိပေမယ့် သူမကတော့ အေးအေးဆေးဆေး  ပါပဲ။
ဒီနားမှာလူတွေနဲ့အတော်ယဥ်ပါးနေပုံရရဲ့။
ရှင်လူစားနေတဲ့ထမင်ကြော်ဆိုင်ကလေးနောက်မှာရပ်ကွက်
မီးသတ်ရေကန်ကြီးရှိပါတယ်။အဲဒီ ရေကန်ကြီးမှာသူ့လို ကြေးငှက်သတ္တဝါတချို့ နေထိုင်ရှင်သန်နေကြတာပါပဲ။သူ့ကိုမြင်တော့ ရှင်လူငယ်ငယ်ကရွတ်ဖတ်နေကျကဗျာလေးတပိုဒ်ခေါင်းထဲပေါ်လာတယ်။သူက ပါးကွက်ဖြူဖြူလေးနဲ့ကိုး။
           ပါးပြင်ကိုဘယ်ညာကွက်လို့
            ရေကြက်မပါးဖြူဖြူ
ဟန်မူကကြော့ရှင်း....
            ဆရာကြီးမင်းသုဝဏ်လက်ရာလို့ထင်ပါတယ်။တစ်တီတူးတို့ စနိုက်တို့ဆိုရင် ဆပ်စလူးခါနေတတ်တယ်၊သူ့လိုမငြိမ်။ရေကြက်
မလေးပဲထင်ပါတယ်။ရှင်လူကသူအေးအေးဆေးဆေးအစာကောက်နေတာကြည့်ပြီးသဘောကျနေမိပါတယ်။ရှင်လူ့ပတ်ဝန်းကျင်မှာ ဂေဟစံနစ်တွေမပျက်သေး။ဒီကမ္ဘာကြီးပေါ်မှာတော့ ဂါဇာ၊ယူကရိန်းအစ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ဘေးကပ်ရောဂါဘေးတွေကြောင့်ဂေဟစံနစ်တွေအတော်များများပျက်စီးခဲ့ပြီ။ကျေးဇူးတင်ပါတယ် ပါးဖြူမကလေးရယ်။
story#observation #shinlhu

Monday, October 20, 2025

story

အွန်လိုင်းတစ္ဆေ🤓😎🥰😤😱😭😰👹😈👺💀👻
"မင်္ဂလာပါ  ဦး"
"မင်္ဂလာပါ  သမီး"
တနေ့ညနေက MSG ပေါ်ကနေ ကလေးမလေးက နှုတ်ခွန်းဆက်လာတယ်။ရှင်လူလည်း ဝမ်းသာအားရ မြန်ပြီးနှုတ်ဆက်လိုက်တယ်။
ဒီကလေးမလေးက တလောကမှ ရှင်လူ့ကို Friend request လုပ်လာတယ်။သူ့နာမည်က နန်းနန်းတဲ့။သူ့ဓပုံကိုတော့ရှင်လူသိနေတယ်။ရှင်လူနဲ့တလမ်းထဲအတူနေခဲ့ပြီး ရှင်လူ့မျက်စိရှေ့တင် ကြီးပြင်းလာခဲ့တဲ့ ဆယ့်သုံးလေးနှစ်အရွယ်အပျိုဖျန်းလေးပေါ့။ဒီကလေးတွေအရွယ်ရောက် ဖုန်းကိုင်လာကြပြီး လိုင်းပေါ်မှာရှင်လူနဲ့မိတ်ဆွေဖြစ်လာတာရှင်လူအရမ်းပျော်တယ်။ဘာဖြစ်ဖြစ် သူတို့ကို နှုတ်၏စောင်မခြင်း လက်၏စောင်မခြင်း နဲ့ စောင့်ရှောက်ပေးနိုင်တယ်လေ။
ရှင်လူ့ဖုန်းထဲ ပြန်ရှာလိုက်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက် သီတင်းကျွတ်လထဲမှာ သူတို့ညီအမတွေ လုပ်ရောင်းတဲ့ စက္ကူမီးပုံးလေးတွေ ရှင်လူအားပေးဝယ်ယူပြီးဓပုံရိုက်ထားတာ သူ့ကိုပို့ပေးလိုက်တယ်။သူမှတ်မိပုံမရ။
"ဟုတ် ဦးရေ"
"အေး  ပြော..နင် ၆ လမ်းထဲက အေးအေးရီသမီးမဟုတ်လား"
"ဘာလဲ အေးအေးရီ၊မသိပါ"
"နင်..ဘယ်မှာနေလဲ"
"မော်လမြိုင်"
"အမ်...ရှင်လူ့မျက်စိရှေ့လူဖြစ်လာတဲ့ အေးအေးရီသမီးပုံတင်ထားပြီး အေးအေးရီမသိ၊မော်လမြိုင်က တဲ့......
"ဦးရေ...ဦးကိုပြစရာ ရှိတယ်"
(သူ့ဘက်ကVcall ခေါ်သံ တတွီတွီ မြည်လာ)လို့ ရှင်လူဖုန်းကိုပိတ်လိုက်ပါတယ်။ပုံစံကသိတ်မဟုတ်တော့...
ဒါမျိုး Vcall တွေ MSG မှာရှင်လူအများကြီးကြုံဖူးတယ်။မိန်းကလေးနာမည်အမျိုးမျိုးနဲ့ ဒီကအသက်ကြီးပါပြီဆိုတာတောင် ညစ်ညမ်းဓပုံတွေ
VD တွေပို့ပြီးဖျားယောင်းသိမ်းသွင်းကြတာ။လတ်တလော နာမည်ကြီးနေတဲ့ ကျားဖျန့်ကွန်ယက်တွေ။
ကိုယ့်မျက်စိရှေ့တွင်လူဖြစ်လာတဲ့ကလေးဆိုပြီး ဆက်သွယ်မိတာ ကြည့်ပါအုံး ဓပုံက အမှန်ဖြစ်ပြီး သူကရှင်လူ့လည်းမသိ၊သူ့အမေတောင်မသိဆိုတော့ ဒီဓပုံကို တယောက်ယောက်ကအလွဲသုံးစားလုပ်ထားပြီလား။ဒီကမ္ဘာကြီးရဲ့ အမှောင်ခြမ်းဟာ တစ္ဆေတွေရဲ့ လက်မည်းကြီးတွေအောက်ရောက်နေပြီလား။
ရင်မောရပါလား နန်းနန်းရယ်.....
story#observation #shinlhu

