" စိတ်မေးစိတ်ဖြေ
စာမေးပွဲ (၁၁)
📱🤐👺😌💮🙄😁🌼🍁🍂
တန်ဆောင်မုန်းလဆန်း ၁
ရက်နေ့ ။ မနက်ခင်းရာသီဥတုက
မပူလွန်း မအေးလွန်း သာမာန်အနေတော်လောက်ပါပဲ။
ဈေးရုံ ဒေါင့် ရှေ့ပေါက်တည့်တည့်က ခွေးခြေပု လက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း လက်ဖက်ရည်တခွက် မှာပြီး အီကြာကွေးနဲ့ တို့စားနေလိုက်တယ်။ အရင့်အရင် လတွေတုန်းက သွေးတွေတိုးနေလို့ အီကြာကွေး မစားရဲ။
ဆော်ဒါကြောင့်ထင်ရဲ့ သွေးတိုးမကျနိုင်တဲ့အခါ အီကြာကွေး လေးနည်းနည်းစားမိတာနဲ့ သွေးကတိုးတာပဲ။ ခုတလောတော့ သွေးပေါင်ကို ထိန်းထား နိုင်ပြီထင်တာပဲ။
ငါးပိထောင်း ငါးပိရည် အစ ဟိုစပ်စပ် ဒီစပ်စပ် အစုံ စားပေမယ့် ဘာမှ ပြဿနာ မဖြစ်တာ နည်းနည်းစိတ်သက်သာရတယ်။ အသက်၇၀ နားကပ်နေတဲ့ တကိုယ်ရေ
သမားတယောက်အနေနဲ့က အနေအထိုင် အစားအသောက်ကအစ ကိုယ့်ဟာကိုယ် ချင့်ချိန်ရတာ။ တခါတခါကျတော့ အင်ဂျင်ကျ ပြီး ဘော်ဒီပါ ရစရာမရှိအောင် ယိုယွင်းနေတဲ့ ကားစုတ်ကြီးမောင်းရသလို ရင်မောစရာတွေကအပြည့်။ ဒါကြောင့် အာရောဂျံ ပရမံ လာဘံ တဲ့ ကျန်းမာခြင်းဟာလာဘ်ကြီးတပါး လို့ ဆိုကြတာ။ဘာပဲပြောပြော ဇာတိနောက်မှာ ဇရာ ဗျာဓိ မရဏ က ဘူတာစဉ်အလိုက် တခုပြီးတခု စောင့်နေတာမို့ မဖြစ်မနေ ဖြတ်ရမယ့်ခရီးတွေပါပဲ။ ကံဉာဏ် ဝိရိယ အားကောင်း သူတချို့သာ ဘူတာစဉ်အလိုက် မငိုက်မမှောင် မယောင်မမှေး မောဟဘေးက ကင်းရော့မယ်။ကားလမ်းမကြီးဘက်က တိုးဝှေ့ လာတဲ့ လေနုရိုင်းတသုတ်ဟာဈေးရှေ့ ပိတောက်ကိုင်းများဆီကရိုးညှာ
ပြုတ်လု ရွက်ကျင်များကိုဖျောခနဲ သိမ်းယူလိုက်ပြီး မိမိထိုင်နေရာ စားပွဲ ပုကလေးဆီ ကျဲပက်လိုက်ပါတယ်။
အင်း...ဒီအဖိုးကြီးကဥတုရာသီနဲ့ သဘာဝကို ဈာန် ဝင်စားရင်း ခရီးဆုံးဘူတာတိုင်အောင် တမဂ်တဖိုလ် ဆိုက်လေမလား။
ရထားပြူတင်းက တက်လာတဲ့
Nwes feed တွေနဲ့ပဲ ရွာလည်နေအုံးမလားဆိုတာ.....
story#observation #shinlhu
No comments:
Post a Comment