ဘုံ 😀😬😁
😅😇😉
ဒီမနက် ကုမ္ပဏီ ဆိုင်ရှေ့ထွက်လိုက်တော့ ပြေစာစာရွက်ခေါက်တခုတွေ့တာနဲ့ ကောက်ကြည့်လိုက်မိတယ်။ကိုယ့်ဆိုင်နဲ့များပတ်သက်နေမလားလို့။စာရွက်ခေါက်ကို ဖွင့်ကြည့်လိုက်မှ ရန်ကင်းဘက် Hair & Skin Care ဆိုင်တခုကပြေစာဖြစ်နေတယ်။ ဆံပင်ညှပ်သူတယောက်ရဲ့ပြေစာ ပေါ့။ နှုန်းထားကိုကြည့်လိုက်တော့ ၁၀၀၀၀ ကျပ်။အင်း အမျိုးသားတယောက်ဆံပင်ညှပ်တာတောင် ငွေတသောင်း ဆိုတော့မနည်းလှ။ရှင်လူတို့ ရပ်ကွက်ထဲကဆိုင်တွေမှာ အလွန်ဆုံး ၂၀၀၀ ကျပ်။ အင်းလေ ရှင်လူတို့ဆိုင်ခြေရင်းက Pet Spa & Accesories
ဆိုင်မှာဆို တနေ့တနေ့ လာလိုက်ကြတဲ့ ခွေးလေးတွေ ကြွက်သာသာအကောင်လေးတွေကအစ ဝံပုလွေလိုအကောင်ကြီးတွေအထိ ကားအကောင်းစားကြီးတွေနဲ့ဥဒဟို ဝင်ထွက်နေကြတာ။အဲ့ဒီဆိုင်က ခွေးမွေးညှပ်ကျွမ်းကျင်ကောင်လေးတွေဆို လစာတင် လေးငါးသိန်းရနေတာ။ဒီကမ္ဘာလောကကြီးမှာ အနိမ့်စား အလတ်စားနဲ့ အမြင့်စား ဝန်ဆောင်မှုတွေက ရှိနေကြတာပါပဲ။ဒါကို ရှင်လူကြီးတို့လို ဂျန်လီ ကြီးတွေက တအံ့တသြ ငေးမောနေမိပါတယ်။ရှင်လူတို့ဖြတ်သန်းကြီးပြင်းလာရတဲ့ စစ်ပြီးခေတ် အစောပိုင်းကာလတွေက လက်ဝဲ ဆိုရှယ်လစ်ဝါဒရဲ့လွှမ်းမိုးမှုတွေကြောင့် ခုချိန်ထိ ကမ္ဘာကြီးကိုကန့်လန့်မြင်မိနေဆဲပါပဲ။ဂျက်လေယာဥ်ကြီးတွေထုတ်လုပ်ပြီး အခြေ ခံလူတန်းစားအတွက် ခြေညှပ်ဘိနပ်တွေမထုတ်လုပ်နိုင်ရင် ဆိုရှယ်လစ်မဟုတ်ဘူးဆိုတဲ့အမြင်ကိုဆုပ်ကိုင်ပြီး အပိုဆာဒါးဇိမ်ခံတဲ့ကိစ္စမှန်သမျှ အရင်းရှင်ဘူဇွာတွေရဲ့ ဖောက်ပြန်တဲ့အကျင့်လိုမြင်ခဲ့ပါတယ်။
ခုချိန်မှိုလိုပေါက်နေတဲ့ ဟိုတယ် မိုတယ် မာဆတ် နိုက်ကလပ် ကေတီဗွီဆိုတာတွေဟာ ဓနရှင်ယဥ်ကျေးမှုရဲ့ ဖောက်ပြန်တဲ့သာဓကတွေအဖြစ် စိတ်ထဲစွဲနေတုန်းပါပဲ။ တခါက ရှင်လူနဲ့ခင်တဲ့ လုပ်ငန်းရှင်လူငယ်တယောက်နဲ့ဘီယာအတူသောက် စကားစမြည်ပြောကြရင်း "အကိုကြီးရ ဒီ စားသောက်ဆိုင်တွေ နိုက်ကလပ်တွေ အလုပ်ကောင်းမှ ငွေကြေးလည်ပတ်ပြီး တိုင်းပြည်စီးပွားရေးတိုးတက်မှာ၊ သူတို့ငွေပေါမှ တခြားပစ္စည်းတွေလည်းဖောဖောသီသီဝယ်သုံးနိုင်မှာ ၊ရေမျောင်းထဲ ပိတ်ဆို့နေရင် ရေမစီးနိုင်သလိုပေါ့။ငွေကြေးတွေဟာအမြဲတမ်းစီးဆင်းနေမှ အဆင်ပြေမှာ"
သူ့စကားကြားမှ ရှင်လူကြီးလည်း
မာ့က်စ်တို့ အာဒမ်စမစ်တို့ ရဲ့ဘောဂဗေဒ တွေရေရေရာရာနားမလည်ခဲ့ပေမယ့် မျက်မှောက်လောကရဲ့ ဘောဂဗေဒကိုတော့ ရေးရေးမြင်မိပါရဲ့။ ဒီနေရာမှာ မိတ်ဆွေတယောက်ပြောဖူးတာကိုလည်းသတိရမိပြန်တယ်။ "ငယ်စဥ်မှာ ကွန်မြူနစ်မဖြစ်ခဲ့ဘူးရင် နှလုံးသားမရှိတဲ့လူ၊
ကြီးလာတဲ့အခါကွန်မြူနစ်ဖြစ်နေသေးရင် ဦးနှောက်မရှိတဲ့သူ.."တဲ့။
အင်း.. အသက်၇၂နှစ်ထဲရောက်လာတဲ့ ရှင်လူကြီးအဖို့တော့ ငရဲဘုံနဲ့ နတ်ဘုံကိုသာယှဥ်တွဲမြင်နေရပါတယ်။ဒီဘုံဋ္ဌာနတွေကိုဥပေက္ခာမပြုနိုင်သ၍တော့.....
story#observation #shinlhu
No comments:
Post a Comment