Friday, June 6, 2025

story

ဟလို မင်္ဂလာပါ...
မင်္ဂလာပါ...
                တခါတခါ "ဟလိုမင်္ဂလာပါ"နဲ့အစချီတဲ့ ဖုန်းခေါ်သံဝင်လာလေ့ရှိပါတယ်။ တခြားသူမဟုတ် ကေတုမာလာက ရှင်လူ့မိတ်ဆွေကြီး
ဦးစံပုပါ။ အမြဲတန်းအငြိမ်မနေ လွန်းထိုးနေတတ်တဲ့ဦးစံပုဟာ ခုတော့ Wheelchair ပေါ်ထိုင်နေခဲ့တာ၇ နှစ်ရှိသွားပါပြီ။သူ့အသက်က ခုဆို အလွန်ဆုံး ၆၅ ပေါ့။သူလေမဖြတ်ခင်အချိန်ကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းလုပ်ပါတယ်။သူ့လုပ်ငန်းဆိုင်းဘုတ်က"ပိုးဇာ-စံပု"ပါ။ဆေးဆိုးပန်းရိုက်အလုပ်ကတော့ တီရှပ်တွေတံဆိပ်ရိုက်တာကအစ မြွေရေခွံအိတ်တွေတံဆိပ်ရိုက်တာအထိ၊Rhino ဘောပင် တံဆိပ်များကအစ ဂေါက်သီးပေါ်ကတံဆိပ်အထိ သူမရိုက်ဘူးတာမရှိပါဘူး။ဒီကြားထဲ မိုင်းယောင်းမူးယစ်ပြခန်းတည်ဆောက်ရာမှာလည်းသူဝင်ပါလိုက်တာပါပဲ။သာသနာ့အလံတွေချုပ် ဓမ္မာရုံတကာမှာတရားပွဲတွေ တရားသင်တန်းတွေဖြစ်အောင်နှိုးဆော်၊ တရားဟောဓမ္မကထိကတွေနဲ့လည်းသူနဲ့ လုံးလားထွေးလား။တရားပွဲတခုမှာဆို တရားထောက်လုပ်နေတဲ့ဦးစံပုက တရားတန်ရှည်နေလို့ ဘုန်းကြီးကတရားပလ္လင်ပေါ်ကနေ"ဒကာကြီးဦးစံပုပဲဆက်ဟောတော့ ကျုပ်မဟောတော့ဘူး"ပြောရတဲ့အထိ။သူ့အကြောင်းတွေကပြောရရင်မကုန်နိုင်၊ဆေးခန်းဖွင့်ပြီးဆေးဆရာလည်းလုပ်လိုက်သေးတယ်။အဲဒီဦးစံပုက အထက်ကပြောတဲ့အတိုင်း
"မင်္ဂလာပါ "အစချီပြီးရှင်လူ့ဆီမကြာမကြာဖုန်းဆက်လေ့ရှိပါတယ်။ပြီးတော့ နေကောင်းလား ဘာညာမေးပြီးရင်"အေးပေါ့ ဗျာ...အာရုံမှန်းသိ ၊မကပ်ငြိ၊လွတ်၏သံသရာ ဆို
သလို ဥပါဒါန်ကိုဥပါဒါန်မှန်းသိဖို့ အရေးကြီးတာကိုးဗျ"ဆိုပြီးဖုန်းထဲကနေပြီး ဓမ္မစကြာကိုလွှတ်တော့တာပဲ။အမှန်တော့ တခါတလေ သူဖုန်းခေါ်ချိန်မှာ ရှင်လူကြီး ကောင်မလေးတွေနဲ့ messenger ထဲချက်ရည်လူးနေချိန်နဲ့ကြုံနေရင်တော့ သူ့ဖုန်းမကိုင်ဖြစ်။အားနေရင်တော့ ကိုင်ပြီးသူစိတ်ချမ်းသာအောင်တရားနာပေးရပါတယ်။ခုတလော သူ့ဘက်ကဖုန်းဆက်ပေမယ့် ရှင်လူ့ဘက်ကလုံးဝမဆက်ဖြစ်။တယောက်ထဲနေပေမယ့် ကျန်းမာရေးဂရုစိုက်ရတာတဘက်၊ အထွေထွေဗာဟိရတွေကတဘက်နဲ့လုံးခြာလည်နေတာ။ခုလကုန်မှာတော့ ငါ့မိတ်ဆွေကြီးဦးစံပုကို သွားအားပေးရအုံးမယ်ဆိုပြီး ပူစီမုန့်တထုပ်ဝယ်ပြီး၄ရပ်ကွက်ကေတုမာလာထဲကဦးစံပုအိမ်လာခဲ့ပေရဲ့။
                လူနာမေး  အားပေးစကားပြောဖို့လာခဲ့ပေမယ့် ထုံးစံအတိုင်း သူ့တရားသီးခံနာပြီး သူ့အားပေးစကားတွေနားထောင်ပြီးသာပြန်ခဲ့ရပေရဲ့။
story#observation #shinlhu


No comments:

Post a Comment