Monday, April 29, 2019

သရော်စာ

( SA T I R E ) သရော်စာ

"ပူးပစ်လိုက်မယ် သတိထား"

ကလေးတို့ရေ...
ဟိုးရှေးရှေး တုန်းက ကမ္ဘာပေါ်မှာ ဖေ့စဘုတ် တပ်မတော်ကြီးရှိသတဲ့ကွယ်။
ဖေ့စဘုတ်တပ်မတော်ဆိုတာ သာမာန်ကန့်သတ်ထားတဲ့ ဧရိယာတခုချင်းစီအတွင်းက ပုဂ္ဂလဆန်ဆန် တပ်မတော်မျိုးမဟုတ်ပဲ Universal Army ခေါ် ကမ္ဘာ့ပြည်သူအားလုံးရဲ့ တပ်မတော်ကြီးပေါ့ကွယ်။ ကမ္ဘာပေါ်က ဧရိယာအကန့်အသတ်ရှိတဲ့ တပ်မတော်မျိုးက တချို့အာဏာရှင်တွေရဲ့ လက်ကိုင်ဒုတ်တပ်မတော်တွေဖြစ်နေတတ်သလို တချို့ ဓနအင်အားတောင့်တင်းသူတွေရဲ့ ခါးပိုက်ဆောင် အာမီလည်းဖြစ်နေတတ်သကွယ့်။ အာ့ကြောင့် ဖေ့စဘုတ် အာမီကြီးပေါ်လာတဲ့အခါ လူ ဘုန်းကြီး
မယ်သီလရှင် မကျန် တောင်သူလယ်လုပ် ဓားမခုတ် အစ ဒရိုင်ဘာ ပန်းရံ လက်သမား ဆိုက္ကားမာစတာများအထိ ရဟန်းရှင်လူပြည်သူတွေရဲ့ တပ်မတော်ကြီးဖြစ်လာတာပေါ့ကွယ်...။
နောင်တချိန် ကလေးများကိုပုံပြောတဲ့အခါ ပြောပြရမယ့် နိဒါန်းတချို့ကို ရှင်လူကြီးစဉ်းစားနေမိခြင်းပါ။ ရှင်လူကြီးတို့ ဗလုံးရှုပ်ထွေး ကမ္ဘာကြီးကား ယေဘုယျအားဖြင့်အကျိုးစီးပွားချင်း ဆန့်ကျင်နေတဲ့ လူအုပ်စုကြီးနှစ်စု ကွဲပြားနေပါတယ်။ တစုက ဟိုတယ်ဆောက်ရင် တစုက လက်ငုတ်လယ်ပျောက်သလို၊ တစုက လမ်းသစ်ဖောက်ရင် တစုက ဘုရားကျောင်း သိမ်ဇရပ်ပါပျောက်လို့ မျိုးပါတုံးရမယ့် အန္ဒရာယ်များလည်းကြုံနေရပေါ့။ ဒါကို သူတို့ခေတ် ဝေါဟာရအရ Infrastructure လို့ခေါ်ကြပေါ့။ အလုပ်ကိစ္စတခုပေါ်လာရင် ကျွမ်းကျင်ပညာရှင် ဆိုသူတွေက ဒီလမ်းကြီးဖောက်လိုက်ရင် ဒီဒေသတခုလုံး ရွှေမိုးငွေမိုးပဲရွာချတော့မလို ပြောတတ်ကြပြီး တချို့ပညာရှင်တွေက ကပ်ကြီးသုံးပါးဆိုက်တော့မယောင် ဒီဘိတ်တွေလုပ်နေကြတော့ ကြားက ခံစားနားဆင် သောတရှင်တွေခမျာမှာ ညီနောင်ချင်း ၊သားအဖချင်းတွေပင် တုတ်တပျက် ဓားတပျက် သိုင်းကွက်အသစ်တွေ ထွင်ပြီးရင်းထွင်နေကြရလေပြီ။ ခုတော့ ရှင်လူတို့ဒူးတင်ပေါင်တင် ရပ်ဝန်းကြီးမှာလည်း ဗလုံးရှုပ်ထွေးကမ္ဘာကြီးရဲ့ Globel Problem တွေရဲ့လှိုင်းအရိုက်ခံရမှုကြောင့် တနေ့တနေ့ အေးအေးလူလူ မနေနိုင်ကြပဲ၊ တယောက်နဲ့တယောက် ဆဲရေးလိုက်၊ ရရာနဲ့ထချလိုက်နဲ့ တဂိုးဂိုးတဂွပ်ဂွပ် ရက်ပ်ဂီတသံစဉ်တွေ သောသောညံလို့နေချေပြီ။
လတ်တလောမှာ မြစ်ဆုံ မြစ်ဆုံနဲ့ မြစ်ဆုံပြဿနာက အညွှန်းကိန်းမှာထိပ်ဆုံးရောက်နေပြီး ခြေဥပြဿနာက ဒုတိယနေရာရောက်နေပေါ့။ သုခမိန်တချို့က မြစ်ဆုံကိုရွေးဖို့ One man one dollar ကမ်ပိန်းစလိုက်ချိန်မှာ တချို့ကယိုသမျှချေး ပုစွန်ခေါင်းအစုမခံနိုင် ဆိုသူတွေက မြစ်ဆုံကို ကွမ်းယာဝါးသလို ဝါးသွားခဲ့သူ များကို အကြီးအကျယ် ကျိန်စာတိုက်ဆဲရေးလေပြီ။
ကာဒီနယ် ဘုန်းတော်ကြီးတပါးကလည်း သူ့ဒေသ သူ့ချာခ့်ျကျောင်း Under Water City ဖြစ်မယ့်အရေး လက်မခံနိုင်သလို၊ ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံ မြန့်မာ့စပါးအုံးမြွေ ကြီးကလည်း ငယ်စဉ်က တရင်းတနှီး ယဉ်ပါးခဲ့ရာ ဇာတိမြေကို နှမြောတသ ကာကွယ်လိုတဲ့အသံတွေလည်း ပျံ့ နှံ့နေပါဘိ။
ဒီအချိန်မှာ မြစ်ဆုံဆည်ကိုတည်ဆောက်လိုသူတွေရဲ့ သတိပေးချက် က
ရှင်လူတို့ ဒူးတင်ပေါင်တင်ရပ်ဝန်းကို အရေးတကြီးအခြေအနေတရပ်အဖြစ်တွန်းပို့နေပေါ့။ မြစ်ဆုံစီမံကိန်းကိုဖျက်ရင် ဒေါ်လာသန်း ၈၀၀ လျှော်ကြေးပေးရမယ်။
မြစ်ဆုံကိုဆက်လုပ်ခွင့်ရလို့ အားလုံးပြီးရင် ဒေါ်လာ သန်း၅၀၀ နှစ်စဉ် အခွန်ရမယ်။ အဲ့ဒီအချက် နှစ်ချက်ကို မလုပ်ပဲ မြွေမသေ ဒုတ်မကျိုး အိယောင်အိယောင်လုပ်နေပါက ဝတို့ကုမ္ပဏီတွေ ကတင်ရှိနေတဲ့
