Thursday, June 5, 2025

story

ဒီတခါလေးတော့ တင်ပါရစေ
🗽🎠🗽🎭🗿🗽🎠

တလောက ရှင်လူတို့သယ်ရင်းတွေ ဘီယာဆိုင်မှာ ထုံးစံအတိုင်း ဆုံဖြစ်ခဲ့ကြတယ်။အဲ့လိုဆုံကြရင်း စကားစပ်မိကြတော့ ရှင်လူကြီး fb ပေါ်မှာ status တွေတင်ရာမှာ selfie တွေဆွဲပီး တွဲတင်တဲ့ကိစ္စရောက်သွားတယ်။ အဲဒါ တခါနှစ်ခါဆုံဖူးတဲ့စာရေးဆရာတယောက်က
ရှင်လူ့မျက်နှာပုံကြီးတွေမြင်ရဖန်များလာတော့
block လုပ်လိုက်တယ်..တဲ့။ fb ပေါ်မှာလည်း တချို့ ဒီကိစ္စမျိုး တယောက်ရေးတာတွေ့ဖူးတယ်" တချို့က ကဗျာတင်တာ မလုံလောက်သေးဘူးထင်လို့လားမသိဘူး၊ကိုယ့်ဓာတ်ပုံပါတွဲတင်တယ်..."တဲ့။
ရှင်လူ သူ့အယူအဆကို like လုပ်လိုက်ပါတယ်။တကယ်တော့ သူတို့အယူအဆတွေကမမှားပါဘူး။ရှင်လူကိုယ်တိုင်လည်း တချို့ညက်နှာကြီးတွေ မြင်ရဖန်များလာရင်
အင်း  ..ဒါလည်းရောဂါတမျိုးပဲ လို့တွေးမိပါတယ်။ ရှင်လူတို့ ကာလသားအရွယ် အငြိမ့်တွေ ခေတ်ကောင်းတုန်းက အငြိမ့်ကြည့်ရင် စင်ရဲ့ ဘယ်(သို့)ညာဘက်ထောင့်က
မတ်တပ်တိုးကြည့်ကြပါတယ်။ ဒါမှ မင်းသမီးကိုအနီးကပ်မြင်ရမှာကိုး။ အဲ...ဥပမာပြောရရင် သင်္ဘောမှောက်ပြီးကွယ်လွန်သွားရှာတဲ့ "ဆောင်းအငြိမ့်" ခေါင်းဆောင်မင်းသမီး ဝင်းဝင်းအေးဆို တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ အဆိုကလည်းကောင်း။
သူ့ခေတ်မှာတော့ ဆောင်းမင်းသမီးလေး
ဝင်းဝင်းအေးလို့ခေါ်ခဲ့ကြတယ်။ အဲဒါ
ဆောင်းမင်းသမီးလေးက စင်ပေါ်မှာတင်ကလေးရမ်းရမ်းပြီး "ချမ်းလို့ဖြင့် ခိုက်ခိုက်တုန် စောင်ခြုံလို့ မနွေးပြီ...အိုးဟို့ဟို့
မောင်ကြီးရေ.."လို့စင်ပေါ်ကဆိုလိုက်ရင်
စင်ဘေးဘယ်ညာက ရှင်လူတို့ကာလသားနှစ်သိုက်က"ဟေ...ဟေ.."လို့သံပြိုင်
ထူးလိုက်သံကြီးက အငြိမ့်စင်ပြိုမကျရုံတမည် ဟိန်းထလို့။ဒီကြားထဲ  စင်ဘေးအမှောင်ထဲက ကိုယ့်မျက်နှာကို မင်းသမီးမြင်ရအောင် မီးခြစ်ခြစ်ပြတဲ့လူက ရှိသေး။စင်ပေါ်မှာဆလိုက်မီးတွေလင်းနေပေမယ့် စင်ဘေးကခပ်မှောင်မှောင်မဟုတ်လား။အင်း..ရောဂါတမျိုးပဲပေါ့ဗျာ။ ၂၀၁၈ ခုနှစ်အတွင်း ရှင်လူရေးတင်ခဲ့တဲ့ "စိတ်၏ရုပ်တုများ"ကဗျာ အပိုင်းတွေအတော်များများမှာ ရှင်လူ့မျက်နှာကြီး အမှုမဲ့ အမှတ်မဲ့တွဲတင်ခဲ့မိတာသတိရတယ်။ ခုမှ ပြောသူကပြော block သူကblock မှ ကွကိုယ်ပြန်စဉ်းစားမိတော့ ငိုတောင်ငိုချင်လာတယ်ဗျ။
