သီတင်းကျွတ်လပြည့်တဲ့လား(၄)
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥♥
မနေ့ညက ``သီတင်းကျွတ်လပြည့်တဲ့လား(၃)´´ကိုရေး
ပြီးတော့ 1:30 AM ဖြစ်နေပြီ။ဖုန်းဘက်ထီ
လည်း၁၂ ပဲကျန်တော့အနီရောင်ပြောင်း
နေပြီ။ခြင်ကိုက်ခံထားရလို့ တကိုယ်လုံး
လည်းယားနေပြီ။ဘက်ထီအားပြန်သွင်းပြီး
ဆက်ရေးရင် အရုဏ်တက်သွားတော့မယ်။
မနက်ကျတောင်ဥက္ကလာထိစက်ဘီးနင်းပြန်ရမှာ ။အိပ်ရေးထပ်ပျက်ခံလို့မဖြစ်တော့
တာကြောင့် အိပ်ယာဝင်လိုက်ရတယ်။
တကယ်တော့သီတင်းကျွတ်လပြည့်တဲ့လားက ရေးစရာမကုန်သေး။ ဒီတော့ ခုည အလုပ်ဝင်ညစာစားပြီးမှပဲဆက်ရေးနိုင်တော့တယ်။
တကယ်တော့ မနေ့ည ၊ လပြည့်ည အလုပ်ဆင်းသာဆင်းလာရတာ ၊ရှင်လူ့ဘဝမှာ တသက်တာလုံး လွတ်လွတ်
လပ်လပ်နေလာခဲ့ရတော့ မီးပွဲသဘင် ရသ
ကို နှစ်စဉ်နှစ်တိုင်းခံစားနေကျ။ဇနီးသည်
ရှိစဉ်ကလည်း ဇနီးနဲ့အတူ မီးထွန်းပွဲတွေ
လျှောက်ကြည့်၊ကြုံရာလက်ဖက်ရည်ဆိုင်ဝင်ထိုင်။ ကောင်းကင်ပေါ်တက်လာသမျှ မီးပုံးပျံတွေလိုက်ငေး။တခါတခါ ဆီမီးပူဇော်
ပွဲကျင်းပရာ ဘုးရားစေတီတဆူဆူ ရောက်လိုရောက်။တခါတခါ ကဗျာဆရာ
သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်၊
အရက်ဆိုင်ရောက်လိုရောက်ပေါ့။ 2009,
Jan မှာဇနီးသည်မမ ကွယ်လွန်ုပြီးစ နှစ်တွေကတော့ တယောက်တည်း
ယောင်နန နှစ်တွေပေါ့။ နောက်ပိုင်း
ရှင်လူ့ အခန်းမှာ ပန်းထိမ်လာလုပ်တဲ့
မောင်ဖြူသီးနဲ့ ဘာလာတို့ သားဦး
ဖိုးသောကြာလေးမွေးလာတော့ရှင်လူကြီးအတွက် မီးပွဲသဘင် လည်စရာအဖော်
ပြန်ရလာခဲ့တယ်။ ဖိုးသောကြာ ၃နှစ်သား
မပြည့်တပြည့်မှာ မုံရွာ(ခင်မွန်)ပြောင်းသွားပြီးနောက်ပိုင်း
လွန်ခဲ့တဲ့၃နှစ်ကဒီလိုသီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ မှာ ရှင်လူ့ အိမ်နီးချင်း
သဲလေးဖွေးဖွေးသိမ့်လူ့လောကထဲရောက်လာခဲ့လေ
တော့သီတင်းကျွတ်မီးပွဲသဘင်
တွေဟာ ပြန်လည် လှပမြဲ လှပနေပါတယ်။
ဒီနှစ် လပြည့်နေ့ကတော့ ဖွေးတို့လည်း
ပဲခူးဘုရားဖူးထွက်၊ရှင်လူကြီးကလည်း
ညဘက် တောင်ဒဂုံ စက်မှုဇုံ(၁)Bella ဂိုဒေါင်မှာ တာဝန်ကျလေတော့ ဆွေးပြီပေါ့။
ညနေ ၆ နာရီ ဟားခါးလမ်း ဂိုဒေါင်ထဲကို