အလုံးအရင်း ချေးငွေတွေရဲ့အတိုး ဒေါ်လာသန်း ၅၀ ကိုသူတို့ကိုယ်စား ရှင်လူတို့က နှစ်စဉ်ဆပ်ပေးရမယ်။ အင်း..ဝတို့ပြောလည်းပြောစရာလေ။ သူတို့က ပေးကမ်း လမ်းဖောက်လို့ အပင်းဆို့သူတွေကဆို့ထားပြီ၊ ဆက်မလုပ်ရပဲ ဆိုင်းငံနေလို့ အတိုးတွေတက်နေတော့ ဘယ်အမေ့လင်ကမှ တာဝန်မယူဘူးဆိုရင် ဝတို့ စိတ်ဆိုးတာလည်း မမှားဘူးပေါ့။ ခုတော့
မေမေ့ ကိုအပြစ်ပုံချသူတွေကလည်း အစကတော့ ဧရာမြစ်ရေအဟုန်ရပ်တန့်သွားရင် ဆားငံရေတွေဝင်လာမှာကိုမေမေစိုးရိမ်ပြီး လက်မခံခဲ့တဲ့ကိစ္စကို မေမေက ခုတမျိုးပြောပြန်ပြီတဲ့။ အင်း..မေမေလည်းရှာရဖွေရတာ အဆင်မပြေတော့ ရှင်လူတို့ရပ်ကွက်ထဲကမေမေများနည်းတူ ခေါင်းစားနေပုံရပါတယ်။
ပြဿနာအားလုံးမှာ ဘက်နှစ်ဖက်ရဲ့ဒီဘိတ်တွေကိုရှင်လူလေ့လာနေတတုန်း Plan a နဲ့ b အပြင် နောက်ထပ်ဝင်လာတဲ့ Plan c က ရှင်လူ့မျက်စိကို ပြူးသွားစေခဲ့ပါတယ်။ အင်း C Plus တပုလင်းလုံးကို အသက်အောင့်ပြီးမော့ချလိုက်ရသလိုလန်းဆန်းပါဘိ။
သူ့အဆိုက ဧရာဝတီက မြန်မာပိုင်ဆိုတော့ Civil Work Contract Law အရ Owner ပါဘဲ တဲ့ ဆည်ကမတည်ဆောက်ရသေးဘူး။ 
နောက်ဆုံးနိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရရင် Technical နည်းကျန်ဦးမယ်။
Technical ပိုင်းဆိုင်ရာဖြစ်တဲ့ Environmental, dam safety, construction methods & design, ------- စသည် စသည် စသဖြင့် အခြားဆိုင်ရာတွေအများကြီး ညှိနိုင်းရမယ် ရေးဆွဲရမယ် owner ကိုတင်ပြရမယ် owner က လိုအပ်ချက်တွေ မပြည့်စုံသ၍ main contractor
subcontractor ဆိုတာ အလုပ်စလုပ်လို့မရဘူး။ ဒါက international FIDIC civil contract law ပါဘဲ။ Civil work မှာ International contract law ကို ဘယ် contract မှ ကျော်လို့မရဘူး။ ဒီအချက်တွေကို ပြည့်စုံအောင်မလုပ်ပေးနိုင်ရရင် နိုင်ငံတကာ တရားရုံးမှာရှင်းနိုင်ပါတယ်။
ဆိုလိုတာက ဧရာဝတီကြီးကို ကိုယ့်အမွေအနှစ်ပါဆိုပြီးပြောနေတာထက် နည်းပညာအရမဆောက်သင့်တဲ့အချက်တွေက ပိုခိုင်မာစေပါတယ်။
မြစ်ဆုံကိုပြန်စချင်တယ်ဆိုတာနဲ့မရပါ။ နည်းပညာအရ လေ့လာထားမှုတွေ တည်ဆောက်မှုဆိုင်ရာနည်းစနစ်တွေ ------ ---- တွေ owner ကိုတင်ပြရပါမယ်။
မတည်ဆောက်မီ တင်ပြစရာမြောက်များစွာ လုပ်ရမဲ့အလုပ်တွေလုပ်ပြီးမှအားလုံးတင်ပြရပါမယ်။ တင်ပြသမျှ တရားဝင်ဖွဲ့စည်းထားရမဲ့ သက်ဆိုင်ရာ နည်းပညာရှင်တွေ ကနိုင်ငံတကာ စံနုံးဖြစ်မဖြစ်စီစစ်ရဦးမယ်။
လိုအပ်ရင်နိုင်ငံတကာ ပညာရှင်တွေနဲ့ အတူ စဉ်းစားဆုံးဖြတ်ရမယ်။ 
သေချာတာတစ်ခုက နည်းပညာအရ မဖြစ်နိုင်တာဘဲ။ နည်းပညာအရဖြစ်အောင်လုပ်မယ်ဆိုတောင် ကုန်ကျမှုကိုဖြစ်နိုင်မလား??
သူတို့က သာမန် ဆည်တစ်ခု ဆောက်သလောက် ကုန်ကျမယ်ထင်ကောင်းထင်မယ်။ သာမန်နည်းပညာနဲ့လုပ်ချင်လုပ်ပြီး ကုန်ကျမှုကို တွက်ထားနိုင်တယ်။ ဒီ dam က Mega dam ဖြစ်ပါတယ်။ နည်းပညာ ပေါင်းစုံမြင့်မားစွာလိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေအားလုံးမဖြည့်ဆီးနိုင်ရင် civil work contract law အရ ပြန်စပိုင်ခွင့်မရှိပါ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ပြန်ရွှေးစရာမလိုတဲ့အပြင် civil work contract law အရ ပြန်လည်ချေပသင့်ပါကြောင်း တဲ့ဗျာ။
အင်း...ခုအခါမှာ ဖေ့စဘုတ်မီဒီယာတွင်မက အပူးအကပ်မီဒီယာတွေလည်းခေတ်စားနေတာမို့ မုဒိမ်းကျင့် လူသတ်အလောင်းဖျောက်တဲ့ငနဲတွေတောင် ပြေးမလွတ်တော့ပါဘူး။ လတ်တလောခေတ်စားနေတဲ့ ကျောက်စိမ်းဖိနပ်စက်ရုံက မမြမြရဲ့ဝိညာဉ်ပူးဗီဒီယိုက သက်ဆိုင်ရာကိုဖိအားတွေပေးနေပါပြီ။
ဒါကြောင့်..ရှင်လူကြီး သတိပေးတာပါ...
ပူးပစ်လိုက်မယ်သတိထား..လို့..

