လက်စုပ်ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်ဟာ အစားအစာတခုကိုစားနေပါသလား၊
ခရင်းမ်ပေါင်မုန့် ဖြစ်စေ အခြားသော စားဖွယ်တခုခုကိုဖြစ်စေ စားတဲ့အခါ မှာ သင့်လက်
ချောင်းများမှာ ပေကျံမှုနဲ့ မလွဲမသွေ တွေ့ကြုံရမှာဖြစ်ပါတယ်။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါးသေလောက်ဆီပြန် ၊
ပဲကြီးနှပ် ၊ ဒါမှမဟုတ်ဝက်သားနီချက်နဲ့ တာလပေါဟင်း၊ငါးပိရည် ဖျော် တညင်းသီး
စသဖြင့်ပေါ့လေ၊ သင့် လက်ငါးချောင်းစလုံးနှင့် နယ်ဖတ်စားပြီးသကာလ ၊ သင့်လက်ချောင်းများမှာ ဟင်းအမယ်မယ်တို့မှ ချိုချဉ်ငံစပ် ခါးတို့ ရဲ့ ပဒေသာရသအဖြာဖြာတို့
စီးကပ်ပေကျံနေလိမ့်မယ်။ အဲဒီ နောက်ဆုံး အပြီးသတ်အချိန်လေးမှာ စိတ်ရှည်လက်ရှည်ထားပြီး သင့်လက်ချောင်းကလေးများကို တချောင်းစီ ပြောင်စင်အောင်စုပ်ပါ။ ဘေးလူမြင်ရင်ကဲ့ရဲ့ကောင်းကဲ့ရဲ့ ခံရနိုင်ပေမယ့် ထိုသူကိုယ်တိုင် လူမမြင်ကွယ်ရာများမှာ လက်စုပ်တဲ့အကျင့်ရှိနေနိုင်တာကိုသတိပြုပါ။
ရှင်လူ့သူငယ်ချင်းတွေထဲကဆိုရင် လက်စုပ်ကျွမ်းကျင် အဆင့် ၁ ရှိသူမှာ ကဗျာဆရာနွေလယ်နေဖြစ်ပါတယ်။ နွေလယ်နေတို့ လက်စုပ်ပုံက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကပင် ထင်ရှားပါတယ်။အဲ့တုန်းက လမ်းဘေးအရက်ဆိုင်ကလေးတွေမှာ ထိုင်တိုင်း
လက်ဖက်တပွဲဆိုပြီး မှာလိုက်ရင် ဘုရားဆွမ်းတော်ကပ်တဲ့ ပန်းကန်လောက် ပန်းကန်အသေးစားလေးနဲ့ တန်ဖိုးနည်းလက်ဖက်ဆီစိမ်တပွဲချပေးပါလိမ့်မယ်။ သဘောကောင်းတဲ့ အမြည်းဆိုင်ဆိုရင် ပန်းကန်ဘေးမှာ မြေပဲကြော်လေး ဆယ်လုံး ဆယ့်ငါးလုံးလောက်စီထည့်ထားပေးပါလိမ့်မယ်။ ထားပါတော့ ..
ကြော်ငြာဝင်တာများသွားတယ်။ အဲဒါမျိုးကို
နွေလယ်နေရှေ့ရောက်လာလို့ကတော့ ပန်းကန်လေးကို စားပွဲပုကလေးပေါ်ကသူ့ရှေ့နားတည့်တည့်ရောက်လာအောင် ချိန်သားကိုက်ရွှေ့ယူပါလိမ့်မယ်။ ပြီးရင် မြေပဲတလုံးတလေ ကောက်မြည်းရင်မြည်းပါလိမ့်မယ်၊ အဲ ပြီးရင်တော့ လက်ဖက်ဆီစိမ်ကလေးကိုသူ့ရည်းစားလိုတယုတယ လက်ညိုးလေးနဲ့ တို့တို့ပြီး သူးပါးစပ်ပေါက်ချွန်ချွန်ကလေးနဲ့ ပြွတ်ခနဲ စုပ်ပါလိမ့်မယ်။ ဒါလောက်ပဲလားတဲ့ .မဟုတ်သေးပါ တခါတခါ မှာ လက်ညှိုးကိုအနားပေးပြီး လက်သန်းကလေးနဲ့ပြောင်းတို့ပြီး ရက်သားကလေးငယ်လေး ဘိုချိုစို့သလို စို့ရှာပါတယ်။ ရှင်လူ ဒီအကြောင်းရေးပြနေတာ ခင်ဗျားတို့ကို ဖုန်းဘီလ်အကုန်ခံ၊အချိန်ကုန်ခံပြီး အလကားရေးပြနေတာမဟုတ်ပါ။ရှင်လူတို့နိုင်ငံမှာ ရသစာပေပိတ်သတ်အားနည်းနေတာ လူတိုင်းအသိပါ။ လူတွေခမျာ တနေ့တနေ့ စားဝတ်နေရေးဒုက္ခတွေနဲ့နပမ်းလုံးနေရတာတကြောင်း ရန်သူမျိုးငါးပါးဘေးကလည်းမကြာခဏကြုံကြရတာတကြောင်းစတဲ့အကြောင်းများကြောင့် ရသစာပေဘက်ကိုသိတ်မလှည့်နိုင်ကြတော့ပါ။ဒါကြောင့်ရှင်လူကစေတနာရှေ့ထားပြီး ရသခံစားမှုများပျောက်ဆုံးမသွားရအောင် ဒီ ✌ လက်စုပ်ခြင်းအနုပညာ✌ ကိုတင်ဆက်ပေးလိုက်ရပါတယ်။
အားလုံးဝေမျှခံစားနိုင်ကြပါစေ...
ဗိုလ်စုပ်မူးကြီး ရှင်လူ
6:68PM
Thu,4 Aug 2016
story#observation#shinlhu
No comments:
Post a Comment