Monday, July 21, 2025

story

Satellite မလို တဲ့ Telepathy ပိုင်ရှင်
ကာတွန်းဆရာနဲ့ ရှင်လူ
💻👿💻😖💻👿💻😖

ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက မနက်ခင်း အရုဏ်မတက်ခင် အိပ်ကောင်းနေတုန်း ရှင်လူကြီးအိပ်မက် တခုမက်တယ်။
အိပ်မက်ထဲမှာ ကာတွန်းဆရာပိုးဇာနဲ့ တောလမ်းတခုမှာ ခရီးအတူသွားခဲ့တဲ့အိပ်မက်။ ကာတွန်းပိုးဇာနဲ့ ရှင်လူက တောင်ဥက္ကလာ ၄ ရပ်ကွက်ထဲမှာ သုတ ၆ လမ်းနဲ့ သုတ ၈ လမ်း ၊ကြားမှာ ၇ လမ်းတခုပဲခြားတယ်။ အဲဒါ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ သူလည်း messenger သုံးနေလို့ "တနင်္ဂနွေနေ့ အောင်မြေမှာ ဝါဆိုသင်္ကန်းကပ်မယ်၊လာခဲ့" ဆိုပြီး messenger
ကဖိတ်တယ်။ နောက်ပိုင်း သူ့ကို online
တက်တာ လုံးဝကို မတွေ့ရတော့။ ဒါပေမယ့် ရှင်လူနဲ့ သူနဲ့ကြားမှာ အဆင့်တော့ပိုမြင့်သွားတယ်။ သူက အလှူရှိရင် Telepathy နဲ့ပဲဖိတ်တော့တယ်။မနှစ်ကစလို့ အိပ်မက်ရတာနဲ့ သူ့ဆီသွားတော့ အလှူနေ့သိခဲ့ရတာပဲ။ အဲဒါ ဒီနှစ်လည်း အိပ်မက်ရတဲ့နေ့ သူ့ဆီသွားမယ်လုပ်တော့
ဖွေးဖွေးသိမ့် ကလည်း လိုက်မယ် တဲ့။
ဖွေးကလိုက်ချင်မှာပေါ့ ဟိုတခေါက်က သူ့အတွက် ကာတွန်းစာအုပ်တွေရော
ကကြီး ခခွေး ရုပ်ပုံကဒ်တွေ လက်ဆောင်ပေးပြီး ပန်းသီးပါကြွေးထားတာဆိုတော့။
အဲဒါ ဖွေးနဲ့နှစ်ယောက်သား ပိုးဇာတို့အိမ်ရောက်တော့ အောက်ထပ်မှာ သူ့မဟေသီ
မဋ္ဌေးနဲ့ပဲတွေ့တယ်။"ဘယ်ကလှည့်လာတာလဲ"မေးလို့"အိပ်မက်မက်လို့လာတာ"လို့ဖြေလိုက်တယ်။ အဲ့ချိန် အနားမှာရှိနေတဲ့ မဋ္ဌေးညီမက"အကိုလတ် ဘုရားရှိခိုးနေတယ်"တဲ့။ဒါနဲ့ ဖွေးနဲ့ရှင်လူလည်းအတော်ကြာကြာထိုင်စောင့်နေရတယ်။ခုနှစ်နေ့ခွန်နှစ်နံ ဘုရားရှိခိုးများလားမသိ အတော်ချည်းကြာတယ်။ ဘုရားရှိခိုးပြီး သူထွက်လာတော့ ကိုင်းကိုင်းကိုင်းကိုင်းနဲ့တချက်စောင်းကြည့်ပြီး စားပွဲပေါ်ကစာအုပ်ကောက်ကိုင်လိုက် ၊ပြန်ချလိုက်နဲ့ဗျူရိုကရက်ဂိုက်ကဖမ်းနေရသေးတယ်။တကယ်တော့ မဋ္ဌေးစောစောကပြောခဲ့သလို ခုရက်ပိုင်းပေးရမယ့် အလုပ်တွေ မပြီးဘူးဆိုတာမှန်နေပုံပဲ။ခဏလောက်နေမှ"ဘယ်ကလှည့်လာတာလဲ "ဆိုတဲ့ မေးခွန်း
သူ့နှုတ်ကထွက်လာတယ်။ဒါနဲ့ ရှင်လူကလည်း ဒဲ့ပဲ"အိပ်မက် မက်လို့လာတာ၊ အလှူလေးဘာလေး လုပ်အုံးမလား လို့"ဆိုတော့
"အလှူက တနင်္ဂနွေနေ့မှ"တဲ့။ အဲဒါ ဖွေးအတွက်ပေးဖို့ဆိုပြီး ကဒ်တွေ တက်ရှာနေသေးတယ်။ ခဏနေတော့ပြန်ဆင်းလာပြီး"ကဒ်က ကုန်နေပြီ နောက်မှယူတော့"ဆိုတာနဲ့"ကဒ်က အရင်တခေါက်ကရပြီးပါပြီ"ပြောပြီးခဏနေတော့ နှုတ်ဆက်ပြန်လာခဲ့တယ်။ရှင်လူတို့အပေါက်ဝရောက်မှ"နေ့ဆွမ်းနော်"လို့လှမ်းသတိပေးတယ်။
ဒီမနက်ကာတွန်း ပိုးဇာအိမ် အလှူသွားမယ်ဆိုတော့ ဖွေးကလည်းရေမိုးချိုးအဝတ်စားလဲပြီး"ရှင်လူ သွားမယ်လေ"တဲ့။
တလောက လမ်းထဲကအလှူခေါ်တော့ဖွေးက"မလိုက်ဘူး"ဆိုပြီးအဆော့မပျက်။ခုပိုးဇာအလှူကျတော့ သူကတက်ကြွနေတယ်။
ဖွေးတို့ဓာတ်ကျပုံများ။"ဟဲ့..နေအုံး စောသေးတယ် ဟိုကနေ့ဆွမ်း ၊ဆယ်နာရီခွဲလောက်မှသွားမယ်"ဆိုတော့"ရဘူး..ရဘူး
သွားမယ်"တဲ့..ဇွတ်။"ဘုန်းကြီးတရားနာအုံးမှာ၊နင်တရားနာမလို့လား"ဆိုတော့
"နာမယ်"တဲ့၊"အင်း..တတ်နိုင်ဘူး ၊တရားကြောက်တဲ့ရှင်လူ ဖွေးကိုတော့ အရှုံးပေးလိုက်ရပြီး ၁၀နာရီမထိုးခင် ထထွက်လာခဲ့ရတယ်။ရောက်ပြီး အခင်းအကျင်းတွေ တပုံနှစ်ပုံရိုက်ပေါ့။ကိုပိုးဇာရဲ့တဦးတည်းသော မြေးမလေး ပုံတုံခေါ်မေမြင့်မြတ်မိုးတို့ကားဆိုက်လာတော့လည်း အိမ်ထဲဝင်မရ၊အိမ်ထဲဝင်ရင်အော်ကရောတဲ့။သူတို့ကမြို့ထဲမှာနေကြတာ၊အဖိုးအဖွားတွေကိုသွေးမနီးပဲသွေးကြီးနေပုံပဲ။ကာတွန်းပိုးဇာခမျာမြေးမလေးကားဆိုက်ကတည်းက အိမ်ရှေ့ပတ်ခြောင်း၊ပုဏ္ဏကွယ်ကပ်ခြောင်း
နဲ့ မြေးကိုချီချင်နေတာဣနြေ္ဒမရဘူး၊ ဒါပေမယ့် ပင်ကိုယ်ကစကားနည်းပြီးလူမှုဆက်ဆံရေးမှာမထုံတက်သေး သမားဆိုတော့ ကိုယ့်မြေးတောင်မစည်းရုံးတတ်တာသနားစရာပဲ။သူ့မဟေသီမဋ္ဌေးကလည်း
ဘယ်ကိစ္စမဆို ဘယ်သူမေးမေး ဘာမေးမေး"ဋ္ဌေးလည်း မသိဘူး"ပဲဖြေတတ်တဲ့သူ။သူတိုစုံတွဲ သမီးရည်းစားဖြစ်ပြီး လင်မယားအရာမြောက်လာပုံ CID ကိုစုံစမ်းခိုင်းရင်တောင် အမှုပိတ်လိုက်ရမယ့်သဘောမျိုးပဲ။အင်း..တော်ပါပြီလေ သူ့အိမ်ကအလှူသွားစားပြီးအိမ်ရှင်တွေကို ဝေဖန်ရတာ ကျင့်ဝတ်အရ မကောင်းပါဘူး။သူတို့ကစကားနည်းပေမယ့် သဒ္ဓါတရား ကတော့မနည်းလှဘူးဗျ။ကောင်းသန့်ဒံပေါက်ကို ကြက်သားအပြင် ဆိတ်သား၊ငါးဖယ်သုပ်၊အစိမ်းကြော်၊အချဉ်ဟင်း စုံမှစုံ။
ဖွေးဖွေးသိမ့်ကိုအရင်ခွံ့တော့မချောလေးကအစားသား။အိမ်မှာဆို ထမင်းစားဖို့ဆိုရင် mission complete ဖြစ်ဖို့မနည်းချော့လိုက်ခြောက်လိုက်လုပ်နေရတာ။ကြည့်ရတာ တရားနာလိုက်ရလို့များဘိုက်ဆာနေသလားမပြောတတ်၊အတော်စားတယ်၊တခုပဲ ကြက်သားကလွဲလို့ တခြားဘာဟင်းမှမစား။သူလည်းဝကရော လာချထားတဲ့ ရေခဲမုန့်ခွက်ကောက်ကိုင်တာပဲ။ရှင်လူလည်း ဆာဆာနဲ့ ဒံပေါက်တွေ အတော်စားလိုက်တယ်။လိုက်ပွဲလိုက်နေတဲ့သဇင်နှင်း(ပိုးဇာသမီး)ကို "သဇင်ရေ လိုက်ပွဲပေးအုံး၊ကလေးကသိတ်စားတာပဲ"ဆိုတော့"ဟဲဟဲ ကလေးအကြောင်းပြတာမဟုတ်လား"တဲ့။
ကြည့် ဒီကောင်မလေး လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ ကျော်တုန်းကသူ့အမေရွာရခိုင်ချောင်အသွား မော်တော်အဆင်းမှာရှင်လူကုန်းပိုး ခဲ့တာမှ အားမနာ။ အင်း..သူ့အဖေထက်စာရင်တော့ သူ့သမီးက ဟာသရှိသေး။
ထမင်းစားပြီး အချိုပွဲနားသွားထိုင်တော့ ဖွေးက မုန့်အချိုတွေဘာမှကြွေးလို့မရ၊ စပျစ်သီးတွေပဲ လေးငါးလုံးကောက်စားတယ်။ရှင်လူကတော့ အလှူရှင်တွေ ဒါနမြောက်သွားအောင် ဆိုင်း ဆရာ ရွာစား စိန်ရှင်လူ လက်စွမ်းလေးပြခဲ့ပါရဲ့..ဂေ့...
(ကာတွန်းပိုးဇာ ဝါဆိုသင်္ကန်းကပ်မွေးနေ့အလှူ ပုံတွေ ရသလောက်တော့တင်လိုက်ပါရဲ့၊တပုံချင်းတော့ အောက်ကစာမကပ်နိုင်တော့ဘူး၊စားထားတာတွေက အီတော့ထိနမိဒ္ဓဝင်နေပြီ၊သွေးကျဆေးရော၊အစာကြေဆေးပါသောက်ရအုံးမယ်..တာ့တာ)
story#observation #shinlhu