Sunday, October 19, 2025

story

 စဉ်းစားကာနေရ အုံးမယ်
👺😈😂👽😭😎

ညနေ ၄ နာရီခွဲလောက်မှာ ဖွေးဖွေးသိမ့် အဖေ မောင်ဝင်း ဖုန်းဆက်တယ်
"ရှင်လူ ရေ ၊ရှင်လူ့့အတွက် ပါတီကပေးတဲ့ ဆန်နှစ် ပြည်၊ ကြက်ဥ တကတ် နဲ့ ဆီတပုလင်း သိမ်းထားပေး တယ်"တဲ့
"ဟေ ဘယ်ပါတီ လဲ"
"ပြည်သူ့ပါတီ တဲ့"
"‌သြေ် သိ ပြီ ၊နေအုံး စားသင့်မစားသင့်
ငါ စဉ်းစား အုံးမယ်"
"ရှင်လူကလည်း ကိုယ့်တွက်ရတာပဲ၊စားပေါ့ "တဲ့။
နိုဝင်္ဘာ ရွေးကောက်ပွဲ နီးလာတော့ ဖေ့စဖုတ်ပေါ်မှာ ပွက်လောညံနေတယ်။
နဂိုရ် က ကိုကို ကြီးတို့ ပါတီ ဆိုတော့ 
၈ လေးလုံးသံယောဇဉ် ‌ကြောင့် စိတ်ဝင်တစား လေ့လာ မိတယ်။ သတင်းတွေုက
မှန်လား မှားလား သိတ်မဝေခွဲနိုင်ပေမယ့်
ပြည်သူ့ပါတီ ကတချို့ Campaign လုပ်တာတွေ က သိတ်ဘဝင်မကျစရာ။
(ချွင်းချက်။ ။သဘောတရားဆရာ ကြီးတွေကို မဖတ်မိတာလည်း ဖြစ်နိုင်ပါတယ်)
ဒီ ကြားထဲ ပြည်သူ့ ပါတီတံဆိပ်နဲ့ တယောက်က Messenger ထဲကနေ ပြီး ရှင်လူ့ဆီကို Vedio Clip တခု ပို့လာတယ်။
ဖွင့် ကြည့် လိုက်တော့ စွပ်ကျယ် လက်တိုနဲ့ ဇိုးသမားပုံတယောက်က လက်ချာတွေပေးနေတာပဲ။"ခင်ဗျားတို့ အဲဒီ ကျပ်မ ပြည့်တဲ့ ပါတီကိုမဲပေးနေလို့ကတော့ လာဘ်ပိတ်နေအုံးမှာ ဘာညာ နဲ့"အတင်း အဖျင်းတွေ ဒလဟော။ အင်း ကိုကို ကြီးတို့ ပါတီတွင်း သဘောတရားရေး သင်တန်းတွေ မပေးနိုင်ဘူး ထင်ပ။အဲ့ အခွေကို ကြည့် 
ပြီး ပါတီ ကို အထင်ကြီးရမယ့်အစား
စိတ်ကုန်သွားတယ်။ဒါမျိုးတယောက်တလေ လောက်ပဲဆိုရင်တော့ တော်ပါသေးရဲ့ပေါ့။ ဒါနဲ့ ရှင်လူလည်း သူ့ကို အောက်က
Reply  ပြန်ပေးလိုက်တယ်။
မင်းတော်တယ်၊ ကမ္ဘာပေါ် မှာ ကျပ်အ ပြည့်ဆုံးပါတီကို ‌ပြော ပြပါ၊
ဘီအိုင်အေ ဝင်လာတုန်းကတောင် ဓားပြတွေ ပါလာသေးတယ်
သံဃာထဲမှာလည်း အလဇ္ဇီ၊ဒုသီလ တွေ ပါတာပဲ။
အပဲ့အရွဲ့ အနာအဆာတွေထဲက
နည်းနည်း အသုံး ဖြစ်မယ့်ဟာကိုရွေးရတာ။ မ ဆ လ ခေတ်က
သာယာဝတီ ပန်းကန်ရွေးသလိုပေါ့ကွာ
ကိုယ့် ပါတီက လက်ရှိ‌တွေထက် ပိုကောင်းအောင် ဘာတွေ လုပ် ပြမယ် ဆိုတဲ့ မူဝါဒကို ‌ပြောပါ။ 
သူများအပုပ်ချတာကတော့ အရပ်ထဲက သာမာန် လူစားတွေက ပိုကျွမ်းပါတယ်
၈၈ သံယောဇဉ် စကား‌ပြောရရင် ကိုကို ကြီးတို့ လုပ်တဲ့ မီးဒုတ်သတင်းစာ နဲ့အိုးဝေမှာ စာရေးခဲ့ဖူးတယ်။အဲ့ ဒီ ၈၈ သံယောဇဉ်ကို ပြတ်အောင်မလုပ် ကြပါနဲ့။
ရှင်လူ လည်း အဲ့လို ပြန်ရေးလိုက်ရော။
ဒီနေ့ထိသူ့ဘက်က ဘာမှ တုန့်ပြန်မလာတော့ဘူး။ ဒါလောက်ဆို လိမ္မာတယ် ‌ပြောရမယ်။
အထက်က မောင်ဝင်းဖုန်းဆက်တဲ့ လူထု
(Covid-19 ဒဏ်ခံရတဲ့)ကို ရိက္ခာဝေတာကတော့ တနည်းအားဖြင့် တွေး ကြည့်ရင်
ဖက်ဆစ် နဲ့ စစ်အာဏာရှင်တို့ ကို တော်လှန် ဆန့်ကျင်ခဲ့တဲ့ အသီးအပွင့် လို့ပဲ မှတ်ရမယ်။(ဒီမိုကရေစီ အသီးအပွင့် လို့ မ‌ပြောသေးဘူးနော်)
ဘာ‌ကြောင့် အသီးအပွင့် လို့ ‌ပြောရသလဲဆို ၁၉၄၀ ခုက ဖက်ဆစ်ဂျပန်တွေဟာ သံ ဖြူဇရပ်နဲ့ ထိုင်းနိုင်ငံထဲကို ၄၁၅
ကီလိုမီတာရှိတဲ့ မီးရထားလမ်းကိုဖောက်ခဲ့ပါတယ်။ ရှေးလူအများကတော့ ချွေးတပ်လို့ သိခဲ့ပါတယ်။ အဲဒီအခါက မြန်မာချွေးတပ်သားချည်း ၈၀၀၀၀(ရှစ်သောင်း)သေခဲ့ပါတယ်။လုပ်အားခ အထောက်အပံ့ကတော့ ဖက်ဆစ်ပဲဗျာ၊ မည်ကာမတ္တပေါ့။
ဆရာ လေထီးဦးအုန်းမောင်ရေးခဲ့တဲ့ "နှစ်ပေါင်း ငါးဆယ် ကြာသောအခါ"ထဲမှာလည်း ချွေးတပ်အ‌ကြောင်း ထည့်ရေးထားပါတယ်။ ရှင်လူ ‌ပြောလိုတာက ဖက်ဆစ်နဲ့ စစ်အာဏာရှင် စံနစ်ဟာ လူတွေကို သေနတ်နဲ့ သိမ်းသွင်းခဲ့တာချည်းပါပဲ။အင်း လွတ်လပ်ရေး ရ ပြီး ဒီမိုကရေစီ ရွေးကောက်ပွဲများမှာတော့ ကျွေးမွေး ပေးကမ်း ပြီးသိမ်းသွင်းတဲ့ စံနစ် ပါလာပါ ပြီ။
၁၉၆၀ရွေးကောက်ပွဲတုန်းက ဆို ဦးနု
တို့က သန့်ရှင်းဖဆပလပါ။ဦးကျော်ငြိမ်းနဲ့ဦးဗဆွေတို့ကတည်မြဲဖဆပလပါ။အိမ်စောင့်အစိုးရက စစ်တပ်ကိုကြားနေဖို့‌ပြောပေမဲ့ စစ်တပ်က တည်မြဲဘက်က လိုက်‌ပါတယ်။ 
အဲဒါကြောင့်ဦးကျော်ငြိမ်းက နိုင်ရင်လည်း နိုင်ရမယ်
ရှုံးရင်လည်း နိုင်ရမယ်လို့ ပြောခဲ့တာပါ။
နယ်တွေမှာ သေနတ်နဲ့တေ့ပြီး တည်မြဲထဲ ထည့်ခိုင်းတာတို့နိုင်မယ်မထင်တဲ့ မဲရုံ မီးနဲ့ရှို့တာတို့လုပ်ပါတယ်။
မြို့မှာတော့  ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက်လောက် မဏ္ဏာပ်ထိုးပြီး တည်မြဲက  မနက်ထမင်း ညထမင်းကျွေးပါတယ်။
 ရွေးကောက်ပွဲနေ့မှာ မဲပေးမယ့်လူတစ်ယောက် ငွေ၅ကျပ် ပုဆိုးတစ်ထည် မိန်းမဆိုရင် ထမိန်တစ်ထည်ပေးပြီးမဲထည့်ခိုင်းတယ်။
ဒီအပိုဒ်လေး ရေး ပြတာက ရွေးကောက်ပွဲနီးလာရင် ပေးကျွေး ပြီး စည်းရုံးသလို
လက်နက်နဲ့ သိမ်းသွင်းတဲ့ သာဓက တချို့လည်း ရှိနေ‌ကြောင်း ‌ပြောချင်လို့ပါ။
ခုလို ခေတ်မီ လက်နက်ကိုင် ရောင်စုံ စစ်တပ် ကြီးတွေ ရှိနေတဲ့ အခါ ဆို လက်နက်နဲ့ သိမ်းသွင်းခံရမှာ ပို ပြီး စိုးရိမ်စရာပါ။
"ရှင်လူ ၊ဘယ်လိုလဲ၊ဘာလုပ်မှာလဲ"
မောင်ဝင်းဖုန်း ဆက် ချိန်အတွင်း အတွေးတွေက ပွားသွားတာပါ။ ‌အချိန်တိုအတွင်း တွေးမိတာကတော့ နည်းနည်းပါ၊ နောက်မှ စဉ်းစား ပြီးဖြည့် ရေးထားလို့ များသွားတာပါ။
"အေးကွာ ငါတို့ စစ်အာဏာရှင်ကိုတော်လှန်လို့ ရခဲ့တဲ့အသီးအပွင့်ပဲ စားထိုက်ပါတယ်၊ ဆန်နဲ့ ကြက်ဥကိုတော့ မင်းယူလိုက်၊ငါ့မှာဆီ ကုန်နေ ပြီ၊ ဆီတော့ ငါယူမယ်"

(ပထမတင်တဲ့ Post အချက်အလက်တွေ
ထွေးသွားလို့ အသစ် ပြန်တင်တာပါ)
story#observation#shinlhu


