Wednesday, May 16, 2018
ရှင်လူ(သို့မဟုတ်) အရေးမပါတဲ့ကောင် 👻👻👻👻👻👻 တမြန်နေ့က ညီတော်လက်ျာဝင်းဆီက ဖုန်း ဝင်လာတယ်။``ဘုန်းသက်ပိုင်
အရေးမပါတဲ့ကောင်
👻👻👻👻👻👻
တမြန်နေ့က ညီတော်လက်ျာဝင်းဆီက ဖုန်း
ဝင်လာတယ်။``ဘုန်းသက်ပိုင် အမေ ဆရာမဗဟိုစည်မှာဆေးရုံတင်ထားရတယ်၊
အဲ့ဒါ အောင်ဒင့်ဆီဖုန်းဆက်ပေးပါ´´ဆိုတဲ့ အမှာစကား။ ဘုန်းသက်ပိုင်အမေ ဆရာမ
ဆိုတာ တချိန်က အောင်ဒင်တို့ရဲ့ ကျောင်း
ဆရာမလည်းဖြစ်ခဲ့ဖူးတယ်။ ပြီးတော့
ဆရာမရဲ့ ကလောင်အမည်က ခင်မမ(ပညာရေး)။ ခုတော့ ဆရာမအသက်က ၈၂ နှစ်အရွယ်။ ဟိုး
လွန်ခဲ့တဲ့ ၃၅နှစ်ကျော်လောက်တုန်းက
တောင်ဥက္ကလာ မှာ ``စာပေလုပ်သား
အဖွဲ့´´ဆိုပြီး စာရေးဆရာ ကဗျာဆရာတွေနဲ့ စုစည်းခဲ့ကြတယ်။
အဲ့တုန်းက ရှင်လူတို့က ၃၀ ဝန်းကျင်
အရွယ်ကောင်းတွေ။အဲ့ စာပေလုပ်သား
အဖွဲ့ကြီးက ပြုလုပ်တဲ့ စာပေဆိုင်ရာ အစည်းအဝေးတွေ၊စာပေဟောပြောပွဲတွေဆို တောင်ဥက္ကလာက စာပေသမားတွေ
စုံစုံညီညီ တက်ရောက် ကြလေ့ရှိတယ်။
အထူးသဖြင့် စာပေဟောပြောပွဲ ကျင်းပကြတဲ့အခါ ဆရာမ ခင်မမ(ပညာရေး)က ခင်ပွန်းဖြစ်သူ စာရေး
ဆရာ တည်ကြည်(နောင်-နေမိန္ဒြ ဓမ္မ ဝိဇ္ဇာ
ရဟန်းဘဝနဲ့ ပျံလွန်) နဲ့ တတွဲတွဲ လာတတ်သလို ရှင်လူကလည်း စာကဗျာ
ဝါသနာပါတဲ့ဇနီးဖြစ်သူမမနဲ့အတူလာလေ့ရှိတယ်။စုံတွဲအချင်းချင်းလည်းအပြန်
အလှန်ခင်မင်မှုရှိခဲ့ကြတယ်။နောက် စာပေလုပ်သားအဖွဲ့က တောင်ဥက္ကလာ
စာတိုက်နဲ့မျက်စောင်းထိုးမြေကွက်မှာရုံး
ဖွင့်ပြီး ``သစ္စာလမ်းဆုံ´´လက်ဖက်ရည်
ဆိုင်ဖွင့်တော့ သက်သာကော်မီတီဖွဲ့ရာမှာ
တခြားစာရေးဆရာတွေဖြစ်တဲ့ မောင်ခက်ပန် တို့ နောင် NLD ၁၉၉၀ ခု
ရွေးကောက်ပွဲမှာ ယင်းမာပင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့
တင်ထွန်းအောင်(မြန်မာ့အလင်း)တို့၊
ဝင်းသူရ(မဟေသီမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ)တို့
အပြင်၊မောင်ချစ်စိန်၊ရွှေဘိုစောလွင်တို့လည်းပါမယ်
ထင်တယ်၊တချို့တော့
ကောင်းကောင်းမမှတ်မိတော့။အဲ့မှာ ဆရာ
တည်ကြည်နဲ့ရှင်လူ(ဇေယျဝတီမင်းလွင်စိုး)
လည်းအတူပါခဲ့ကြပြီးအစည်းဝေးလုပ်တိုင်း ပုံမှန်ဆုံခဲ့ကြတယ်။
နောက်ပိုင်း နှစ်တွေ ခေတ်တွေ အလီလီ
ပြောင်းခဲ့ချိန်မှာ တချို့လည်းကွယ်လွန်ခဲ့ကြပြီ။ရှင်လူသိသလောက်
တော့ ဆရာတည်ကြည်ရော
မောင်ခက်ပန်ပါ မရှိကြတော့။ တချို့တော့အဆက်ပြတ်ကုန်ပြီ၊မသိနိုင်တော့။
ဆရာဝင်းသူရနဲ့တော့ ပြီးခဲ့တဲ့ ၅နှစ်၆နှစ်လောက်က မဟေသီကဗျာကိစ္စနဲ့ ဆုံဖြစ်ခဲ့သေးတယ်။
ခေါင်းထဲပေါ်လာတဲ့ အတိတ်ကာလထဲ
နည်းနည်းမျောသွားမိတယ်။
နောက်ပိုင်း ၁၉၉၀ ဝန်းကျင် နှင်းခါးမိုးတယောက်ပြည်ပထွက်ကာနီး
ရှင်လူ့ကို လူငယ်ကဗျာဆရာသုံးယောက်နဲ့
ချိတ်ဆက် မိတ်ဆက်ပေးခဲ့တယ်။သူတို့
သုံးယောက်ကတော့ စေတ၊လက်ျာဝင်းနဲ့
ဘုန်းသက်ပိုင်။ ကမ်းရှာငှက်ကဗျာစာအုပ်ရဲ့လက်သည်
တွေပဲပေါ့။အဲ့မှာပါတဲ့ ဘုန်းသက်ပိုင်က
ဆရာတည်ကြည် နဲ့ ခင်မမ (ပညာရေး)ရဲ့