(စာကိုး)
Engr.Dr.Yu Maung
PE_0038(Geo)
PE_0525(MN),ACPE_00564(Civil)
Yu Maung ရဲ့ Facebook Page
ကို ကိုးကားပါတယ်..
ရှင်လူ

Tuesday, April 23, 2019

သရော်စာ

SATIRE (သရော်စာ)

"များလေ ကောင်းလေပါ ဗိုလ်ချုပ်"
ရှင်လူ

ရှင်လူတို့ ဗလုံးရှုပ်ထွေးကမ္ဘာကြီးကား အလွန်ထူးဆန်းပေစွ။
တနေ့တနေ့ Globel ကိစ္စ သတင်းပလင်းတွေကြည့်မိတိုင်း ရှင်လူကြီးမှာ "ဟာ...ဟင်..ဟယ်..အို.."အာမေဋိတ်တွေဖြစ်ရလွန်းလို့ ရှင်လူ့ နဖူး အရစ်များပင် ကန့်လန့်က ဒေါင်လိုက်ဖြစ်လို့! ! ! Exclamation mark တွေဖြစ်ကုန်ချေပြီ။ ခုလည်းကြည့်ပါဦး..ရှင်လူတို့ ထင်ရာစိုင်းမြို့နယ်ထဲမှာ ဗိုလ်ချုပ်ရုပ်တုလုပ်တာ နှစ်ဂိုဏ်းကွဲပြီး ရုပ်တုနှစ်ခုဖြစ်သွားသတဲ့။

မြို့တော်ပန်းခြံထဲမှာ ဗိုလ်ချုပ်တယောက်က လူတွေကို လက်ပြနေတဲ့အခိုက် တခြားဗိုလ်ချုပ်တယောက်က ဂျပန်ခေတ်စစ်ယူနီဖောင်းနဲ့ မြင်းစီးထွက်ခဲ့ပေါ့။ အဲဒီပန်းခြံထဲမရောက်ခင်ကတော့ ဗိုလ်ချုပ်နှစ်ယောက်လုံး ကားပေါ်တက်ပြီး မီးရောင်စုံဆလိုက်တွေနဲ့ အလှူခံထွက်ခဲ့ကြရပေသကိုး။
ဒါပေမယ့်တခုကံကောင်းတာကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှစ်ခုလုံး လက်ရာအချိုးစားကျတော့တော်သေးတာပေါ့၊
တချို့နယ်ကဗိုလ်ချုပ်ဆို ပုကွပိန်လှီပြီး အပေါ်ကလောင်းကုတ်ဝတ်ပေးထားတော့မြင်ရသူတွေက အလေးမပြုတဲ့အပြင် ရိုက်ချိုးခံခဲ့ရတဲ့အဖြစ်တွေကလည်းရှိခဲ့သေးကိုး။ ခုတလောခေတ်စားနေတဲ့ ဗွီဒီယို
ုဖိုင်တခုက ရှင်လူ့ကို Exclamation mark တခုထပ်တိုးစေပြန်ရောခင်မျ။