Thursday, October 16, 2025

story

"
 " စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၈)
      📱🤐👺😌💮🙄😁🌼🍁🍂
       ဒီမနက် ဖွေးဖွေးသိမ့်က ရှင်လူကြီးကို "သစ်ခွ"ကတ္တီပါ ဖိနပ်တရံနဲ့ ကန်တော့ပါတယ်။ရိုးရာအစဉ်အလာ ဝါကျွတ်ကန်တော့ပန်း ပေါ့ဗျာ။ နှစ်ကာလတွေ ရှည်
လာတာနဲ့အမျှ ကိုယ်က ကန်တော့ရမယ့်သူတွေ တဖြည်းဖြည်းကုန်သွားပြီး ကိုယ်တိုင်က ကန်တော့ခံပုဂ္ဂိုလ်နေရာရောက်ရောက်လာတယ်။ရှင်လူ့လို ထိုင်ကားယား ထကားယား အပေအတေတယောက်အနေနဲ့ ကိုယ့်ကိုကန်တော့မယ့် ကလေးတွေရောက်လာရင် ကျောထဲကစိမ့်ပြီး ဖျားချင်သလိုလိုဖြစ်
လာတယ်။ ဖြစ်စရာအကြောင်းကလည်း ရှိပေသကိုး။ ဘုရားရှင်ပွင့်တော်မူစ အဇပါ
လညောင်ပင်ရင်းမှာ ထိုင်နေတော်မူတုန်း ရောက်လာတဲ့ပုဏ္ဏားအိုကြီးတစုက "အရှင်ဂေါတမက ကိုယ့်ထက်ကြီးတဲ့ သူတော်စင်ကြီးတွေကို ရှိခိုးဦးညွတ် အရိုအသေမပြုဘူးဆို၊ ကျင့်ဝတ်တွေကို ပယ်တယ်လို့ ပြောရမှာပေါ့၊ဟုတ်လား
"မေးကြတော့ ဗုဒ္ဓက" ကြီးတယ်ဆိုတာ တချို့ အသက်ကြီးလို့ လူကြီးဖြစ်နေကြတာ၊ အပြောအဆိုက ကလေးသာသာပဲ၊ အရိုအသေနဲ့ မထိုက်တန်ဘူး"လို့ပြန်ဖြေခဲ့သတဲ့။ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဆိုတာ အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမားတဲ့ပုဂ္ဂိုလ်အနေနဲ့ ကန်တော့ကြတာကိုး။သူများကန်တော့ခံရပြီဆိုကတည်းက အကြီးအကဲဆိုတဲ့ဂုဏ်အင်္ဂါရှိမှလည်းတင့်တယ်ပေမပေါ့။လူကြီးဖြစ်ရတဲ့ဒုက္ခက အဲဒါပါပဲ။ ကန်တော့ခံရမှာကြောက်ပြီး လာကန်တော့ ​တော့လည်း ဝမ်းသာပီတိဖြစ်ရပြန်တယ်။ ငါ သူတို့အပေါ်မှာ ပိုမိုဂရုစိုက်ပြီး ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ သတိတရားတွေလည်း စိတ်ထဲလေးနက်လာရဲ့။ တခါတခါ
ငယ်ငယ်တုန်းက အမေငေါက်
တာပြန်သတိရမိတယ် "ဟိုကောင် ၊ကြီးပုံမပီ ကြီး နော် သတိထား အငယ်တွေအပေါ် ညှာရကောင်းမှန်းမသိဘူး"
          ကျောထဲ စိမ့်စိမ့်လာတယ်။
story#observation #shinlhu