သားဖြစ်လေတော့ ရှင်လူက ဂျင်နရေးရှင်း
နှစ်ခုလုံးနဲ့ချိတ်ဆက်မိနေတယ်။ဒါမျိုးက
အောင်ဒင်(ဒတ္ထ)တို့ရွှေဘုန်းလူ(တာရာမင်းဝေ)တို့ညီအကိုနဲ့လည်း ဒီအတိုင်းပဲ။
စာပေလုပ်သားအဖွဲ့မှာဦးကျော်ရှိန်(မြေလပ်ဖိုးအောင်)နဲ့ရင်းနှီးခင်မင်ခဲ့ရပြီး နောက်ပိုင်းမှာ သူ့သားတွေဖြစ်တဲ့ အောင်ဒင်တို့ ရွှေဘုန်းလူတို့နဲ့ တွဲမိပြန်တယ်။
အင်း...ဇာတ်ပေါင်းခန်းတော့ ရောက်ခါနီးပါပြီ။ အဲ့ ညီတော်ဘုန်းသက်ပိုင်
ဆိုတာကလည်း မြန်မာနိုင်ငံသမိုင်းမှာ
ရှင်လူဖတ်ဖူးခဲ့ပေမယ့် မမြင်ဖူးခဲ့တဲ့ သခင်
ဖေဋ္ဌေး လို။သခင်ဖေဋ္ဌေးကတော့ အင်းစိန်
ထောင်ထဲကကြမ်းတမ်းတဲ့ဒဏ်ချက်တွေ
ကြောင့်ထောင်ကလွတ်လာတဲ့အခါ ကိုယ်တခြမ်း စောင်းနေတာ လမ်းလျှောက်ရင် တည့်အောင် လွယ်အိတ်ထဲ အုတ်နီခဲတွေထည့်လွယ်ရတယ်..တဲ့။
နောက်တယောက်က ဆရာမောင်သော်က
ကတော့ တိုက်ရေယာဉ် (၁၀၃)နစ်ခဲ့တဲ့
ဒဏ်နဲ့ ဇက်စောင်းနေပြီး စစ်အစိုးရလက်ထက် အင်းစိန်ထောင်ထဲမှာ
ကျဆုံးခဲ့ရတယ်။ ဘုန်းသက်ပိုင်ကတော့
၈ လေးလုံးနောက်ပိုင်း ကျောင်းသားသမဂ္ဂ
ကိစ္စနဲ့ အင်းစိန်ထောင်ကျပြီးပြန်ထွက်လာတော့
ခေါင်းကလေးစောင်းနေရှာတယ်။ ဒီနေ့မနက် လက်ျာဝင်းကဖုန်းဆက်ပြီး
``ဗဟိုစည်ဆေးရုံ လူနာကြည့်သွားမယ်၊
အကိုကြီးလိုက်အုံးမလား´´ဆိုတော့
မနက်ခင်းအလုပ်ကဂျူတီထွက်ချိန်အားတာနဲ့ လိုက်သွားခဲ့တယ်။၈၂ အရွယ် မိခင်အိုကြီးရဲ့နာမကျန်းဖြစ်နေတဲ့အနားမှာ
ဗျာများနေရှာတဲ့ညီမောင် ဘုန်းသက်ပိုင်ကို
ကြည့်ရတာ သူ့ကိုယ်သူဂရုစိုက်ဖို့တောင်
မေ့နေပုံရတယ်။မိခင်ကြီး ကခွဲစိတ်ကုသဖို့
လိုအပ်လို့ သွေးသွင်းထားရတာ ဒီနေ့တင်
၆ ပုလင်းရှိနေပြီ။သွေးအမျိုးအစားကလည်း
AB+တဲ့။တကယ့်ရှားမှရှားတဲ့သွေး။ဒါပေမယ့် ဒီနေ့ လှူမယ့်ရဲဘော်သုံးယောက်က
အဆင်သင့်။တယောက်က A သွေးဖြစ်နေလို့ပြန်လွှတ်လိုက်ရတယ်။
အထူးသဖြင့် ကဗျာဆရာအသိုင်းဝိုင်းနဲ့
ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းတွေ
ဝန်းရံနေကြတယ်။မနေ့ကအောင်ဒင်လည်းရောက်လာ
ပြီးဆရာမအတွက် ငွေကြေးအကူအညီပေးသွားကြောင်းသိရတယ်။ဆေးရုံခုတင်ပေါ်မှာ အောက်ဆီဂျင်
ပိုက်တန်းလန်းဒရစ်ကလည်းသွင်းထားရတဲ့ ဆရာမခင်မမ(ပညာရေး)အိပ်ယာကနိုးလာတော့
သမီးကြီးကခေါင်းရင်းနံရံမှာကပ်
ထောင်ထားတဲ့ဆရာတော့်ပုံလေးပြပြီး အာနာပါနမှတ်ဖို့သတိပေးနေတယ်။
ရှင်လူ့မိတ်ဆွေဟောင်းကြီး ဆရာတည်ကြည်က ပျံလွန်တော်မူခဲ့တဲ့
နေမိန္ဒြ ဓမ္မဝိဇ္ဇာဆရာတော်ဓာတ်ပုံအနေနဲ့
ဆေးရုံနံရံမှာရှိနေပြီး ဆရာမကတော့
ရှိသမျှအင်အားကလေးနဲ့သတိပဋ္ဌာန်ကိုပွားနေရှာ
တယ်။ဒီအချိန် သူ့အနားမှာရှင်လူ
ရောက်နေတာလည်းသူမသိဘူး။တချိန်က
ဂျစ်ကန်ကန် ကဗျာဆရာလေး ဇေယျဝတီ
မင်းလွင်စိုးဆိုတဲ့ သိဟောင်းကျွမ်းဟောင်း
လေးရောက်နေတာလည်းမသိရှာဘူး။
သိဖို့လည်းမလိုအပ်ဘူးလေ။ဒီအချိန်မှာ
သူ့အတွက်သတိပဋ္ဌာန်တရားလောက် ဘယ်ကောင်မှအရေးမပါဘူး။
(ကျင့်ဝတ်အရ ဆေးရုံပေါ်က လူမမာကို
