အလင်္ကာစကား
❀ ❀ ❀ ❀ ❀ ❀
ဒီနေ့မနက် 10:30 AM လောက်မှာ
အောင်ရာဇာ(ဥက္ကလာ)ဆီကဖုန်းဝင်လာတယ်။ ဆယ်မိနစ်လောက်ကြာရင်
``မိုးဝိုင်းကျော်´´လက်ဖက်ရည်ဆိုင်ကို
သူရောက်လာမယ် တဲ့။ဒါနဲ့ ``မိုးဝိုင်းကျော်´´
ဆိုင်ဘက်ထွက်ခဲ့ပြီး ဒိန်ချဉ်တခွက်မှာ
သောက်ရင်း စောင့်နေလိုက်တယ်။
ခဏနေတော့ အောင်ရာဇာ သူ့ကားလေးနဲ့
ရောက်လာခဲ့တယ်။ သူ့လက်ထဲမှာပါလာတဲ့
မြန်မာနိုင်ငံ စာရေးဆရာအသင်း တောင်
ဥက္ကလာပမြို့နယ် ရဲ့ မော်ကွန်း မှတ်တမ်း
မဂ္ဂဇင်း ရယ် ``ရာပြည့် လင်းယုန်´´ဆရာ
လင်းယုန် သစ်လွင် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် စာအုပ် ကို လက်မှတ်ထိုးပြီး
ပေးတယ်။ခုတလော တွေ့တဲ့လူတိုင်းက
ရှင်လူ့ကိုတောင်ဥက္ကလာစာရေးဆရာ
အသင်းသက်ကြီးပူဇော်ပွဲ နိုဝင်္ဘာ ၇ ရက် နေ့ လာတက်ဖို့တိုက်တွန်းကြတယ်။ တလောက ကဗျာဆရာ နီရှန်
နဲ့လမ်းမှာ ဆုံဖြစ်တော့လည်း စာရေးဆရာ
အသင်းဝင်ဖို့ တိုက်တွန်းတယ်။ မနက်က
ကိုအုန်းမြင့်(အုန်းမြင့်ဦး)နဲ့ တွေ့တော့လည်း
စာပေ သက်ကြီးပူဇော်ပွဲ ကိုတက်ဖို့ ဆော်သြတယ်။``ချစ်တာ မုန်းတာ ထားလိုက်ပါဗျာ၊ တက်ဖြစ်အောင်တော့
တက်လိုက်ပါ၊လူဟောင်းတွေပြန်ဆုံရတာ
ပေါ့´´..တဲ့။အုန်းမြင့်ဦးကရှင်လူ့စိတ်ဓာတ်
ကို ဖမ်းဆုပ်မိပုံရတယ်။ ဟုတ်တယ်..
စာရေးဆရာ ကဗျာဆရာဆိုတဲ့ကောင်က
စာဓာတ် ကဗျာဓာတ်ပဲ တန်ဖိုးထားတာ။
ဓာတ်ကြောင်နေတဲ့ကဗျာဆရာစာရေးဆရာ
တွေစုန်းတောက်သလိုတောက်နေတဲ့နေရာဆို ဝေးဝေးကရှောင်တယ်။ ခုလည်းအောင်ရာဇာက``ကျနော် ဆရာ့နံမည်နဲ့ အလှူငွေ နှစ်ထောင်တောင်
ထည့်ပေးထားတယ်၊ ဆရာ့အရင်ကတ်
ပြန်ရှာပြီး ပြန်ဝင်ပါ ဆရာရယ်၊ အဆက်အသွယ်လည်းဖြစ်သွားအောင်ပါ´´
တဲ့။ညီကဗျာဆရာတွေကချစ်ဖို့ကောင်းပါတယ်။ရှင်လူ့ကိုအထီးကျန်သင်းကွဲပုံစံမြင်လို့ နွေးထွေးပွေ့ဖက်လိုတဲ့သဘောထား
တွေ၊စေတနာတွေနဲ့။ရှင်လူကသက်ကြီး
ဆရာများကိုလည်း ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိ ဦးနှိမ်ရိုကျိုးကန်တော့လိုပါတယ်။
အင်မတန် မင်္ဂလာရှိတဲ့ ကိစ္စပေပဲ။ဒါပေမယ့် ကဗျာရေးတဲ့ လူဟာ ကဗျာရေးရုံမက
စောင့်စည်းရမယ့် ကိစ္စတွေကအများသား။
တချို့ပွဲတွေက မတက်ပဲနေတာ ပိုပြီး
ဂုဏ်သိက္ခာနဲ့မာနကိုထိမ်းသိမ်းရာရောက်ပါတယ်။
ကဗျာမာနဟာရိုးသားသစ္စာဖြောင့်သူတွေအတွက်တော့ မဟုတ်ဘူးနော်။
အဲဒီစုန်းမီးတောက်နေတဲ့ဓာတ်ကြောင်တွေ
အတွက် ပေတံတခုပဲ။
story#observation #shinlhu
No comments:
Post a Comment