Friday, June 27, 2025

story

ခေါင်းအုံးသစ်လေးတလုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရှင်လူ့ကံဇာတာအရ ဒီနှစ်Jun  26 ရက်
နဲ့27ရက်ကိုဗေဒင်ဆရာများဆိုရင် ဘယ်လို
ဟောချက်ထုတ်မယ်မသိ။မနေ့က
မိတ်ဆွေတယောက်က သင်ဖြူးဖျာတချပ်
လက်ဆောင်ပို့ပေးတာ fb ပေါ်ရေးတင်ပြီးရုံ
ရှိသေး ၊ ဒီနေ့ ဖွေးဖွေးသိမ့်တို့မိသားစုက
ရှင်လူ့အတွက် ခေါင်းအုံးအသစ်တလုံး
လက်ဆောင်ပေးပြန်ပါတယ်။ သင်ဖြူးဖျာလေးရတုန်းကရေးစရာ
အကြောင်းတွေရှိခဲ့သလိုခုခေါင်းအုံးလေးရလာတော့လည်းရေးစရာကရှိလာပြန်ပါတယ်။ဇနီးသည်မကွယ်လွန်မီက အိမ်မှာ ခေါင်းအုံး လေးလုံးရှိခဲ့ပါတယ်။ဇနီးသည်က တသက်လုံးကျွမ်းကျင်စက်ချုပ်သမားဆို
တော့ခေါင်းအုံးဖျဉ်ကိုရှင်လူ့ရခိုင်ပုဆိုးအ
ဟောင်းလေးတွေနဲ့ချုပ် လဲမှို့ဝယ်သွတ်ပြီး အစွပ်ကလေးတွေကိုလည်းသပ်သပ်ယပ်ယပ်ချုပ်ကာ
မကြာခဏအလဲအလှယ်လုပ်ပေးတော့ ရှင်လူ့အဖို့ အေးဆေးပါပဲ။ သူကွယ်လွန်တော့ သင်ဖြူးဖျာလေးရယ်
အညာစောင်လေးရယ်ခေါင်းအုံးတလုံးရယ်ကို သူနဲ့တပါတည်းထည့်ပေးလိုက်တော့
ရှင်လူ့မှာခေါင်းအုံးသုံးလုံးကျန်ပါတယ်။
သူကွယ်လွန်ပြီးနှစ်တွေကြာလာတာနဲ့အမျှ ခေါင်းအုံးစွပ်တွေလည်း ဆွေးမြေ့
ပျက်စီးကုန်ပါတယ်။အစားလည်းထပ်မထိုး
ဖြစ်။ ဒီတော့ခေါင်းအုံးတလုံးထုတ်သုံး
လိုက်ကြမ်းပိုးတွေကထောင့်တွေမှာဝင်ခို လိုက၊် အကိုက်ခံရလို့ ယားလာတော့
စမ်းမိတဲ့ကောင်တွေကိုဖိသတ်။သွေးချွေးနဲ့
အညစ်ကြေးတွေကပ်လာရင်ချောင်ထိုးထားလိုက်ပြီး တလုံးယူသုံး။ဒီလိုနဲ့ တလုံးပြီးတလုံး သုံးစရာမရှိတော့ ညစ်ပတ်
ပေရေနံစော်နေတော့လည်းမအုံးနိုင်။
ဒီအခါ ပုဆိုးလေးတွေ အင်္ကျီလေးတွေ
လုံးပတ် ခေါက်ပြီးအိပ်။ဇိမ်တော့မရှိဘူး
ပေါ့ဗျာ။ ဒါပေမယ့် ရှင်လူ့ဘဝဟာ တကောင်ကြွက်ပြီပြီ ကြာလေ ကြမ်းတမ်း
လေဖြစ်လာမှာသိထားတော့ ကိုယ့်ကိုယ်
ကိုယ် ကွန်မန်ဒိုတပ်သားတယောက်လို။
တောမီရဟန်းတပါးလို ပလိဗောဓ နည်း
အောင် အလိုဆန္ဒတွေကိုချုံ့ပစ်ပြီး ဘာမထီစိတ်ဓာတ်ကိုမွေးမြူခဲ့တယ်။
တလောတုန်းက ရှင်လူ့ကျန်းမာရေးက
နည်းနည်းချူချာသလိုကိုယ်လက်တွေ
ဆက်တိုက်နာနေတာကြောင့် ခေါင်းအုံး
အဟောင်းတလုံးကို နေထုတ်လှမ်း၊
တုတ်နဲ့ တဖုံးဖုံးရိုက်၊ပုဆိုးတထည်နဲ့ပတ်ပြီး
အိပ်ခဲ့ရတယ်။တနေ့ကပုဆိုးဖြည်ကြည့်လိုက်တော့ မြင်မကောင်းဘူး။
ခေါင်အုံးတခုလုံးမှိုတွေဖွေးနေတာ။မိုးတွင်းဆိုတော့
ချွေးနဲ့အညစ်အကြေးတွေကြောင့်မှိုစွဲကုန်တာပါပဲ။ဒီအတိုင်းဘယ်အိပ်ရဲတော့မလဲ။
မှိုနံ့ကပြင်းသနဲ့။အဲတော့ဘယ်လိုလုပ်ရသလဲဆို ကျန်ကျောင်းအိတ်ကြီးတလုံးဝယ်ပြီး
ခေါင်းအုံးကိုစွပ်လိုက်တယ်။ပြီးတော့အပေါ်ကပုဆိုးသန့်သန့်နဲ့ပတ်လိုက်တယ်။အိပ်တဲ့အခါ ကြွပ်ကြွပ် ကြွပ်ကြွပ်တော့မြည်သပေါ့။
အဲဒါ တလောကဖွေးဖွေးသိမ့်အဖွား ပြည်ကအမျိုးတွေဆီမှို့နှစ်ပိဿာမှာနေ
သံကြားလိုက်မိတယ်။
ခုအဲဒီမှို့တွေရောက်လာတော့ ခေါင်းအုံချုပ်
တာ လေးလုံးရသတဲ့။ အဲဒီခေါင်းအုံးလေးလုံးထဲက တလုံးကို
ရှင်လူကြီးအတွက်အမှတ်တရပေးလေ
တော့။
ကဲ ခု ရှင်လူ့မှာ ဖွေးဖွေးသိမ့်ဖွားလေး စက်ပန်းထိုးဆရာမကြီးရဲ့လက်ရာခေါင်း
အုံးစွပ်နဲ့ဘာနဲ့။လူ့ဘဝမှာ ရောင့်ရဲချင်တိုင်း ရောင့်ရဲလို့ရတယ်ထင်လို့လား။
(နောက် အလျဉ်းသင့်ရင် ရှင်လူ့ရဲ့
ဂန္ထဝင်ခြင်ထောင်အကြောင်းရေးပါအုံးမယ်)
story#observation #shinlhu


No comments:

Post a Comment