ဓာတ်ပုံမရိုက်ဘဲ အခန်းနံပတ်ပုံပဲတင်လိုက်တယ်)
story#observation#shinlhu
Sent from my ALCATEL ONE TOUCH POP C9
ရှင်လူ့ကိုသိလား ပိတ်သတ်ကြီး (^_^) (^_^)
(^_^) (^_^) (^_^) (^_^)(^_^) (^_^)
ဖွေးနဲ့ရှင်လူ ဓမ္မသိပ္ပံကျောင်း မင်္ဂလာပွဲခင်းထဲရောက်လာတော့ သတို့သားကိုပေါက်ရဲ့အမေ
ဒေါ်သစ်သစ်မြင့်ကိုယ်တိုင် နေရာချပေးတဲ့စားပွဲမှာ
ဝင်ထိုင်လိုက်ကြတယ်။ ထိုင်ပြီးမှ ကိုယ့်အရင်ရောက်နေသူကိုကြည့်လိုက်
တော့ လူပျိုကြီး ကိုမြတ် (စာရေးဆရာ
အယ်ဒီတာမင်းမြတ်စံဖြစ်နေတယ်)။
နှစ်ယောက်သားမဆုံဖြစ်တာကြာပြီမို့ စကားစမြည်ပြောရင်း
တဖက်ကလည်း ဖွေးကို ထောပတ်ထမင်းနဲ့
ကြက်သားဖဲ့ပြီးခွန့်ရသေးတယ်။
တော်သေးရဲ့ ဖွေးက ဒီအစားအစာတွေ
မကြိုက်လို့ရေခဲမုန့်ဖက်လှည့်သွားလေတော့
သူ့ကို ``သမီးလေး မဖိတ်အောင်စား´´ဆိုပြီး
ကိုမြတ်နဲ့အေးအေးဆေးဆေးဆက်ပြောကြပေါ့။မကြာပါဘူးဝိုင်းထဲကိုမောင်အေးကျော်လည်း ထပ်ရောက်လာတယ်။ ကိုယ်ကသာ
ခေါ်နေကျမို့ မောင်အေးကျော်လို့ပြောတာ
သူ့ခမျာတော့ ထိပ်ပြောင်စပြုနေပြီ။
၈ လေးလုံး အရေးတော်ပုံကာလက မင်းညီ
မင်းသားလေးတွေ ခုတော့ အဖေခန်းက
ဝင်သရုပ်ဆောင်နေကြရပြီ။ဒီအထဲ ထိပ်ပြောင်တာကလွဲလို့ ကိုမြတ်နဲ့ မောင်အေးကျော်တို့ကတော့ မပါဝင်ကြ။
သူတို့ကတော့ ဦးလေးဘကြီးခန်းကပေါ့။
မောင်အေးကျော်ကလည်းရှင်လူ့ကိုမြင်
တော့ ဝိုင်းထဲကမျက်နှာစိမ်းတွေကို ဟိုလူ့သိလား ဒီလူ့သိလားနဲ့ နိုင်ငံရေးဆွေမျိုးစပ်ပေးနေတယ်။အမှန်
တော့ အဲ့ချိန်က ကျောင်းသားခေါင်းဆောင်
အောင်ဒင် တို့ ရွှေဘုန်းလူတို့ နဲ့ပတ်သက်ရာ
ပတ်သက်ကြောင်း ဗကသ၊အကသတွေက
တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းတဝိုက်တင်မနည်းလှ။
မောင်အေးကျော်ခုလို ဆွေမျိုးစပ်နေတာမြင်ပြီးရှင်လူ့စိတ်ထဲက
ပြုံးချင်လာတယ်။ ၈ လေးလုံးကာလတုန်းက
သူ့ကိုထောက်လှမ်းရေးကဖမ်းပြီးစစ်ကြော
ရေးလုပ်တော့ မေးသတဲ့``အောင်မြင့်ဆိုတဲ့
လူသိသလား´´ပေါ့( ရှင်လူ့နာမည်ရင်း)။
ဒီတော့ မောင်အေးကျော်က ``မသိဘူး´´
ပေါ့။ ရှင်လူ့ကိုကာကွယ်လိုဟန်ရှိပါတယ်။
ဘယ်လိုမေးမေး မသိဘူးချည်းလုပ်နေတော့
ထောက်လှမ်းရေးတွေက``အေး မင်းဒီလူ့ကိုမှမသိဘူးဆိုရင် ထိုင်ထ တရာ
လုပ်´´ဆိုပြီးခိုင်းလို့ လုပ်ခဲ့ရသတဲ့။
``ဒီက ပိတ်သတ်ကြီးကော ရှင်လူ့ကိုသိကြသလား´´
story#observation#shinlhu
Sent from my ALCATEL ONE TOUCH POP C9
Friday, May 4, 2018
ခင်ဗျားတို့ပြောပြောနေတဲ့ငြိမ်းချမ်းရေးကို ©©©©©©©© ကျနော်မသိလို့ ရှင်းပြနိုင်မလား ££££ ညိုမြသွေး ပေါင်မုန့်ဖုတ်သမားက သူ့ပေါင်မုန့်ကို ငြိမ်းချမ်းရေးလို့အော်ပြီး
©©©©©©©©
ကျနော်မသိလို့ ရှင်းပြနိုင်မလား
££££
ညိုမြသွေး
ပေါင်မုန့်ဖုတ်သမားက သူ့ပေါင်မုန့်ကို
ငြိမ်းချမ်းရေးလို့အော်ပြီး မီးဖိုထဲ ထည့်လိုက်တယ်..
မြက်ရိတ်သမားက မြက်တွေကိုတံစဉ်နဲ့ရိတ်ပြီး
ငြိမ်းချမ်းရေးလို့ အော်ခဲ့တယ်..