story

"ဟော...ရှင်လူရောက်လာပြီ"
       ကိုအောင်မျိုးက ရှင်လူ့အတွက်ခုံတလုံးဆွဲ နေရာလုပ်ပေးရင်းပြောလိုက်ပါတယ်။ "
        ရွှေနဂါး(၃)"လက်ဖက်ရည် ဝိုင်း ၊ရှင်လူတို့ လေသိုင်းလောကသားတွေရဲ့ ဆုံမှတ်မှာပေါ့ဗျာ။မျက်နှာသစ်ပုဂ္ဂိုလ်က မစ္စတာဘင်းမျက်နှာမျိုးနဲ့ အသက်က ၇၀ ကျော်၈၀ နီးပါး ရှင်လူ့ထက်ကြီးပုံရပါတယ်။
           "ဒီမှာ ကျနော်ပြောပြထားလို့ ဖေ့စ်ဘုတ် ပေါ်မှာ ရှင်လူ့ကိုသဘောကျနေတာ၊ အဲဒါနဲ့ သူက
LU Shin_လူရှင်း(မိုးကုတ်)ဆိုပြီး ဖေ့စ်ဘုတ်ပေါ်တက်လာတာ"
            "အေးဗျာ ဥက္ကလာမှာ ကိုယ်နဲ့အရွယ်တူ ၊ဝါသနာတူ စာသမားတွေနဲ့တွေ့ရတော့ စမ်းချောင်းက ပြောင်းလာတာ မှန်သွားပြီ" ၊မစ္စတာဘင်းက
မျက်နှာခပ်ရွှင်ရွှင် သွက်သွက်လက်လက်နဲ့ ရှင်လူ့ကိုလှမ်းပြောပါတယ်။နောက်ပိုင်းမှသိရတာက သူကရှင်လူ့ထက် ဆယ်နှစ်နီးပါးကြီးတဲ့အကိုကြီးပါ။သူက မိုးကုတ်ဇာတိဖြစ်ပြီး မိုးကုတ်မှာ အိမ်ရှိပါတယ်။ခုတော့ အခြေနေအရပ်ရပ်ကြောင့် ရန်ကုန်က သားသမီးတွေနဲ့ အတူလာနေတာပါ။သားသမီး ၆ ယောက်ရှိပြီး အားလုံး အခြေတကျ တွေချည်းပါ။သူ့အဖွားကြီးလည်းရှိပါသေးတယ်။မိုးကုတ်မှာနေစဥ် ရှေ့ဘတ်စာရေးလည်းလုပ်ခဲ့ဖူးပြီး ကျောက်တူးသမားလည်း လုပ်ခဲ့ဖူးကြောင်းသိရပါတယ်။နောက်ပိုင်း FB ပေါ်မှာ သူတင်တဲ့ ပို့စ်တွေလည်းအဆက်မပြတ်
တွေ့လာရပါတယ်။ကဗျာတိုထွာလေးတွေလည်းရေးတင်လေ့ရှိပြီး
သူအာရုံကျတဲ့ စာပေ ရုပ်ရှင် ဂီတအကြောင်းတွေလည်းတင်တတ်ပါတယ်။မနက်မနက်ဆို သူစီးနေကျ
BMX ဘီးလေးနဲ့ ရွှေနဂါးကိုလာလေ့ရှိပါတယ်။စက်ဘီးကသူ့ဝါသနာ ဖြစ်ပုံရပါတယ်။ဘာလို့လည်းဆိုတော့ သူနေတဲ့အခန်းက ရွှေနဂါးကလှမ်းကြည့်ရင်မြင်နေရတဲ့ ဓာတ်တိုင်တတိုင်စာအကွာအဝေးက ၄ လွှာမှာပါ။နောက်ပိုင်းရင်းနှီးလာတော့ တခါတခါ ဝိုင်းထဲကဘော်ဒါတွေကို သူ့ပါလာတဲ့မုန့်လေးတွေကျွေး လက်ဖက်ရည်ဖိုးရှင်းတဲ့အခါရှင်းပေါ့။ ရှင်လူနဲ့ကတော့ တယောက်တလှည့်ဆီ ပါလာတဲ့စီးကရက်ဘူးလေးတွေ ဝေမျှသောက်ကြပေါ့။စီးကရက်ကောင်းကလည်းကြိုက်ကြသကိုး။တခါတခါ အရက်အကြောင်းပြောဖြစ်ကြပေမယ့် တခါမှတော့ မဝိုင်းဖြစ်ခဲ့ကြ။သူ့ဝတ်ပုံစားပုံကတော့ ကောင်းဘွိုင်စတိုင်လ်ပြောရမလားပဲ တခါတခါ ဝေ့စ်ကုတ်နဲ့ စီးကရက်လေးခဲရင်း မီးခြစ်အထူးအဆန်းလေးတွေလည်းတနေ့တမျိုးပြောင်းကိုင်တတ်တယ်။ရှင်လူ့ကိုတောင် ဘီးနဲ့ မီးခြစ်ကျောက်တိုင်ပါ အရှင်ဆွဲထုတ်လို့ရတဲ့ ဂက်စ်မီးခြစ်အဆန်းလေးတလုံးလက်ဆောင်ပေးခဲ့သေးတယ်။သူ့မှာပုံမှန်အလေ့အကျင့်တခုကတော့ လှည်းကူးဘက်က ရိပ်သာတခုမှာတလကို ၁၅ရက်တခါတရားဝင်၊၁၅ ရက်ပြန်နား ၊တခါတခါလည်း ဦးဂိုအင်ကာရိပ်သာမှာဝင်တတ်တယ်။မှတ်မှတ်ရရ တလောက မင်မိုတက်လာတဲ့ ရှင်လူ့ကဗျာလေး fb မှာပြန်ရှယ်တော့ သူကနောက်ပြီးအောက်မှာဝင်မန့်သွားသေးတယ်။
ခရီးဆုံးဘူတာ
~~~~~~~~
ဘယ်​ကိုသွား​နေမှန်းမသိတဲ့
ရထားတစင်း​ပေါ်မှာ အိပ်​​ပျော်​ရင်း
တ​ရေးနိုး  ပြူတင်းကကြည့်လိုက်​​တော့
ဘယ်​​ရောက်​​နေမှန်းမသိတာကို
ဘဝ သံသရာလို့​ခေါ်ရင်​
​ရှေ့ဘူတာမှာဆင်းလိုက်​တာ အ​ကောင်းဆုံး
ညိုမြ​သွေး
4:55 pm
Fri,21 Jul 2017

LU Shin
ရထားပေါ်
အိပ်ပျော်သွားလို့လား ?
ဂျုံး ဂျုံး
ဂျက် ဂျက်
ခရီးဆက်မယ်
တက်စီငှားပြီးပြန်မယ်လေ ။
            အင်း  ...ရှင်လူ့ကိုကြီးလူရှင်း(မစ္စတာဘင်း)တ​ယောက် ဇူလိုင် ၂၀ရက် မနက် ၂ နာရီမှာ ခရီးဆုံးသွားခဲ့ပါပြီ။ တက်စီငှားပြီးပြန်မယ်လေ တဲ့ ရှင်လူ့ကိုတောင်အဖော်ညှိသွားသေးတယ်။
              သွားနှင့်လို့ပြောရမလား၊စောင့်အုံးကိုကြီးရေလို့ပြောရမလား..
‌~~~~~~~
‌အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။"သင်္ခါရာ=ပြုပြုသမျှသော သင်္ခါရတရား တို့သည်""အနိစ္စာ ဝတ= အမြဲမရှိကုန်စွတကား""ဥပ္ပါဒဝယဓမ္မိနော= ဖြစ်တတ် ပျက်တတ်သောသဘောရှိကုန်၏""ဥပ္ပဇ္ဇိတွာ=ဖြစ်ပြီး၍လည်း"" နိရုဇ္ဈန္တိ=ချုပ်ပျောက်တတ်ကြကုန်၏""တေသံ=ထိုသင်္ခါရတရားတို့၏။""ဝူပသမော=ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည်သာလျှင်""သု


= အချမ်းသာလှပေ၏

storyငါးရာတန်ကုသိုလ် အမျှဝေခြင်း 🌸🌷🍀🌹🌻🌺🍁🌷. ရှင်လူ အလုပ်သွားဖို့ စက်ဘီးလေးတွန်းပြီး ခြံဝကအထွက် အလုပ်ကပြန်လာတဲ့ ဖွေးဖွေးသိမ့်တီတီလေး မခိုင်နဲ့ဆုံတယ်။ ”ခရီးသွားဖို့ အကြွေလဲနေလို့ အပြန်နောက်ကျနေတာ”တဲ့။ ”ရခဲ့လား၊ငါးရာတန်အသစ်ကောပါလား”ဆိုတော့”ရခဲ့တယ် ၊ပါတယ်၊ ငါးရာတန်က လေးရွက်ရတာ ဟိုနှစ်ယောက်ကလိုချင်တယ်ဆိုလို့လဲပေးလိုက်သေးတယ်” ”ငါ့ကိုလည်း တရွက်လဲပေးအု�

story#observation #shinlhu

Sunday, July 20, 2025

story

မနက်ခင်းကတည်းက ငမိုးရိပ်နဲ့ ဖွေးဖွေးသိမ့်တို့သားအမိ 
ခတ်ကွင်းပြင်နေတာ။ ဖွေးက ထူးထူးခြားခြား "ရှင်လူပါ လိုက်ခဲ့"တဲ့။ အခါတိုင်းဆို "အဖိုးကြီး
ရှုပ်တယ်၊မလိုက်ခဲ့နဲ့"လို့ပြောနေကျ။ ဖွေးစကားကို သူ့အဖွားကြားတော့"ရှင်လူ့ကို ဘာလို့ခေါ်နေတာလဲ၊ကိုယ့်ဟာကိုယ်သွားတာမဟုတ်ဘူး၊ရှင်လူကလိုက်ပြီး သူများကြွေးတာအကုန်စားတာ၊ ငါသာဆိုမခေါ်ဘူး"ဆိုတော့ ဖွေးက"ခေါ်မှာပဲ"တဲ့။ဟဲဟဲ..ရှင်လူတို့ ဒီနေ့
ဇာတာကောင်းနေတာ။
ဒီလိုနဲ့ မောင်ဝင်းကားလေးနဲ့ရောက်လာပြီး အားလုံးထွက်ခါနီးတော့ဖွေးက ရှင်လူ့ လက်ဖမိုးကိုအသာလာကုပ်တယ်။သူ့အဖွားမသိအောင်
ခေါ်တာလေ။ ဒီလိုနဲ့ ကားပေါ်တက်ပြီး လိုက်လာခဲ့တယ်။
ကျောင်းတွေဖွင့်ရင် ကျောင်းအပ်ဖို့ ဖွေးအတွက် သန်းခေါင်စာရင်းသွင်းဖို့ကိစ္စထွက်ကြတာ။မောင်ဝင်းက
သူ့အမနဲ့ တူကို မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီးပေါ်က Infinity Martရှေ့မှာ အရင်သွားကြိုရတယ်။Infinity Martရှေ့ ရောက်တော့ ငမိုးရိပ်နဲ့ဖွေးတို့သားအမိ ကြက်ကြော်ဆိုင်ဝင်ပြီးဒုတ်ထိုးတွေ နှစ်ထောင်ဖိုးရွေးဝယ်လာကြတယ်။ငမိုးရိပ်ကြွေးလို့ ရှင်လူလည်း တော်တော်ဝအောင်စားလိုက်တယ်။အချဥ်ရည်ထုပ် ပက်ကင် ကောင်းကောင်းလေးတွေနဲ့ စားလို့ကောင်းသား။
စားပြီးတော့ ရောက်လက်စနဲ့ Infinity Mart ထဲဝင်ကြည့်မိတယ်။ရှင်လူ့နောက်က ဖွေးပါကပ်လိုက်လာတယ်။သိတဲ့အတိုင်းပေါ့ ဖွေးက Freezer ကိုဆွဲဖွင့်ပြီး သူကြိုက်တဲ့ရေခဲမုန့်ဘူးရွေးယူလိုက်တယ်။
၁၂၀၀ ရှင်းလိုက်ပေါ့။သူခေါ်လာတာပဲ ကျေးဇူးတင်ရသေး
story#observation #shinlhu

Saturday, July 19, 2025

story

ရူပါတို့ အသဲမာလိုက်ပုံ က

🌸🌷🍀🌹🌻🌺🍁🌷

ရူပါ ၊ အောင်ညာဏ်ဖြိုး တို့အမေ။ သူ့ကိုရှင်လူက တခါတခါ ရူပါယတနံ  စက္ခုဝိညာဏ ဓာတုယာ လို့  ခေါ်လေ့ရှိတယ်။
အင်း သူ့နာမည်က အဲ့လို အာရမ္မဏ ပစ္စည်းဖြစ်ခဲ့ပေသကိုး။
အပျိုကြီးဘဝ လွန်ခဲ့တဲ့ ၆ နှစ်က မင်းထက်နဲ့အိမ်ထောင်ကျတော့ မင်းထက်က သု့ထက် ၈ နှစ်ငယ်တယ်။ ခု သူ ၃၉ နှစ်ရှိပြီ။သူ့သားအောင်ညာဏ်ဖြိုးက တနှစ်နဲ့ ကိုးလလားပဲ။
သူ့ယောက်ျား မင်းထက်က
တောင်ဥက္ကလာ ကေတုမာလာကွေ့ ဘတ်စ်မှတ်တိုင်မှာ
Star Lay ကွမ်းယာဆိုင်ဖွင့်ထားတယ်။ဒီကောင် မင်းထက် အလုပ်တော့ အတော်လုပ်တယ်။တနေကုန် အိမ်မှာမတွေ့ရတတ်။နေဝင်မိုးချုပ် ကွမ်းယာဆိုင်မှာပဲ အချိန်ကုန်လေ့ရှိတယ်။တခါတခါ နေ့ကြီးရက်ကြီးတွေမှ နားပြီး မိုးမလင်းခင် ရွှေတိဂုံ
 ဖြစ်ဖြစ် ကမ္ဘာအေးဖြစ်ဖြစ်သူ့မိသားစုကိုခေါ်သွားပြီး။မိသားစုဓာတ်ပုံ fb တင်တတ်တယ်။ဒီနေ့ သားသားလေးနဲ့ ဘုရားပေါ်မှာ ဘာညာပေါ့။
ရူပါကလည်းသူ့သား လသားကတည်းက အိမ်မှာကွမ်းယာဗန်းထားပြီး လမ်းထဲကဖောက်သည်တွေကို ငါးရာဖိုး တထောင်ဖိုး ဖုန်းအော်ဒါနဲ့ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးတယ်။နေ့ခင်းစာကို ခလေးတဖက်နဲ့ကမန်းကတန်းချက်ပြုတ်။ယောက်ျားအတွက်ထမင်းချိုင့်ထည့်ပြီးရင် ဆိုက္ကားသမားဖောက်သည်နဲ့ချိုင့်ပို့တယ်။ပြီးခဲ့တဲ့နွေက သူ့သားအပေါ်ထပ်မှာပူလို့ဆိုပြီး ရှင်လူ့အခန်းမှာ ပုခက်ဆင်ရင်း ရှင်လူနဲ့ နှစ်အိမ့်တအိမ်ဖြစ်လာတယ်။ဒီလိုနဲ့ ရှင်လူလည်း ဟင်းစားဘာညာအဆင်ပြေသွားအောင်ရူပါတို့နဲ့အိုးစားဖက်တွဲလိုက်တယ်။ရူပါက
အလုပ်များသလောက် ဖြိုးဖြိုးဖျတ်ဖျတ်ရှိတယ်။သူ့သားအောင်ညာဏ်ဖြိုးကမအေကပ်ပြီး ဆော့ကလည်းအားကြီးဆော့တယ်။ရှင်လူ့အခန်းဆို သူရောက်လာကတည်းက စားပွဲအောက်ကအရက်ပုလင်း သူမမီတဲ့ စားပွဲပေါ်ရောက်သွားတယ်။ဒီကောင် ဆွဲလို့ရတာအကုန်ဆွဲတယ်။တို့လို့တွဲလောင်းဆို ဖုန်းအားသွင်းကြိုး၊ပေါင်းအိုးကြီုး၊စက်ဘီးကယ်ရီယာကကြိုးကအစ ဘာမှ သူမီအောင်ထားလို့မရ။ အိုးခွက်ပန်းကန်၊ရှင်လူ့လုပ်ငန်းသုံးစူးဆောက်တန်းဆာပလာ၊တူ ၊ပလိုင်ယာ စာအုပ် သောက်ရေခွက်ကအစ အကုန်ကိုင်ပေါက်။ရေသန့်ပုလင်းကို သူ့ကြောက်လို့ အဖုံးအတင်းကြပ်ထားရင် အသာလေးဖွင့်မော့ပြီးသွန်ပစ်တယ်။ဒီကောင်က အရမ်းသန်မာသလောက်အကြမ်းပတမ်း
ကောင်။ဖိုးသောကြာတို့ ဖွေးဖွေးသိမ့်တို့တုန်းကဆို ဒီအရွယ် ရှင်လူကြီးလက်ဖက်ရည်ဆိုင်ခေါ်သွားပြီးပြီ။ဒီကောင့်ကိုမခေါ်သွားရဲသေး။ထိမ်းမနိုင်သိမ်းမရ ကောင်။အဲဒါ သူ့ကိုဒိုက်ပါစီးပေးထားပြီး ရူပါကထမင်းဟင်းချက်၊တခါတခါသူ့ဒိုက်ပါချွတ် ဆေးကြောပြီးဆက်ချက်။ရူပါက အဲ့လိုအလုပ်တွေ ဇယ်စက်နေတဲ့ကြားက ရှင်လူ့အခန်းထဲမှာ 
အလှမွေးငါးကန်ကြီးလုပ်လိုက်သေးတယ်။သူမို့ အားအားလျားလျား သုံးရက်တခါ ဒီငါးကန်ကြီးကို သန့်ရှင်းရေးလုပ်၊ရေသစ်လဲ အလုပ်ရှုပ်ပ။ငါးစာကုန်ရင် ပြေးဝယ်ရသေး။
တလောက ရူပါက
"ရှင်လူရေ ကန်စွန်းရွက်ချဥ်ရည် ကောင်းလား"တဲ့။"ကောင်းသားပဲဟ"ဆိုတော့"အဲဒါ..ကန်စွန်းခင်းထဲက သွားခူးလာတာ"တဲ့။