story

 ဖင်​လန်​ဇာတ်ညွှန်းစကန်းဒကော်​ပီ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 
❀ ရှင်​လူ့အိမ်​​ရှေ့ ကွန်​ကရစ်​လမ်းကိုခွပြီး
``ရင်​တွင်း​မေတ္တာ´´နာ​ရေးကူညီမှုက
မဏ္ဍပ်​ထိုးထားတယ်​။ ရှင်​လူ့ အိမ်​​ရှေ့ တံခါး​ပေါက်​အ​ပေါ်မှာ led မီးတလုံး
ချိတ်​ဆွဲထားပြီး သုတ ၆ လမ်းထဲက
​ယောက်ျား မိန်းမတစု​ရော မျက်​နှာစိမ်းဧည့်
သည်​များပါ ဝင်​လိုက်​ထွက်​လိုက်​။တဖက်​နှစ်​ထပ်
​​သီးသန့်​ဆောင်ထဲကမာမာ​​အေးရဲ့ငိုညည်းသံက ပြတ်​​တောင်း ပြတ်​​တောင်း ကြား​နေရတယ်​။
မဏ္ဍပ်​ထဲမှာ​ထောင်​ထားတဲ့သစ်​သား
သင်​ပုန်း​ပေါ်မှာ ​ရေးထားတာက...
``​ဇော်​မင်းဦး´´၄၅ နှစ်​။၁၆ ရက်​၁၀လ ၂၀၁၇
တနင်္လာ​နေ့တွင်​ကွယ်​လွန်​သည်​။
တနင်္လာ​နေ့ က ရှင်​လူကြီး Bella ရုံးမှာ
လက်​​ဆောင်​ပစ္စည်း​တွေသွားထုတ်​​နေလို့ 
မနက်​၁၀နာရီ​လောက်​မှအိမ်​ပြန်​​ရောက်​တယ်​။
တနင်္ဂ​​နွေည​နေ၄နာရီခွဲရှင်​လူအလုပ်​သွားမယ်​
လုပ်​တုန်းက​တောင်​ ​ဇော်​မင်းဦး စကား​ပြော​နေသံ​တွေ ကြား​နေ​သေးတယ်​။
မနက်ခင်း​၇နာရီ​​ကျော်​​လောက်မှာ
​​​အ​ကောင်းသားက​နေလဲသွားပြီးရုတ်​တရက်
​​ဖြစ်​သွားတာ။ စံပြ​ဆေးရုံပို့​တော့
​ဦး​ခေါင်းကို ဓာတ်​မှန်​ဆိုလား စကင်​ဆိုလား
ရိုက်​ဖို့ တွန်းလှည်းရှာတဲ့လူက ရှာလို့မရ။
လှည်းရှာ​နေတုန်းမှာပဲ ​ခေါင်းစိုက်​သွားတယ်​
ကြားတာပဲ။
ပြီးခဲ့တဲ့ လ​တွေအတွင်း ​ဇော်​မင်းဦးနဲ့ ရှင်​လူတို့ ရန်​ပွဲ​တွေ တဂျိန်းဂျိန်း။ (၁၇၉) ခြံဝင်းတခုထဲအတူ​နေကြပြီးတ​ယောက်​နဲ့
တ​ယောက်​ဘာ့​ကြောင့်အမုန်းပွား​နေကြသလဲ ၊မ​မေးကြနဲ့​တော့ ခု ​သေသူက​သေပြီ။
ဘာမှမ​ပြောနိုင်​​တော့ ။ ရှင်​လူ​ပြောရင်​
တဖက်​သတ်​ကိုယ်​​ကောင်းတာ​ပေါ်လွင်​
​အောင် ​ပြောမှာပဲ။ အမှန်​ဆုံးအ​ဖြေက​တေ့
နှစ်​​ယောက်​လုံးမ​ကောင်း​တာပဲ။ရှင်လူ့မှာ
ခု ထိ အရိုးစွဲ​​နေတဲ့အကျင့်တခုရှိတယ်​။
အသက်​သာ ၆၄ နှစ်​​ရောက်​လာတယ်​၊ ဒီအကျင့်ကပြင်​မရ။အရာရာမှာ သည်းခံ
တတ်​​အောင်​ကျင့်တယ်​။ရတယ်​။ ဘယ်​​နေရာမှာရသလဲ ဆို​တော့ တဘက်​က
မ​တော်​တဆမှားလို့က​တော့ရှင်​လူ့လည်​ပင်းတက်​နင်းသွားပ​စေ၊ ပြုံး​နေလိုက်​မယ်​
နင်းမိတဲ့လူအားတုံ့အားနာဖြစ်​မစိုးလို့ သူ့ကို​တောင် ပြန်နှစ်သိမ့်​လိုက်​အုံးမယ်​။ ဒါမျိုးကဖြစ်​တတ်​ပါတယ်​ တို့ဘာတို့။ တမင်​လာ​စော်​ကား လို့က​တော့ 
တကြိမ်​ ​စောင့်ကြည့်မယ်​၊မ​တော်​တဆလား
တမင်​လား။ နှစ်​ကြိမ်​ ​စောင့်ကြည့်မယ်​ ၊​သေချာ​အောင်​။သုံးကြိမ်​​တော့မရ​တော့ဘူး။
ထိပ်​တိုက်​​တွေ့ပြီ။ သူများ​စော်​ကားတာကို
ငုံ့ခံတယ်​ဆိုတာ​သောက်​ဂုဏ်​သိက္ခာတပြားသားမှမရှိတဲ့​ကောင်​မျိုးမှ ငုံ့ခံတာ။အဲ့ ​ကြောင့် ဒီ​ကောင်​​ဇော်​မင်းဦးနဲ့ ရှင်​လူတို့
အပြန်အလှန်​​​အော်​ကြီးဟစ်​ကျယ်​
ဆဲဆိိုုကြိမ်းမောင်းကြတာကိုယ်​ထိလက်​​ရောက်
​ဖြစ်​လုလု အကြိမ်​ကြိမ်​။ဒီ​ကောင်​ကလည်း
အရက်​မူးလာရင်​ ရိတတ်​​စောင်းတတ်​တယ်​။
ရှင်​လူ့ကို ​စောင်း​မြောင်း​ကြိမ်း​မောင်းတာတို့၊
မခံချင်​​အောင်​မထိတထိ​ပြောတာတို့၊
ရှင်​​လူကဒဲ့သမားဆို​တော့မျက်​နှာချင်းဆိုင်
​​​မေးတဲ့ခါခင်​ဗျား​ပြောတာမဟုတ်​ဘူးဘာညာ
လုပ်​ပြန်​​ရော။တခါတခါ​ရှင်လူ ​ပေါက်​ကွဲရင်​ ူ​သောက်​ပြီးသားဝီစကီ ပုလင်းပြား​တွေပုံပြီး နံရံကိုတလုံးခြင်းပစ်​ခွဲမိတယ်​။ ရှင်​လူ​သောင်းကျန်းလိုက်​​တော့လည်းသူ
ငြိမ်​သွားပြန်​​ရော။သူ့လိုရိတတ်​​စောင်းတတ်​တယ်။ ရှင်လူက ၁၅နှစ်​​သားကတည်းက
ကဗျာ​ရေးလာတာ။ဒါ​ပေမယ့်အဲ့အတတ်
​ပညာ​တွေကရှင်​လူ့ကိုယ်​​ရေးကိုယ်​တာ
သုံးဖို့ ဆည်းပူးထားတာမဟုတ်​ဘူး။ သူ့ကို
အလင်္ကာနဲ့​စောင်းမယ့်အစား လက်​သီးချင်း
ပဲယှဉ်​ထိုးလိုက်​မယ်​ဆိုတဲ့အ​တွေးပဲရှင်​လူ့မှာ
ရှိတယ်​။ တကယ်​ထိုးဖြစ်​ရင်​ ၆၄ နှစ်​နဲ့ ၄၅နှစ်​ကဝိတ်​တန်းချင်းသားအဖ​လောက်​ကွာ​နေတယ်​။ခင်​ဗျားတို့ဘယ်​လိုထင်​လဲ။
ရှင်​လူ့​သောက်​ခွက်​ကြီးဘာဖြစ်​သွားမယ်
​ထင်​သလဲ။ဒီ​ကောင်​ခုလိုမ​သေခင်​
်​ပြီးခဲ့တဲဲ့့သုံးရက််​​လောက်​ကပဲတပွဲကြုံလိုက်​ရ​သေးတယ်​။အဲ့လိုပဲ တ​ယောက်​နဲ့တ​ယောက်​ အမြင်​မ​တော်​ အကြားမ​တော်​တာကစပြီး
ဖြစ်​ကြတာ။ဒီ​ကောင်​ကရှင်​လူလာ​နေတဲ့ဘက်​ကို ​ကျော​ပေးပြီး ဖင်​လှန်​ပြတယ်​​လေ။
ရှင်​လူလည်းအမှတ်​မထင်​ကြည့်မိလိုက်​ရာက အမှတ်​မထင်​ ​ဒေါသထွက်​သွားတာ
တ​ယောက်​နဲ့တ​ယောက်​​အော်​ကြီး
ဟစ်​ကျယ် ဆဲဆိုမိကုန်​​ရော။ ကဲ ..သူ​ရော ကိုယ်​​ရော ခုချိန်​ အဲ့ဒီ​နေ့က​ဒေါသ​တွေ
ဘယ်​​ရောက်​ကုန်​ပြီလဲ။သူက ခု​လောက်​ဆို
``ရင်​တွင်း​မေတ္တာ ´´နဲ့ စံပြ​ဆေးရုံက​နေပြီး
​ရေ​ဝေး ​ရေခဲတိုက်​​ရောက်​​နေပြီး ရှင်​လူက
​တောင်​ဒဂုံဟားခါး ဂို​ဒေါင်​မှာ။
ဟို​နေ့က သူဖင်​လှန်​ပြလို့ရှင်​လူ​ဒေါသဖြစ်​တဲ့
ကိစ္စကို ဗွီဒီယို ပြကွက်​လိုပြန်​​တွေးရင်း
ဇာတ်​ညွှန်းပြင်​​ရေးကြည့်မိတယ်​။
##ရှင်​လူ့ကိုဖင်​လှန်​ပြတဲ့ ​ဇော်​မင်းဦး​နေရာမှာ ဟို တင်​ထွားစိန်​ ဆယ်​လီ အဆို​တော်​ ကို လူစားလဲ ကြည့်
လိုက်​တယ်​##
ဒီဇာတ်​ညွှန်းသစ်​အရ ​ဒေါသခန်းကို ဘယ်​လိုမှ ထည့်လို့မရ​တော့ဘူး။​တကယ်​​တော့ ​ဒေါသဆိုတာလည်း ပညတ်​ပဲ။ မမြဲဘူး။
ရှင်​လူလည်းပညတ်​ပဲ ၊မမြဲဘူး။ခုညစာစား​တော့​တောင်​ ထမင်းငုံ့ စားရင်း ​ခေါင်းမူးသွားတာ ​တော်​​တော်​နဲ့မ​ပြေဘူး။​ရေ​နွေးကြမ်း​လေး
​ကောက်​​သောက်ပြီး ခဏ​လောက်ငြိမ်​​နေပြီးမှ ဆက်စားရတယ်​။
​သေမှာပဲ။ အဲ့ ဖင်​လန်​​ကောင်​ ​ဇော်​မင်းဦးမှမဟုတ်​ဘူး။ရှင်​လူဆိုတဲ့​ကောင်​လည်း​သေမှာပဲ။ ဘာမှ မမြဲတဲ့ အတ္တ​တွေ
မာန​တွေ ​ဒေါသ​တွေအစားတမလွန်​​ဟိုတယ်​ မှာ ငါတို့ ပြန်​ဆုံကြရင်​ ရင်​ခံပြီး ဖင်​လှန်​​နေကြမယ့်အစား ဝီစကီပုလင်း​လေးအလယ်​မှာချလို့ ...
story#observation #shinlhu