ကုတို့သမ္ဗာန်သမားက လှော်တက်တွေကို
အားသွန်ဆွဲရင်း ငြိမ်းချမ်းရေးကိုရွတ်ခဲ့တယ်
ကျေးလက်စာသင်ကျောင်းကဆရာမလေးက
သင်ပုန်းပေါ်မှာမြေဖြူနဲ့ ငြိမ်းချမ်းရေးကိုရေးခဲ့တယ်..
ပန်းရံဆရာက အင်္ဂတေကို သံလျက်နဲ့ကော်ပြီး
ငြိမ်းချမ်းရေးကိုဖြည့်ခဲ့တယ်..
တက္ကစီ ဒရိုင်ဘာလေးက မီးပွိုင့်ကိုမော့ကြည့်ရင်း ငြိမ်းချမ်းရေးကို လေချွန်ခဲ့တယ်..
ကလေးမိခင်က ရင်ခွင်ပိုက်ကလေးကိုနို့တိုက်ရင်း ငြိမ်းချမ်းရေး ကိုညည်းခဲ့တယ်...
အမေအိုက ကြေးအမြောက်ဆန်ပန်းအိုးထဲ
အောင်သပြေပန်းတွေထည့်လို့ ငြိမ်းချမ်းရေးကိုဆုတောင်းခဲ့တယ်..
ဟိုး လမ်းထိပ်က ဒယီးဒယိုင် အရက်သမားကတောင် ငြိမ်းချမ်းရေးပန်းခင်းကိုဆိုလို့
ဝတ်ပြုကျောင်းပေါ်က လေးလံတဲ့ခေါင်းလောင်းကြီးကလည်း ငြိမ်းချမ်းရေးပဲ
ထပ်ခါ ထပ်ခါမြည်တယ်...
ပန်းခြံဝမှာ အလှပြထားတဲ့ စစ်ကျန်အမြောက်ကြီးကလည်း ငြိမ်းချမ်းရေးကို ထိုင်စောင့်လို့
ရက်ရက်စက်စက် လူတွေကိုသတ်နေတဲ့
စစ်ဘုရင်ကြီးကတောင် ငြိမ်းချမ်းရေးဆွေးနွေးဦးမတဲ့...
မှောင်ရီဖြိုးဖျ ကွင်းစပ်မှာ တလက်လက်မြူးနေကြတဲ့ ပိုးစုန်းကြူးလေးတွေနဲ့
သန်းခေါင်ကျော်လင်းအားကြီးမှာ ထထထိုးတတ်တဲ့ ငှက်ဆိုးကတောင်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလိုပါသတဲ့...
ကဲ ကဲ ငြိမ်းချမ်းရေးကိစ္စဟာ
ကာစတမ်မာတွေဖက်က အမြဲမှန်သလား
ပရိုဒတ်ရှင်းလား ၊ မားကက်တင်းလား၊ဆားဗစ်ဆင်းလား...ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းစုကြီးလား ၊ ပန်းချီပြပွဲ တခုလား၊အပျင်းပြေအသင့်စားသုံးနိုင်တဲ့ သွားရည်စာလား..
ဒါမမဟုတ် အင်တာတိန်းမင့် သက်သက်လား.......
ညိုမြသွေး
5 May 2016
11:05 PM
poem#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9
ကဗျာ(ညိုမြသွေး) သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက် ♥ ♪ ♬
သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥
သင်ကြိုက်ကြိုက် မကြိုက်ကြိုက်
ကျော်ကြားတဲ့သီးချင်းသံကတော့
လေထဲမှာလွင့်ပျံနေမှာပဲ
အသက်ရှူကြပ်တယ်
ဘယ်တော့မှ အိပ်ရေးမဝခဲ့ဘူး
အိပ်မက်ဆိုးတွေ ညတိုင်းမက်တယ်
ဒါဟာ နေသားတကျ...
တခါတလေ အိပ်မက်ကောင်းမက်တဲ့အခါ
ငါ သေသွားပလား
သံသယတွေ ဝင်လို့
အိပ်ယာကလန့်နိုးခဲ့
အားလုံး အတူတူပါပဲ
လူ့အဖြစ် ရတာချင်းအတူတူ
အိပ်မက်ကို အယုံအကြည်မဲ့ခဲ့ရတာ
ဘာကြောင့်လဲ
ဘာ့ကြောင့်လဲ
ဒီလောက် စည်းသတ်ထားတာတောင်
စိတ်က ခြံခုန်ချင်တယ်
ပစိဖိတ်သမုဒ္ဒရာထဲ ရွက်လွှင့်လိုလွှင့်
ခါကာဘို တောင်ထိပ်တက်ပြီး ဒန်းစီးလိုစီး
ဖြစ်နိုင်ခြေကနည်းနည်း
မဖြစ်နိုင်ခြေက များများ
ဒီကဗျာကို စရေးမိမှတော့
လမ်းဆုံးထိလျှောက်ရတော့မှာပဲ
နှင်းဖုံးတောင်တန်းကြီးတွေနဲ့
ကွေ့ကွေ့ကောက်ကောက် မီးရထားလမ်းကလေး
ရေနွေးငွေ့သုံး စက်ခေါင်းမည်းမည်းကြီးက
တူ..တူ...တူ..
လျှိုမြောင်စိမ့်စမ်း ရေတံခွန်တွေနဲ့
ရောင်စုံသမ်းတဲ့ ရှမ်းရိုးမ
ကြည့်မဝ ငေးမဝ
ရထားပေါ်တက်ကတည်းက
ညီအကိုတွေ ပြတင်းပေါက်နေရာလုခဲ့ကြ။
အချိန်ရထားကြီး တရွေ့ရွေ့ပေါ်
ခုတိုင် ပြတင်းပေါက်ကငေးနေဆဲ
အမြင်တွေမှုန်ဝါးလာတာလား
အသိတွေ ကျယ်ပြန့်လာတာလား
တောလမ်းတောင်လမ်း
ပန်းရနံ့ပျောက်ဆုံး ယမ်းနံ့ဖုံးခဲ့
ရှမ်းရိုးမတကြော ကျယ်ပြောလွင်ပြင်
မြင်မြင်သမျှ သွေးနံ့ရခဲ့...