ဗုဒ္ဓေါ..တောင်ဥက္ကလာ ၄ရပ်ကွက် ကျားကူးနဲ့ လ၆ ကြားမှာ အရင်ကတည်းက ကန်စွန်းခင်းရှိတယ်။ခုတော့ ကလေးကစားကွင်းလုပ်ပေးထားတာမှမကြာသေး။ဟုတ်မဟုတ်တော့မသေချာ NLD က
ဧဒင်မြန်မာကို ရောင်းထားလို့ဆိုပြီး အောက်ခြေပါတီဝင်တွေနဲ့ပြဿနာဖြစ်နေတဲ့နေရာ။ကန်စွန်းခင်းဟောင်းတွေဆိုတော့ အလေ့ကျတွေသူသွားခူးမှာပေါ့။ဒီလောက်မအားတဲ့ကြားကစက်ဘီးနဲ့ လှစ်ခနဲသွားခူးလိုက်ပုံရတယ်။
တလောက ရူပါတို့လင်မယား
ရန်ဖြစ်ကြတယ်။မင်းထက်ကမူးပြီးရူပါကိုလက်သီးနဲထိုးသတဲ့။ဒီလိုနဲ့ ရူပါနှင်ချလို့ မင်းထက်လည်းအထုပ်ကလေးဆွဲပြီးဆင်းသွားတယ်။သတင်းဖြစ်စဥ်ကို လေ့လာလိုက်တော့
တခါတခါမင်းထက်ဘီယာသောက်တာကို ရူပါက အိမ်သောက်ခွင့်ပြုထားတယ်။ဒါပေမယ့် ဟိုငနဲကယောက်ျားတို့သဘာဝ အပေါင်းအသင်းနဲ့ကြုံတော့အပြင်မှာသောက်တယ်။ဒီမှာ ရူပါပေါက်ကွဲတာပဲ။မင်းထက်ကမူးရင်သွေးဆိုးတတ်လို့ စိုးရိမ်ပြီး အပြင်မှာမသောက်ဖို့တားတာ၊ခုတော့ဖုန်းတွေကလည်းရှိ၊သတင်းပေးကလည်းရှိ(ဒေါ်ရူပါက ထောက်
လှမ်းရေးဗီဇရှိပုံရတယ်)
ကွမ်းယာဆိုင်လိုက်သွားပြီး
အပြစ်သားကို စွဲချက်တွေနဲ့
ပွဲကြမ်းပါလေရော(အရပ်သတင်းအရ အဆဲအဆိုတွေပါတယ်)
ဒီတော့ ဟိုကလည်း ယောကျ်ားသဘာဝအရ ဘေးလူတွေရှေ့မှာ မယားကြောက်ဘွဲ့ကြီးနှင်းအပ်ခံရမှာအစိုးရိမ်လွန်ပြီး
အောက်လအင်ဆန်းကွက်တွေသုံးလိုက်တာ ဒီဇာတ်လမ်းကြီးဖြစ်ခဲ့ပေါ့။နောက်နေ့ ရူပါ့ကိုစိုးရိမ်လို့ ရှင်လူကြီး သူတို့အပေါ်ထပ်တက်သွားတော့
ရူပါတယောက် တုံးလုံးလှဲပြီး အောင်ညာဏ်ဖြိုး ကိုနို့တိုက်နေတယ်။အောင်ညာဏ်ဖြိုးကမအေ့ရင်ပေါ်မှောက်ပြီးနို့ဆွဲနေပေမယ့် ရူပါကမျက်နှာပေါ်အဝတ်တခုအုပ်ပြီး ကိုရီးယားကားထဲကမိန်းမကြီးတွေလို
"အာရိကို..အာရိကို"မအော်ရုံတမယ်ပဲ။"သမီးဖျားနေလို့ ရှင်လူ"တဲ့။ယောက်ျားဆင်းသွားတာတရက်ရှိသေး အဖျားကတက်ပြီ။သူအဖျားတက်တာအရေးမကြီး ဒီစစ်ပွဲကြောင့်ရှင်လူလည်းအိုးပျောက်ခွက်
ပျောက် ဒုက္ခသည်ဘဝရောက်။
ဒီလိုနဲ့နှစ်ရက်ကျော်လာတော့
Reconciliation မြန်မြန်လုပ်မှဖြစ်တော့မယ်လို့တွေးရင်းခေါင်းခြောက်နေတုန်း ရူပါ့အမေ ဒေါ်တင်မြင့်ရောက်လာတယ်။
"အကိုရယ် အကိုလည်းသိတဲ့အတိုင်းပဲ"
"ဟုတ်ပါတယ်၊သိပါတယ်"
"ကောင်လေးကိုခေါ်ထားတယ်၊အဲဒါအကိုပါ အပေါ်တက်ပြီး
ဆုံးမပါအုံး"တဲ့
"အင်းပါ၊ စိတ်ချပါ"ပေါ့။ပြောသာပြောရတာ ရူပါ့ရဲ့ Demandတွေက လွယ်တော့မလွယ်။သူ့ယောက်ျားမင်းထက်က သူ့ကို ကန်တော့ပြီးတောင်းပန်ရမတဲ့။ Unconditional မဟုတ်။ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေက မဖြစ်နိုင်တာတွေနဲ့ဆိုတော့
သူ့သားမင်္ဂလာဆောင်ထိ ကြာသွားနိုင်တဲ့ပြဿနာ။
ကဲ တတ်နိုင်ဘူး။သူ့အဆိုပြုချက်ကို ကြားကရှင်လူကိုယ်တိုင် မသိသယောင်ဆောင်ပြီး။
"မင်းကလည်း ကိုယ့်သားမယားကို လက်မပါနဲ့လေကွာ။ရူပါကလည်းကိုယ့်ယောက်ျားကို လူကြားထဲ မရိုင်းရဘူး။ယောက်ျားဆိုတာ
လူကြားထဲ သိက္ခာချခံရရင် ရှက်ရမ်းရမ်းတတ်တယ်၊ငါတို့လည်းတူတူပဲ"
"တော်ပြီ..ငါရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊မင်းတို့ အဲ့လိုခဏခဏဖြစ်ရင်စီးပွားပါပျက်မယ်၊ဒါပဲ"
ရှင်လူလည်း ပြဿနာတခုခုဆိုဗိုလ်ချုပ်အောင်ဆန်းစစ်ထွက်မိန့်ခွန်းသွားသတိရတယ်။
ဒီတိုင်းပြည်က လျှာရှည်နေသင့်တဲ့တိုင်းပြည်မဟုတ်။
အဲလေ.. နိုင်ငံရေးတွေပါကုန်ပြီ...
story#observation #shinlhu

Thursday, July 17, 2025

story

Netizan ရှင်လူနဲ့  မူပိုင်ရှင် သခင်မကြီး မမဟုန်😀😁🤓😎😛🤪🤩🥳🤣🥳🤗🤭
             ဟိုလူကဟုန် ဒီလူကဟုန်
FB ပေါ်မှာ လူတိုင်းလိုလို တဟုန်ထဲဟုန်နေကြချိန် ရှင်လူကြီးကတော့ မတုန် မခုန် မဟုန်။အေးလေ  ဒီနေ့ကမ္ဘာကြီးဟာ AI တွေ Humanoid robot တွေနဲ့ ထွေးရောယှက်တင် ဖြစ်နေကြတာ မမဟုန်ကိစ္စက စာမဖွဲ့သာ။ ဒါတောင်မှ "တဦးအပေါ်တဦးသံသယဆိုသည်မှာ..အလကား.." မာမာအေးသီချင်းထဲကလို ဖြစ်ပါစေလို့ပဲဆုတောင်းနေမိပါတယ်။ ဒီနေ့ ရှင်လူကြီး နဲ့ MSG ပေါ်ချက်နေကျ
ချက်သူ မီးလေးဆီက မက်ဆေ့ချ်ဝင်လာပါတယ်...
       "မောင်...ဘာဖြစ်နေတာလဲ...ခေါ်လည်းမကိုင်" တဘက်ကအကြိမ်ကြိမ်ခေါ်မရ လို့ ဒေါသသံလေးနှောလာမှရှင်လူကြီးအတွေးတွေရပ်တန့်သွားပါတယ်...
         "အမ်...ဘာရယ်မဟုတ်ပါဘူးသဲလေးရာ၊ မမဟုန်အကြောင်းတွေးနေမိလို့ပါ"
          "မောင်နော်...ဘယ်ကမမဟုန်လဲ"
           "အာ...ခုတလော လိုင်းပေါ်မှာ
hot နေတဲ့ တရုတ်ပြည်က လိင်ပြောင်းအမျိုးသမီး မမဟုန်ပါ၊သူကသုံးနှစ်အတွင်း ယောက်ျားပေါင်း
၁၆၀၀ ကျော်နဲ့အိပ်ခဲ့သတဲ့ယောက်ျား တွေကိုဖျားယောင်းအတူအိပ်ပြီး Spy camera နဲ့ ဗွီဒီယိုတွေရိုက်ပြီး ရောင်းစားသတဲ့,"
            "အဲဒါသမီးနဲ့ဘာဆိုင်လဲ"
             "သြော် မီးရယ် ခေတ်ကြီးက
AI တွေ Robot တွေနဲ့ရှုပ်ထွေးနေတဲ့ကမ္ဘာကြီးမှာ အရာရာ သတိထားရမှာပေါ့"
              "မောင်နော်...ခုမှ ဘာအချိုးချိုးနေတာလဲ၊သမီးနဲ့မောင်ကခုမှသိကြတာ ကျနေတာပဲ၊ ဘယ်လောက်ကြာခဲ့ပြီလဲ"
               "ဟုတ်ပါတယ် ကိုဗစ်မတိုင်ခင်ကတည်းက......"
                "မောင်နဲ့
သမီးက
ကိုဗစ်မတိုင်ခင်ကပဲ
ချစ်ခဲ့ကြလို့လား
စတွေ့ခဲတာ
2017
                 "အင်း  ကြာပြီလား"
"အဲအကောင့်ဟောင်းထဲမှာ
ရှာလို့ရရင်
အကုန်ရှာပြီး
ပြလိုက်ချင်တယ်"
"ထမင်းစားတော့မယ်"
               "နင်ငါ့ကိုတကယ်ချစ်တာပဲ"
👍
                "အမ်မယ်လေး.. မမဟုန်ပယောဂက ရှောင်မလွတ်ပါလား၊ကံကောင်းလို့ ၊ထုခြေလွှာတင်ရတာချွေးကိုပြန်ကရော.....

Photo credit:မိတ်ဆွေစာရေးဆရာ မင်းမြတ်စံ အချွန်နဲ့မပြီး MSG ကပို့ပေးတဲ့ မမဟုန်အဆောင်။
story#observation #shinlhu


Monday, July 14, 2025

story

လွမ်းလည်းလွမ်းတဲ့ရှင်လူ
🌸🌷🍀🌹🌻🌺🍁🌷

ဒီနေ့မနက် ဘော်ဒါတွေ ဖုန်းဆက်လို့ နန္ဒဝန်စျေးနားက 
"တီးဘုရင်"မှာဆုံကြ။
ဘာရယ်မဟုတ် ပုရွက်ဆိတ်တန်းကြီး ခေါင်းချင်းဆိုင်ရင်း
သတင်းပို့ကြသလိုပေါ့။ပုရွက်ဆိတ်တွေကတော့ ဘာပြောကြတယ်မသိ။
ရှင်လူတို့ကတော့ စာပေ အနုပညာနဲ့နိုင်ငံရေး သတင်းပလင်းတွေ ဖလှယ်ကြပေါ့။ ဒါလေးတွေက အမှတ်တရ လို့လည်းပြောလို့ရတယ်။
တချိန်က(လွန်ခဲ့တဲ့နှစ်ပေါင်း၄၀)ဒီဆိုင်နေရာမှာ(စစ်ပြန်)ကဖွင့်ထားတဲ့ "နန္ဒဝန်ဥယျာဥ်"ဆိုတဲ့ ဓနိမိုးလက်ဖက်ရည်ဆိုင်ကြီးရှိခဲ့တယ်။နွေလယ်နေ၊ဒတ္ထ၊နှင်းခါးမိုး၊ဇေယျာမှိုင်း၊ခင်မင်း(မူးသာ)တခါတလေ တာရာမင်းဝေလည်းပါတတ်တယ်။
ခုတော့ စေတရယ် နေလအောင်ရယ် လက်ျာဝင်းရယ်
ရှင်လူရယ်ပေါ့။တချိန်က ခင်မင်း(မူးသာ)နဲ့ဇေယျာမှိုင်း၊တာရာမင်းဝေတို့ ခု မရှိကြတော့ဘူး။ဓနိမိုး နန္ဒဝန်ဥယျာဥ်
ဆိုတာလည်း ခုတော့ ခေတ်မီ
"တီးဘုရင်"အဖြစ်ပြောင်းခဲ့ပြီ။
ဒါပမယ့်"နန္ဒဝန်ဥယျာဥ်"ဆိုတာ
တာဝတိံသာနတ်ပြည်က ဥယျာဥ်နာမည်လေ။ခင်မင်းတို့ ဇေယျာမှိုင်းတို့ တာရာမင်းဝေတို့ 
ခုဘယ်ဆိုင်မှာထိုင်နေကြမလဲ။
လွမ်းဆွတ်ရင်းသိချင်နေမိတာ...
story#observation #shinlhu

story

မှတ်ဉာဏ်လေ့ကျင့်နည်း😀😬😁😂😃😅😆
လာမယ့် နိုဝင်္ဘါ ၂၉ ရက်ဆို ရှင်လူကြီးအသက် ၇၂ နှစ်ပြည့်တော့မယ်။ ခုတလော ရုတ်တရက်မှတ်ဉာဏ်တွေ ချို့တဲ့လာတတ်လို့ အတော်သတိထားနေရတယ်။အိမ်မှာဖုန်းအားသွင်းထားရင်း မေ့ပြီး အလုပ်ကိုထွက်လာ၊ ဘတ်စ်ကားပေါ်ရောက်မှ ဖုန်းကျန်ခဲ့တာသတိရ။ဘာမဟုတ်တာလေးပေမယ့် ကားခအပိုကုန် ၊အချိန်ကုန် ပြီး စိတ်ရော လူရောပင်ပန်းရ။တခါတခါ ဦးထုပ်ကိုခေါင်းမှာဆောင်းထားပြီး ဦးထုပ်လိုက်ရှာလိုလိုက်ရှာ။
                ဒီတိုင်းဆိုရင်တော့ မဖြစ်သေးပါဘူးလေ ဆိုပြီး မှတ်ဉာဏ်လေ့ကျင့်ခန်းကို ပြန်လုပ်ရတယ်။ ဝိသုဒ္ဓိမဂ်ထဲက ဇာတိဿရဉာဏ်အတွက်လေ့ကျင့်ပုံတော့ဖတ်ဖူးတယ်။အတိအကျတော့မမှတ်မိတော့။ ကဲလေဘာဖြစ်ဖြစ် ကွကိုယ်အဆင်​ပြေမယ့် နည်းတခုခုတော့ တီထွင်မှပဲလို့တွေးလိုက်တော့ မှတ်ဉာဏ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၅၀ ကျော်က တဖက်သတ်ချစ်ခဲ့ရတဲ့ ကောင်မလေး မျက်နှာတန်းပေါ်လာတယ်။အင်း..ဟုတ်ပြီ ၊သူ့နာမည်ကနေပါအုံး မာဂရက်...ဟုတ်ပြီ...မာဂရက် ၊အရာရှိကြီးတယောက်ရဲ့တဦးတည်းသမီး ညိုပြာညက်​လေး။ မာဂရက်ကို ချစ်ပေမယ့် လူနေမှုအဆင့်ချင်းကမိုးနဲ့မြေလိုခြားလွန်းသမို့ ရှင်လူကလေးဖွင့်ဟချစ်ရေးမဆိုရဲခဲ့။ဟိုသီချင်းတပုဒ်လို...ဘာတဲ့"အုံ့ပုံးချစ်"
အဲ...ဟုတ်တယ်။အုံ့ပုံးချစ်နဲ့ပဲ ဇာတ်သိမ်းခဲ့ရတယ်။ဒါပေမယ့်  အစွဲအလန်းကြီးလွန်းတဲ့ လူတယောက်ဖြစ်တဲ့ရှင်လူလေးဟာ ညည အိပ်မပျော်နိုင်ပဲ မာဂရက်ပေါ်ချစ်မိတာကို ကဗျာတပုဒ် ရေးစပ်ခဲ့မိတယ်။ဘာတဲ့...."မျက်ကန်းချစ်"..ဟုတ်တယ် မျက်ကန်းချစ်ပဲ။အင်း...ခေါင်းစဥ်မှတ်မိပေမယ့် ကဗျာအစက တွေးမရပြန်ဘူး။ဒီလိုနဲ့ ဟိုတပိုင်းသတိရ၊ဒီတပိုင်းသတိရနဲ့ ညနေအလုပ်သွားချိန်ရောက်လို့ YBSပေါ်ရောက်မှ တပုဒ်လုံးမှတ်မိပြီး မေ့သွားမစိုးလို့ ကားပေါ်မှာပဲ ဖုန်းထုတ်ပြီးမှတ်ရ တေးရတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀
ကျော်က ကဗျာပါ၊ရာစုနှစ်တဝက်ကြာခဲ့ပြီ။မှတ်ဉာဏ်လေ့ကျင့်ရင်းတင်တာပါ။မဆီမဆိုင်ဝင် ကရုဏာသက်မိကြမစိုးလို့ သတိပေးတာပါ။
မျက်ကန်းချစ်😰😥😓😭😢😰😓😥😓😭😢
လူ့သဘာဝအရ
သူ့မာနကပဲကြီးလို့လား
ချို့တဲ့လှတဲ့ကိုယ့်ရဲ့ဘဝကပဲ
သိမ်ငယ်လေသလား
အကြောင်းကြီးငယ်မသိသလ်ို
ပေါင်းစည်းဘွယ်မရှိတာလည်းအမှန်ပင်
အချစ်ဆိုတာဖြစ်လိုရာတွေး
လွမ်းလွမ်းဆွေးဆွေးကဗျာရေးနေရလျှင်
ကမ္ဘာတခြမ်းပျက် လာလမ်းခက်လည်း
