ရှင်လူ
Sunday, October 5, 2014
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ)
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ) က ။ ညိုမြသွေး
နှင်းဆီဖြူမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲကို ဇွန်လ ၁၄ ရက်နေ့က အလုံလမ်းပြည်သူ့ဥယျာဉ်ဝင်းMy Garden မှာလုပ်သည်။ ကိုယ်နေထိုင်ရာတောင်ဥက္ကလာနှင့်ပွဲကျင်းပရာနေရာက အတန်ငယ်အလှမ်းဝေးတာကတကြောင်း ခုတလော အလုပ်ကြွေးတွေပိနေတာကတကြောင်းကြောင့်မသွားပဲနေလိုက်ဖို့စဉ်းစားပြီးကာမှညီတော်နှင်းခါးမိုးမျက်နှာကို စိတ်ထဲမြင်ယောင်လာပြန်သည်။ "အကိုဘာစိတ်ကောက်နေပြန်ပြီလဲ"လို့သူတွေးသွားနိုင်သည်။ မိမိကိုယ် မိမိ ပြန်သုံးသပ်လိုက်ပြန်တော့လည်း စိတ်တော့မကောက်တတ် ။ ဒါပေမယ့်စိတ်ကခပ်နုနု။အပြောင်းအလဲမြန်တတ်သည်။ခုပဲ မသွားဘူးဟု
တွေးပြီးကာရှိသေး နှင်းခါးမိုး မျက်နှာကြီးကစိတ်ထဲမြင်
နေပြန်သည်။
ဒီကြားထဲ သူငယ်ချင်းနွေလယ်နေ နှင့်ဦးဝင်းတင်
English for All ကိုပါစုသွားကြဖို့ကြိုတင်ချိတ်
ဆက်ထားခဲ့လေတော့ခုမှဖျက်ဖို့မသင့်ပြန် ။ နောက်ဆုံတော့မိမိတသက်လုံးလုပ်နေကျမူအတိုင်းစိတ်ကိုပြန်ပြောင်းလိုက်ပြီး သွား ဖို့ဆုံးဖြတ်လိုက်သည်။ စုရပ်လုပ်ထားတဲ့နွေလယ်နေ့ရုံးခန်းရှိရာလင်းစဒေါင်း
ကို ကိုဝင်းတင်နှင့်အတူ မွန်းလွဲ ၁ နာရီမထိုးမီ
ရောက်သွားတော့ နွေလယ်နေကအဝတ်စားတောင်
မလဲရသေး စွပ်ကျယ်နှင့်ပဲရှိသေးသည်။ "စောပါသေးတယ်လက္ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့"ဆိုတာနှင့်သူ့ရုံးရှေ့ကဆိုင်မှာထိုင်ပြီးလက္ဘက်ရည်သောက်
ကြသည်။ ဘိုက်ထဲဟာသလိုလိုမို့ဘဲသားမုန့်မှာပြီးတခုကောက်စားလိုက်သည်။ မကြာခင်မှာ မောင်သူပါရောက်လာသည်။
မောင်သူနှင့် မတွေ့တာလည်းကြာပြီမို့ စကားမရှိ
စကားရှာ ကာ ယုဇနမှာသူဝယ်ထားသောအိမ်
အကြောင်းမေးမိသည်။
"ခုဆို ခင်ဗျားအိမ်ဈေးတက်နေပြီပေါ့ "ဆိုတော့ မောင်သူကဒေါသတကြီးလေသံဖြင့် "လူတိုင်း ဒါပဲပြောနေကြတယ် မဝယ်လို့ဖြစ်မလားဗျ လက်ထဲ
ပိုက်ဆံကိုင်ထားရင် ကုန်သွားမှာပေါ့"မောင်သူ့ပုံစံက ဆိုက်ကိုရုပ်ရှင်ကားထဲမှထူးဆန်းသောဇာတ်ရုပ်တခုခု