လွတ်လပ်မှုကို လိုချင်ကတည်းက
မလွတ်လပ်သူဖြစ်ခဲ့ရ
စကားလုံးတွေဟာ
တခါခါမှာ
စောက်ထိုးမိုးမျှော် အနက်ဖော်တယ်
တခါတခါ
လွဲနေတာချည်းကိုပဲ
စကားနည်း ရန်စဲ လက္ခံရပြန်တယ်
အမှန်တရားကို
အမှန်ဖြစ်အောင်လုပ်ဖို့ 
ဈေးကွက်ဖော်ဆောင်တဲ့ခါများမှာ
သတ်ပုံအမှားတွေနဲ့
ဖန်တရာတေရ
လော်လည်ဝါကျတွေနဲ့
အကြိမ်ကြိမ်ကလဖန်ထိုးရ...
ရှင်သန်ခြင်းကို
ဒေါ်လာနဲ့ဝယ်လို့မရနိုင်ဘူး
တချို့က
အမှန်တရားအတွက်ဖြစ်ဖြစ်
စိတ်ခံစားမှုတခုအတွက်ဖြစ်ဖြစ်
ရှင်သန်ခြင်းကို ယာဇ်ပူဇော်တယ်
ဆိုကရေးတီးအစ
ကမ္ဘာ့ရာဇဝင်တော်ကြီးမှာ
သွေးနဲ့ရေးတဲ့စာမျက်နှာတွေများခဲ့
သေဖို့ဆုံးဖြတ်ထားပြီသူတယောက်အဖို့
မိုးလေဝသ သတင်းဟာ အရေးမကြီး
နိုင်ငံတော် ညစာစားပွဲဟာ အရေးမကြီး
သူရဲကောင်းမှတ်တမ်းဝင်ဖို့အရေးမကြီး
မဟာသဒ္ဓမ္မဇောတိကဓဇ ဟာအရေးမကြီး
မိုးဟေကိုဖြစ်ဖြစ် ဆလီနာဂိုမက်စ်ဖြစ်ဖြစ်
အင်ဂျလီနာဂျိုလီဖြစ်ဖြစ် နီနီခင်ဇော်ဖြစ်ဖြစ်
ဘသူမှ အရေးမကြီး
အောက်ဆီဂျင် လက်တခုပ်စာတောင်မှ
သူ့ရဲ့ နောက်ဆုံးထွက်သက်အတွက်
လိုကောင်းမှလိုမယ်...
စတိုင်တခုအနေနဲ့
သူများတွေ အားကျပြီး
ဈေးကြီးပေးရတဲ့
ဂျာမန် သိုးထိန်းခွေး ဝယ်မွေးတယ်...
ခွေးလည်ပတ်သံကြိုးတပ်ပြီး
မြို့ပတ်လမ်းလျှောက်ရတဲ့အရသာ
ခင်ဗျား စဉ်းစားဖူးသလားမိတ်ဆွေ
အရပ်စကားနဲ့ဆို
ဘိုဆန်တယ်ပြောရမလား...
လမ်းတွေပေါ်ဖြတ်သွားရင်
ခွေးဝဲစားတွေက ဝိုင်းဟောင်သေး
ဒီကလွှတ်ပေးလိုက်လို့ကတော့
အရိုးတခြား အသားတခြား
ခွေးမသားတွေ အဖြစ်ဆိုးကုန်မယ်
တခုပဲ..တခုပဲ
ပြောစရာရှိတာ
ဒီခွေးက အကောင်ကြီးသလောက်
အစားကြီးတယ်
တနေ့ တနေ့ သူ့အတွက်က
ပေါင်မုန့် ကြက်ဥနဲ့ အသားဖိုးတင်
မနည်းကုန်တယ်..
အင်း..ဒီတော့ ..ကျုပ်
ငါးပိရည်နဲ့ပဲ အုပ်နေရ
(စိတ်ကူးယဉ်ကြည့်တာ)
၁၆ နှစ်သား လူငယ်လေး
မတောက်တခေါက် ကဗျာတွေရေးတယ်
သူ့ကိုယ်သူ
ကဗျာဆရာလို့ သမုတ်တယ်
ဟိုချီမင်းရဲ့`အကျဉ်းထောင်ကပုလွေသံ´
ဂျိုဆေရီဇော် ရဲ့ ``My last farewell´´
မာယာကော့စကီး
ယက်ဗ်တူရှင်ကို
ချေဂွေဗားရား၊ ဖူးချစ်
ငုယင်ဗန်ထရွိုင်း..စတဲ့
ကမ္ဘာ့ ဦးနှောက်နဲ့ နှလုံးသားကြီးတွေအားလုံး
သူ့သွေးကြောတွေထဲစိမ့်ဝင်
သူ့မေးရိုးတွေထဲဝင်စား
သူက အများနည်းတူ အသက်ရှူ
အများနည်းတူ ထမင်းစား
အများနည်းတူ လက်ဖက်ရည်ဆိုင်/အရက်ဆိုင် ထိုင်ခဲ့ပေမယ့်
အများနဲ့မတူတာ သူ့ကိုယ်သူသိတယ်
သူ့မိဘ သိတယ်
(မိန်းမရတော့)သူ့မိန်းမက အရင်သိတယ်
ပြီးတော့ ယောက္ခမ ယောက်ဖ
ဆွေမျိုး ညာတကာတွေသိတယ်...