တဖက်တခြမ်းက
တသက်လွမ်းကာနေရပါလျှင်
လက်လှမ်းမဖြစ်သမို့
မျက်ကန်းအချစ်လို့ပဲဆိုကြပါစို့။
ရှင်လူ  
မှတ်ချက်။  ။အဲ့မာဂရက်လည်း ရှင်လူနဲ့သာညားခဲ့ရင် ဆင်းရဲချင်ဆင်းရဲမယ်၊ ခုလိုကံဆိုးမယ်မထင်ပါ။ရှင်လူသိရသလောက် မာဂရက်ခမျာအရာရှိကြီးတယောက်ရဲ့ပီအေနဲ့ညားပြီးမကြာခင် အစာအဆိပ်သင့်ပြီးဆုံးခဲ့ရှာပါတယ်။အမ်....ရှင်လူ့မှတ်ဉာဏ်တွေ တနေ့ထဲနဲ့ အတော်တိုးတက်နေပါကလား။
story#observation #shinlhu


Friday, July 11, 2025

story

ရှင်လူကြီး ဂျိမ်းဘွန်းမင်းသားလုပ်ရင်ကောင်းမလားတွေးမိပြီး 
Chatgpt ကိုမေးမိတယ်။ ကိုယ့်အမျိုးသားရေးကိုမြှင့်တင်တဲ့အနေနဲ့ မင်းသမီးကိုလည်း မြန်မာထဲက မိုးဟေကို ကိုပဲတွဲဖို့ရွေးခဲ့တယ်(ဂျော်ရှူဝါဗန် ကိုအားကျတာလည်းပါ)ပေါ့ဗျာ။တကယ်ပုံထွက်လာတော့သိတ်မကြိုက်ဘူးဗျ။ဘယ်တတ်နိုင်မလဲလေ ရှင်လူကြီးတို့က အသက်နည်းနည်းကြီးသွားတဲ့အပြင် ကပ်ဘေးဒုက္ခတွေက ကြုံပါများတော့ ဂျိမ်းစဘွန်း နေရာမပြောနဲ့ ဗေလုဝတို့ ဂျက်မားတို့နေရာတောင်မယှဥ်နိုင်တော့ဘူး။နို ချင်ဒယ်....
story#observation #shinlhu

Wednesday, July 9, 2025

story

ဝါဆိုရယ် သိတ်သတိရမိတယ်😎🤓🤩🤑🤪🤗🤭🤫
သြော်...ဒီနေ့ ဝါဆိုလပြည့်နေ့ပဲ။ရှင်လူကြီးက ရုံးမှာဂျူတီကျနေတော့ နေ့လယ်စာကို ဖွေးတို့အိမ်ပြန်စားလို့မဖြစ်တော့။ ဒီတော့ မနက်အိပ်ယာကထ ထချင်း မျက်နှာသစ် သန့်စင်ပြီး မြင်သာစျေးရှေ့ Breakfast စားနေကျ လက်ဖက်ရည်ဆိုင် ဘက်ထွက်လာတော့ လက်ဖက်ရည်ဆိုင်က ပိတ်ထားတာတွေ့လိုက်ရတယ်။ ဒါနဲ့ မြင်သာစျေးထဲဝင်လာပြီး စားဖူးတဲ့ ဆိုင်လေးတခုမှာ နို့ခေါက်ဆွဲတပွဲ အကြော်နဲ့စားလိုက်တယ်။ ပြီးတော့ အသားတန်းဘက်သွားပြီး ဝက်သားသုံးထပ်သား လေးထောင်ဖိုးဝယ်၊ လေယာဥ်ပျံတံဆိပ် ပဲငံပြာရည် တပုလင်း တထောင်နဲ့ဝယ်၊ချင်းငါးရာဖိုးဝယ်။ ဘာလိုသေးလဲ.....အဲ...ခေါင်းတွေယားနေပြီ။Clear ခေါင်းလျှော်ရည် တထုပ်ဝယ်။ ပြီးတော့ ဝက်သားဟင်းနဲ့တွဲစားဖို့ ဒေါ်ဆုံကြီးမျှင်ငါးပိထောင်းတဘူးဝယ်ပြီး တို့စားဖို့ ရုံးပတီသီးနှစ်စည်း ငါးရာဖိုးဝယ်၊ ဓာတ်စာအတွက် ဖီးကြမ်းငှက်ပျောသီး သုံးလုံးတထောင်နဲ့ဝယ်ပေါ့။ အဲဒါ ဆိုင်ပြန်ရောက်ရောက်ချင်း ဆန်တဘူးလျော့လျော့ ခပ်လိုက်ပြီး ထမင်းအိုးတည်ထားလိုက်တယ်။ ခုတလော လျှပ်စစ်မီးက စိတ်ကောင်းဝင်နေတော့ အေးအေးဆေးဆေး ချက်ပြုတ်လို့ရတယ်။ထမင်းအိုးတည်ထားပြီး ဟင်းမချက်ချင်သေးတာနဲ့ ဖုန်းထိုင်ပွတ်နေလိုက်သေးတယ်။ထမင်းအိုးကျက်ပြီးခနနေမှ ဝက်သားဆေးကြော ပြီး ဆား နံနွင်း အချို့မှုန့် ကြက်သွန် ဖြူနီ ချင်း လှီးချွတ်ထည့် နယ်ဖတ်ပြီးအပေါ်ကဆီလေးနည်းနည်းထည့်။ဟင်းအိုးပလပ်တပ်ပြီး နည်းနည်းမာအောင်မွှေပြီးမှ ရေအနေတော်ထည့်။အဲ့ရေခန်းလောက်မှ နူးရုံမှန်းပြီးရေနည်းနည်းထပ်ထည့်။ဆယ့်ငါးမိနစ်လောက်နေတော့ ရေခန်းလောက်မှ ပဲငန်ပြာရည် တဇွန်းသာသာထည့်မွှေပြီး ငရုတ်ကောင်းစေ့ နည်းနည်းပစ်ထည့်။အရည်ကို ဇွန်းဖျားလေးနဲ့ခပ်မြည်းလိုက်တော့ အပေါ့အငံအရသာကအနေတော်ပဲ။အိုကေပြီ။ဟင်းအိုးဆီပြန်တော့ ပလပ်ဖြုတ်ပြီးခနနား ဖုန်းပွတ်။အင်း ဒီကြားထဲ ရုံးပတီသီး ငါးတောင့်ဆေးကြောပြီးထမင်းအိုးအဖုံးဖွင့် အပေါ်ကတင်နှပ်ထားလိုက်သေး။ အမောပြေလောက်မှ အပေါ်တက် ရေချိုး ခေါင်းလျှော်။စိမ်ထားတဲ့အဝတ်တထည်နှစ်ထည်လျှော်၊ ခြောက်တဲ့အဝတ်တွေခေါက်သိမ်း ။အားလုံးပြီးမှ အောက်ဆင်းလာပြီး နား။ဆယ့်တစ်နာရီခွဲလောက်ဘိုက်ဆာလာတာနဲ့ ထမင်းစား။ဒီနေ့ ကတော့ ကိုယ်ချက်ထားတဲ့ဝက်ချိုဟင်းနဲ့ ဒေါ်ဆုံကြီးငါးပိထောင်းကရသာရုံကို အကြိုက်တွေ့သွားခဲ့တယ်။ထမင်းစားပြီး ဆိုင်ရှေ့ သံတံခါးရှေ့ထိုင်ရင်း စီးကရက်တလိပ်ဖွာနေရာက "သြော်...ဒီနေ့ ဝါဆိုလပြည့်နေ့ပါလား"။ရှင်လူကြီးရဲ့ စိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဝါဆိုလပြည့် နေ့တနေ့ ဆီပြန်ရောက်သွားခဲ့တယ်။ ဒန်...တန်တန် ဒန်...😛
      "  မင်းတို့ ငါနဲ့ရွာကိုလိုက်မလား "
မနက်ဖြန် ဝါဆိုလပြည့် ကျောင်းပိတ်မှာမို့ မုဒုံမြို့နယ် ဝက်တဲရွာသားဖေသိန်းကအားလုံးကိုမေးလိုက်ပါတယ်။မုဒုံမြို့နယ် အတွင်း ဒေသအသီးသီးက ဒီရွှေနတ်တောင် အထက မှာလာရောက်စာသင်ကြသူချည်းမို့ အားလုံးဟာ တမြေထဲနေတရေထဲသောက်သူငယ်ချင်းတွေပါ။
ဖေသိန်းကြီးက သူ့ရွာမှာ အရှိန်သြဇာရှိတဲ့မိသားစုမို့ သူငယ်ချင်းတွေကို အလည်ခေါ် ပြုစုချင်တာလည်းပါ၊ဝါဆိုလပြည့် ဓလေ့ ပွဲတွေအတူကျင်းပ ချင်တာလည်းပါပုံရပါတယ်။ ဒီလိုနဲ့ ကျောင်းစပိတ်တဲ့အဖိတ်နေ့ညနေမှာပဲ ရှင်လူတို့တသိုက် ဖေသိန်းနဲ့အတူ ဝက်တဲရွာကိုလိုက်ခဲ့ကြပါတယ်။သူငယ်ချင်း အားလုံးပေါင်း ခွန်နစ်ယောက်ပေါ့။ဖေသိန်းတို့ အိမ်ကြီးက ရှေးမွန်အိမ်များအတိုင်း ခြေတန်ရှည် ရေနံချေးဝနေတဲ့ သစ်သားအိမ်ကြီးပါ။ရွာမှာတော့ အိမ်ကြီးအိမ်ကောင်း အမျိုးအစားပေါ့။ရှင်လူတို့ အားလုံး ရောက်ရောက်ချင်းခနနားပြီး ရေမိုးချိုးကြပါတယ်။ ရေချိုးပြီးတော့ ရိုးရာဓလေ့အတိုင်းပဲ ဖေသိန်းကြီးက တောအရက် လေးထောင့်သံပုံးကြီးနဲ့ စားစရာတွေယူလာပေးပါတယ်။ရှင်လူတို့အဖွဲ့သားအားလုံးကလည်း အထက်တန်းကျောင်းသားတွေပြီပြီ အရက်မကြိုက်တဲ့သူ တယောက်မှပါမလာပါဘူး။အမှန်ပြောရရင်တော့ ဝက်တဲရွာရဲ့ ညနေခင်းလေးဟာ ရီတီတီ မူးတူးတူးပါ။အဲတော့ အဖွဲ့ထဲပါလာတဲ့ လူရှိုင်းအမျိုးသား ဂျပု အောင်သင်းဆိုတဲ့ကောင်က သူနဲ့အတူပါလာတဲ့ ဂစ်တာကြီးကို စတင်တီးခတ်ပါတော့တယ်။အောင်သင်းဆိုတဲ့ကောင်ကလည်း ဘာကျွမ်းသလဲဆို ဂစ်တာကို မှောက်ခုံတီး ပက်လက်တီး စောက်ထိုးတီး ဘယ်လိုတီးရတီးရတီးနိုင်သူပါ။အင်း ဒီလိုပဲ ရှင်လူတို့ အဆိုသမားတွေကလည်း မှောက်ခုံ ပက်လက် စောက်ထိုး အကုန်ဆိုတတ်ပါတယ်။အဆိုကျွမ်းကြလို့
​တော့မဟုတ်ပါ။ မီးတောက်တောအရက်ကြောင့် မှောက်လိုမှောက် လှန်လိုလှန် ၊အန်လိုအန်ကုန်တာပါ...ညတုန်းကတွေ့ခဲ့တဲ့...ကောင်မလေးတယောက်...ဂေ့....ပျောက်သွားလို့ လိုက်ရှာနေတယ်...ဂေ့......ဂီတာတလက်...အရက်ကတစည်   ...မိန်းမလှလေးရယ်ကတယောက်...ဂေ့.....
ဒီလိုနဲ့ မှောက်သွားကြပြီး အမူးပြေလောက်ချိန်ရောက်တော့ ညမှောင်စပြုပါပြီ။ဖေသိန်းတို့အိမ်သားတွေကထမင်းပွဲတွေအဆင်သင့်ပြင်ပြီး ရှင်လူတို့ကိုဧည့်ခံခဲ့​ပါတယ်။ဒါပေမယ့် မတရားသောက်ထား မူးထားကြတော့ ထမင်းကို ဟုတ္တိပတ္တိမစားနိုင်ကြပါ။ထမင်းစားပြီးတော့ ဖေသိန်းကြီးက အားလုံးအပြင်သွားဖို့ပြောပါတယ်။ဂျပုအောင်သင်းကိုလည်း ဂစ်တာပါယူခဲ့ဖို့ပြောပါတယ်။ ဒီလိုနဲ့ ရှင်လူတို့အဖွဲ့ ဝက်တဲရွာထဲ တအိမ်တက်တအိမ်ဆင်း လက်ဖက်သုတ် အစ မြန်မာမုန့်မျိုးစုံစားလိုက်ကြ၊ သီဆိုဖျော်ဖြေလိုက်ကြနဲ့... အဟိ...ဒီနေရာမှာ ပြောပြစရာက ဇာတ်လမ်းရဲ့ Climix အမြင့်ဆုံးဗျ။သူတို့ ဓလေ့ထုံးစံအရ ခုလိုဝါဆိုလပြည့်မတိုင်ခင် အဖိတ်နေ့ညဟာ တရွာလုံးက အပျိုအိမ်တွေဟာ အောက်လင်းမီး(ရေနံဆီထည့် လေထိုးပြီး မီးစာနဲ့ထွန်းရတဲ့ မှန်မီးအိမ်)တွေ တထိန်ထိန်ထွန်းပြီး အိမ်စဥ်လှည့်လာတဲ့ ကာလသားတွေကို ဧည့်ခံရတဲ့ဓလေ့ပါ။တချို့ ရွာသူပျိုဖြူများဆို စောစောက မီးတောက်တောအရက် မူးထားတဲ့ကောင်တောင် မေ့သွားလောက်ပါတယ်..ငိ...
အဲ...ဒီလိုနဲ့ ညဥ့်နက်သန်းခေါင် အထိ အိမ်လည်ပြီးကြတော့ အားလုံး ဖေသိန်းအိမ်ကိုပြန်စုကြပြီး ကုသိုလ်ပြုကြဖို့ အရက်ပုံးနားထိုင်ကြပေါ့ဗျာ။ဒီလိုနဲ့ပဲ... နောက်တနေ့ မိုးလင်းကြတော့ အခါကြီးရက်ကြီး ဝါဆိုလပြည့်နေ့ကိုရောက်လာတော့တာပါပဲ။ ရှင်လူမှတ်မိသလောက်ကတော့ "ကဲ...အားလုံး ဂျုံးဂျုံးကျရေတံခွန်ကိုသွားကြမယ်" ။မနက်ဘရိတ်ဖတ်စ်စားပြီးချိန်မှာ ဖေသိန်းကြီးကနှိုးဆော်လိုက်တာပါ။ သူတို့ ဒေသ ဓလေ့စရိုက်တွေက တခုပြီးတခု အစီအစဥ်တကျပါပဲ။ မုဒုံမြို့နယ်တဝိုက် နေရာအသီးသီးကလူတွေဟာ ဘတ်စ်ကားအစ ကြုံရာယာဥ်ရထားတွေနဲ့ ဂျုံးဂျုံးကျ ရေတံခွန်ရှိရာကိုဦးတည်သွားနေကြပါတယ်။ ဒီနေရာမှာ..ဂွိ...ပြောရရင်
အဲ့ခေတ်က ခေတ်စားတဲ့မျက်နှာချေ
ထုပ်(ခုခေတ်ဆို မိတ်ကပ်ခေါ်မလားပဲ)ကို ရေနဲ့ဖျော်ပြီး မျက်နှာမှာ အစွမ်းကုန် လိမ်းခြယ်ထားတဲ့ မုဒုံသူလှပဂေးတွေ တိုးဝှေ့လိုက်ပါလာတဲ့ဘတ်စ်ကားကို နောက်ခြေနင်းခုံတွယ်..မတ်တတ်လိုက်လာတဲ့ ရှင်လူကြီးတို့တသိုက် တညနေလုံး တညလုံးမူးလာတဲ့မီးတောက် တောအရက် အရှိန်ဟာ သူ့အလိုလိုတဖန် မီးပြန်တောက်ပြီး အငွေ့တရီရီနဲ့ မေ့ချင် မျောချင်သလိုလို။အင်း...အရာရာဟာ သူ့ရစ်သမ်နဲ့သူတော့ဟုတ်နေတာလို့ဆိုရမှာပါပဲ။
ဒီလိုနဲ့ ဂျုံးဂျုံးကျ ရောက်ခဲ့ပါပြီ။သာယာလှပတဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ အမြင့်က တဝေါဝေါစီးဆင်းနေတဲ့ ဂျုံးဂျုံးကျရေတံခွန်ဟာစောစောက အငွေ့တရီရီနဲ့  မေ့ချင်မျောချင်နေတဲ့စိတ်များကို ပြန်လည်လန်းဆန်းလာစေခဲ့ပါတယ်။အဲတော့ လျိုမြောင်စိမ့်စမ်းတောတန်းနဲ့မစိမ်းလှတဲ့ ရှင်လူလေးအဖို့ အင်္ကျီနဲ့ ပုဆိုးတွေကိုချွတ်ချလိုက်ပြီးအောက်ခံဘောင်းဘီတိုလေးနဲ့ ရေတံခွန် ထိပ်ဆီလျောက်သွားလိုက်ပါတယ်။ပြီးတော့ ခင်ဗျားတို့တွေးကြည့်ပေါ့ဗျာ။တာဇံကားထဲကလို စိမ်းညို့ ကြည်လဲ့နေတဲ့ စမ်းအိုင်ထဲကို ရေတံခွန်ထိပ်မှာ လက်နှစ်ဖက်ဆန့်တန်းပြီး လေထဲ ကျွမ်းနှစ်ပတ်လောက်ပစ်ပြီးစိုက်ဆင်းလာတဲ့ရှင်လူတယောက်။ကျောက်စရစ်နဲ့ ငါးကလေးတွေပါမြင်နေရတဲ့ ရေအောက်ကို ဝါးတပြန်နီးနီးစိုက်ဆင်းသွားပြီး အောက်ခြေမြေပြင်ကို လက်နဲ့ထောက်ကန်ပြီးပြန်တက်လာတဲ့ တာဇံရှင်လူ့ စွန့်စားခန်းတွေဟာ....