နှင့်တူနေသည်။ကိုဝင်းတင်ကတော့မောင်သူ့အပြုအမူကို သိတ်အမှုထားပုံမပေါ်။သူတို့နှစ်ဦးလုံးဝါရင့်ကျောင်းဆရာဟောင်းများဖြစ်ကြသည်။ မိမိကပဲပဋိသန္ဓာရစကားမပြောတတ်တာလား မောင်သူကပဲဆေးစားမှားလာသလားမသိတော့။သို့ပေမယ့် ခုတလောအဘိဓမ္မာသင်တန်းကိုရက်မှန်မှန်တက်ဖြစ်နေသဖြင့်မိမိရဲ့ခန္တီစိတ်တွေ မေတ္တာစိတ်တွေ အားကောင်းနေပုံရသည် သူ့ကိုပြန်ပြီးဘုမတောဖြစ်တော့။
ခ ။
မိမိတို့ My Garden ခန်းမထဲရောက်တော့ ပရိတ်သတ်က အတန်သင့်စုံနေပြီ ။ လွတ်ရာစားပွဲတခုမှာဝင်ထိုင်လိုက်ကြပြီး ဘေးဘီကို
ဝေ့ကြည့် လိုက်တော့ကိုယ်သိသူသိတ်မရှိလှ။ကိုအောင်ချိမ့်ရောက်လာတာတွေ့လိုက်ရသည်။ နှင်းဆီဖြူအယ်ဒီတာ များလည်း
ဧည့်သည်များကိုကြိုဆိုနှုတ်ခွန်းဆက်နေကြသည် ။ အထူးသဖြင့် ကဗျာဆရာပရိတ်သတ်နှင့် မီဒီယာသမားများအပြင်ဦးထွန်းလွင်လိုမိုးလေဝသပညာ
ရှင်ကိုပါတွေ့လိုက်ရသည်။မိမိအကျင့်အတိုင်းဖုန်းဖြင့် ဓါတ်ပုံအချို့ရိုက်နေလိုက်သည်။မထင်မှတ်ပဲမနော်ဟရီကိုတွေ့လိုက်တော့ ညီတော်
တာရာမင်းဝေ ( ရွှေဘုန်းလူ )ကိုလွမ်းမိပြန်သည်။ ခေတ်နေတယောက် လူလားမြောက်ရောပေါ့ ။ "နန်းထိုက်တော်ဝင်" လက္ဘက်ရည်ဆိုင်မှာ ဟိုဘက် ဒီဘက်စားပွဲနှစ်ခု ကပ်ဆုံခဲ့စဉ်က သူတို့သားအမိသားအဖသုံးယောက်ထဲမှာ ခေတ်နေက
၂ နှစ်သားလောက်ပဲရှိဦးမည်ထင်သည် ။ အတွေးကောင်းနေစဉ်မှာပဲ လူလတ်ပိုင်းတယောက်
မနော်ဟရီကို လာနှုတ်ဆက်နေတာတွေ့ရသည် ။
သူ့ကိုရင်းရင်းနှီးနှီးသိဖူးတာအမှတ်ရသည် ။နာမည်ကိုတွေးမရ ။အရင်တခါသူနှင့်ဆုံခဲ့တာ၂၀၀၇ ခုနှစ်တုန်းက တာရာမင်းဝေ ရက်လည်မှာ။ ထိုစဉ်ကလည်းသူ့ကို ကောင်းကောင်းမမှတ်မိ ။ မိမိကိုပြုံး၍နှုတ်ဆက်ရင်း "၈၈၈၈ တုန်းက
ကိုရွှေဘုန်းနဲ့အတူပါလာဖူးတယ်လေ "ဟုအစဖေါ်ပေးမှ
သူ့မျက်နှာကိုကျက်မိသွားခဲ့သည်။ ထိုစဉ်က
ရွှေဘုန်းလူနှင့်အတူ အကသ မှကလေးများပါလာ
တတ်တာသတိရသွားသည်။ပြုံးစစနှင့်စကားပြောတတ်သောသူ့ကိုလည်းမှတ်မိသွားသည် ။ ၈၈ မှ ၂၀၀၇ ဆိုတော့ ၁၉ နှစ်တောင်ကြာခဲ့ပြီ။
"ခုဘာလုပ်နေလဲ" မေးလိုက်တော့စင်္ကာပူမှာအလုပ်