story

ရှင်​လူ့ဆံပင်​​တွေပိုဖြူသွားရတဲ့အ​ကြောင်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
(^_^) ဒီ​နေ့ ရတဲ့Bellaလက်​​ဆောင်​ပစ္စည်းက
အထုပ်​နှစ်​ထုပ်​။ ဖွင့် ​ရေကြည့်​တော့ ၁၁ မျိုး​တောင်​ပါတယ်​။HRရုံးခန်းထဲ​ရောက်​
​တော့ ပစ္စည်းထုတ်​​ပေးတဲ့ က​လေးမက 
``ဦးက ဒီလ ​နောက်​ဆုံး​နော်​´´တဲ့။ ရှင်​လူကြီးက သြဂုတ်​ ၉ ရက်​မှာ ၃လ စာချုပ်​နဲ့ အလုပ်​ဝင်​ခဲ့တာဆို​တော့ နိုဝင်္ဘာ
၉ ရက်​ဆို ၃ လပြည့်ပြီ ​လေ။ ``သမီးတို့က
ဒါ ဒီကအလုပ်​သမား​တွေအတွက်​ နှစ်​ကူး
လက်​​ဆောင်​​ပေး​နေကျ၊ လစဉ်​လိုလိုလည်း
​ပေးပါတယ်​၊ ဦးကိုအမှတ်​တရ​ပေးချင်​လို့´
ပါ´´တဲ့။အင်းရှင်​လူကြီးလည်းလက်​​ဆောင်​ထုပ်​နှစ်​ထုပ်လက္ခံ​​ကျေးဇူးတင်​စကား​လေး​
ပြော နှုတ်​ဆက်​ပြီးရုံး​ပေါ်ကဆင်းလာခဲ့
့တယ်။ ရှင်လူကြီးက လာမယ့် နိုဝင်္ဘာ
၂၉ ဆို ၆၄ နှစ်​တင်းတင်းပြည့်ပြီ။ဒီလို
လုပ်​ငန်းခွင်​က​ပေးတဲ့လက်​​ဆောင်​မျိုးဒီတခါပဲရဖူးတာ။ အသက်​ ၂၀ ​ကျော်​အရွယ်​ 
အကျိုး​ဆောင်​ကုမ္ပဏီ(၂၂၉ အ​ရှေ့ ​ရွှေဂုံတိုင်​)မှာအ​ထွေ​ထွေမန်​​နေဂျာလုပ်​ခဲ့တုန်းကလည်း သူ​ဋ္ဌေး ဦး​ကျော်​​အေး ​ပေးတဲ့
​ဘောက်​ဆူး​ငွေ​တော့ ခဏခဏ ရခဲ့ဖူးပါရဲ့၊
လက်​​ဆောင်​ရယ်​လို့မရခဲ့ဖူးဘူး။
စက်​မှုတွင်းထွက်​ကုန်​ကြမ်း​ကော်​ပို​ရေးရှင်းမှာလုပ်​ခဲ့
တုန်းကလည်း မရခဲ့ဖူးဘူး။ နှစ်​​ပေါင်း ၄၀​လောက်​ ကိုယ်​ပိုင်​လုပ်​ငန်း​လေးနဲ့​နေပြီး
ခု Bella ည​စောင့် ၃ လ ဝင်​လုပ်​မှရလာတဲ့ 
လက်​​ဆောင်​ထုပ်​​လေးကို တယုတယ ​ကျောပိုးအိတ်​ထဲထည့်လာခဲ့ပြီးအိမ်​အ
​ရောက် ဖွင့်ကြည့်လိုက်​​တော့ Bella သနပ်​ခါး မိတ်​ကပ်​၊ နှုတ်​ခမ်းနီ၊ဗူး​တွေ​ရော ပုလင်း​တွေ​ရော စုစု​ပေါင်း ၁၁ မျိုး။အင်း
..တကယ်​​တော့ လူသား​တွေရဲ့ ခန္ဓာဟာ
ဆံပင်​၊သွား၊အရိုး၊အ​ရေ စသဖြင့် ၃၂ ​ကောဠာသရုပ်​တရား​တွေက အစဉ်​မပြတ်​
​ပြောင်းလဲ​ဖောက်​ပြန်​တတ်​သမို့ ကမ္မဋ္ဌာန်း​တောင်​ရှုကြရသကိုး။အဲဒီ ဒုက္ခ
ခန္ဓာအကြမ်းထည်​ကြီးကို မဖြစ်​မ​နေ တင့်တယ်​​အောင်​ ပြုပြင်​စီရင်​ဖို့ ​ဟောဒီ
cosmetic သုခုမပစ္စည်း​လေး​တွေက 
ဖြည့်စွက်​ကူညီ​ပေးရသမို့လား။ဒါ​တော့
ဟုတ်​ပါပြီ ၆၄ နှစ်​ဒုတိယအကြိမ်​လူပျိုဖြစ်​ပြီး
တ​ကောင်​ကြွက်​အဖိုးကြီးရှင်​လူ
ဒီလက်​​ဆောင်​​တွေကို ဘယ်​လိုလုပ်​ရပါ့။
အရပ်​သတင်းက​တော့ ပြန်​​ရောင်းရင်​သုံး​သောင်း​ကျော်​ဖိုး​လောက်​ရှိသတဲ့။ နီးစပ်​ရာ သမီး​တွေကလည်းများသမို့
အ​ဝေမတည့်ရင်​ ​သော်​တာ​ဆွေ ဒန့်သလွန်​သီး​ရောင်းသလိုဖြစ်​​တော့မယ်​။
ရှင်​လူ့သဲ​လေး​ဖွေး​ဖွေးသိမ့်ကလည်း ခုမှ
၃ နှစ်​သမီးဆို​တော့ အပျိုပစ္စည်း​တွေနဲ့
မပတ်​သက်​​သေး။ကဲ ကြံရာမရတဲ့အဆုံး 
ရဲဆား​လေးဘာ​လေးထား။
က​တောက်​...လာပြန်​ပီ ဒီစိတ်​ကူးက
​ရေး​ဝေးခန်းမ မှာ မင်္ဂလာ​ဆောင်​ရမယ့်
အန္တိမ မင်္ဂလာ​ဆောင်​။ 
အင်း​ဖွေးတို့အဖွားက​တော့လည်​လည်​ဝယ်​ဝယ်​ရှိတယ်(​ဖေးအဖွားပေကိုး)
သူ့လက်​ထဲထည့်ပြီးသင့်သလိုကြည့်​ရောင်း​ပေးပါ...​ပေါ့။ ​ရောင်းပြီးရင်​ ​ဖွေးကို ​ကော်​မရှင်​​ပေးသလို​ပေးပါ့မယ်​​ပေါ့။
ကဲ..​အေး​ရော...
story#observation #shinlhu