          အင်း....အခုမဟုတ်ဘူးနော်။လွန်ခဲ့တဲ့နှစ်ပေါင်း၅၀ကျော်၆၀နီးပါးဝါဆိုလပြည့်နေ့တနေ့အကြောင်းပြောတာ။အခုကတော့ ရှင်လူကြီးဒိုင်ဗင်ပစ်ဖို့မပြောနဲ့ တိုင်ကီထဲကရေတောင်ဆင်ခြင်ချိုးနေရတာ...ဂွိ...မျက်နှာချေသနပ်ခါးရည်အမွှေးနံတွေပြင်းလွန်းရင်လည်း ဆီးချို သွေးတိုးသမားမို့ မခံနိုင်တော့ဘူး။ တောအရက်လား..၊ဂွိ...လာမပေးနဲ့... သောက်မိမစိုးလို့....
story#observation #shinlhuqw

Monday, July 7, 2025

story

ရှင်လူ

Sunday, October 5, 2014
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ)
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ) က ။ ညိုမြသွေး
နှင်းဆီဖြူမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲကို ဇွန်လ ၁၄ ရက်နေ့က အလုံလမ်းပြည်သူ့ဥယျာဉ်ဝင်းMy Garden မှာလုပ်သည်။ ကိုယ်နေထိုင်ရာတောင်ဥက္ကလာနှင့်ပွဲကျင်းပရာနေရာက အတန်ငယ်အလှမ်းဝေးတာကတကြောင်း ခုတလော အလုပ်ကြွေးတွေပိနေတာကတကြောင်းကြောင့်မသွားပဲနေလိုက်ဖို့စဉ်းစားပြီးကာမှညီတော်နှင်းခါးမိုးမျက်နှာကို စိတ်ထဲမြင်ယောင်လာပြန်သည်။ "အကိုဘာစိတ်ကောက်နေပြန်ပြီလဲ"လို့သူတွေးသွားနိုင်သည်။ မိမိကိုယ် မိမိ ပြန်သုံးသပ်လိုက်ပြန်တော့လည်း စိတ်တော့မကောက်တတ် ။ ဒါပေမယ့်စိတ်ကခပ်နုနု။အပြောင်းအလဲမြန်တတ်သည်။ခုပဲ မသွားဘူးဟု
တွေးပြီးကာရှိသေး နှင်းခါးမိုး မျက်နှာကြီးကစိတ်ထဲမြင်
နေပြန်သည်။
ဒီကြားထဲ သူငယ်ချင်းနွေလယ်နေ နှင့်ဦးဝင်းတင်
English for All ကိုပါစုသွားကြဖို့ကြိုတင်ချိတ်
ဆက်ထားခဲ့လေတော့ခုမှဖျက်ဖို့မသင့်ပြန် ။ နောက်ဆုံတော့မိမိတသက်လုံးလုပ်နေကျမူအတိုင်းစိတ်ကိုပြန်ပြောင်းလိုက်ပြီး သွား ဖို့ဆုံးဖြတ်လိုက်သည်။ စုရပ်လုပ်ထားတဲ့နွေလယ်နေ့ရုံးခန်းရှိရာလင်းစဒေါင်း
ကို ကိုဝင်းတင်နှင့်အတူ မွန်းလွဲ ၁ နာရီမထိုးမီ
ရောက်သွားတော့ နွေလယ်နေကအဝတ်စားတောင်
မလဲရသေး စွပ်ကျယ်နှင့်ပဲရှိသေးသည်။ "စောပါသေးတယ်လက္ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့"ဆိုတာနှင့်သူ့ရုံးရှေ့ကဆိုင်မှာထိုင်ပြီးလက္ဘက်ရည်သောက်
ကြသည်။ ဘိုက်ထဲဟာသလိုလိုမို့ဘဲသားမုန့်မှာပြီးတခုကောက်စားလိုက်သည်။ မကြာခင်မှာ မောင်သူပါရောက်လာသည်။
မောင်သူနှင့် မတွေ့တာလည်းကြာပြီမို့ စကားမရှိ
စကားရှာ ကာ ယုဇနမှာသူဝယ်ထားသောအိမ်
အကြောင်းမေးမိသည်။
"ခုဆို ခင်ဗျားအိမ်ဈေးတက်နေပြီပေါ့ "ဆိုတော့ မောင်သူကဒေါသတကြီးလေသံဖြင့် "လူတိုင်း ဒါပဲပြောနေကြတယ် မဝယ်လို့ဖြစ်မလားဗျ လက်ထဲ
ပိုက်ဆံကိုင်ထားရင် ကုန်သွားမှာပေါ့"မောင်သူ့ပုံစံက ဆိုက်ကိုရုပ်ရှင်ကားထဲမှထူးဆန်းသောဇာတ်ရုပ်တခုခု
နှင့်တူနေသည်။ကိုဝင်းတင်ကတော့မောင်သူ့အပြုအမူကို သိတ်အမှုထားပုံမပေါ်။သူတို့နှစ်ဦးလုံးဝါရင့်ကျောင်းဆရာဟောင်းများဖြစ်ကြသည်။ မိမိကပဲပဋိသန္ဓာရစကားမပြောတတ်တာလား မောင်သူကပဲဆေးစားမှားလာသလားမသိတော့။သို့ပေမယ့် ခုတလောအဘိဓမ္မာသင်တန်းကိုရက်မှန်မှန်တက်ဖြစ်နေသဖြင့်မိမိရဲ့ခန္တီစိတ်တွေ မေတ္တာစိတ်တွေ အားကောင်းနေပုံရသည် သူ့ကိုပြန်ပြီးဘုမတောဖြစ်တော့။
ခ ။

မိမိတို့ My Garden ခန်းမထဲရောက်တော့ ပရိတ်သတ်က အတန်သင့်စုံနေပြီ ။ လွတ်ရာစားပွဲတခုမှာဝင်ထိုင်လိုက်ကြပြီး ဘေးဘီကို
ဝေ့ကြည့် လိုက်တော့ကိုယ်သိသူသိတ်မရှိလှ။ကိုအောင်ချိမ့်ရောက်လာတာတွေ့လိုက်ရသည်။ နှင်းဆီဖြူအယ်ဒီတာ များလည်း
ဧည့်သည်များကိုကြိုဆိုနှုတ်ခွန်းဆက်နေကြသည် ။ အထူးသဖြင့် ကဗျာဆရာပရိတ်သတ်နှင့် မီဒီယာသမားများအပြင်ဦးထွန်းလွင်လိုမိုးလေဝသပညာ
ရှင်ကိုပါတွေ့လိုက်ရသည်။မိမိအကျင့်အတိုင်းဖုန်းဖြင့် ဓါတ်ပုံအချို့ရိုက်နေလိုက်သည်။မထင်မှတ်ပဲမနော်ဟရီကိုတွေ့လိုက်တော့ ညီတော်
တာရာမင်းဝေ ( ရွှေဘုန်းလူ )ကိုလွမ်းမိပြန်သည်။ ခေတ်နေတယောက် လူလားမြောက်ရောပေါ့ ။ "နန်းထိုက်တော်ဝင်" လက္ဘက်ရည်ဆိုင်မှာ ဟိုဘက် ဒီဘက်စားပွဲနှစ်ခု ကပ်ဆုံခဲ့စဉ်က သူတို့သားအမိသားအဖသုံးယောက်ထဲမှာ ခေတ်နေက
၂ နှစ်သားလောက်ပဲရှိဦးမည်ထင်သည် ။ အတွေးကောင်းနေစဉ်မှာပဲ လူလတ်ပိုင်းတယောက်
မနော်ဟရီကို လာနှုတ်ဆက်နေတာတွေ့ရသည် ။
သူ့ကိုရင်းရင်းနှီးနှီးသိဖူးတာအမှတ်ရသည် ။နာမည်ကိုတွေးမရ ။အရင်တခါသူနှင့်ဆုံခဲ့တာ၂၀၀၇ ခုနှစ်တုန်းက တာရာမင်းဝေ ရက်လည်မှာ။ ထိုစဉ်ကလည်းသူ့ကို ကောင်းကောင်းမမှတ်မိ ။ မိမိကိုပြုံး၍နှုတ်ဆက်ရင်း "၈၈၈၈ တုန်းက
ကိုရွှေဘုန်းနဲ့အတူပါလာဖူးတယ်လေ "ဟုအစဖေါ်ပေးမှ
သူ့မျက်နှာကိုကျက်မိသွားခဲ့သည်။ ထိုစဉ်က
ရွှေဘုန်းလူနှင့်အတူ အကသ မှကလေးများပါလာ
တတ်တာသတိရသွားသည်။ပြုံးစစနှင့်စကားပြောတတ်သောသူ့ကိုလည်းမှတ်မိသွားသည် ။ ၈၈ မှ ၂၀၀၇ ဆိုတော့ ၁၉ နှစ်တောင်ကြာခဲ့ပြီ။
"ခုဘာလုပ်နေလဲ" မေးလိုက်တော့စင်္ကာပူမှာအလုပ်
သွားလုပ် ပြီးပြန်ရောက်လာတာသိတ်မကြာသေးကြောင်း
ပြန်ဖြေသည်။ သည်လိုနှင့်ဆက်စပ်မိသွားကြပြီးလတ်တလောနိုင်ငံရေးကိစ္စများဆီစကားလမ်းကြောင်းရောက်သွားသည်။အဲဒီအချိန်က မိမိရင်ထဲ ထိရှနေသောအကြောင်းအရာက
မန္တလေးအကျဉ်းထောင်တွင်သေဆုံးခဲ့သောသက်ဝင်းအောင် ။ သက်ဝင်းအောင်ကိုသတင်းတွေထဲပါလို့သိရသလောက်သာမိမိကစိတ်ဝင်တစားပြောနေတော့ သူက "သက်ဝင်း
အောင်လည်း ကိုရွှေဘုန်းနဲ့အတူ အကို့အိမ်ကိုပါလာ
ဖူးတယ်လေ" ဆိုမှ မိမိရင်ထဲ လှပ်ခနဲဖြစ်သွား မိသည်။
"ဟင်
ဟိုခေါင်းတုံးနဲ့လည်ပင်းမှာပုတီးစေ့လေး၂လုံးဆွဲထား
တဲ့ကောင်လေးလား" ။ မိမိအတွေးများ က ၈၈၈၈
ကာလဆီသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က
မိမိအသက်က ၃၅ နှစ် ရွှေဘုန်းလူက ၂၂နှစ် သက်ဝင်းအောင်တို့ အကသ ကလေးများက ၁၇
နှစ်ဝန်းကျင်များ ။အခြားအခြား ကလေးတွေတော့ အမည်တွေမမှတ်မိတော့ ။ ကိုယ့်အရွယ်နှင့်နှိုင်းယဉ်၍
သူတို့ကို ဘာမျှအတွေ့အကြုံမရှိသေးသော ပီဘိ ကလေးငယ်များအဖြစ်သာထင်မြင်ခဲ့သည် ။ခုလို သက်ဝင်းအောင်တယောက် မန္တလေးအကျဉ်းထောင်မှာထောင်ဒဏ် ၆၉ နှစ်ကျခံရင်း
ရင့်မာနိုင်ငံရေးသမား ကြီးဖြစ်ကာယုံကြည်ချက်အတွက်
အသက်ကိုပေးဆက် သွားခဲ့သူတယောက်ဖြစ်လာခဲ့
မည်ကို မိမိကြိုတင်မတွက်ဆနိုင်ခဲ့ပါ။ သူ၏ အမှတ်ထင်ထင်ပြန်လည်ပြောပြမှုများကြောင့်သာသက်ဝင်းအောင်နှင့်မိမိတို့ပါတ်သက်ခဲ့ဖူးကြောင်းသိခဲ့ရသည်။ထိုသို့ သက္ကရာဇ် ၂၀၀၇ မှ ယခု ၂၀၁၄ တိုင် ၇ နှစ်ကြာခဲ့ပြီးမှ သူ့ကိုခုလို ထပ်မံတွေ့ဆုံခွင့်ရခြင်းပင်။
"မင်းငါ့ကိုသိလား" မိမိမေးခွန်းကခုလိုအသိုင်းဝိုင်းကြားတွင်အတန်ငယ်
ရိုင်းပျသလိုဖြစ်သွားမှန်းသိလိုက်ပါသည်။သို့သော်သူတို့အပေါ်ဖြစ်ခဲ့ဖူးသောအချစ်ကြောင့်ရောသားသမီးမရှိ ဆွေမျိုးမရှိ စာပေနှင့်နိုင်ငံရေးအသိုင်းဝ်ိုင်း
ကိုသာဆွေမျိုးလုပ်ထားခဲ့သော မိမိအကျင့်ကယဉ်ကျေး
ဖွယ်ရာဆက်ဆံရေးမျိုးထက် ရဲဘော်ရဲဘက်ဆက်ဆံရေး
မျိုး ကျင့်သားရနေလေသည်။ သူကသူ့မူဟန်အတိုင်း
နှစ်လိုဖွယ်အပြုံးနှင့် "ကျနော် နန်းနွယ်လေ "ဆိုကာမှ
စိတ်ထဲလင်းကနဲပြန်ဖြစ်သွားကာ တဦးနှင့်တဦး
ပဋိသန္ဓာရစကားများဆိုဖြစ်လေသည်။
"အမကြီးနေကောင်းလား " ။ မိမိတို့လင်မယား
ကို ရွှေဘုန်း ခေါ်တဲ့အတိုင်း သူတို့ကလည်းအကိုကြီး အမကြီးပင်ခေါ်ကြသည်။ အမှန်တော့ မိမိထက် ၁၆ နှစ်ပိုကြီးသောဇနီးသည်မှာ သူတို့နှင့်ဆို အဖွားအရွယ်
ပင်။ "အမကြီးဆုံးသွားတာ ၅ နှစ်ကျော်သွားပြီ ၂၀၀၉
ဇနါနဝါရီ ၉ ရက်ကဆုံးတာ ခု ကိုယ်တယောက်ထဲနေ
တယ် " ။ သူ စိတ်မကောင်းဖြစ်သွားပုံရသည်။"တယောက်ထဲ အထီးကျန်မှာပေါ့နော် ကျနော်လည်း ကိုရွှေဘုန်း
လဲမရှိ ကိုအောင်ဒင်ကလည်းနိုင်ငံခြားမှာဆိုတော့
တွဲစရာမရှိတော့ဘူး " ။ "ခုကျနော် Gallery ဖွင့်ထားတယ် "။ သူကပြောပြောဆိုဆိုပင် သူဖွင့်လှစ်ထားတဲ့ "Ahla Thit Art Gallery"
ကတ်တလောက် ၂ ခုလှမ်းပေးလာသဖြင့်ယူထားလိုက်
ပြီး နှစ်ယောက်သား ဖုန်းနံပါတ်ချင်းဖလှယ်လိုက်ကြ
သည်။ "အေးကွာ မင်းနဲ့တွေ့ရတာ အတော်ပဲ ငါ
သက်ဝင်းအောင်အကြောင်းရေးချင်နေတာ confirm
လုပ်နိုင်ဖို့က မင်းပဲရှိတာ Galleryကိုလာခဲ့ပါဦးမယ်"အခန်းနားအစီအစဉ်
ကြေငြာနေပြီမို့ နှစ်ဦးသားကိုယ့်စားပွဲမှာကိုယ်ပြန်ထိုင်လိုက်ကြသည်။

ဂ။

Nature is our mother, who is always ready to share her peace to
all of us. But sometimes we happen
to neglect her love and her existence
.Now , it is time for us to ask ourselves : do we really love nature ?
Ko Nan Nwe
Curator and organizer

ကိုနန်းနွယ်ပေးလိုက်သော RETURN TO NATURE ကတ်တလောက် ကိုဖွင့်လိုက်တော့
ပထမ စာမျက်နှာ မှာရေးထားတဲ့ဖွင့်ဆိုချက်ကို
အရင်ဖတ်လိုက်မိသည် ။ လှပတဲ့ ဖွင့်ဆိုချက်ပါပဲ။
အရာရာကို ရင့်ကျက်တဲ့ အမြင် ရင့်ကျက်တဲ့ ဒဿန
တွေနဲ့လူသားတို့ဖွင့်ဆိုခဲ့ကြတဲ့လူ့သမိုင်းမှာ အငြင်းပွားဖွယ်ကိစ္စအသွယ်သွယ်က အတွေ့အကြုံ နဲ့
ခံစားချက်ချင်း မတူကွဲပြားရာကနေပြီးပေါ်ပေါက်လာစမြဲ
ပင်။ ခု ဒီလှပတဲ့ ဖွင့်ဆိုချက်ကိုဖတ်ပြီးသဘာဝမိခင်ရဲ့ငြိမ်းချမ်းတဲ့ရင်ခွင်ကိုဝင်စားနားခိုရမယ့်အစား ဥပါဒါန်တရားတွေက မီး၁၁
ပါးလောင်ကျွမ်းခဲ့ရာ ဆီသို့ ......
"သေနတ်မှန်ပြီးသေသွားတဲ့ ကျနော့သူငယ်ချင်း
ရဲ့အလောင်းကိုကျနော်ထမ်းလာတာမြင်တော့ အမေက
ငါ့သားဒီကောင်တွေမတရားလုပ်တာမခံနဲ့ " ဆိုပြီးလက်ထဲကိုတုတ်တချောင်းလာထည့်ပေးတယ်" ။
ရွှေဘုန်းလူက သူ့မိခင်အကြောင်းကိုတအံ့တသြပြော