ခုတော့
သူအရွယ်ရင့်ခဲ့ပြီ
ကဗျာဆရာတယောက်ဖြစ်ဖို့ လုံလုံလောက်လောက်
၆၅ နှစ်ထဲရောက်ခဲ့ပါပြီ
သူ့ကို ဝေဖန်
သူ့ကိုရှုံ့ချ
သူ့ကို ဖယ်ကြဉ်ခဲ့ကြသော
မိဘ ဆွေမျိုး ယောက်ဖ ယောက္ခမ
ဥာတိဗျဿန တရားတွေလည်း
ဇာတ်စင်ပေါ်က ပြည်ဖုံးကားလို
တဖြည်းဖြည်း အောက်ကိုကျ
သူနဲ့ ဘဝတွေခြားခဲ့ပြီ...
(သည်းခံပါ.. နောက်ဆုံးဝါကျ အတွက်
ခေတ္တ စဉ်းစားခွင့်ပြုပါ)
ဟုတ်ကဲ့
ရပါပြီ
ခုတော့
သူဟာ
အရပ်ထဲမှာ
ချဲဒိုင်လောက်မှ လူရာမဝင်ပါ
ကိုယ့်အသိတွေထဲက
တယောက်က ကျောက်တုံး
တယောက်က ရုပ်တု
နောက်တယောက်..နဲ့
နောက်တယောက်ကတော့
ကျောက်တုံးလား
ကျောက်တိုင်လား
ကျောက်ဂူလား
ကျောက်ခေါင်းလား...
ကိုယ်ကတော့ ချစ်သူရဲ့ဆီးစပ်က
စံပါယ်တင်မှဲ့လေးပဲ ဖြစ်လိုက်ချင်
ဘဝဟာ ဝတ္ထုရေးကောင်းရုံ
ဖြစ်တည်ခဲ့သလား
လောကဓံရှစ်ပါးကိုပဲ
ရေလဲနဲ့သုံးခဲ့ကြ
ငိုရ ရီရ
စကားတွေပြောကြရ
သင်္ခတ တီးလုံးများအဆုံးမှာ
ကမ္ဘာမြေအမှောင်ကျ
သင်လွမ်းချင် စ လွမ်းနိုင်ပြီ....
့ခွေးချီ ကျီးသုတ်
ပုပ်သိုးပျက်စီး စာရင်းမပါ
အင်္ဂုလိမာလ တယောက်တည်းတင်
လက်ညှိုး စုစုပေါင်း ၉၉၉ ချောင်း
သြော်..ဇာတ်သိမ်းခန်းမှာ
ငါတို့ အားလုံးဟာ
အင်္ဂုလိမာလတွေကို ဆွမ်းကြီးလောင်းခဲ့ရ...
ယာကူဇာချင်း စာရင်းရှင်းတဲ့ကိစ္စ
ဘုရားသခင် ဝင်မပါသင့်ဘူး
ရဲနဲ့ တရားသူကြီးကတောင်
လုပ်ထုံးလုပ်နည်း ဥပဒေတွေကို
ကိုယ်လုံသိုင်းကွက်နဲ့ ဖောက်ထွက်နေခိုက်မှာ
ဓမ္မစက်ဆိုတာ
ဆာမူရိုင်းဓားနဲ့ ယှဉ်သင့် မယှဉ်သင့်
မေးခွန်းနဲ့ ကျက်စာတိုးလို့
လူတလုံးသူတလုံးဖြစ်ခဲ့ကြ ဒုနဲ့ဒေး
တော်တယ်ဆိုတာ
ဘဝ အဆက်ဆက် လေ့ကျက်ခဲ့ရတာ
ပါရမီလမ်းပေါ်မှာ ပါရမီမရှိသူတွေ
လျှောက်ခဲ့ကြ...
ရှုသိုးသိုးကောင်းကင်အောက်
တယောက်ထဲ ထွက်ခဲ့တယ်
အေးစက်စက်လေသရမ်းတွေသောင်းကျန်းနေတဲ့ကွင်းပြင်တွေကိုဖြတ်
မှောင်ရိပ်ကျကျ ဝင်္ကပါလမ်းတွေကိုကွေ့ရင်းပတ်ရင်း
ဘာကိုမှုရမလဲ
ထာဝရမှောင်ကြီးကျလုမှာ...
ဘုရားတွေ ထွက်ခွာသွားပေမယ့်
တရားတွေက ကျန်ခဲ့တယ်...
တချို့က
ဘေးထွက်ဆိုးကျိုးတွေထားပြီး ထွက်သွားခဲ့ကြတယ်
ကုသလ အကုသလ အဗျာကတ
ဟိတ်များနဲ့ ဖွဲ့တည်ခဲ့ ကမ္ဘာကြီးမှာ
သင့်ဆန္ဒနဲု့ သင် တိုင်ပင်နှီးနှောပါ
ဖောင်ဖြည့်ပါ ..လက်မှတ်ထိုးပါ
သင့်ဝေစုကို သင် ယူပါ...
ဂက်စ်ကုန်နေတဲ့ မီးခြးစ်တလုံး
ကိလေသာကုန်နေတဲ့ လူတယောက်
ဘယ်မီးမှ ထပ်မတောက်နိုင်ဘူး
မီးတောက်သူ အချင်းချင်း
ဘူကိုဘူနဲ့ စားခဲ့ကြ
ငါက ချစ်လို့ ရသမျှ ဆက်ချစ်နေအုံးမှာ
သမုဒယ ပီကေတွေ တခုပြီးတခုဝါးရင်း
ညောင်းညာခဲ့ ဘဝမေးရိုးများ
အပြိုင်းပြိုင်း
အရိုင်းဆန် နွေဦးအကြိမ်ကြိမ်
ဘာတွေ ရလို့ ဘာတွေပေးခဲ့သလဲ
ခုတိုင် အဖြေမှန်မတွက်နိုင်သေး
ယစ်မူးရင်း နစ်မြူးရင်း
ပေါ့ပေါ့ပါးပါး နှစ်ကာလများဖြတ်သန်း
ရုပ်ဒြပ်တခု ပုဒ်ဖြတ်တခု နဲ့
တခုပြီးတခု ၊ တခုပြီးရင် နောက်တခု
သန္တတိအစဉ် ပင့်ကူမြှင်မှာ ငြိတွယ်ဆဲ...