မြေမနင်းကိုယ်တော်တဲ့ ။ ဆရာဘုန်းကြီးက ရေချိုးဖို့သွားတာ ဒီတိုင်းရိုးရိုးမကြွပဲ Human Escalator စီးပြီး ဒယကာ ဒါယိကာမတွေကျောကုန်းပေါ်ကကြွသတဲ့။
နောက်တနေရာမှာလည်း ဆရာတော်က ရေကသိုင်းကျင့်နေလိုက်တာ ကျောင်းက အုတ်ကန်ထဲ သင်္ကန်းဖိုသီဖပ်သီနဲ့ ပက်လက်လှန်ပြီး မျောကျင့်နေတာကို လူဒယကာ ဒါယိကာမတွေက ကြည်ညိုပူဇော်နေလိုက်တာသောက်သောက်လဲ။ 
နောက်သတင်းတခုကတော့ အတော်ကြီးစိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျ။ မူးယစ်ဆေး လောကမှာ ကလေးတွေကော်ရှူတယ်ဆိုတာတော့ ကြားဖူးနေတာကြာပါပြီ။ ရှင်လူကြီးကိုယ်တိုင်တခါလောက်တော့ ရှူကြည့်အုံးမယ်စိတ်ကူးထားတာ ကော်ဗူးတံဆိပ်မသိသေးတာနဲ့ ခုထိမရှူရသေးဘူး။ အဲ့ဒီကော်ထက်ပိုမူးပြီးလတ်တလောနာမည်ကြီး နေတာကတော့ ပိုက်ဆံမရှိတဲ့ဆေးသမားတွေက အမှိုက်ပုံတွေက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ကောက်ပြီးပြုတ်သောက်သတဲ့။ဗုဒ္ဓေါ...ဒါတော့ တံဆိပ်လည်းမသိပါရစေနဲ့...ဝေါ့..၊ ဘယ်လောက်များ ဖီးလ်လည်းတော့တိဝူး။ ရှင်လူကြီးတခုစိုးရိမ်သွားမိတာက နောက်ဆို ဒီငနဲတွေကုန်ကြမ်းရှားပါးလာရင် ဈေးတွေ ရုံးတွေမှာဟိုဒင်း..ဟိုဟာဖြစ်နေတဲ့အမျိုးသမီးတွေကိုအင်အားသုံးပြီးလုယက်ကုန်မှာစိုးတာပဲ။

"ရှင်လူကြီး..ဗျိုး.. ရှင်လူကြီး"
ရှင်လူကြီး..အတွေးကောင်းနေတုန်း အိမ်ရှေ့ကအော်သံကြာင့် ထကြည့်လိုက်တော့..ရှင်လူ့ညာလက်ရုံးတပည့်ကြီး ပကိဏ်းလူဖြစ်နေတယ်။
"ဟယောင်ရ..ဘာတွေဖြစ်နေတာလဲ၊ အလန့်တကြား" ဆိုတော့
"အာ..မြို့တော်ပန်းခြံထဲမှာ..ပြ...ပြဿနာဖြစ်နေပြီဗျ"
"ဟေ..ဘာတွေဖြစ်ကုန်ပလဲ၊ပြောစမ်းပါအုံး"
"တမြို့လုံးကလူတွေပန်းခြံထဲရောက်ကုန်ပြီ"
"ဟေ...ဆန္ဒပြကြတာလား"
"ဘယ်ကလာဆန္ဒပြရမှာလည်း ဆရာရယ်၊
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် အရူးမကတက်စီးနေလို့ဗျ"
"ဟေ..ရဲတို့..မီးသတ်တို့ စည်ပင်တို့မရှိကြဘူးလား"
"အားလုံး ရှိပါ့ဆရာရယ်၊ဒါပေမယ့်၊ရှေ့ဖက်ကခေါ်ရင်နောက်ဖက်၊နောက်ကခေါ်ရင်ရှေ့ဖက် ဗိုလ်ချုပ်ကိုကျော်ခွပြီးတွယ်ကပ်နေတာ၊ဘယ်လိုမှမရဘူး၊ဗိုလ်ချုပ်ခါးကဂျပန်ဓားနဲ့တောင်လူတွေကိုပြန်ခြိမ်းခြောက်နေသေးတယ်"
ဖြစ်စဉ်ကိုနားထောင်ရင်း ရှင်လူ့ခေါင်းထဲ လက်ခနဲ အကြံတခုဝင်လာတာမို့
"ကဲ...တပည့်ရေ၊ ငါတို့အမြန်သွားစို့" ဆိုပြီး
Mountain ဘီးလေးတက်ခွကာ မြို့တော်ပန်းခြံရှိရာဒုန်းစိုင်းခဲ့ပေါ့။
ဟိုရောက်တော့သက်ဆိုင်ရာပုဂ္ဂိုလ်များ ခေါက်လှေခါးကြီးတကိုင်ကိုင်နဲ့ ဗိုလ်ချုပ်ကိုပတ်လည်လှည့်နေကြပေမယ့် မော်ဒယ်မမက ဗိုလ်ချုပ်ခါးကို နောက်ကတအားဖက်ပြီး ပါးစပ်က "ဒက်ဂလောက်..ဒက်ဂလောက်၊ ရွှေဘိုမြင်းရယ်လေ..ခွာသံလျှာသံ ပြင်းတယ်လေးလေ့" လုပ်နေဆဲ။
"ဟိတ်.." ရှင်လူက အာဏာရှင်အသံမျိုးနဲ့ သူ့ကိုလှမ်းဟန့်လိုက်တော့
"အမ်မယ်..ဘယ်အရူးလဲ၊ ငါ့ကိုပြောင်းဖူးသည်များမှတ်နေသလား"
ဗုဒ္ဓေါ...ရှင့်လူ့အာဏာစက်ကို အရူးတောင်မကြောက်ပါချေ။
ဒီတခါ..ဗျူဟာပြောင်းမှ...
"မှားနေပြီ နှမတော်၊ ဒါကရှေ့တန်းကိုသွားမယ့်မြင်းကွဲ့"
"ဟင်...ဟုတ်လား"
သူ့လေသံပျော့သွားပုံထောက်တော့ရှင်လူ့အကွက်ထဲဝင်လာပြီမို့
"ဟုတ်ပ နှမတော်၊ ဒီမြင်းနဲ့လိုက်သွားရင်နှမတော်ရဲ့ ရွှေအသက်တော်လေး သေနတ်မှန်ပြီး ကံတော်ကုန်လိမ့်မကွယ့်"
"ဟလား...မီးမီးကြောက်ကြောက်"
"ဟိုးမှာကြည့်လိုက်စမ်း..နှမတော်လေးကို
အဲကွန်းဘတ်စ်နဲ့ခေါ်ဖို့ နောင်တော်ကြီးလက်ယပ်ခ်ါနေတာ"
"အို...ဟုတ်သားပဲ၊ဒါဆိုမြန်မြန်သွားမှပဲ ဦးရီးတော်"
ပြောပြောဆိုဆိုနဲ့ နှမတော်က လှေခါးတောင်မလိုပဲ ဗိုလ်ချုပ်ကြေးရုပ်ပေါ်က အသာလျှောချပြီး ပန်းခြံတဖက်ဒေါင့်က
လက်ပြနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဆီပြေးလေပေါ့။
ဝိုင်ဝန်းပြီးလက်ခုပ်သြဘာပေးနေကြတဲ့ လူထူပိတ်သတ်ကြီးအလယ်မှာ ဦးရီးတော်ရှင်လူတယောက်လက်နှစ်ဖက်ကိုပိုက်ထားရင်း နှုတ်က တီးတိုးစကားတချို့ကို ပြောနေမိပါတော့တယ်..။
"အရူးနဲ့ဆက်ဆံရင်ထီးဟန် နန်းဟန်ပါရမပေါ့လေ..."