ပြဖူးခဲ့။ "အဖြစ်ဆိုးလှချည်းလားသားရယ်" ၆၉ နှစ်ဆိုတဲ့ မတရားထောင်ဒဏ်ကိုကျခံတိုက်ပွဲဝင်ရင်းအသက်စွန့်သွားတဲ့ သက်ဝင်းအောင်အတွက်မျက်ရည်ပင်လယ်ဝေခဲ့ရတဲ့
မိခင် ။ "သက်ဝင်းအောင်က သူ့ရောဂါနဲ့ သူသေသွားခဲ့တာပါ ။ကျနော်တို့ကြောင့်သေတယ်ဆိုတာလုံးဝမဟုတ်ပါဘူး"
အဲဒီအချိန်ကတာဝန်ရှိသူတဦးရဲ့ အကျောက်အကန်
သတင်းစာရှင်းလင်းပွဲ ။ ရွှေဝါရောင်ကာလအတွင်း အော်တိုမက်တစ်ရိုင်ဖယ်များအတွဲလိုက်ပစ်ခတ်သံများအစဲမှာ အထက ၁ က ၁၀ တန်းကျောင်းသားလေးသေသွားပြီတဲ့။အခါတိုင်းမျက်ရည်ကျချင်လာလျှင် ဂါထာတပုဒ်လိုရွတ်ဆိုနေကျ ကဗျာဆရာအောင်ချိမ့်၏
ကဗျာတပိုင်းတစက စိတ်ထဲပေါ်လာနေကျ ။
အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင် ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက် အမူအကျင့်နဲ့
အမြဲတမ်းအစွမ်းထက်ခဲ့သောကဗျာပါ ။ခုတော့
မိမိရင်ထဲမှာရောပါးပြင်ပေါ်မှာပါ ထိုသစ္စာဖောက်လား
သစ္စာရှင်လားမသိရတဲ့မျက်ရည်တွေကျဆင်းခဲ့ပါပြီ။
ကိုနန်းနွယ်ရေ လူအများသဘာဝမိခင်ရဲ့ငြိမ်း
ချမ်းတဲ့ရင်ခွင်မှာခိုနားနိုင်ဖို့လူအချို့ကတော့ ငြင်းပယ်
ကျောခိုင်းသွားခဲ့ရပါပြီ ။အဲဒီထဲမှာ ပြန်လည်အစားထိုးလို့မရနိုင်တဲ့ ကိုနန်းနွယ်ရဲ့အကသ
သူငယ်ချင်း သက်ဝင်းအောင်လို သက်ဝင်းအောင်တွေ
အများကြီးရှိခဲ့တယ်ဆိုတာအတည်ပြုပေးပါ။ ခုတော့
အဲဒီမျက်ရည်တွေကို စုဆောင်းထားရှိခဲ့ပါတယ်။
၈၈၈၈ ကာလတုန်းက ရှားရှားပါးပါးရေးဖြစ်ခဲ့တဲ့
တပိုင်းတစကဗျာလေးပါ ။
ငါတို့ရဲ့ သွေးနဲ့ မျက်ရည်တွေဟာ
ယုံကြည်ရဲတိုက်ရှေ့မှာ
ကျုံးရေအဖြစ်ရှိနေမယ်......

ညိုမြသွေး
28.6.2014 Sat
2:57pm
**August,2014 နှင်းဆီဖြူမဂ္ဂဇင်းတွင်ပါပြီး

Posted by shinlhu at 7:28 PM 
Email This
BlogThis!
Share to X
Share to Facebook
Share to Pinterest
No comments:

Post a Comment


Newer PostOlder PostHome
View mobile version
Subscribe to: Post Comments (Atom)
About Me
shinlhu
View my complete profile
Blog Archive
►  2025 (38)
►  2024 (5)
►  2023 (17)
►  2022 (55)
►  2021 (28)
►  2020 (36)
►  2019 (47)
►  2018 (30)
►  2017 (105)
►  2016 (75)
►  2015 (40)
▼  2014 (17)
►  December (3)
►  November (1)
▼  October (5)
ဇနပုဒ်နေငတေ နှင့်ဖေ့စ်ဘွတ်ဖရင်းများ
ရက်စွဲများ
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ)
ဝီစကီနှင့်သူ၏ အပေါင်းပါများ သို့မဟုတ်
သရုပ်ဆောင်
►  September (8)
Picture Window theme. Powered by Blogger

story

ရှင်​လူနဲ့ ဂေါက်​​ကြောင်​ရာဇဝင်​
~~~~~~~~~~~~~~
ရှင်​လူ​နေထိုင်​ရာ ငါတ​ကောရပ်​ကွက်​ထဲမှာ ​ဂေါက်​​ကြောင်​​တွေ​က ပေါပါဘိ။ ရှင်​လူဒီလို​ပြောလို့ ဘာလဲဟ
ဘာ​ဂေါက်​​ကြောင်​လဲ ဟု ကွက်​ရှင်​​ ထုတ်​သူကထုတ်​လာနိုင်​သဖြင့် ရှင်းပါအံ့။ ဘယ်​သူမှမ​မေးလည်း ​ပြောဖို့က ပလန်​ ရှိပြီးသားပါ။ ဟဲ ဟဲ..။ ဒီလိုပါ ငါတ​ကောရပ်​ကွက်​ဆိုတာမျိုးက ဒီနိုင်​ငံအတွင်း ဘယ်​​ဒေသမျိုးမှာမဆို ရှိ​နေ ​တွေ့​နေကျ ရပ်​ကွက်​မျိုးပါ။ဖုတ်​ထူ ခြင်​ပေါ ၊က​လေး​ပေါ ​ခွေး​ပေါ ၊ဖ​သောဖဿ မဆင်​ခြင်​
၊ကိုယ်​ထင်​ရာကိုယ်​စိုင်း ၊ crime မသိ၊ law မရှိ၊က​လေးကအစ ​ခွေးကအစ အဘ အဆုံး ၊ဘွား​အေကြီးအဆုံး ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့် ကို ကိုယ့်ဖာသာ
​စိတ်​ကြိုက်​​ရေးဆွဲပြီး ပမာမခန့်​နေထိုင်​ကြတဲ့ ဒူးတင်​​ပေါင်​တင်​တိုင်း​ဒေသကြီး ထင်​ရာစိုင်းမြို့နယ်​အတွင်း ပါဝင်​​နေတဲ့ ငါတ​ကောရပ်​ကွက်​လေးပါ။ ​နေရာအခင်းအကျင်းကို နိဒါန်းပျိုးနေရတာက ဒီလို​နေရာမျိုးမှာ ဒီလို အပင်​
နဲ့ ဒီလိုသက်​ရှိမျိုးသာရှင်​သန်​နိုင်​​ကြောင်းသိ​စေချင်​လို့ပါ။
အဲ ..အဲဒီရပ်​ကွက်​ထဲမှာရှိကြတဲ့ ​ဂေါက်​​ကြောင်​ဆိုတာက
ဥပမာ ဒီလူက တချိန်​(မဆလ)​ခေတ်​တုန်းက ရပ်​ကွက်​ သမဝါယမအသင်းတခုမှာ ဥက္ကဋ္ဌ လုပ်​ခဲ့ဖူးတယ်​၊ ခု​လော​လောဆည်​​တော့ သူက Trishaw master ဆိုက္ကားသမား၊ဒီလူက ဆိုက္ကား​တော့နင်းတယ်​ ဒါ​ပေမယ့်သတင်းစာတ​စောင်​ကိုအမြဲ ချိုင်းကြားညှပ်​ထားတယ်​။အားရင်​ အရိပ်​​ကောင်း​ကောင်း​အောက်​မှာထ်ို​င်​ရင်း ဒီသမဝါယမဆိုင်​ကြီးရှိတုန်းက သူကဥက္ကဋ္ဌအဖြစ်​ ဘယ်​လို​တွေ​ဆောင်​ရွက်​ခဲ့တာ၊ အဲဒီအချိန်​က ဘယ်​သူဘယ်​ဝါက အတွင်း​ရေးမှူး ဘာညာစသဖြင့်​တော်​ကီပစ်​​လေ့ရှိပြီး သူ့ရဲ့ အရည်​အချင်းဟာ လက်​ရှိဘဝနဲ့ မထိုက်​တန်​သလိုမျက်​နှာ​ပေးကြီးနဲ့ ​သော့ခတ်​ထားတဲ့ သမဆိုင်​ဘက်​ကိုလွမ်းလွမ်း​ဆွေး​ဆွေး​ငေး​မျှော်​​နေတတ်​ပါတယ်​။​နောက်​တ​ယောက်​က​တော့ စစ်​ပြန်​ကြီးတ​ယောက်​ပါ သူက​တော့သနားစရာလည်း​ကောင်းပါတယ်​၊​ရှေ့တန်းမှာငှက်​ဖျားအပြင်းအထန်​မိပြီး တပ်​ကထွက်​လာရတာဆို​တော့သူ့ရဲ့ အနှစ်​၂၀ ​ကျော်​ တပ်​​မ​တော်​သားအကျင့်ကိုအရပ်​သားအကျင့်နဲ့ ပြန်​အစားထိုးမရ​တော့တာပါ ။တ​ပေါင်းလရဲ့ တရှိန်းရှိန်း​တောက်​​နေတဲ့ ​နေအပူရှိန်​​အောက်​မှာ ​ပျောက်​ကျားယူနီ​ဖောင်း အပြည့်အစုံ ၊ရင်​ထိုးတံဆိပ်​အပြည့်အစုံနဲ့ ​တော​ဆောင်းဦးထုပ်​ကြီး​ဆောင်းကာ လမ်းသလား​လေ့ရှိပါတယ်​၊လက်​ဖက်​ရည်​ဆိုင်​​တွေမှာ နား​ထောင်​သူ တ​ယောက်​​လောက်​ရှိရင်​​တော့သူရဲ့တိုက်​ပွဲ အ​တွေ့အကြုံ​တွေကို ​ပြောပြ​လေ့ရှိပါတယ်​။ ​နောက်​တ​ယောက်​က​တော့ တချိန်​က နာမည်​ အလတ်​တန်း​လောက်​ရှိခဲ့တဲ့ ဇာတ်​အဖွဲ့တခုက ပြဇာတ်​မင်းသားပါ။ခုအချိန်​ ပြဇာတ်​​ခေတ်​ကလည်းမရှိ​တော့။ ဇာတ်​သဘင်​ကလွင့်စင်​ထွက်​လာပြီးရှင်​ကျန်​တာဆိုလို့ လူပြက်​​တွေပဲရှိပါ​တော့တယ်​၊ ရုပ်​ရှင်​မင်းသား ၊ဇာတ်​မင်းသားနဲ့ Popအဆို​တော်​​တွေကအစ လူပြက်​ခွင်​မကြာမကြာဝင်​​နေကြရတယ်​ ၊​သြော်​ လူပြက်​​ခေတ်​​ပေကိုး။ဒီ​တော့ ခုနပြဇာတ်​မင်းသားခမြာ လူပြက်​ကလည်း မလုပ်​တတ်​
အသက်​ကလည်း ၆၀ ​ကျော်​ဆို​တော့ စိတ်​ညစ်​ညစ်​နဲ့ အရက်​တစွပ်​စွပ်​​သောက်​ရင်း တလမ်းဝင်​တလမ်းထွက်​ ဘဝလက်​ကျန်​ ပြဇာတ်​ဟန်​က​လေးထုတ်​ထုတ်​ပြီး
အင်္ကျီလက်​ရှည်​​လေးကိုအသာ​ခေါက်​၊လက်​​မောင်းက​လေးကိုဟန်​ပါပါ​ပင့်ရင်း အကို​နေ​ကောင်းလား၊ ​အော်​ ငါ့နှမ​လေးမ​တွေ့တာကြာပြီ​နော်​၊ အဟဲ အကိုက​စေတနာနဲ့​ပြောတာပါညီရ စိတ်​မဆိုးနဲ့​နော်​ စသဖြင့် ​တွေ့ကရာလူကို ဇာတ်​မင်းသား​လေနဲ့ ဟန်​ပါပါ စကားအစရှာ ရင်းဇာတ်​စုံခင်း​လေ့ရှိ​ပေရဲ့။ ဒါက ​ဂေါက်​​ကြောင်​​တွေ​အ​ကြောင်း နမူနာမျှ ထုတ်​ပြခြင်းပါ။ ပင်​နီတိုက်​ပုံ ကျူးနစ်​အင်္ကျီ ဗမာ ပင်​နီရှမ်းပင်​နီအမျိုးမျိုးဖက်​ရှင်​​တွေဝတ်​ပြီးတနိုင်​ငံလုံးကို ကယ်​တင်​​ပေး​တော့မယ့်ဟန်​နဲ့နိုင်​ငံ​ရေးသမား​ဂေါက်​​ကြောင်​၊ အ​ကောင်​ကြီးကြီး
အမြီးရှည်​ရှည်​​တွေနဲ့ သူနဲ့က ​ဂေါ်လီရိုက်​ဖက်​၊ရည်းစားလုဖက်​ စတိုင်​မျိုးနဲ့ ​လေမျိုး ၈၀ ပစ်​တတ်​တဲ့ ဘဝင်​​ဂေါက်​​ကြောင်​စသဖြင့် ​ပေါ့​လေ ။​ဂေါက်​​ကြောင်​သမိုင်းကားငါတ​ကောရပ်​ကွက်​သမိုင်းနဲ့အတူ တ​နေ့တည်း​မွေးလို့ဆိုရမလားပဲ။ ရှင်​လူ့မှာတ​နေ့​တနေ့ အဲဒီ​ဂေါက်​​ကြောင်​​တွေကိုပတ်​​ရှောင်​​နေရတဲ့ ဒုက္ခကမ​သေးလှပါ။သူတို့စက်​ကွင်းသာမိသွားရင်​ ​ပြောမဆုံး​ပေါင်​ ​တောသုံး​တောင်​ဇာတ်​ထဲ​မျောပြီး အလုပ်​အကိုင်​ပျက်​ကာ အချိန်​ပါ အ​ချောင်​ကုန်​ဦးမယ်​။ အဲဒီလို​ရှောင်​လင်​လုပ်​နေတဲ့ ကြားက ​
တ​နေ့ခင်း လမ်းထိပ်​အထွက်​ ပြဇာတ်​မင်းသားနဲ့ ပက်​ပင်းတိုးပါ​လေ​ရော ။ ``အာ ဒီယ​နေ့ အကိုနဲ့​တွေ့တာ အ​တော်​ပဲ၊အကို့ကိုကျ​နော်​တခု​ပြောချင်​​နေတာ၊ ခန​လေးပါအကို´´သူက​ပြော​ပြောဆိုဆို ရှင်​လူ့လက်​ကိုဖမ်းဆွဲထားပြီး၊ ``ဒီလိုအကိုရ အကို့ကိုကျ​နော်​​ပြောမှာက ၊အကိုဟာ​လေ နိုင်​ငံ​တော်​သမ္မတကြီးနဲ့ ​တော်​​တော့ကိုတူတာပဲ´´ ``အာ မဟုတ်​တာဗျာ´´``ဟုတ်​ပါတယ်​အကိုရ ၊ တကယ်​ သမ္မတကြီး ဦးသိန်းစိန်​နဲ့တူတာပါ ``​နေစမ်းပါဗျာ စိတ်​ညစ်​ရတဲ့အထဲ ခင်​ဗျားကတ​မှောင့်´´``ကဲပါ အကိုရာ စိတ်​မရှိပါနဲ့ ညီ့ကိုအ​ကြွေ​လေးပါရင်​ တရာ​လောက်​​ပေးခဲ့ပါ ကွမ်းစားချင်​လို့´´
ရှင်​လူလည်း​လေမရှည်​ချင်​​တော့သဖြင့် ​ငွေတရာထုတ်​​ပေးပြီးသူ့​ရှေ့ကအမြန်​လစ်​ခဲ့ရ​ပေါ့ ။ဒီလိုနှင့် ​နေ့တိုင်းလိုလို ပြဇာတ်​မင်းသားကလမ်းထိပ်​မှာ​စောင့်​စောင့်ပြီးလက်​အုပ်​က​လေးချီလို့ ခါး​လေးညွှတ်​ပြီး``သမ္မတကြီး
တရာ​လောက်​´´လုပ်​မြဲလုပ်​​ချေ​ပေါ့။ ရှင်​လူကလည်းတရာ တရာ​လောက်​နဲ့​တော့မ​ပြောပ​လောက်​၊သူကလည်းတရာရရင်​ တရာဖိုး​သောက်​။အိုစ​ကေလို့။ ရှင်​လူ့ခမျာလည်း အိမ်​ကထွက်​ကာနီးရင်​ မှန်​​ရှေ့ရပ်​ရပ်​ပြီးထိပ်​​ပြောင်​​လေးပွတ်​သပ်​လို့``အင်း သူ​ပြောတာလည်းဟုတ်​ချင်​ချင်​ရယ်​´´ ဒီလိုနဲ့ မိတ်​​​ဆွေတချို့ကရှင်​လူ့ကိုကြည့်ကြည့် ပြီး ``ကိုရှင်​လူကြီး ခုတ​လောဘာဖြစ်​​နေလဲဗျ´´``ဘာဖြစ်​လို့လဲ​ဗျ ´´ ``ခင်​ဗျားကြည့်လိုက်​ရင်​အရင်​ကလိုမဟုတ်​ဘူး ၊အမြဲလိုုလို မချိပြုံးကြီးနဲ့´´
ဟိုက်​ ဗု​ဒ္ဓေါ.. ၊ငါဘာဖြစ်​​နေပါလိမ့် ။ကိုယ့်ဘာသာအတန်​တန်​​တွေး​တော့ အ​ဖြေက​ရေး​ရေး ။ ဟို​ခွေးမသား ပြဇာတ်​မင်းသားလက်​ချက်​၊ဒင်းလုပ်​တာနဲ့ ငါ့ကိုယ်​ငါ
​ယုံထင်​ ​ကြောင်​ထင်​။ဒီတိုင်းဆိုမဖြစ်​တော့ဘူး ။ငါ့မျက်​နှာကိုပလပ်​စတစ်​ဆာဂျရီ လုပ်​ရင်​လုပ်​ ၊ မလုပ်​နိုင်​ရင်​​တော့ ငါလည်း သမ္မတ​ဂေါက်​​ကြောင်​​နေပြီ၊ မြတ်​စွာဘုရား ကယ်​​တော်​မူပါ့။