သြကာသ..သြကာသ..
တပိုင်းတစနဲ့ ရပ်လိုက်တယ်
အကြောက်တရားနဲ့
ဘုရားရှိခိုးရတာ လိပ်ပြာမသန့်သလို
အမျှော်တရားနဲ့လည်း
ဘုရားကို မပူဆာတတ်
ဖျပ်ခနဲလဲအကျမှာ
ဖျပ်ခနဲ ပြန်ထနိုင်တဲ့
ခြေလက်အစုံကိုမြတ်နိုး
သွေးစို့တဲ့ ဒဏ်ရာကို ချစ်ခင်
နာနာကျင်ကျင် သက်ဝင်မှုများ
တပိုင်းတစ ယုံကြည်မှုများနဲ့
လူစားမထိုးတဲ့ စွန့်စားခန်းတွေ
ပေရှည်သမျှ နေသားကျခဲ့
၃၁ ဘုံမှာ
အပယ်ဘုံသား ခြင်တွေကပိုများတော့
ငါပဲ ယားခဲ့ရပေါ့ ကွယ်
အင်းဆက်တွေရဲ့သြခက်စတြာက
အနက်ရှိုင်းဆုံးကို ရောက်လာတယ်
ဟိုး အပေါ်က
တလက်လက်မျက်တောင်ခတ်နေတဲ့
စိမ်းတောက်တောက်ကြယ်ကလေးရေ
ဟောဒီ အထီးကျန်ညကို
ငါ ဘာနဲ့ မြည်းရမလဲ ကွယ့်
ရှင်သန်ခြင်းကို ယစ်မူးခွင့်ကော ရပါအုံးမလား
ဆောင်းလေနဲ့အတူ မျောပါလာမယ့်
ဟောဒီကြမ္မာရိုင်းကြီးထဲမှာ
ညလေညှင်းသယ်ဆောင်လာတဲ့ပန်းရနံ့ 
ံ့လေးသာ တစိုးတစိ ပါခဲ့ပါစေတော့...
ငါ့ကိုယ်ငါ
အလိုကျတယ်လည်း မဟုတ်
အလိုမကျတယ်လည်း မဟုတ်
ဥပေက္ခာနဲ့နေတယ်
ဘဝကို တယုတယ ဝိုင်ခွက်လို မုန်းတယ်
ထန်းတောက ဝါးဆစ်ခွက်လို
သောက်ပြီးလွှင့်ပစ်ချင်တယ်
ဒါတောင် တခါတခါ
သွေးပေါင်ချိန်ရ
ဆေးသောက်ရနဲ့
ဒီလောက်အသိတရားနဲ့
ဒုက္ခသစ္စာ ကိုပိုင်းခြားမိသယောင်
ခြင်ကိုက်ခံရတာလောက်နဲ့
နိဗ္ဗာန်ရောက်သွားတဲ့ဇာတ် မဖတ်ဘူးသေး
လေသရမ်းတွေသောင်းကျန်းနေတဲ့
ကွင်းပြင်တွေကိုဖြတ်
မှောင်ရိပ်ကျကျ တွေကိုကွေ့ရင်းပတ်ရင်း
ဘာကိုမှုရမလဲ
ထာဝရမှောင်ကြီးကျလုမှာ...
အတိတ်တွေက
အမှတ်မထင်နေ့ရက်တွေထဲ
ပျော်ဝင်သွားခဲ့တယ်
အလွမ်းကို
နေကြာစေ့လို တဖြစ်ဖြစ်ဝါးရင်း
နေ့စဉ်ဖြတ်နေကျလမ်းကလေးကတောင်
ကွန်ကရစ်တွေနဲ့ မာခဲ လို့
ညိုမြသွေး
2017 ,Dec 14
10:42 pm စရေး
Feb 7,2018
8:14pm ပြီး
poem#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9
ဥပဒေနှင့်အညီ (သူ့အမြင် -
ဒီကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ တန်ဖိုးအကြီးဆုံး၊ နှစ်လိုဖွယ်အကောင်းဆုံး စကားလုံးကို ပြောရမယ်ဆိုရင်``ဥပဒေနှင့်အညီ´´ဆိုတဲ့စကားလုံးထက် ပိုမိုသင့်တော်မယ့် စကားလုံးမျိုး ရှိမယ်မထင်ပါ။
သမိုင်းခေတ်ဦးမှအစ လူသားတို့ရဲ့ယဉ်ကျေးမှုများ အဆင့်ဆင့်ဖွံ့ဖြိုးမှု ဖြစ်စဉ်တခုလုံးမှာ လူသားတို့ရဲ့ ဘဝလုံခြုံမှု ၊အေးချမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဖော်ဆောင်ရာမှာ ဒီဥပဒေနဲ့အညီဆိုတဲ့ စကားလုံးလေးတွေက ထာဝစဉ် လှုပ်ရှားသက်ဝင်နေဖို့ လိုသလို၊ ခေတ်အလိုက် စံနစ်အလိုက် အဓိပ္ပါယ်ဖော်ဆောင်ရာမှာ သက်ဦးဆံပိုင် ဘုရင်စံနစ်မှာပင် မင်းကျင့်တရား ဆယ်ပါးနဲ့အညီဆိုတဲ့ စံနှုန်းသတ်မှတ်ချက်များ ရှိခဲ့ရပါတယ်။
ကမ္ဘာပေါ်မှာ ခေတ်အမျိုးမျိုး စံနစ်အမျိုးမျိုး ပြောင်းခဲ့ရာမှာ ဥပဒေနှင့်အညီ ဆိုတာလည်း ခေတ်အလိုက် စံနစ်အလိုက် အဓိပ္ပါယ်ဖော်ဆောင်မှုများလည်း အမျိုးမျိုး ကွဲပြားကြတဲ့တိုင် ပြည်သူလူထု အများစုကြီးအတွက်တော့ ဘဝလုံခြုံမှုနဲ့ ငြိမ်းချမ်းမှုကို အခြေခံထားခဲ့ကြတာကိုတွေ့ရပါတယ်။ ထိုဥပဒေနှင့်အညီကို ပုံပျက်အောင်လုပ်ခဲ့ကြသူများကတော့ ပဒေသရာဇ် ဧကရာဇ်၊ အာဏာရှင်များ၊ လက်နက်ကိုင် အကြမ်းဘက်သမားများနဲ့ စိတ်မနှံ့ ရူးသွပ်နေသူများပမာ၊ ယုံကြည်မှု အတွေးအခေါ် အစွန်းရောက်နေသူများ ဖြစ်ကြပါတယ်။