ရှင်လူ
story#observation #shinlhu

Saturday, April 20, 2019

ရာဘာကျည်ဆံ 🦋🦇🦉🦅 ငါနဲ့မဆိုင်တဲ့ ကျည်ဆံတွေက ပလူပျံနေတယ် ငါနဲ့မဆိုင်တဲ့ သတင်းစာတွေ နေ့တိုင်း

ရာဘာကျည်ဆံ
🦋🦇🦉🦅
ငါနဲ့မဆိုင်တဲ့ ကျည်ဆံတွေက
ပလူပျံနေတယ်
ငါနဲ့မဆိုင်တဲ့ သတင်းစာတွေ
နေ့တိုင်း ငါဖတ်တယ်
ငါနဲ့မဆိုင်တဲ့ စိုးရိမ်ပူပန်မှုတွေက
ငါ့ကို အမြဲဖိစီးလို့
ငါနဲ့မဆိုင်တဲ့ စေတသိက ဒုက္ခတွေ
ငါ့အပေါ်ဝန်ပိလာတယ်
ငါနဲ့မဆိုင်တဲ့ ဆင်းရဲမှုကတော့
ငါနဲ့လာဆိုင်နေပြန်ရော

ညိုမြသွေး
poem#observation#shinlhu

Monday, April 15, 2019

သရော်စာ

"အတက်ရောဂါ ပျောက်ဆေး"
အာယုဘေဒ ဝထကလသ ဆရာကြီး
ရှင်လူ

ဒီနေ့ သင်္ကြန်အတက်နေ့ဖြစ်ပါသည်။
ကျွန်တော်သည် မုန့်လုံးရေပေါ်နှင့်တည်ဆောက်ထားသော ရဲတိုက်များကို တခုပြီးတခု ဝင်ရောက်တိုက်ခိုက် ဖြိုဖျက်ခဲ့သဖြင့်
ခုအခါမှာ ရန်သူတွေ ဝိုင်းဝိုင်းလည်နေပြီဖြစ်သည်။ အီကြာကွေးကြော်နေသည့်ဒယ်အိုးအောက်မှ ထင်းစတစသည် အစထောင်ပြုတ်ကျလာသဖြင့် မြေပြင်ပေါ်မှာဆက်လက်လောင်ကျွမ်းနေပါသည်။
အမှန်တော့ သာကူဖြစ်ဖြစ် မုန့်လုပ်ဆောင်းဖြစ်ဖြစ် မုန့်ဟင်းခါးဖြစ်ဖြစ် ကြာဆံချက်ဖြစ်ဖြစ် အားလုံး စတုဒိသာတွေချည်းဖြစ်နေပါလျှက် သာကူက နာမည်အသာစီးယူချင်နေတာမျိုးကို ကျွန်တော်မနှစ်မြို့ပါ။
သူ့လိုဆိုလျှင် မုန့်လုပ်ဆောင်းကလည်း
မုန့်လုပ်ဆောင်းကုန်းဆိုတဲ့ ရပ်ကွက်တခုကိုအကြောင်းပြုပြီး ဘဝင်မြင့်ချင်မြင့်နိုင်ပါသေးသည်။တချက် တချက် ဝေ့လာသော တန်ခူးလေသည် အရူးလေသာဖြစ်သော်လည်း အေးမြမှုကိုပေးပါသည်။
ကျွန်တော်နေထိုင်သော စုတ်ချာချာ အခန်းလေးမှာ ခုတော့ ဧည့်လာသောင်လာမရှိသဖြင့် တံခါးပတ္တာများပင်ကြပ်လို့နေပါသည်။တချိန်က ဒီအခန်းလေးသည် ဝင်သူထွက်သူ မစဲ တသဲသဲ အခန်းလေးဖြစ်ခဲ့ပါသည်။စုတ်ချာသော်လည်း အနာဂတ်မျှော်လင့်ချက်တွေမှိုလိုပေါက်နေသောတဲကလေးဖြစ်သဖြင့် ဝါးဓနိဖြင့်တည်ဆောက်ထားသောရဲတိုက်တခုဆိုရင်မမှားနိုင်ပေ။တဖက်ဝိုင်းမှ ၆ နှစ်အရွယ်ကလေးမလေးက
အောက်ပြုတ်ကျသွားတဲ့ သူ့ရဲ့ဘာဘီရုပ်ကလေးကိုပြန်ကောက်ပြီးသဲပေသွားတဲ့အရုပ်ကလေးကိုဂါဝန်စဖြင့်သုတ်နေပါသည်။ကျွန်တော်သည် ဖြစ်နိုင်လျှင် တချို့မျက်နှာများကိုဂါဝန်စဖြင့် သုတ်ပစ်ချင်ပါသည်။တချိန်ကတဲအိမ်လေးသည် အမိုးအချင်ပုံသဏ္ဍာန်ပြောင်းရုံမှတပါးတဲအိမ်လေးအဖြစ်သာတည်ရှိသေးသည့်တိုင် ထိုတဲအိမ်လေးထဲမှာ မူလတန်းဖတ်စာအော်ဆိုခဲ့သောကောင်လေးသည် အဆင့်မြင့်ဟိုတယ်ကြီးတခုပေါ်ကအခန်းတခုကို အပိုင်လိုငှါးရမ်းနေထိုင်လျက်ရှိပါသည်။ ကျွန်တော်၏ ရဲတိုက်လေးကိုသူတို့ကမုန့်လုံးရေပေါ်ဖြင့်ပစ်ပေါက်ကြပါသည်။ကျွန်တော်ကဘိုက်ဆာလာသဖြင့်မုန့်လုံးရေပေါ်တခုကိုအမှတ်မထင်ကောက်စားလိုက်တဲ့အခါ ဋ္ဌာပနာကထန်းလျက်အစားကုလားအော်သီးထည့်ထားသဖြင့်မျက်ရည်များဝဲခဲ့ရပါသည်။