သွားလုပ် ပြီးပြန်ရောက်လာတာသိတ်မကြာသေးကြောင်း
ပြန်ဖြေသည်။ သည်လိုနှင့်ဆက်စပ်မိသွားကြပြီးလတ်တလောနိုင်ငံရေးကိစ္စများဆီစကားလမ်းကြောင်းရောက်သွားသည်။အဲဒီအချိန်က မိမိရင်ထဲ ထိရှနေသောအကြောင်းအရာက
မန္တလေးအကျဉ်းထောင်တွင်သေဆုံးခဲ့သောသက်ဝင်းအောင် ။ သက်ဝင်းအောင်ကိုသတင်းတွေထဲပါလို့သိရသလောက်သာမိမိကစိတ်ဝင်တစားပြောနေတော့ သူက "သက်ဝင်း
အောင်လည်း ကိုရွှေဘုန်းနဲ့အတူ အကို့အိမ်ကိုပါလာ
ဖူးတယ်လေ" ဆိုမှ မိမိရင်ထဲ လှပ်ခနဲဖြစ်သွား မိသည်။
"ဟင်
ဟိုခေါင်းတုံးနဲ့လည်ပင်းမှာပုတီးစေ့လေး၂လုံးဆွဲထား
တဲ့ကောင်လေးလား" ။ မိမိအတွေးများ က ၈၈၈၈
ကာလဆီသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က
မိမိအသက်က ၃၅ နှစ် ရွှေဘုန်းလူက ၂၂နှစ် သက်ဝင်းအောင်တို့ အကသ ကလေးများက ၁၇
နှစ်ဝန်းကျင်များ ။အခြားအခြား ကလေးတွေတော့ အမည်တွေမမှတ်မိတော့ ။ ကိုယ့်အရွယ်နှင့်နှိုင်းယဉ်၍
သူတို့ကို ဘာမျှအတွေ့အကြုံမရှိသေးသော ပီဘိ ကလေးငယ်များအဖြစ်သာထင်မြင်ခဲ့သည် ။ခုလို သက်ဝင်းအောင်တယောက် မန္တလေးအကျဉ်းထောင်မှာထောင်ဒဏ် ၆၉ နှစ်ကျခံရင်း
ရင့်မာနိုင်ငံရေးသမား ကြီးဖြစ်ကာယုံကြည်ချက်အတွက်
အသက်ကိုပေးဆက် သွားခဲ့သူတယောက်ဖြစ်လာခဲ့
မည်ကို မိမိကြိုတင်မတွက်ဆနိုင်ခဲ့ပါ။ သူ၏ အမှတ်ထင်ထင်ပြန်လည်ပြောပြမှုများကြောင့်သာသက်ဝင်းအောင်နှင့်မိမိတို့ပါတ်သက်ခဲ့ဖူးကြောင်းသိခဲ့ရသည်။ထိုသို့ သက္ကရာဇ် ၂၀၀၇ မှ ယခု ၂၀၁၄ တိုင် ၇ နှစ်ကြာခဲ့ပြီးမှ သူ့ကိုခုလို ထပ်မံတွေ့ဆုံခွင့်ရခြင်းပင်။
"မင်းငါ့ကိုသိလား" မိမိမေးခွန်းကခုလိုအသိုင်းဝိုင်းကြားတွင်အတန်ငယ်
ရိုင်းပျသလိုဖြစ်သွားမှန်းသိလိုက်ပါသည်။သို့သော်သူတို့အပေါ်ဖြစ်ခဲ့ဖူးသောအချစ်ကြောင့်ရောသားသမီးမရှိ ဆွေမျိုးမရှိ စာပေနှင့်နိုင်ငံရေးအသိုင်းဝ်ိုင်း
ကိုသာဆွေမျိုးလုပ်ထားခဲ့သော မိမိအကျင့်ကယဉ်ကျေး
ဖွယ်ရာဆက်ဆံရေးမျိုးထက် ရဲဘော်ရဲဘက်ဆက်ဆံရေး
မျိုး ကျင့်သားရနေလေသည်။ သူကသူ့မူဟန်အတိုင်း
နှစ်လိုဖွယ်အပြုံးနှင့် "ကျနော် နန်းနွယ်လေ "ဆိုကာမှ