ရှင်​လူ
(နှင်းဆီဖြူဂျာနယ်)

story#observation#shinlhu

shinlhu at 7:07 AM


Friday, July 4, 2025

story

ဖတ်ပြီးတဲ့ စာတအုပ် ဓပုံရိုက်ပြီးတင်လိုက်တယ်
☁  🚁☁️🌞   ☁ 
တလောက ညီကဗျာဆရာနေလအောင်ဆီက ငှားလာတဲ့စာအုပ်လေး ဖတ်ပြီးပါပြီ။
စာအုပ်ဖတ်တာပဲ လူသိအောင်status ရေးတင်နေစရာလား လို့ထင်စရာရှိပါတယ်။ဒီစာအုပ်နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောစရာ အချက်ကလေးတခု ရှိနေလို့ပါပဲ။
ဒီစာအုပ်လေး ဟာ ရေးသားသူ
မန်းငြိမ်းမောင်(ရဲဘော်ရှောင်း)ရဲ့ အထုပ္ပတ္တိတပိုင်းဖြစ်သလို ဖြစ်ရပ်မှန် ကိုယ်တွေ့စွန့်စားခန်း ဝတ္ထုကြီးတပုဒ်လို့ပြောမယ်ဆိုလည်းပြောနိုင်ပါတယ်။ဗိုလ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ပါတီအသီးသီးကနိုင်ငံရေးသမား၊ကျောင်းသား၊ကျောင်းဆရာ၊သတင်းစာဆရာ၊စာရေးဆရာအပါအဝင် စစ်တပ်ထဲက ရဲဘော်များပါမကျန် ကိုကိုးကျွန်းကို ပို့ပြီး စိတ်ပိုင်း/ရုပ်ပိုင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့သမိုင်းတခုပါ။ စာရေးဆရာဗန်းမော်တင်အောင်တို့ မြသန်းတင့်တို့ကအစ လေထီးဦးအုန်းမောင်တို့လို သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေအထိ ကိုကိုကျွန်းကိုအပို့ခံခဲ့ရပါတယ်။အဲဒါကို အဲ့ဒီအချိန်က လူငယ်တယောက်ဖြစ်ခဲ့တဲ့ မန်းငြိမ်းမောင်က မှတ်တမ်းတခုအနေနဲ့ပြန်ရေးခဲ့တာပါ။
ထူးခြားတာက မန်းငြိမ်းမောင်အပါအဝင် ရဲဘော်သုံးယောက်(တယောက်က ကွန်မြူနစ်ပါတီကပါ) လှေတစင်းကို ရရာပစ္စည်းတွေနဲ့လျှို့ဝှက်တည်ဆောက်ပြီး
ကိုကိုးကျွန်းက ထွက်ပြေးခဲ့တဲ့အကြောင်းဟာ သာမာန်လူတွေအဖို့ စိတ်တောင်မကူးရဲလောက်တဲ့ ဖြစ်ရပ်တွေပါ။
ဒီအကြောင်းလေးကို အရင်စစ်အစိုးရလက်ထက် RFA ရေဒီယိုက အခန်းဆက် ထုတ်လွှင့်တော့ ရှင်လူ တဝက်တပျက်နားထောင်ခဲ့ဖူးပါတယ်။
လှေပေါ်မှာ ရေနွေးတည်ပြီး လေထီးဦးအုန်းမောင်တို့ပေးလိုက်တဲ့ ခေါက်ဆွဲခြောက်တွေထည့်ပြုတ်သောက်ခဲ့တဲ့အကြောင်းလေး နားထောင်ဖူးတော့ လေထီးဦးအုန်းမောင်နဲ့တွေ့ခိုက်မှာ ရှင်လူက ဒီအကြောင်းလေး ပြန်မေးလိုက်တဲ့အခါ လေထီးဦးအုန်းမောင်က စိတ်အားထက်သန်တဲ့လေသံနဲ့ "ဟုတ်တယ်လေ၊သူတို့ ပြေးခါနီးနှုတ်ဆက်တော့
သူနဲ့ကျနော် အမှတ်တရ အဝတ်အစားချင်းလဲလှယ်ခဲ့ကြတယ်၊သူ့အဝတ်တွေခုထိကျနော်သိမ်းထားသေးတယ်"တဲ့။ဒီအကြောင်းတော့ မန်း​ငြိမ်းမောင်စာအုပ်ထဲမပါလို့ ရှင်လူကြားခဲ့ရတဲ့အတိုင်း ဣဝံမေသုတံလုပ်လိုက်ပါတယ်။သူတို့နိုင်ငံရေးရဲဘော်တွေချင်းတိုက်ပွဲကြားကချစ်စရာယဥ်ကျေးမှုလေးတခုမို့ရှင်လူ့ရင်မှာကြည်နူးခဲ့တာလေးပါ။ခုတော့ လေထီးဦးအုန်းမောင်လည်းမရှိတော့ပါ။
မှတ်ချက်။ ။လေထီးဦးအုန်းမောင်နဲ့ရှင်လူက တကယ်တော့ပတ်သက်စရာမရှိလှပါ။ဒါပေမယ့် စစ်အစိုးရလက်ထက်
NLD နဲ့လေထီးဦးအုန်းမောင်၊ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့စသူတွေနဲ့ ဆက်သွယ်ရာမှာNLDပါတီကဆက်သားမရှိပါ။လေထီးဦးအုန်းမောင်အိမ်ရှေ့မျက်စောင်းထိုးအဆောက်အဦပေါ်ကထောက်လှမ်းရေးတွေက အချိန်ပြည့်လိုစောင့်ပြီးဓာတ်ပုံတွေ ဗွီဒီယိုတွေရိုက်ယူနေတဲ့အချိန်ပါ။အဲ့ဒီအချိန်မှာ
NLD ပါတီဝင်မဟုတ်တဲ့ရှင်လူ့ကိုNLD ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဥက္ကဋ္ဌ သ္ခင်စိုးမြင့်က ဆီမီးယူဂျီဆိုပြီးဆက်သားအဖြစ်ခိုင်းလို့ အကြိမ်ကြိမ်ဝင်ထွက်ဆက်သွယ်ရင်း ရင်းနှီးခဲ့ဖူးတာပါ။အမှန်တော့ရှင်လူက
နိုင်ငံရေးသမားမဟုတ် မျက်ကန်းတစ္ဆေမကြောက်ကောင်ပါ။
story#observation #shinlhu


Wednesday, July 2, 2025

story

(SATIRE)

နိုင်ငံရေး ဆေးမြီးတို

(ရှင်လူ လက်သရမ်းသည်)

ခုတလော မုန်တိုင်းအရှိန်ကြောင့် မိုးကလေးကလည်း တစိမ့်စိမ့်။ ဇွန်လ ၂၂ ရက်ကတည်းက လျှပ်စစ်မီးကလည်း ပုံမှန်ပြန်ရပြီဆိုတော့ ရှင်လူကြီးအဖို့ သာသာယာယာပေါ့ လို့ ပြောချင်ပြောနိုင်ပါတယ်။
ဒါပေမယ့် လျှပ်စစ်မီးက ပုံမှန်ပြန်လာတာ ရိုးရိုးမလာ၊ ဆတိုးမီတာတွေပါ အဖော်ခေါ်လာခဲ့လေတော့ အချိန်မှန်မှန်လာနေတဲ့မီးကိုပင် ငြိုငြင်စိတ်ထားနဲ့ မုန်းမာန်ပွားရတော့မလိုလို အခြေအနေကြီးက သိန်းတသောင်းခွဲဆုကြီးပေါက်ပြီးမှ အရက်ထဲ အဆိပ်ခတ်ခံလိုက်ရတဲ့လူလို မချိမဆန့် လျှာတစ်လစ်ထွက် သေပြရတော့မလိုချည်းပါလား အရပ်ကတို့ရေ။ အင်း တဖက်ကပြန်ပြီး ဖြေတွေး တွေးရရင်လည်း မီတာခနဲ့ ကုန်စျေးနှုန်းတက်တိုင်းသာ သေရမယ်ဆိုရင် ရှင်လူတို့ ဒူးတင်ပေါင်တင် ရပ်ကွက်ထဲမှာ အသက် ၆၀ ကျော်တဲ့သူတွေ တယောက်မှ ရှိတော့မှာမဟုတ်။ အဲတော့လည်း ဖေ့စဖုတ်ပေါ်မှာ ဆဲနေကြတဲ့
မိတ်ဆွေများ အတွက်လည်း သ်ိပ်ပြီး မပူပင်မိတော့။ ဒီလူတွေ ဒီနေ့ထိ မီတာတက်ပြီးမသေလို့ Status တွေ Commnt တွေ
တင်နိုင်သေးတာပဲလေ။ တခုပဲပြောစရာရှိတာက ဟို မီတာဓားပြတွေသုံးထားသမျှကိုပါ ရှင်လူတို့က ဖြည့်ဆည်းပေးနေရတာကိုတော့ သိပ်ပြီးအစာမကြေချင်။