တကယ်တော့ စားကောင်းသောက်ဖွယ်ဆိုတာ ဟိုတယ်ခန်းမကြီးတခုထက် ထန်းလျှက်အဆာသွပ်ထားတဲ့မုန့်လုံးရေပေါ်ပဲဖြစ်သင့်ပါသည်။အမှန်အားဖြင့်ကျွန်တော်သည် ကဗျာရှည်ကြီးများကိုဖတ်ရှုရမှာစိတ်မရှည်သူတယောက်ဖြစ်ပါလျက် တချို့ကဗျာရှည်ကြီးတွေကို လိုက်ဖတ်နေမိပါသည်။
ကဗျာရှည်အများစုကလည်း မုန့်လုံးရေပေါ်ဖြင့်ရေးဖွဲ့ထားပြီး အလစ်အငိုက်ဖမ်းချင်သူတချို့ရဲ့ အကျင့်ဆိုးတွေကြောင့် ကုလားအော်သီး ဋ္ဌာပနာတွေက အနှံ့အပြားပါဝင်နေသဖြင့် ကျွန်တော်က မုန့်လုံးရေပေါ်ရဲတိုက်ကို ဝင်ရောက်တိုက်ခိုက်ဖြိုဖျက်ပြီးတိုင်းဋ္ဌာပနာတွေကိုဖောက်စစ်လေ့ရှိပါသည်။ထို့ကြောင့် ကျွန်တော်၏ရန်သူများမှာ သူတို့မိုင်းထောင်ထားသောမုန့်လုံးရေပေါ်များကိုထုတ်ဖော်သူအဖြစ်ကျွန်တော့်ကိုမုန်းတီးကြပါသည်။သာကူကလည်းသာကူမို့
အာလူးနဲ့ ကန်စွန်းဥများပါထည့်ကျို ခြင်းဖြင့်အားဖြည့်ကြပါသည်။တကယ်တော့ မုန့်လုံးရေပေါ်များသည် စဆရကများဖြစ်ကြပါသည်။သူတို့က ကျွန်တော့ရဲတိုက်ကလေးကို အသက်ရှူမွန်းကြပ်ဖွယ်ရာ အမှိုက်ကျင်းတခုအဖြစ်မြင်နေကြပါသည်။သူတို့ပျော်ရွှင်ကျက်စားခဲ့ဖူးသောနေရာတခုအဖြစ်မှ မေ့လျော့နေခဲ့ကြောင်းကို သံချေးအထပ်ထပ်ဖြင့်ကြပ်နေခဲ့သော တံခါးပတ္တာများက တကျွီကျွီအသံဖြင့်သတိပေးနေပါသည်။ကျွန်တော်သည် ကြာဆံချက်လည်းမကြိုက်လှပါ။ လက်ဖက်ရည်ဆိုင်ကို
သူ့အမေ့လင်ပိုင်သော ရေချိုးခန်းအိမ်သာတခုလိုသဘောထားလျက် ချွဲ့ဟန့်ထွေးထုတ်နေသော အတ္တဘောကြီးတခုရဲ့ ပါးစပ်ထဲကို ခုန အကုသိုလ် ကုလားအော်ဋ္ဌာပနာမုန့်လုံးရေပေါ်များ တလုံးပြီးလုံးပစ်သွင်းလိုစိတ်များက ကျွန်တော့ကို စိတ်မသက်မသာဖြစ်စေပါသည်။တကယ်တော့
စတုဒိသာချင်းအတူတူ ရွှေရင်အေးတပွဲလောက်သောက်လိုက်ရရင် ဒီသင်္ကြန်အတက်နေ့ဟာ ကျွန်တော့အတွက် အတန်သင့် နေပျော်ဖွယ်ဖြစ်လိမ့်မည်ဟု တွေးထင်နေမိတုန်းဖြစ်ပါသည်...

ရှင်လူ
story#observation #shinlhu

Tuesday, April 9, 2019

သရော်စာ

9. 4. 2019
SATIRE 
(သရော်စာ)

နိဗ္ဗာန်ရေငုပ်သင်္ဘော     (ရှင်လူ)
===========================================
American Airlines လေယာဉ်ကြီးပေါ်မှာ မျက်လုံးစုံမှိတ် မှေးစက်လိုက်ပါလာရင်း ရှင်လူကြီး အတွေးတခုကြောင့်ပြုံးလိုက်မိပေါ့။ တကယ့်အမေရိကန်တွေပဲ။