စိတ်ထဲလင်းကနဲပြန်ဖြစ်သွားကာ တဦးနှင့်တဦး
ပဋိသန္ဓာရစကားများဆိုဖြစ်လေသည်။
"အမကြီးနေကောင်းလား " ။ မိမိတို့လင်မယား
ကို ရွှေဘုန်း ခေါ်တဲ့အတိုင်း သူတို့ကလည်းအကိုကြီး အမကြီးပင်ခေါ်ကြသည်။ အမှန်တော့ မိမိထက် ၁၆ နှစ်ပိုကြီးသောဇနီးသည်မှာ သူတို့နှင့်ဆို အဖွားအရွယ်
ပင်။ "အမကြီးဆုံးသွားတာ ၅ နှစ်ကျော်သွားပြီ ၂၀၀၉
ဇနါနဝါရီ ၉ ရက်ကဆုံးတာ ခု ကိုယ်တယောက်ထဲနေ
တယ် " ။ သူ စိတ်မကောင်းဖြစ်သွားပုံရသည်။"တယောက်ထဲ အထီးကျန်မှာပေါ့နော် ကျနော်လည်း ကိုရွှေဘုန်း
လဲမရှိ ကိုအောင်ဒင်ကလည်းနိုင်ငံခြားမှာဆိုတော့
တွဲစရာမရှိတော့ဘူး " ။ "ခုကျနော် Gallery ဖွင့်ထားတယ် "။ သူကပြောပြောဆိုဆိုပင် သူဖွင့်လှစ်ထားတဲ့ "Ahla Thit Art Gallery"
ကတ်တလောက် ၂ ခုလှမ်းပေးလာသဖြင့်ယူထားလိုက်
ပြီး နှစ်ယောက်သား ဖုန်းနံပါတ်ချင်းဖလှယ်လိုက်ကြ
သည်။ "အေးကွာ မင်းနဲ့တွေ့ရတာ အတော်ပဲ ငါ
သက်ဝင်းအောင်အကြောင်းရေးချင်နေတာ confirm
လုပ်နိုင်ဖို့က မင်းပဲရှိတာ Galleryကိုလာခဲ့ပါဦးမယ်"အခန်းနားအစီအစဉ်
ကြေငြာနေပြီမို့ နှစ်ဦးသားကိုယ့်စားပွဲမှာကိုယ်ပြန်ထိုင်လိုက်ကြသည်။
ဂ။
Nature is our mother, who is always ready to share her peace to
all of us. But sometimes we happen
to neglect her love and her existence
.Now , it is time for us to ask ourselves : do we really love nature ?
Ko Nan Nwe
Curator and organizer
ကိုနန်းနွယ်ပေးလိုက်သော RETURN TO NATURE ကတ်တလောက် ကိုဖွင့်လိုက်တော့
ပထမ စာမျက်နှာ မှာရေးထားတဲ့ဖွင့်ဆိုချက်ကို
အရင်ဖတ်လိုက်မိသည် ။ လှပတဲ့ ဖွင့်ဆိုချက်ပါပဲ။
အရာရာကို ရင့်ကျက်တဲ့ အမြင် ရင့်ကျက်တဲ့ ဒဿန
တွေနဲ့လူသားတို့ဖွင့်ဆိုခဲ့ကြတဲ့လူ့သမိုင်းမှာ အငြင်းပွားဖွယ်ကိစ္စအသွယ်သွယ်က အတွေ့အကြုံ နဲ့
ခံစားချက်ချင်း မတူကွဲပြားရာကနေပြီးပေါ်ပေါက်လာစမြဲ
ပင်။ ခု ဒီလှပတဲ့ ဖွင့်ဆိုချက်ကိုဖတ်ပြီးသဘာဝမိခင်ရဲ့ငြိမ်းချမ်းတဲ့ရင်ခွင်ကိုဝင်စားနားခိုရမယ့်အစား ဥပါဒါန်တရားတွေက မီး၁၁
ပါးလောင်ကျွမ်းခဲ့ရာ ဆီသို့ ......