ရှင်လူ့မှာ ဖအေစုံမအေစုံ မွေးချင်း ၅ ယောက်ရှိတယ်ခင်ဗျ၊ အားလုံးထဲမှာ ရှင်လူကအကြီးဆုံး။ရှင်လူကြီး အသက်၁၆နှစ်အရွယ်မှာပဲ မိခင်နဲ့ဖခင်တို့အိမ်ထောင်ရေး အကွဲအပြဲဖြစ်ခဲ့တယ်။အဲဒါ ကွာရှင်းခွင့် 
လျှောက်တဲ့ ရှင်လူတို့အမေကိုအဖေက ကပ်ဖဲ့လုပ်ပြီးကလေးတွေသူအုပ်ထိမ်းခွင့်ရမှကွာပေးမယ်လုပ်တော့ အမေက နို့စို့အရွယ် ရင်ခွင်ပိုက် အငယ်ဆုံးညီလေးကိုသာယူထားပြီး ကျန်တာတွေကို အဖေ့ဆန္ဒအတိုင်းပေးခဲ့တယ်။အဲ့မှာ ညီအကိုမောင်နှမတွေ တကွဲ စကွဲတာပဲ။အဲ့ညီအငယ်ဆုံးလေးဟာ အရွယ်ရောက်တော့ ထိုင်းဘက်ထွက်သွားတယ်ကြားပြီး ဒီနေ့အထိ ပြန်မတွေ့ရတော့။ ရှင်လူလည်း ကျန်အငယ်တွေကိုဦးဆောင်ပြီး အဖေ့နောက်လိုက်သွားခဲ့ရတာ နောက်ဆုံးတော့ မိထွေး
လက်အောက်မှာ ခွေးစာကျိုတဲ့အိုးနဲ့ တအိုးထဲချက်စားရတဲ့ဘဝကိုရောက်တော့တာပါပဲ။နောက်ဆုံးတော့ ရှင်လူကြီး ညီလေးညီမလေးတွေ လက်ကိုဆွဲပြီး အိမ်ကထွက်ပြေးပေါ့ဗျာ။ အဲ့မှာ အမေ့ထက်တနှစ်ပဲငယ်တဲ့မမနဲ့စတွေ့တာပါပဲ။အဖေ့ဘက်ကအမျိုးလည်းတော်ပါတယ်။ရှင်လူတို့ညီအကိုမောင်နှမတွေကိုဂရုဏာသက်ပြီး တဘဝလုံးပုံပေးခဲ့တဲ့မမပါ။ရှင်လူလည်းမမကိုခြေကုပ်ရကတည်းက အဖေနဲ့အမေကိုသူပုန်ထပြီး ညီလေးညီမလေးတွေနဲ့ တစင်ထောင်ခဲ့တာပါပဲ။ဒီလိုနဲ့ ညီမလေးက၁၀ တန်းအရောက်မှာ မိခင်မေတ္တာငတ်မွတ်လှချည်ရဲ့ ဆိုပြီး စုံကန်ထွက်သွားလိုက်တာ ရှင်လူလည်းစိတ်နာနာနဲ့ နောင်တချိန် မှာယောက်ျားနဲ့ကွဲပြီးကလေးတယောက်ပိုက်ပြန်လာတဲ့ညီမကိုပြန်လက်မခံတော့။သူက နောက်နောင် ဒီအကိုတွေနဲ့မပတ်သက်တော့ပါလို့ လက်မှတ်ထိုးသွားခဲ့တာလေ။ညီတွေကအကိုကြီးနဲ့အမကြီးကိုတော့ချစ်ကြရိုသေကြပါတယ်။ဒါပေမယ့်
အဲ့ဒီခေတ်က ကျော်ကြားတဲ့"အမိမြေမှသားကောင်းများ"ရုပ်ရှင်ကြည့်ပြီးရှေ့ဆင့်နောက်ဆင့်စစ်ထဲဝင်ကုန်ကြပါတယ်။
သူတို့လူပျိုဘဝနဲ့တုန်းကဆို ရှေ့တန်းကပြန်တိုင်းအိမ်ကိုခွင့်နဲ့ပြန်လာကြပါတယ်။အိမ်ထောင်အသီးသီးနဲ့ဖြစ်တော့လည်း အမလေးတွေပါခေါ်လာကြပါတယ်။နောက် အကောင်လေးတွေပေါက်လာကြတော့လည်းသားသမီးသုံးယောက်မွေးပြီးသုံးယောက်လုံးအဖတ်မတင်တဲ့ရှင်လူကြီးအိမ်ကိုခေါ်လာကြပြန်တယ်။ဒီလိုနဲ့ ရှစ်လေးလုံးကာလနောက်ပိုင်း သူတို့ ရာထူးကိစ္စ သင်တန်းကိစ္စတွေအတွက် ထလရကရှင်လူ့ကို အင်တာလာဗျူးတော့ ရှင်လူစဉ်းစားရတယ်။ငါ့ညီတွေက ငါ့ကို ချစ်တယ်၊ယုံတယ်။ငါပြောနေလုပ်နေတာက စစ်အစိုးရကိုဆန့်ကျင်တဲ့အလုပ်။ငါ့စကားတွေနားဝင်သွားရင်ဒီကောင်တွေ မိသားစုအလိုက်ဒုက္ခရောက်ကုန်မယ်။အဲ့တော့
"မင်းတို့ တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်းမလုပ်နဲ့ ၊မဟုတ်မမှန်တာလည်းမလုပ်နဲ့၊ ပြည်သူကိုလည်းမစော်ကားနဲ့"လို့ စကားသုံးခွန်းမှာပြီး "နောက်ဆို ငါ့ဆီလည်းမလာကြနဲ့တော့၊စာအဆက်အသွယ်လည်းမလုပ်ကြနဲ့တော့။ငါတို့ဟာ ယောက်ျားတွေပဲ၊ကိုယ့်အလုပ်ကိုယ်လုပ်ကြ၊ တနေ့ ကံကြုံရင်တော့ ပြန်ဆုံကြမယ်...ဆိုပြီး လမ်းခွဲခဲ့ကြတာ အလတ်ကောင်ကတော့ တပ်ကထွက်ပြီး ဝေါဘက်မှာ ယောက္ခမလယ်ဝင်လုပ်နေရင်း တီဘီရောဂါနဲ ကွယ်လွန်ခဲ့တာ
၁၆ နှစ်ကျော်ခဲ့ပြီ။(ဒါတောင်သူ့မိန်းမက လူကြုံ လွှတ်သတင်းစကားပါးလို့) နောက်တကောင်ကတော့ ဒီနေ့ထိသေလား ရှင်လား ၊ဘယ်ရောက်နေတယ်မသိ။သူတို့ကလေးတွေတောင်အိမ်ထောင်ရက်သား ကျနေကြရောပေါ့။အခုဆို မမကွယ်လွန်သွားတာတောင်၁၀ နှစ်ကျော်ခဲ့ပြီ။
ကိုယ့်အပေါ် ဆွေမျိုးရင်းခြာပမာ မိတ်ဆွေအသိုင်းအဝိုင်းတွေ နဲ့ပဲ တပျော်တပါးနေပါတယ်။ တခုတွေးမိတာကတော့ မမှတ်မိတော့တဲ့ တူတွေ တူမတွေကများ ဒီလူကြီး ငါ့အဖေနဲ့ ရုပ်ချင်းအတော်တူတယ် အမျိုးများ တော်သလားပဲလို့ တွေးမိပြီး messenger က ဆက်သွယ်လာခဲ့သော် ၊
အခု အလုပ်သုံးခုလောက်လုပ်နေတဲ့ ရှင်လူကြီး တူ တူမတွေကို နှုတ်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ စောင်မခွင့်ကလေးများ ရအုံးမလားလို့။ ရှင်လူကတော့ လိုက်မရှာတော့ပါဘူး။အားကိုးရာမဲ့ မှ လာရှာတယ်ထင်မစိုးလို့။တကယ်တော့ ရှင်လူ့ Selfie ပုံကိုဝေဖန်သူများကိုလည်း ကျေးဇူးတင်ပါတယ်။သူတို့ကြောင့် ရှင်လူလည်းကိုယ့်ရောဂါ ကိုယ်သိခွင့်ရတာပါ။တနည်းအားဖြင့်တွေးကြည့်တော့လည်း ရှင်လူ့ပုံနဲ့ သူတို့ပုံတွေက 
ဒီကက်ပရီယို နဲ့ဗေလုဝလို ဆိုတော့လည်း....
(တမျိုးမထင်နဲ့နော်...အလီဘာဘာဒေါ့ကွန်း တည်ထောင်သူ ဂျက်မားနဲ့တူတယ်လို့ပြောတာ)
story#observation #shinlhu


No comments:

Post a Comment