လူသားအရင်း အမြစ်ကို တန်ဖိုးထားတဲ့နေရာမှာ အမေရိကန်ကို ဘယ်သူမှလိုက်မီမယ်မထင်။ ခု..ကြည့်လေ NASA ကအလုပ်ထွက်တော့မယ့်အကြောင်းရှင်လူပြောတော့ NASA အကြီးအကဲ Jim က ရှင်လူ့ကို ရာထူးအသစ်နဲ့ရော ဆုတံဆိပ်တွေနဲ့ပါဆွဲဆောင်တားမြစ်ချင်တယ်။ တားမရမှန်းသိတော့ Pentagon မှာလုပ်ချင်သလား၊ ဒါမှမဟုတ် Area 51 မှာလုပ်မလား ဆိုပြီး အမိအရဆွဲထားချင်သေးတယ်။ရှင်လူတို့ မြန်မာလူမျိုးတွေအကျင့်တခုကလည်း ကမ္ဘာပေါ်က ဘယ်နေရာတွေဘယ်လောက်ကောင်းကောင်း အချိန်တန်ရင် အမေနဲ့ရွာကိုလွမ်းတတ်ကြသူချည်း ဆိုတော့ကာ အချိန်တန်ရင် အိမ်ပြန်ကြစမြဲ။ ရှင်လူ့ဘကြီးတယောက်ဆို UN Secretary ဖြစ်ခဲ့ပြီး ကွယ်လွန်တော့ ဟိုမှာခေါင်းမချပဲ မြန်မာပြည်ပြန်လာလို့ ပြဿနာတွေ အကြီးအကျယ်တက်ခဲ့ရသေး။ ခုလည်းရှင်လူတယောက် ကမ္ဘာကျော် အာကာသ သိပ္ပံပညာရှင်တယောက်အဖြစ်နဲ့ နာဆာလိုနေရာမျိုးမှာ ငါးနှစ်ခြောက်နှစ်ထက်ပိုပြီးမနေနိုင်လို့ ပြည်တော်ပြန်ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။

ရှင်လူစီးလာတဲ့ လေယာဉ်ကြီး လေဆိပ်အဆင်းမှာပဲ အရင်သတင်းဟောင်းတခု ခေါင်းထဲပြန်ပေါ်လာပြီး စိတ်ထဲစနိုးစနောင့် စဖြစ်တော့တာပါပဲ။ လိုအပ်တာတွေ အမြန်ဆောင်ရွက်ပြီး လေဆိပ်ထွက်ပေါက်Tunnel ထဲက ခပ်သွက်သွက်ထွက်ကာ အသင့်လာကြိုနေတဲ့ ကားပေါ်အမြန်တက်လိုက်ရပါတယ်။ မြန်မာပြည်မင်္ဂလာဒုံလေဆိပ်က ဦးကိုနီသတင်းဟာ ရှင်လူတို့လိုပြည်တော်ပြန်တွေအတွက် မလုံခြုံမှုဟာ လေဆိပ်ကစပါတယ်။

နေညိုညို တိမ်တောက်တဲ့အခါ ရွာလမ်းကလေးမှာ...
ရွာပြန်ရောက်တဲ့ညနေမှာပဲ ရှင်လူကြီး သီချင်းတပိုင်းတစ ဟစ်ရင်း ရွာဦးစေတီနဲ့ သိမ်ကျောင်းရှိရာကို ထွက်လာခဲ့ပါတယ်။
မြေပြင်အမှတ်အသားတွေက အရမ်းပြောင်းလဲနေတာမို့ စေတီကို ရုတ်တရက်ရှာမတွေ့နိုင်ဖြစ်နေပါတယ်။ "ဒီနေရာလောက်မှာပါ၊ ငါငယ်ငယ်က နွားကျောင်းရင်း အမြဲရောက်နေကျပါ၊ ခု သွပ်ဆူးစည်းရိုးကြီးတွေနဲ့ အဆောက်အဦတွေနဲ့"
ဒီလိုနဲ့ ရှင်လူလည်း နောက်ကြောင်းပြန် လှည့်ရင်း "မနက်ဖြန်ကျမှ တယောက်ယောက်ကိုခေါ်ပြီးလိုက်ပို့ခိုင်းရမယ်တွေးရင်း ထမင်းစားဖိတ်ထားတဲ့ နောင်တော်ကိုပါကြီးတို့အိမ်ဘက်ထွက်လာခဲ့ပါတယ်။
"ဘယ်တွေလျှောက်သွားနေတာလဲ..ရှင်လူရ၊ မင့်ကိုထမင်းစားစောင့်နေတာ"အိမ်ရှေ့ရောက်ရောက်ချင်းကိုပါကြီးအမေးကြောင့်"ဘယ်မှမဟုတ်ပါဘူး ကိုပါကြီးရာ လမ်းလျှောက်ထွက်ရင်းရွာဦးစေတီကိုဝင်ဖူးမလားလို့ပါ၊ တွေ့ခဲ့ဘူးဗျ၊ကျနော်ပဲမျက်စိလည်နေသလား"
"အင်း..ရှင်လူရေ၊ ဒါတွေကိုမင်းမသိသေးပဲကိုး၊ ဒီလိုကွ.. အဲဒီ စေတီနဲ့သိမ်ကျောင်းမြေတွေဟာ ဝက်ပေါင်ကုမ္ပဏီစီမံကိန်းတွေနဲ့မလွတ်လို့ဆိုပြီးဖျက်လိုက်ရပြီကွ။
"ဗျာ"
ရှင်လူ့ပါးစပ်ကဗျာတလုံးသာထွက်နိုင်ခဲ့ပါတယ်။
"ဒါနဲ့..ရွာတောင်က အရီးလေး ဒေါ်ခင်ဝင်းလည်းမတွေ့ပါလားဗျ"
"မင်းနှယ်ကွာ..ဒါလည်းမသိပြန်ဘူးလား၊
မင့်အရီးလေး..သေနတ်မှန်လို့သေပြီကွ"
"ဗျာ"
"မင့်အရီးလေးထွန်တုန်းတိုက်ပွဲမှာသေနတ်မှန်ပြီးကျဆုံးခဲ့တာတောင်နှစ်အတန်ကြာခဲ့ပါပြီကွာ" 
ရှင်လူကြီးခင်မျာ မွေးရပ်မြေဗလုံးရှုပ်ထွေးရွာကြီးကိုပြန်ရောက်တဲ့နေ့ကစပြီး "ဗျာ..ဗျာ...ဗျာ..နဲ့ တဗျာပြီးတဗျာဗျာနေခဲ့ရတာ
ဗျာလို့ကိုမပြီးနိုင်တော့။ တကယ်တော့ NASA ကပညာရှင်တယောက်အဖို့ ထွန်တုန်းတိုက်ပွဲဆိုတဲ့ဝေါဟာရဟာ ပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်ရှင်လူ့လို မာစတာဘရိန်းတယောက်အဖို့ ရက်အတန်အသင့်လောက်လေ့လာလိုက်တဲ့အခါ မိမိရွာသားတွေရဲ့အခက်အခဲကိုနားလည်လာပါတယ်။ ဒါကြောင့် သူတို့အတွက်
အရေးကြီးတဲ့သိမ်ကျောင်းနဲ့ စေတီကို Hologram နဲ့ လုပ်ပေးလိုက်တော့ ခုဆို 3D ရုပ်လုံးကြွပုံရိပ်နဲ့ ဘုရားပြန်ဖူးနိုင်ကြပါပြီ။ အဲဒီစေတီယင်ပြင်မှာပဲ အရီးလေးဒေါ်ခင်ဝင်းကိုပါပြန်ခေါ်ထားပေးလိုက်ပါတယ်။ ဗလုံးရှုပ်ထွေးရွာသားတွေက ရှင်လူ့ရဲ့နည်းပညာအသစ်အဆန်းတွေကြောင့်ရှင်လူ့ ကို အားကိုးအားထားပြုရင်း
တနေ့တနေ့ ထမင်းဖိတ်ကြွေးတဲ့အိမ်တွေများလွန်းလို့ ကံစမ်းမဲနဲ့ ဖြေရှင်းပေးနေရပါတယ်။