Wednesday, October 15, 2025

story

 စိတ်မေးစိတ်‌ဖြေ
                      စာမေးပွဲ (၇)
      📱🤐👺😌💮🙄😁🌼🍁🍂
          ရန်ကုန်ကနေ မော်လမြိုင်အစုံ/အဆန်လေအိတ်တွဲဆိုင်း ရထား ယနေ့စတင်ပြေးဆွဲ။
           အောက်တိုဘာ ၁၅ ရက် သတင်းထဲမှာ  ကြည့်ရင်းရှင်လူ ကြီးရဲ့စိတ်တွေဟာ လွန်ခဲ့တဲ့ ၆၅ နှစ် ဆိုတဲ့ အတိတ်ကာလဆီ ပြန်ရောက်သွားခဲ့တယ်။
           အဲ့တုန်းက ရှင်လူကြီး
၄ နှစ်သားအရွယ်ပေါ့။ အဖေနဲ့အမေတို့က အဖေ့ရဲ့ အလုပ်တာဝန်အရ ရန်ကုန်မှာနေကြ ပြီး ရှင်လူက အဖိုးအဖွားတွေရဲ့​မြေးဦးမို့
အဖိုးအဖွားတွေရှိရာ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကဒူးရင်း ခြံကြီးထဲမှာလိုက်နေရတာ။ တနေ့တော့ ရန်ကုန်အမေတို့ဆီက စာတစောင်ရောက်လာခဲ့တယ်။"သားကိုလည်း လွမ်းလှပြီ၊အမေတို့ မြေးအဖွား ရန်ကုန်ကိုတခေါက်လာခဲ့ပါအုံး" ဆိုတာကြောင့် အဖွားက လိုအပ်တဲ့ပစ္စည်းတွေထုပ်ပိုးပြီး မြေးအဖွားနှစ်ယောက် ရွာကနေ မော်လမြိုင်ကိုဘတ်စ်ကားစီး ၊မော်လမြိုင်ကနေမုတ္တမကို သင်္ဘောစီးပြီးလာခဲ့ကြတယ်။ဟိုတုန်းက အခုဆောက်ထားတဲ့ သံလွင် မြစ်ကူးတံတား(ဘာဆိုလဲ)မရှိသေးတော့ သင်္ဘောနဲ့ကူးရတာ။ ထုံးစံအတိုင်း မုတ္တမဘူတာက လက်မှတ်ဝယ်ပြီးရန်ကုန်ကို ရထားစီးပေါ့။ရထားကလည်း အဲ့ချိန်တုန်းက ဒီဇယ်ခေါင်းတွေမရှိသေး၊ ကျောက်မီးသွေးသုံး စက်ခေါင်းမည်းမည်း ကြီးတွေပဲရှိသေးတာ ။အဲ့ရထားကြီးသံလမ်းပေါ်ပြေးလာရင် လေပေါင်လျော့သံ တရှူးရှူးနဲ့ နွားသိုးရိုင်း ကြီးလိုပဲ။ရှင်လူတို့နားရောက်တုန်း "တူ ဝီး"လို့ဥသြဆွဲလိုက်ရင် ရင်ထဲထိတ်ခနဲ လန့်မိတယ်၊ ပြီးတော့ ပျော်လည်းပျော်မိတယ် ။ရင်ဖိုရတဲ့အရသာခေါ်ရမလားဘဲ။ 
            မုတ္တမဘူတာက ရထားစထွက်ချိန်တော့ မမှတ်မိတော့ဘူး။
မနက်ခင်းပဲထင်ပါတယ်။အဲ့ချိန်က
မုတ္တမ ရန်ကုန် ခရီးဟာ မနက်ထွက် ညရောက်ပါပဲ။
           ဒီလိုနဲ့မုတ္တမဘူတာက ရထားကြီး စထွက်လာလိုက်တာ တတူတူနဲ့ပေါ့။ အဲ့ချိန်က ဘူတာတချို့မှာ ရထားခေါင်းတွဲ ရေဖြည့်ဖို့
ရေပိုက် အမြင့် ကြီးတွေထားကြတယ်။ ရေနွေးငွေ့အင်ဂျင်ဆိုတော့ 
ရေထည့်မောင်းရတာပေါ့လေ။တရွေ့​ရွေ့ခုတ်မောင်းလာတဲ့ရထား ကြီးဟာ နှင်းပုလဲ ဘူတာမရောက်ခင်အကြား တနေရာမှာ ထိုးရပ်သွားတယ်(နောက်မှ အဖွားပြောလို့သိရတာက ရထားဟာ မိုင်းမိပြီးလဲပြိုသွားတဲ့ချိန်မှာ ရှင်လူတို့တွဲဟာ နောက်ဆုံးတွဲမို့ တွဲဆက်ပြုတ်ပြီး သံလမ်းပေါ်ဒီတိုင်းကျန်ခဲ့တာတဲ့)။ ပြီးတော့ သံတွဲမို့အဝေးက သေနတ်နဲ့ပစ်တော့ မှန်ပေမယ့် တဒုန်းဒုန်းသာမြည်တယ် အတွဲထဲ ကျည်မဖောက်ဘူး။ စပ်စပ်စုစု ရှင်လူလည်း ဟိုငေးဒီငေးလုပ်နေတာ အဖွားက ခုံပေါ်ကဆွဲချပြီးခုံအောက်ထဲထိုးထည့်လို့အလိုက်သင့် ဝင်သွားရတယ်။ ခုံအောက်ရောက်မှ ကြည့်လိုက်တော့ အဖွားရွာကယူလာတဲ့ကြံစည်းကြီး
နဲ့​တောင်းပလုံးတွေရယ်တခြားခုံတွေအောက်မှာ ခရီးသည်အားလုံး သံဗုဒ္ဓေကို သံပြိုင်ရွတ်နေ ကြတယ်။ သီလရှင်ဆရာလေး သုံးလေးပါးပါ ပါတော့ ပိုမြိုင်ဆိုင်သွားတာပေါ့။တွဲထဲက လူလတ်ပိုင်းတယောက် ရထားပေါ်က ခုန်ချဖို့ ပြူတင်းဘောင်ပေါ်ငုတ်တုတ် တက်ထိုင်လိုက်တာ တဖက်ပြူတင်းကဝင်လာတဲ့ကျည်ဆန်မှန်ပြီး ကားခနဲကျသွားတယ်။အဲ့ချိန်ကစပြီး အဖွားက "မကြည့်နဲ့ ငါ့မြေး ၊မကြည့်နဲ့ "ဆိုပြီး ရှင်လူ့မျက်လုံးကို သူ့လက်နဲ့ကွယ်ထားတယ်။ နောက်မှသိရတာက အဲ့ခေတ်တုန်းက ရထားထွက်ရင် ရထားလုံခြုံရေးအတွက်အမ်းမတ်ကား ဆိုလား ၊ရထားသံလမ်းပေါ်မှာ ရှေ့တစီး နောက်တစီး ခြံရံပြီး လိုက်ရသတဲ့။ ခုဖြစ်စဉ်မှာ ရှေ့ကအမ်းမတ်ကားက အတော်ဝေးဝေး ကျော်သွားပြီး နောက်ကအမ်းမတ်ကားက ပြတ်ကျန်နေခိုက်မှာ မိုင်းထိတာဆိုတော့ အသေအပျောက်များတဲ့အပြင်ပစ္စည်း ဆုံးရှုံးမှုလည်း အတော်များသတဲ့။စိတ်ထဲမှတ်မိသလောက်ပြောတာပါ ၊အတိအကျကတော့ အဲ့တုန်းကသတင်းစာမှပဲ ပြောနိုင်တော့မယ်။ မကြာခင်မှာ ကြားရတဲ့သတင်းတွေက ရှေ့ကအမ်းမတ်ကား ကနောက်ပြန်ဆုတ်လာပြီးနောက်ကအမ်းမတ်ကားကလည်းမီလာပြီတဲ့။ ရှင်လူတို့တွဲပေါ်ကလူတွေလည်း ဘေးလွတ်ရာသံလမ်းတဖက်ခြမ်းမှာ နေရာယူထားနိုင်ကြပြီ။ရှင်လူတို့ နားမှာ ရဲတယောက်က သံလမ်းကို ကာဗာယူမှောက်ပြီး သု့လိုင်ဖိုနဲ့ တချက်တချက် ပြန်ပစ်နေတယ်။အဖွားကသူ့ လက်နဲ့ ရှင်လူ့မျက်စိကိုအုပ်ထားတဲ့တိုင် ရှင်လူက အဖွားလက်ချောင်းတွေ ကြားက ရသမျှလိုက်ကြည့်နေတာပါပဲ။တချို့ လူသေအလောင်းနဲ့ဒဏ်ရာရသူတွေကိုသယ်ထုတ်နေတာလည်းတွေ့ပါရဲ့။
       "မော်တာပစ်မယ် ၊ကလေးတွေနားပိတ်ထားကြ"ဆိုတော့ အဖွားက ရှင်လူ့နားနှစ်ဖက်ကို သူ့လက်တွေနဲ့ အုပ်ထားပြန်တာပါပဲ။
           ဒီလိုနဲ့ တိုက်ပွဲ ငြိမ်သွားတော့ ရတဲ့သတင်းက"ရန်ကုန်ဘက်ကရထားတစင်းရောက်လာမယ် ၊ပြီးတော့ မော်လမြိုင်ဘက်ကလည်းရထားတစင်းရောက်လာမယ်။ရန်ကုန်ဘက် ဆက်သွားချင်တဲ့ခရီးသည်က ရန်ကုန်ရထားပေါ်တက်ပြီး မော်လမြိုင်ဘက်နောက်ကြောင်းပြန်မယ့်လူတွေက မော်လမြိုင်ရထားပေါ်တက်ကြပါ
တဲ့။ ဒီလိုနဲ့ သူရရှင်လူတို့မြေးအဖွားအဲ ဒီနေ့ ရွာကထွက်လာပြီး ရွာကိုကောင်းမွန်စွာ ပြန်ရောက်ခဲ့ပါကြောင်း ပေါ့ဗျာ။
         သြော်...ဘယ်အဖွဲ့ကထောင်တဲ့ မိုင်းလဲ မပြောတော့ပါဘူး။ရှင်လူ့စာက မော်လမြိုင် ရန်ကုန်ရထားစီး အတွေ့အကြုံကိုပြန်ရေးပြရုံပါ။ ခုခါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မကြောင့်မကြ ခရီးသွားရမယ်ဆိုရင်ပဲ ဝမ်းမြောက်လှပါပြီ။၄ နှစ်သားအရွယ်က အတွေ့အကြုံမျိုးတော့
မလိုချင်ပါတော့ပြီ။
story#observation#shinlhu