"သေနတ်မှန်ပြီးသေသွားတဲ့ ကျနော့သူငယ်ချင်း
ရဲ့အလောင်းကိုကျနော်ထမ်းလာတာမြင်တော့ အမေက
ငါ့သားဒီကောင်တွေမတရားလုပ်တာမခံနဲ့ " ဆိုပြီးလက်ထဲကိုတုတ်တချောင်းလာထည့်ပေးတယ်" ။
ရွှေဘုန်းလူက သူ့မိခင်အကြောင်းကိုတအံ့တသြပြော
ပြဖူးခဲ့။ "အဖြစ်ဆိုးလှချည်းလားသားရယ်" ၆၉ နှစ်ဆိုတဲ့ မတရားထောင်ဒဏ်ကိုကျခံတိုက်ပွဲဝင်ရင်းအသက်စွန့်သွားတဲ့ သက်ဝင်းအောင်အတွက်မျက်ရည်ပင်လယ်ဝေခဲ့ရတဲ့
မိခင် ။ "သက်ဝင်းအောင်က သူ့ရောဂါနဲ့ သူသေသွားခဲ့တာပါ ။ကျနော်တို့ကြောင့်သေတယ်ဆိုတာလုံးဝမဟုတ်ပါဘူး"
အဲဒီအချိန်ကတာဝန်ရှိသူတဦးရဲ့ အကျောက်အကန်
သတင်းစာရှင်းလင်းပွဲ ။ ရွှေဝါရောင်ကာလအတွင်း အော်တိုမက်တစ်ရိုင်ဖယ်များအတွဲလိုက်ပစ်ခတ်သံများအစဲမှာ အထက ၁ က ၁၀ တန်းကျောင်းသားလေးသေသွားပြီတဲ့။အခါတိုင်းမျက်ရည်ကျချင်လာလျှင် ဂါထာတပုဒ်လိုရွတ်ဆိုနေကျ ကဗျာဆရာအောင်ချိမ့်၏
ကဗျာတပိုင်းတစက စိတ်ထဲပေါ်လာနေကျ ။
အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင် ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက် အမူအကျင့်နဲ့
အမြဲတမ်းအစွမ်းထက်ခဲ့သောကဗျာပါ ။ခုတော့
မိမိရင်ထဲမှာရောပါးပြင်ပေါ်မှာပါ ထိုသစ္စာဖောက်လား
သစ္စာရှင်လားမသိရတဲ့မျက်ရည်တွေကျဆင်းခဲ့ပါပြီ။
ကိုနန်းနွယ်ရေ လူအများသဘာဝမိခင်ရဲ့ငြိမ်း
ချမ်းတဲ့ရင်ခွင်မှာခိုနားနိုင်ဖို့လူအချို့ကတော့ ငြင်းပယ်
ကျောခိုင်းသွားခဲ့ရပါပြီ ။အဲဒီထဲမှာ ပြန်လည်အစားထိုးလို့မရနိုင်တဲ့ ကိုနန်းနွယ်ရဲ့အကသ
သူငယ်ချင်း သက်ဝင်းအောင်လို သက်ဝင်းအောင်တွေ
အများကြီးရှိခဲ့တယ်ဆိုတာအတည်ပြုပေးပါ။ ခုတော့
အဲဒီမျက်ရည်တွေကို စုဆောင်းထားရှိခဲ့ပါတယ်။
၈၈၈၈ ကာလတုန်းက ရှားရှားပါးပါးရေးဖြစ်ခဲ့တဲ့
တပိုင်းတစကဗျာလေးပါ ။
ငါတို့ရဲ့ သွေးနဲ့ မျက်ရည်တွေဟာ
ယုံကြည်ရဲတိုက်ရှေ့မှာ
ကျုံးရေအဖြစ်ရှိနေမယ်......
ညိုမြသွေး
28.6.2014 Sat
2:57pm
**August,2014 နှင်းဆီဖြူမဂ္ဂဇင်းတွင်ပါပြီး
Posted by shinlhu at 7:28 PM
Email This
BlogThis!
Share to X
Share to Facebook
Share to Pinterest
No comments:
Post a Comment
Newer PostOlder PostHome
View mobile version
Subscribe to: Post Comments (Atom)
About Me
shinlhu
View my complete profile
Blog Archive
► 2025 (38)
► 2024 (5)
► 2023 (17)
► 2022 (55)
► 2021 (28)
► 2020 (36)
► 2019 (47)
► 2018 (30)
► 2017 (105)
► 2016 (75)
► 2015 (40)
▼ 2014 (17)
► December (3)
► November (1)
▼ October (5)
ဇနပုဒ်နေငတေ နှင့်ဖေ့စ်ဘွတ်ဖရင်းများ
ရက်စွဲများ
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ)
ဝီစကီနှင့်သူ၏ အပေါင်းပါများ သို့မဟုတ်
သရုပ်ဆောင်
► September (8)
Picture Window theme. Powered by Blogger