ရွာမှာ ရက်သတ္တပတ်အနည်းငယ်ကြာလာတော့ ရှင်လူကြီးလည်း စိတ်ပင်ပန်းစပြုလာပါတယ်။ NASA မှာပင်ပန်းတယ်ဆိုတာက သူ့အပိုင်းနဲ့သူ ပညာရှင်တွေအများချည်းမို့ သိတ်ပင်ပန်းတယ် မထင်ရပါဘူး။ ခုရွာမှာက ယိုသမျှချေး ပုစွန်ဆိတ်ခေါင်းဆိုသလိုဖြစ်နေတော့၊ လုပ်ဟေ့..လုပ်ဟေ့ ဆို လုပ်တတ်တဲ့သူပဲ ပင်ပန်းပါတယ်။
ခုလည်းကြည့်ဦးရွာနဲ့ သင်္ချိုင်းကြားကမြေကို ဟိုတယ်ဆောက်ဖို့ဝယ်သွားသတဲ့။

ရွာသားတွေက အရင်အတိုင်းအသုဘချဖို့အဲ့နေရာကဖြတ်တော့၊ သူတိုပိုင်မြေကိုမဖြတ်ရဘူးတဲ့။ ပြဿနာက ရှင်လူ့ခေါင်းမှာပဲလာအဆုံးသတ်တယ်။ ဒီတော့ရှင်လူကပဲ ဦးဆောင်ပြီး သက်ဆိုင်ရာနဲ့ဆွေးနွေးရတယ်။ reason ပေါ့ဗျာ။သူတို့ကိုပြောပြရတယ်။ ဒီရွာကမသာတွေကို ချလို့မရရင် ခင်ဗျားတို့ဘက်ကအဆင်ပြေအောင် ဘာလုပ်ပေးနိုင်မလဲပေါ့၊ ဟိုး..ရှေးရှေးကစစ်ဝန်ကြီးတွေဆိုရင်တော့စည်သွပ်ဗူးစက်ရုံထောင်ခိုင်းမလားပဲ၊ ဘာလို့ဆိုတော့ နာဂစ်မုန်တိုင်းမှာသေတဲ့အလောင်းတွေကို ငါးစားလိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ဖူးတာမဟုတ်လား။
"အဲတော့..ဒီလမ်းမသုံးရဘူးဆိုရင် ရွာကနေသုဿာန်ကိုသွားဖို့ ပင်လယ်ဖက်ကရေလမ်းတလမ်းပဲရှိတယ်။ ဒါကြောင့် ကျုပ်တို့
နာရေးသင်္ဘောလုပ်ဖို့ပဲရှိတယ် ဆိုတော့
ဟိုတယ်ဖက်ကပြောတာကသူ့ကာစတန်မာတွေပင်လယ်ရှုခင်းကြည့်တဲ့အခါ အသုဘသင်္ဘော(နိဗ္ဗာန်သင်္ဘော) ကြီးကို
မမြင်စေလိုဘူးတဲ့။ ရော...ခက်ကပြီ။

အင်း..ဘယ်လောက်ခက်ခက်လေ၊ NASA က အကြီးအကဲ Jim တို့ကိုယ်တိုင် တန်ဖိုးထားခဲ့ရတဲ့ အာကာသသိပ္ပံပညာရှင် ဒေါက်တာရှင်လူလေ။
"ခင်ဗျားတို့ ကာစတန်မာတွေက အသုဘသင်္ဘော ကိုမမြင်ရင်ကျေနပ်တယ်ပေါ့"
အားလုံးက တညီတညွတ်တည်း ခေါင်းငြိမ့်လိုက်ကြတယ်။
"ဒါဆို..ညှိနှိုင်းဆွေးနွေးပွဲ ဒီမှာပြီးပါပြီ"
"ကျနော်..ရွာသားတွေအတွက်..အသေးစား အသုဘရေငုပ်သင်္ဘော တစီး တီထွင်ပေးလိုက်ပါ့မယ်"

ရှင်လူ
story#observation #shinlhu