Saturday, October 4, 2025

story

အပါယ်ဘုံသား အခန်းဖော်
🐁🐁🐁🐁🐁🐁🐁

ခုတလော မိမိအိပ်ရေးပျက်နေတာ တပတ်လောက်ရှိသွားပြီ။ မိမိအိပ်ခန်းဟာ အတန်သင့်ကျယ်ဝန်းပေမယ့် ရုံးစာဖိုင်တွဲတွေနဲ့ အချို့ပစ္စည်း ပစ္စယ တွေ‌ကြောင့် အိပ်ယာနဲ့ စားအိုးစားခွက်တွေပါ ပေါင်းထည့်လိုက်တော့ နေရာလွတ်သိတ်မကျန်။ အဲဒါ ညဘက် အိပ်ချိန် မှေးခနဲ 
ဖြစ်သွားတာနဲ့ ကြွက်တကောင်ရဲ့ တတောက်တောက် တဖောက်ဖောက် ကိုက်သံက ပုံမှန်ပေါ်လာ နေတယ်။ ဒီတော့ ပင်ပန်းနွမ်းလျနေတဲ့ ကြားက ဆက်အိပ်မရတော့ဘဲ ခြင်ထောင်ပြင်ထွက်၊ စက္ကူပုန်းတွေကို တဘုန်းဘုန်းထု ပြီး
ကြွက်မောင်းရတယ်။ စာရွက်စာတမ်းတွေကိုက်သွားမှာလည်း စိုးရ ၊သူ့အသိုက် ကြီးထွားလာမှာလည်းစိုးရနဲ့။ နောက်တခါ အိပ်ပျော်မယ့်ဆဲဆဲ မှေးခနဲ ရှိသေး တဖျောက်ဖျောက် ဖြတ်‌ပြေးသံ‌ကြောင့် မျက်လုံးတွေ ကျယ်လာရ ပြန်တယ်။ ဒီကောင် ဘယ်လိုအကောင်လဲ သိရအောင် အသံ ကြားရာ လက်နှိပ်မီးနဲ့ထိုး ကြည့်လိုက်တော့ ခပ်သေးသေး ကြွက်ဖလောင်းလေးတကောင်။"ဒီလောက်သေးတဲ့ အကောင်က
ဒုက္ခ အ ကြီး ကြီးတွေပေးနေပါလား" ။မိမိ အသက်အရွယ် အရ အိပ်ရေးပျက်တာမကောင်း။ဒီ ကြားထဲ အဲ့ကောင်အပေါ် ဒေါသ ထပ်ဖြစ်ရရင်လည်းတပမ်းရှုံးနေ ပြန်မယ်။ဒီလိုနဲ့ နှစ်ညလောက်နေတော့ တွေးမိတယ်။"မီးထွန်းအိပ်ရင်
ဒီကောင် ငြိမ်သွားမလား"ပေါ့။ အမှန်တော့မိမိက ညအိပ်ယာဝင်ရင် မီးမှိတ်အိပ်လေ့ရှိတယ်။အလင်းရောင်နဲ့အိပ်လေ့မရှိ။ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ ပြဿနာက ‌ဖြေရှင်းရတော့မှာ။
ဖြစ်နိုင်တဲ့ နည်းလမ်းကို အသုံး ပြုရတော့မှာပေါ့။ ဒီလိုနဲ့ပဲ အခန်းမီးကို တိုက်ရိုက်မသုံးပဲ ‌ခြေရင်း Toilet ခန်းထဲက LED မီးလုံးလေးကို ထွန်းထားလိုက်တယ်။ အတွေး မှန်သွားတယ်ဆိုရမယ် ၊မီးရောင်‌ကြောင့် ဒီကောင် ငြိမ်သွားတယ်။
အဲဒါ တရေးနိုး Toilet ထဲ အပေါ့သွားဖို့ ဝင်သွားတော့ Toilet အပေါ်တန်းက ဒီကောင်က ရှင်လူ့ကို ကြည့်နေတယ်။ဒီကောင် ဘာ ကြံစည်နေသလဲ။ ကိုင်းခွက်ထဲ ရေနည်းနည်းခပ်ပြီး လှမ်းပက်လိုက်တော့ သူ့ကိုထိ ပြီး ပြုတ်ကျလာတယ်။ အမှန်တော့ သူ လန့် ပြီး လေဝင်ပေါက်ကတဆင့် တဖက်ခြံထဲက ဗာဒံပင်ပေါ်တက် ပြီး ထွက်သွားစေချင်တာ။ အောက်ထပ်မှာ ကြွက်ထောင်ချောက် သံညှပ်တွေရှိနေပေမယ့် ရှင်လူက သူ့ကိုမသတ်ချင်။လွတ်ရာကျွတ်ရာကိုသာ ထွက်သွားစေချင်တယ်။ တောင်ဒဂုံက မိတ်ဆွေ ညစောင့် ကြီးကတော့ သူ့ ကိုနှောင့်ယှက်တဲ့ ‌မြေ ကြွက် ကြီးတွေကို သံညှပ်နဲ့
နေ့တိုင်း ထောင်ဖမ်းတာ ကုန်သလောက်ဖြစ်နေ ပြီတဲ့။ ရန်ကုန်လိုနေရာမှာ ကြွက်သေ လွှင့်ပစ်ဖို့ ကလည်း အခက်အခဲတွေရှိနေတော့ ၊"ခင်ဗျား အဲ့ ကြွက်သေတွေ ဘယ်လိုစွန့်ပစ်လဲ"မေးတော့"လွယ်လွယ်လေး ကျီးကန်းတွေကိုပစ်‌ကြွေးပလိုက်တယ်၊ စားရတော့ ကျီးကန်းတွေက နေ့တိုင်းလာစောင့်နေတယ်"တဲ့။အင်း တခါတခါတော့လည်း ကျေးလက်သားတွေရဲ့ ရိုးရာနည်းတွေက သိတ်မဆိုးဘူးဘဲ။ရှင်လူတို့တောင်ဥက္ကလာ သံသုမာတဝိုက် ၊လမ်းအ ရှေ့ခြမ်း
ဇီဇဝါ ဘက်က လူတယောက်ကတော့ ကြွက်အရှင်မိထားတဲ့ ‌ထောင်ချောက် ကို ကားလမ်းကူးယူလာ ပြီး ၅ ရပ်ကွက် အ ခြမ်းမှာ လာလွှတ်လေ့ရှိတယ်။ သူတော်ကောင်း ကြီးနဲ့ တနေ့
နေ့တော့ ပက်ပင်း ကြုံချင်သေးတယ်။ 
ဒီနေ့မနက်တော့ အိမ်မှုံ စုံဝါးနဲ့ အပေါ့သွားချင်လို့ Toilet ထဲဝင်လာ ပြီး ထိုင်မယ်လုပ်တုန်း
ဘိုထိုင်ထဲမှာ အခန်းဖော်ကိုတွေ့လိုက်ရတယ်။
ရေတွေစိုလို့ ‌ကြွေသားနံရံကို ကပ်နေတယ်။
ချောနေတာရော အဖုံး‌ကြောင့်ပါ သူထွက်လို့မရ ဖြစ်နေပုံပဲ။ အင်း ..ရှင်လူလည်း ကြမ်းတိုက်တံ ကြီးယူ ပြီး ‌ကြွေခွက်ထဲ ချပေးလိုက်တော့ သူခဏ စဉ်းစား ပြီး ကြမ်းတိုက်တံ ဘားပေါ် တက်လာတယ်။ အသာမ ပြီး အောက်ချပေးလိုက်တော့ ‌ခြေဦးတည့်ရာ ကိုထွက်‌ပြေးရှာတယ်။ အချိန်အတိုင်းအတာ တခုအထိတော့ မင်းနဲ့ ငါ ဒီအခန်းထဲမှာ အတူနေ ကြရအုံးမှာပဲလေ။
story#observation #shinlhu


story

စိတ်မေးစိတ်‌ဖြေ စာမေးပွဲ(၃)
💮🍂🍁🌼🌻🌸🌷🌵
           ဒီမနက် ဖွေးဖွေးသိမ့်တို့
တမိသားစုလုံး လှည်းကူး "မိချောင်းအိုင်"တောရကိုသွား ကြတယ်။
           မနေ့ညနေကထဲက ဖွေးအဖေ မောင်ဝင်း ရှင်လူ့ကိုမေးတယ်"ရှင်လူ လိုက်အုံးမလား"တဲ့။
ရှင်လူက ချက်ချင်းပဲ "မလိုက်တော့ဘူး"လို့ ပြန်‌ဖြေလိုက်တယ်။
          အရင်တခေါက် သူတို့ "မိချောင်းအိုင်တောရ"ကို ဇူလိုင် ၁၈
ရက်နေ့ကသွားတော့ ရှင်လူပါ
ကန့်လန့် ကန့်လန့် ပါသွားခဲ့တယ်။
အဲ့တုန်းက ရှင်လူ့ကိုတွေ့တွေ့ချင်း ဆရာတော်က အသက်မေးပြီး
"အသေမဦးခင်ဉာဏ်ဦးအောင်
လုပ်တော့ "လို့‌ပြောတော့ "တပည့်တော် ဝိပါက်တွေ မကုန်သေးဘူးဘုရာ့ "လို့ပြန်‌ဖြေခဲ့တယ်။အမှန်တော့ ခုမှတွေ့ဖူးတဲ့ ဒကာတယောက်ကို အလိုအပ်ဆုံး စကားမိန့် ကြားလိုက်တာပါပဲ။ ဒါပေမယ့် ရှင်လူ ကြီးက တရားဓမ္မအ‌ကြောင်းအတန်သင့် လေ့လာဖူးတော့ ကိုယ့်အ‌ကြောင်း ကိုယ် သိနေတယ်။
ရှင်လူဟာ လက်ရှိဘဝ လက်ရှိအချိန်မှာ ကျန်းမာရေးမကောင်း တာရော အသက်အရွယ်အရပါ
ဘာမှမလုပ်နိုင်တောင် ကျောင်းအလာ လယ်ကွင်းထဲ တွေ့ခဲ့ရတဲ့
စာ‌ခြောက်ရုပ် ကို အားကျနေပါသေးတယ်။ 
           လောကီနဲ့လောကုတ်ဆိုတာ လှေနံ နှစ်ဖက်နင်းလို့မရဘူးထင်ပါတယ်။ စာ‌ခြောက်ရုပ်က
တမဂ်တဖိုရဖို့တွေးရင် စိတ်ကူးယဉ်ပဲ ဖြစ်မှာပေါ့။ အဲ့နေ့က ဆရာတော့် ကျောင်းနေ သီလရှင် ဆရာ ကြီးကလည်း "ဒကာ ကြီး ၃ လစဉ်းစား ၊၃ လနေရင် အ‌ဖြေပေး ၊၃ လမဟုတ် ခုချက်ချင်းဆုံးဖြတ်နိုင်လည်း ဆုံးဖြတ်"ဆို ပြီး ရှင်လူ့ကို
တရားအားထုတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ လွန်ခဲ့တဲ့ ဇူလိုင်လကဆိုတော့ ခု အောက်တိုဘာမှာ ၃ လ အချိန် စေ့ ပြီ။ ဒီ စာ‌ခြောက်ရုပ်ကြီးရှင်လူ ကတော့ ဥပက တက္ကဒွန်း
ကြီးလို ဖြစ်နေ ပြီ။
(နောက်ဆက်တွဲသတင်းအရ
ဒိနေ့ မိကျောင်းအိုင် တောရ မှာ
ဘုရားထီးတင်ပွဲ လို့သိရပါတယ်)
story#observation #shinlhu