"ဆရာ ဘာတွေ တွေးငေးနေတာလဲဗျ"

ရှင်လူ အတွေးကောင်းနေတုန်း ခြံထဲ စက်ဘီးတွန်း ဝင်လာတဲ့ တပည့်ကျော် ပကိဏ်းလူအသံကြောင့် ရှင်လူ သူ့ကိုမော့ကြည့်လိုက်ရင်း

"ဒီလိုပါပဲကွာ၊ တောင်တွေး မြောက်တွေးပေါ့"

"အဲဒါဆို နောက်ထပ်ဆက်တွေးစရာတွေကျနော့မှာပါလာလို့ အတော်ပဲ"

"မင်း မျက်ခွက်ကြီးမြင်ကတည်းကသိပါတယ်ကွာ၊ ဆရာကြီးရွှေဥဒေါင်းပြောသလို၊ငါတို့မြန်မာတွေက သေမလား၊ တွေးမလားဆို
တွေးတော့မတွေးချင်ဘူး အသေသာခံသွားမယ်ဆိုတာ၊ မင်းလည်း တူတူပဲ"

"ဒီလိုတော့ မနှိပ်ကွပ်ပါနဲ့ ဆရာရယ်၊ ဆရာ့ကို ဆရာတင်ထားမှတော့ အရာရာ ဆရာရှင်းပြမှ ဆရာ့တာဝန်"

"ဟယောင် တော်တော့၊ မင်း လုပ်တာနဲ့ ငါ့ကိုယ်ငါတာင် ထိုင်ရှိခိုးချင်လာပြီ၊ ပြောစမ်းပါအုံး မင်းကိစ္စက"

"ကျနော့်ကိစ္စရယ်လို့ မဟုတ်ပါဘူးဆရာရယ်၊ တလောတုန်းက သတင်းစာမှာပါတဲ့ သတင်းတခုအကြောင်းမေးချင်လို့ပါ"

"ပြော..ဘာသတင်းလဲ"

"ရုံးတက်တဲ့အခါ တရားသူကြီးတွေ ကျမ်းကျိန်ရမယ်လို့ လွှတ်တော်ကဆုံး ဖြတ်သတဲ့၊ အဲဒါ.. မကောင်းဘူးလား"

"ကောင်းမကောင်းထက် လိုအပ် မလိုအပ် မေးရင်ပိုရှင်းမယ်"

"ဗျာ"

"မဗျာနဲ့လေ ၊တရားသူကြီးပါ ဆိုမှ သူ့ကိုယ်သူ ကျနော်ကဘုရားစူး မိုးကြိုးပစ် တရားသူကြီးပါခင်ဗျာ လို့ ဇာတ်ကသလို ရွတ်ဆိုနေဖို့ လိုသေးသလား"

"အမ်..ဒါဆို လွှတ်တော်က ဘာလို့"

"အေး ..လွှတ်တော်ကလည်း တခြားနည်းလမ်း မတွေ့လို့၊ ဒါမှမဟုတ် မလုပ်နိုင်သေးလို့ လတ်တလောကောက်လုပ်လိုက်ရတာပဲ"

"ခင်ဗျာ..ဆရာပြောတာ ကျနော်သိတ်မရှင်းသေးဘူး"

"အင်း..မင်း ပုဂံညှပ်ကြီး အကြောင်းကြားဖူးသလား"

"ငယ်ငယ်ကတော့ လူကြီးတွေပြောတာကြားဖူးပါတယ်"

"အလောင်းစည်သူ လက်ထက်မှာ ပေါ့ကွာ၊ နတ်တွေစောင့်ရှောက်တဲ့ ညှပ်ကြီးဆိုတာ ပေါ်ပေါက်ခဲ့ဖူးသတဲ့၊အဲဒါ အငြင်းပွားတဲ့ မှုခင်းတွေဘာတွေဖြစ်ရင် တရားလိုတရားခံ နှစ်ယောက်စလုံး ညှပ်ကြီးထဲ
လက်ထည့်ပြီး သစ္စာဆိုရသတဲ့၊ အဲဒါ လိမ်လည်ထွက်ဆိုတဲ့ လူရဲ့လက်ကိုညှပ်ကြီးက ဖြတ်ပစ်သတဲ့"

"အင်း..ဒါလည်း ကောင်းတာပဲ"

"ဘာ..ကောင်းတာလဲ၊ ဖိုးသူတော် ရွှေလိမ်တဲ့အမှုမှာ ညှပ်ကြီးသိက္ခာကျတာပဲ၊ မင်းလည်းကြားဖူးမှာပေါ့"

"ဟုတ်ကဲ့..ကြားဖူးပေမယ့် မေ့တေ့တေ့ရယ်.."

"အေး..တနေ့မှာ မယ်သူတော်တပါးဟာ ဖိုးသူတော်ဆီမှာ လက်စွပ်တကွင်း အပ်ထားတာကို ပြန်တာင်းတော့ ဖိုးသူတော်က မအပ်ပါဘူးဆိုပြီး ဗြောင်လိမ်တဲ့အမှု"

"ဟုတ်ကဲ့...ရေးတေးတေးတော့သတိရပြီ.."

"အေး အဲဒါ ဖိုးသူတော်ညှပ်ကြီးထဲလက်ထည့်ကျိန်ခါနီးတော့ မယ်သူတော်ကို ရော့ ငါ့တောင်ဝှေးခဏကိုင်ထားဆိုပြီး ပေးပြီးမှကျွန်ုပ်သည်သူ၏လက်စွပ်ကို သူ့အားပြန်ပေးပြီးပါပြီ လို့ကျိန်ဆိုသတဲ့။
ခုနတောင်ဝှေးထဲမှာမယ်သူတော်လက်စွပ်ကို ထည့်ထားတာဆိုတော့ ဥပဒေကြောင်းအရ မှန်နေပြီလေ၊ဒီတော့ ညှပ်ကြီးလည်းဟတ်ကော့ကြီးဖြစ်ပြီး ဖိုးသူတော်ကိုမညှပ်နိုင်တော့ဘူး၊ဒီတော့မှ ဖိုးသူတော်က တွေ့ပလားဆိုတဲ့အထာနဲ့ ပေးပေး ငါ့တောင်ဝှေးဆိုပြီး လစ်ကရော"

"အင်း...မတရားလိုက်တာ"

"အေး..တရားဥပဒေကတော့ ညှပ်ကြီးအတိုင်းပဲ၊ဒီနေရာမှာ ရှေ့နေတို့ တရားသူကြီးတို့ ရဲတို့ရဲ့ အရေးပါမှုလိုအပ်လာတယ်"

"အင်း..အဲ့ပုဂ္ဂိုလ်တွေပါလာရင်တော့ ဖိုးသူတော်တော့ နောက်ထပ် ဖိုတွမ်တီးနဲ့ လက်နှစ်ဘက်လုံးဂွိသွားနိုင်တယ်၊ ဒါကြောင့် တရားသူကြီးတွေ ကိုကျမ်းကျိန် ခိုင်း...ခိုင်း"

"တော်တော့...ဒီကျမ်းကျိန်တာကြီး"

္လ"ဗျာ......"

"ဖိုးသူတော်လည်း ကျိန်ခဲ့တာပဲ.."

"လွတ်လပ်တဲ့ တရားစီရင်ရေးလည်းဖြစ်ဖို့လိုတယ် ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယာဆိုတဲ့အဂတိလေးပါးဟာ ပြောရရင်အကျယ်ကြီးပဲ၊ ဒါပေမယ့် ဒီနေရာမှာ အတိုချုပ်ပြောရရင် အဲဒီ အဂတိတွေနဲ့ လွတ်တဲ့နေ
ရာ ငါတို့ဆီမှာ ဘယ်လောက်များများရှိသလဲ၊ ဘာလို့ နေရာတကာမှာ အဂတိတွေများပြီး တရားဥပဒေမထွန်းကားသလဲ"

"အင်း..ဆရာပြောလိုက်မှ တနိုင်ငံလုံး ကျမ်းကျိန် ရမလိုဖြစ်နေပြီ..."

"သေချာတာပေါ့ကွ၊ အပါယ် ၄ ရွာ၊ ဒီဃာယုနတ်၊ ဖြစ်လတ်ပစ္စန်၊ ဉာဏ်မရှိသား၊ ဉာဏ်ရှိသားလည်း ဘုရားမပွင့်ဖြစ်လတ္တံ့တဲ့"

"ဘာလဲ..ဆရာ့ဟာက..."

"အပါယ်လေးရွာကတော့ မင်းသိပြီးသားပါ၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊အသူရကာယ်၊ ဒီဃာယုနတ်ဆိုတာက အသက်မတရားရှည်တဲ့ဗြဟ္မာကြီးတွေကိုပြောတာ၊ ပစ္စန္နရာစ်ဆိုတာကတော့ စစ်ပွဲတွေကြောင့် ပြိုကွဲပျက်စီးနေတဲ့ နေရာတွေပေါ့ကွာ။ 
အေး အပါယ်ဘုံသားတွေကလည်း အပြစ်ဒဏ်ခံနေကြရလို့ ဘုရားပွင့်ပေမယ့်ဘုရားတရားနဲ့လွဲခဲ့တယ်၊ အသက်မတရားရှည်တဲ့နတ်ဗြဟ္မာတွေကလည်း ရှည်လျှားလှတဲ့ စည်းစိမ်ချမ်းသာကြောင့် အနိစ္စ အနတ္တကိုမမြင်၊ ပစ္စန္နရာစ်ကျတော့လည်း ဒီလောက် သတ်ဖြတ်လုယက်
ဒဏ်ရာအနာတရတွေဖြစ်၊ ငတ်မွတ်ခေါင်းပါးနေကြတာ ဘုရားပွင့်တာနဲ့ကြုံတောင်မှ ဘုရားတရားနဲ့မတွေ့နိုင် ကြဘူး၊ အကုသိုလ် တုံးတွေဆိုပါတော့ကွာ"

"အဲ့ဒီ ဘုရားတရားနဲ့ တရားဥပဒေနဲ့က ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ကွာ ဒုစရိုက် ၁၀ ပါးကိုအကြောင်းပြုပြီးမှ ဥပဒေတို့ဘာတို့ရေးထားရတာ"

"ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့တရားစီရင်ရေး ဆိုတဲ့အာဏာသုံးရပ် အပြန်အလှန်ထိန်းညှိ ရတဲ့ ဒီမိုကရေစီစံနစ်ထဲမှာ အဲဒီသုံးခု လွတ်လွတ်လပ်လပ်ရှိပြီး အပြန်အလှန်ထိန်းညှိနိုင်မှ အဲ့ဒီလူ့အဖွဲ့အစည်း တည်ငြိမ်မှာ"

"အခု သမ္မတရုံးက အောင်ရဲထွေး အမှုတို့၊ လတ်တလော Victoria. အမှုတို့မှာ ထိန်းညှိပေးနေခဲ့တယ်မဟုတ်လား..."

"အေး..ဒါလည်း ဥပမာအနေနဲ့ ပြောလို့ရတယ်..…၊ဒါပေမယ့် လက်တွေ့မဆောင်ရွက်နိုင်တဲ့ကိစ္စတွေ အများကြီးရှိနေသေးတယ် ...."

"ဘာတွေများလည်းဆရာ"

"တရုပ်စာရေးဆရာကြီး လူးရွှန်းရဲ့စကားနဲ့ပြောရရင် တော်လှန်ရေးသမားက တန်ပြန်တော်လှန်ရေးသမားကိုသတ်တယ်၊ တန်ပြန်တော်လှန်ရေးသမားက တော်လှန်ရေးသမားကို သတ်တယ်၊ မတော်လှန်ရေးသမားကျတော့ တော်လှန်ရေးသမားကရော တန်ပြန်တော်လှန်ရေးသမားကပါသတ်တယ်..တဲ့၊ တို့ မြန်မာစကားပုံနဲ့ပြောရရင်တော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေဇာပင်၊ နီးရာဓားကြောက်ရတဲ့ ပြည်သူတွေပေါ့ကွာ"

"အင်း..ဒါနဲ့ဆရာရယ်၊ခုကိစ္စနဲ့ တရားသူကြီးကိစ္စနဲ့က ဘာဆိုင်လို့လဲ"

"သြော်..ဒီပကိဏ်း ငတုံးနဲ့ကတော့ ပြောရတာ မောပ ကွာ၊ ဟယောင်ရ ရပ်ရွာအုပ်ချုပ်တဲ့ သူတွေတောင် ဘယာအဂတိကြောင့် ကြောက်လန့်ပြီး အစုလိုက် အပြုံလိုက်နှုတ်ထွက်စာတင်နေတာ ၊ တရားသူကြီးတို့ဘာတို့က နင့်အမေ့လင်အားကိုးရှိလို့လားဟ..."

"တိန်..! လစ်တာပဲကောင်းတယ် ၊ဒေါသအဂတိလာပြီ"

ရှင်လူ
story#observation #shinlhu


story

နှစ်လနာရီ ရာသီတွေပြောင်း😀😬😁🤓😎🤑😛🤪     
             ဒီနေ့ ရှင်လူ့ fb -Memo မှာ,
"တရဲနှစ်ကောင်"ဆိုတဲ့ ပို့စ်တခုပြန်တက်လာတယ်။ ပို့စ်ရဲ့Date က 2018,Jan 1 ဆိုတော့ ၇ နှစ်ကြာခဲ့ပြီ။ အကြောင်းအရာက ဖွေးဖွေးသိမ့်နဲ့ ရှင်လူ သရဲလုပ်တမ်းကစားခဲ့တဲ့ပုံတွေ။ အဲ့တုန်းက ဖွေးအသက်ကိုတွက်ရင် သူမွေးတာ 2014, Oct ဆိုတော့ 2018 ,Octမှ ၄ နှစ်ပြည့်မှာ ။ခု Jul,1 ဆိုတော့ ၃နှစ်နဲ့ ၉ လသမီးပဲရှိသေးတယ်။ဒါပေမယ့် ဖွေးတို့ သရုပ်ဆောင်ပုံက Mood အပြည့်။သူမို့ ဒီ တရဲရုပ်ကြီးကိုလုပ်တတ်ပေတယ်။ရှင်လူကြီးတောင်သူ့ကိုမမီ(ချောတဲ့ရုပ်ကမပြောင်း-ပါရမီနည်းတာပြောပါတယ်)။ ဟောခုတော့ ဒီနေ့ ဖွေးအမေ ငမိုးရိပ်က
"ရှင်လူ ဖွေးဖွေးစာလုပ်နေတဲ့ပုံ ရိုက်ပြီး ပို့လိုက်ပါအုံး သူ့အဖေသိအောင်လို့ ဆိုတာနဲ့ ၁၁ နှစ်ထဲဝင်လာတဲ့ ဖွေးပုံတရားဝင်ရိုက်ခွင့်ရခဲ့တယ်။
အဲဒါနဲ့ ဖွေးငယ်စဥ် ရှင်လူနဲ့တရဲ လုပ်တန်းကစားနေတဲ့ပုံတွေနဲ့ လက်ရှိ ပုံပါ အမှတ်တရ တင်လိုက်တယ်။
story#observation #shinlhu