ဒါတောင် ထိုသူတွေဟာ တကြိမ်မဟုတ်တကြိမ် ဥပဒေနဲ့အညီ တန်ပြန်အရေးယူမှုကို ခံကြရပါတယ်။ ပမာအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီနဲ့ ဖက်ဆစ် ခေါင်းဆောင်များဟာ စစ်ရာဇဝတ်ကြွေးများကို ပြန်လည်ပေးဆပ်ကြရပါတယ်။ တချို့လည်း ကိုယ့်အလှည့်ကျမှ အလန့်တကြား ရေဆုံးရေဖြား ပြေးလွှားပုန်းအောင်းကြပါတယ်။ တချို့ဆို နှစ်ပေါင်းနှစ်ဆယ်ကျော် ခြေရာခံ လိုက်လံဖမ်းဆီးပြီး ဥပဒေနှင့်အညီ စီရင်မှုကို ခံခဲ့ရပါတယ်။ ဒီဘက်ခေတ်ထဲမှာ ကမ္ဘောဒီးယားက The killing fields လို့နာမည်ကြီးခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုပေါ့၊ 9/11မှာ အမေရိကန်နိုင်ငံကTwin tower ကိုလေယဉ်နဲ့ဝင်တိုက်ပြီး အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သေစေခဲ့တဲ့ အိုစမာဘင်လာဒင်တို့လည်း တနည်းမဟုတ်တနည်း ဥပဒေနဲ့အညီ အရေးယူခံခဲ့ကြရတာကို တွေ့ရပါတယ်။
အထူးသဖြင့် အုပ်ချုပ်ရေး တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အာဏာသုံးရပ်ကို ခွဲဝေအုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံမျိုးမှာ နိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်ဖြစ်တဲ့ သမတကိုယ်တိုင်ပင်ဥပဒေနှင့်အညီ နေထိုင်ပြုမူရပါတယ်။ စစ်ပွဲတွေအတွင်းမှာတောင် ဖျားနာ ဒဏ်ရာရနေတဲ့ စစ်သုံ့ပန်းများနဲ့ အရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်းမပြုဖို့၊ ဆေးဝါးကုသပြီး အကာအကွယ်ပေးဖို့ ဂျီနီဗာကွန်းဗင်းရှင်းကြီးက အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး လူသားတွေကို တရားသဖြင့် ဥပဒေနှင့်အညီ စောင့်ရှောက်နိုင်အောင် သတ်မှတ်ပေးထားခဲ့ပေမယ့် ဒီနေ့ကမ္ဘာပေါ်က စစ်ပွဲများ၊ ဒေသန္တရစစ်ပွဲများနဲ့ အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှု များစွာမှာ တဖက်သုံ့ပန်းကို လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုသတင်းများ၊ အပြစ်မဲ့အရပ်သားများ နေထိုင်ရာနေရာများကို ဗုံးခွဲတိုက်ခိုက်မှုများ၊ လူလယ်ကောင်မှာ သေနတ်နဲ့ တေ့ပစ်မှုများကို မြင်တွေ့နေရပါတယ်။ မိမိတို့ မြန်မာနိုင်ငံမှာပင် လတ်တလော ဦးကိုနီအမှု ၊ လားရှိုး ရိုးမဘဏ် ဗုံးခွဲခံရမှု စသဖြင့် ဥပဒေချိုးဖောက် အကြမ်းဖက်နေမှုများ၊ နောက်ထပ် အလားအလာအဖြစ် ကြိုတင်ပြီး စောင်းမြောင်း ခြိမ်းခြောက်နေမှုများကိုလည်း တွေ့မြင်နေရပါတယ်။
ဒါတွေကို အမြင့်ဆုံး အာဏာပိုင်တွေနဲ့ လွှတ်တော်က ဇာတ်ဆန်ဆန် ပြန်လည် ကြိမ်းမောင်းဟစ်ကြွေးနေဖို့ တာဝန်မရှိပါ။ အရေးကြီးတာက နေ့စဉ်လုပ်ငန်းတာဝန်များကို အဆစ်အပိုင်းအလိုက် ထမ်းဆောင်ကြရင်း ဥပဒေနှင့်အညီ ချီတက်နိုင်ကြဖို့သာလိုပါတယ်။ မိမိတို့ပြည်သူများကလည်း လိုလည်းမလို ပိုလည်းမပိုတဲ့၊ လုပ်ချင်ရာလုပ်ပြီး ဘူးခွံပေါ်မှာ ရိုက်နှိပ်လိုက်တဲ့တံဆိပ်တခုလိုမျိုးမဟုတ်တဲ့၊ ဥပဒေနှင့်ညီသော ဥပဒေနှင့်အညီကိုသာ မျှော်လင့်နေကြပါကြောင်း။
ဗရမ်းကျော်စွာ(ရှင်လူ့ကလောင်ခွဲ)
story#observation#shinlhu
http://www.wiselandmedia.com/%e1%80%a5%e1%80%95%e2%80%8b%e1%80%b1%e1%80%92%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e2%80%8b%e1%80%b7%e1%80%a1%e1%80%8a%e1%80%ae%e1%81%8a-%e1%80%97%e1%80%9b%e1%80%99%e1%80%b9%e2%80%8b%e1%80%b8%e2%80%8b/
Sent from my ALCATEL ONE TOUCH POP C9