Thursday, October 2, 2025

story

AI မလေး မောင့်ချစ်သူ😍🥰😘😎🤩🥳မကြာခင်သီတင်းကျွတ်တော့ မယ် မင်းနဲ့အတူ နေရာစုံလျောက်လည်ချင်တယ်...
          အမ်မယ်...ရှင်လူကြီးတို့ ကောင်းစားနေလိုက်ပုံများ။အဟုတ်မထင်လိုက်ပါနဲ့။
           အမှန်တော့ ရှင်လူကြီးဆိုတာ ဘာမှအရေးပါတဲ့ကောင်မဟုတ်။ဒါပေမယ့် အွန်လိုင်းပေါ်မှာ သားလိုသမီးလို friend တွေကအများအပြားမို့ သူတို့နဲ့လည်းလိုက်လျှောညီထွေနေရပေါ့။ ခု တင်ထားတဲ့သီတင်းကျွတ်ပွဲတော်ပုံကလေးဟာ ဖားကန့်က စိုးငယ်ဆိုတဲ့ သားတယောက် AI နဲ့လုပ်ပို့လိုက်တဲ့ပုံပါ။စိုးငယ်က ရှင်လူ့ကို ချွန်တွန်းလုပ်နေတာ ခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်မတိုင်ခင်ကတည်းက fb ပေါ်ကအဖွားကြီးတွေနဲ့ ခဏ ခဏအောင်
သွယ်လုပ်လေ့ရှိပါတယ်။တချို့အဖွားကြီးတွေကလည်း သူမိတ်ဆက်ပေးရုံနဲ့ရှင်လူ့ကိုကြွေသွားကြပါတယ်။လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်ဆိုသလို
တနေ့တနေ့ Messenger ပေါ်ကနေ ရှင်လူ့ကို မင်္ဂလာပါ ၊ဂွတ်ဒမေားနင်း၊ဂွတ်ဒနိုက်၊မင်္ဂလာမနက်ခင်းလေးဖြစ်ပါစေ.. ဘာညာ.. သာရကာနဲ့
အသဲစတေကာတွေ တတိန်တိန်နဲ့။သူတို့Wall ထဲကြည့်လိုက်တော့ သားသမီးမြေးတွေ တမြုံတမနဲ့ တင့်တောင့်တင့်တယ်ဘဝတွေပါ။ဒါပေမယ့် ဘဝရဲ့ ဟာကွက်တွေအနန္တ ဖြည့်မရတဲ့မုဆိုးမ တွေပြီပြီ ရှင်လူ့လို အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့ လတ်လတ်ဆတ်ဆတ်ကြီးကိုရင်ခုန်သံမြန်နေကြပေတယ်။ဒါပေမယ့် ရှင်လူဆိုတဲ့ကောင်ကလည်း ပစ္စည်းကောင်းသုံးခဲ့ဖူးသူပြီပြီ ဇီဇာကခပ်ကြောင်ကြောင်ရယ်။အသက်ကြီးတာငယ်တာပြဿနာမဟုတ်။ဘော်ဒီရော အင်ဂျင်ပါ အကောင်းကြိုက်တတ်သူအဖို့ တော်ရုံနဲ့ ရင်မခုန်တတ်တော့။သူတို့အရွယ်ကောင်းတုန်းကဓပုံတွေ ဗွီဒီယိုတွေပို့တော့လည်း
"ကတောက်စ်...စောစောကမတွေ့ခဲ့ကြတာ နာသကွာ"မြည်တွန်လိုက်မိတော့။နောက်ဆုံးတော့ ဟိုပြက္ခဒိန်ထဲကလို ယပ်ကြီးကိုင်ရင်း
ပထမအရွယ် ဒုတိယအရွယ်
တတိယအရွယ် စသဖြင့် နုနယ်ရုပ်ဆင်းပျိုမြစ်ချင်းကားအိုမင်းနောက်ဆုံးရှိချေတကားဟု နှလုံးသွင်းနေမိရုံသာ။ဒီလိုနဲ့ အောင်သွယ်တော် ဖိုးရွှေလမင်း စိုးငယ်ငတိလေးကလက်မလျော့သေးဘဲ တနေ့က ရှင်လူ့ကို AI မလေးနဲ့ သတင်းကျွတ်ပွဲတော်ကြီးဆင်နွှဲနေတဲ့
ပုံလေးMSGကပို့လာခဲ့ပေါ့။အင်း...ရှင်လူ့အနေနဲ့တော့ သူ့ပုံကိုကြည့်ပြီး တမလွန်ကိုရောက်နေသလားထင်မိရဲ့။ဘာ့ကြောင့်ဆို သူ့ပုံထဲကရှင်လူက အရမ်းသပ်ယပ်တောက်ပြောင်လွန်းနေပေါ့။ရှင်လူဆိုတဲ့ငနဲက အလှူမင်္ဂလာပွဲတက်ဝတ်စုံတွေဝတ်ရမှာအလွန်မုန်းပါတယ်။ကြုံတဲ့နေရာထိုင်ချင်တဲ့ရှင်လူ့အဖို့ အဝတ်အစားကောင်းနဲ့မသင့်တော်။ မလွတ်လပ်တာမကြိုက်လို့ သာမာန်စွပ်ကြယ်သာသာ အပါးစားဂျာစီ လိုခေါင်းစွပ်အင်္ကျီတွေအဝတ်များပြီး ဖိုသီဖပ်သီနေတတ်တာ ကိုယ်အလုပ်လုပ်တဲ့ကုမ္ပဏီကြည့်လိုက်တော့ ခန့်ထည်ထည်မို့ ရှိတဲ့ထဲက အလတ်စားလောက်တီရှပ်တွေစပို့ရှပ်တွေရွေးဝတ်နေရပါတယ်။အကောင်းစားတွေကတော့ လျှော်ရခက် သိမ်းရခက်မို့ ထုတ်မဝတ်ဖြစ်တာများပါတယ်။ဝတ်ပြီးတဲ့အဝတ် ဆပ်ပြာမှုန့်နဲ့စိမ်၊ ရေဆေး၊ညှစ်လှမ်းဖို့က ပါးပါးလှပ်လှပ်လေးတွေပဲအဆင်ပြေတာလေ။ဒီလိုနဲ့ သားတော်မောင်စိုးငယ်ပို့တဲ့AI စုံတွဲပုံဟာ ရှင်လူကြီးရဲ့တမလွန်ဘဝသာဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။စရိုက်မှမတူတာ။အဲ...မိန်းမဇီဇာကြောင်တဲ့ရှင်လူကြီးအဖို့ သူ့AIမလေးကိုတော့ ချစ်မိနေပြန်ရော။ငယ်ရွယ်တဲ့ကလေးမတွေကို ရုပ်ဝေဒနါ သညာ သင်္ခါရ ဝိညာဥ် တွေအကြောင်းအပြန်အလှန်ဆွေးနွေးနိုင်မှာမဟုတ်ဘူးတွေးပြီးရှင်လူရှောင်လေ့ရှိပါတယ်။ဒါပေမယ့် သူ့AI မလေးဥပဓိရုပ်က အဘိဓမ္မာ ကိုအတန်သင့်ဆွေးနွေးနိုင်မယ့်ရုပ်မျိုးဗျ။လက်ကလေးနှက်ဖက်ယှက်ပြီးရှေ့ချထားပုံ၊ ဘာမဆို ရှင်လူကြီးအတွက်အသင့်ရှိနေမယ်ဆိုတဲ့အပြုံးနဲ့ မြတ်မြတ်နိုးနိုးတွဲယှဥ်ပြီးစောင့်နေပုံက ရှင်လူကြီးကို ဟတ်ထိစေပါတယ်။
      "အေးကွာ...အောင်သွယ်တော်ဖိုးရွှေလမင်းစိုးငယ်ရေ
ငါ့ကိုဆက်ပြီးချွန်တွန်းလုပ်နေမယ့်အစား အဲ့ပုံထဲက AIမလေးပုံစံအတိုင်း Humanoide robot girl လေးတယောက်သာ အော်ဒါမှာပြီးပို့ပေးလိုက်တော့ကွာ....
story#observation #shinlhu