စက်ဘီးလေးနင်းရင်းဝင်ခဲ့။ ခဏအကြာမှာ
နေ့သမားတွေနဲ့ ဂျူတီလဲပြီး နေ့သမားနှစ်ယောက်ပြန်သွားတော့ ထန်းလက်ကုလားထိုင်လေးပေါ်ထိုင်ရင်း
ည ပါတနာကြီး ဦးစိုးမင်းကို
``တနေ့က ဆရာကြီး ပြောတာ ဒီနားမှာ
ညဈေးတန်းရှိတယ်ဆို´´
``ရှိတယ်လေ ဟိုအနောက်ဘက် ငမိုးရိပ်
ချောင်းစပ်မှာ´´
``ဟုတ်လား အစုံ ဝယ်လို့ရလား´´
``ရတာပေါ့ ၊ အကို ဘာဝယ်ချင်လို့လဲ´´
``ဒီနေ့ ကျနော်ထမင်းဗူးမပါဘူးဗျ၊ စားဖို့တခုခုလည်းဝယ်ရမယ်၊ပြီးတော့ ဟိုဘက် ဂိုဒေါင်ရှေ့မှာတောင် ဖယောင်း
တိုင်မီးပူဇော်နေကြပြီ၊ ဖယောင်းတိုင်လည်း
ဝယ်ရမယ်´´
ဒီလိုနဲ့ ဦးစိုးမင်းလမ်းညွှန်တဲ့အတိုင်းစက်ဘီး
လေးနဲ့ထွက်လာခဲ့တာ၁၅မိနစ်လောက်ကြာတော့ ညဈေးရှိရာရောက်လာခဲ့တယ်။
အိမ်ကလေးတွေက တဲသာသာလေးတွေများပြီး လမ်းတိုင်းအိမ်တိုင်းမှာ ရောင်စုံမီးဆိုင်းလေးတွေနဲ့။တောကြီးမျက်မည်းထဲမှာ လင်းလင်းချင်းချင်းရွာလေးတရွာကိုဘွားခနဲ
မြင်လိုက်ရသလိုပါပဲ။ရေတွင်းချောင်ရပ်ကွက်တဲ့။စက်မှုဇုံ ၁ နဲ့ ငမိုးရိပ်ချောင်းကြားမှာ ဖွံ့ဖြိုးနေလိုက်တာ။
အမ်မယ်..ဘုရားပုထိုးတွေဘာတွေနဲ့။
ဆီမီးရောင်တထိန်ထိန်လင်းလို့။ကဲ...ကြုံတုန်းကြုံခိုက် ဘုရားဝင်ဖူးလိုက်အုံးမယ်။
စကြ်ာမာန်အောင်စေတီနဲ့
၃၁တောင်ပြည့်ဗုဒ္ဓရုပ်ပွားတော် ဆွမ်းတော်ကြီးပူဇော်ပွဲဆိုပဲ။ရှင်လူတို့များ
ညစောင့်တာဝန်ကျတာတောင် ဘုရားဖူးခွင့်လေးခဏတော့ ရလိုက်သေးတယ်။ ဘုရားဖူး၊ ဓာတ်ပုံလေးဘာလေးရိုက်ပြီး နီးစပ်ရာ
ကုန်စုံဆိုင်က ဖယောင်းတိုင်ဝယ်။ပြီးတော့
ညစာအတွက် ``ထိပ်တန်း´´ဆိုတဲ့ ဈေးတန်းဆိုင်ကလေးက ခေါက်ဆွဲကြော်တထုပ်ဝင်ဝယ်ခဲ့တယ်။
ကြက်သားနဲ့ခေါက်ဆွဲကြော်တပွဲ တထောင့်သုံးရာတဲ့၊တန်လိုက်တာ။
ဘုရားပရဝဏ်မှာ ရိုက်လာတဲ့ပုံတချို့တွဲတင်လိုက်မယ်။
နောက်ပိုင်း ဂိုဒေါင်ဂိတ်ဝမှာ မီးပူဇော်တာတို့
ညစာစားတာတို့ကတော့ တပုံချင်းစီပဲသပ်သပ်တင်လိုက်တော့မယ်။
အားလုံးပဲ သောမနဿ သဟဂုတ် ဥာဏသမ္ပယုတ် စိတ်ကလေးနဲ့ ပျော်ရွှင် ဖွယ်သီတင်းကျွတ်ပွဲတော်လေးဖြစ်ကြပါစေ။
story#observation#shinlhu
No comments:
Post a Comment