က မ္ဘာ မ ခြား သေး တဲ့ သူ
👬🌲 / 🚶 👬🌲 / 🚶 l
ဒီဘက်နှစ်တွေထဲ ရှင်လူကြီးထမင်းစားဖို့ ခေါင်းငုံ့လိုက်ရင်
မူးရိပ်မူးရိပ်ဖြစ်တတ်တယ်။
ဖြစ်ပါများလာတော့ ထမင်းစားတိုင်း တရားမှတ်ဖြစ်သွားတယ်။ငါထမင်းစားနေရင်းက ပစ်လဲပြီးသေသွားနိုင်တယ်ဆိုတဲ့အသိဝင်လာတယ်။ကိုယ်က ဆေးပညာနားမလည်ပေမယ့် အစာအိမ်မှာပြဿနာရှိတယ်ထင်မိတယ်။
အစာအိမ် အင်ဂျင်ကိုဖွင့်လိုက်တာနဲ့ ဦးနှောက်ကပါဝါကျသွားတယ်လို့ထင်တာပဲ။လူတွေထမင်းစားပြီးရင်ဘိုက်လေးပြီးအိပ်ငိုက်တာဟာ ဦးနှောက်ကအောက်ဆီဂျင်ကို အစာချေဖို့အတွက်အစာအိမ်ဆီစစ်ကူပို့ရတာကြောင့်လို့ စာတွေထဲဖတ်ဖူးထားလို့ဆက်စပ်တွေးကြည့်တာပါ။
နိဒါန်းပျိုးတာ ရှည်သွားပြီ အဓိကပြောချင်တာက...
ဒီနေ့ ညနေ ၃ နာရီလောက်ရှင်လူ့မိတ်ဆွေ ကိုမြင့်ဋ္ဌေးတယောက် ရှင်လူ့အခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာတယ်။
သူနဲ့က လွန်ခဲ့တဲ့ နှစ်ပေါင်း
၄၀ တုန်းက တောင်ဥက္ကလာ
၅ ရပ်ကွက် စစ်ကိုင်းလမ်း၃၀
က တဲကုပ်သာသာအိမ်ကလေးတခုမှာခြေရင်းခေါင်းရင်းအခန်းချင်းကပ်ရက်နေခဲ့ကြသူတွေပါ။အဲ့တုန်းကရှင်လူကလည်းသုံးဆယ်မပြည့်သေး၊သူကလည်းနှစ်ဆယ်ကျော်ရုံ။
ပုလင်းတူဗူးဆို့ တွေဆိုပါတော့ဗျာ။သူအရက်မူးမူးနဲ့ခွေးချေးတွေနင်းလာပြီး ခါးပန်းခေါင်းအုံးအိပ်နေတဲ့သူ့မိန်းမမလှဝင်းခေါင်းကိုတက်နင်းမိလို့ရန်ဖြစ်ခဲ့ကြတာတောင်သတိရမိသေးတော့။
ခု သူကရှင်လူ့ဧည့်ခန်းမှာထိုင်ထိုင်ချင်း
"ဦးအောင်မြင့် ဘော်ဒါတွေ မလာကြဘူးလား"ဆိုတာနဲ့
"မလာကြဘူး၊ဘဝတွေခြားကုန်ပြီလေ"လို့ပြန်ဖြေလိုက်တယ်။ပြီးတော့ အလုပ်အကိုင်အကြောင်းတွေပြောကြတယ်။သူက ဟိုးအရင်တုန်းက ရန်ကုန်မြို့ထဲ၃၈လမ်းစျေးမှာကားကူရှင်တွေချုပ်တယ်။အခု အလုပ်မလုပ်တာကြာပြီ။"အ ခု ကားသမားတွေက အသင့်လုပ်ထားတဲ့ပစ္စည်းတွေ ဝယ်တပ်လိုက်တာပဲဗျာ"တဲ့။ခုသူ့အသက်၆၂နှစ်ထိအောင် ဘာမှမလုပ်ပဲထိုင်စားနေတာကြာပြီ။သူ့မိန်းမ မလှဝင်းက လည်လည်ဝယ်ဝယ်ရှိတယ်။လုပ်တတ်ကိုင်တတ်ဆိုတော့၅ ရပ်ကွက်ထဲမှာဆယ်ပေနှစ်ထပ်အိမ်လေးတောင်ဝယ်ထားနိုင်တယ်။သားအကြီးထွန်းထွန်းဝင်းတို့လင်မယားကထိုင်းမှာနှစ်ပေါင်းဆယ်နဲ့ချီပြီးသွားနေတာ ၊ခုပြန်ရောက်လာတာမကြာသေးဘူး။မြေးတယောက်ရပြီ။အငယ်မစန္ဒာက အိမ်ထောင်ကျတာတနှစ်နှစ်နှစ်ပဲရှိသေးတယ်။တခါတခါရှင်လူအလုပ်သွားအလုပ်ပြန်လမ်းပေါ်မှာသူနဲ့တွေ့ရင်"ဥက္ကလာဘုးရားဘက်ကလမ်းလျှောက်ပြန်လာတာ"လို့ပြောလေ့ရှိတယ်။သူကလက်ဖက်ရည်မကြိုက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ဖက်အပေါင်းအသင်းလည်းမရှိ။အရက်သောက်တော့လည်းသူ့မိန်းမကစိတ်မချလို့ အပြင်ထွက်မသောက်ရတော့ သောက်ဖော်သောက်ဖက်လည်းမရှိ။အိမ်မှာပဲ ခွန်နှစ်ရာတန်ဇေအရက်တလုံး ထမင်းစားပွဲနားချပြီးရေချိန်ကိုက်လာရင် အိမ်ရှေ့ခန်းတီဗွီရှေ့ မှောက်ရက်ကြီးခလောပါလေရော။တရေးနိုးရင်သူ့မိန်းမကိုမေးတတ်တာက
"ငါထမင်းစားပြီးပလား"ဆိုတာပဲ။အဲ့ဒီစကားကတော့ ခဏခဏ ထပ်ခါထပ်ခါမေးတတ်သတဲ့၊သူ့မိန်းမကိုယ်တိုင်ပြောပြတာ။ပြီးတော့ နေ့တိုင်းအဲလိုပဲ တဲ့။ဒါကြောင့်သမီးနဲ့မိန်းမက သူ့ကိုဘာအလုပ်မှမခိုင်းရဲကြဘူး။ဘယ်နေရာမှစိတ်မချကြဘူး။တခါတခါမြေးကိုကျောင်းကကြိုလာလို့မြေးကအပြင်ထွက်ကစားနေပြီ။"ငါ့မြေးကျောင်းကြိုပြီးပလား"ဆိုတာကိုလေးငါးခါမကထပ်မေးနေတတ်သတဲ့။သူ့ဘဝကြီးအဓိပ္ပါယ်မဲ့လိုက်တာဆိုပြီးရှင်လူကတခုခုလုပ်ဖို့ပြောတော့လည်းအိမ်ကလူတွေကမခိုင်းလို့ဘာမှလုပ်မရဘူး…"တဲ့။
ခု သူရောက်လာတော့လက်ဖက်ရည်လည်းမသောက်တတ်လို့ ရှင်လူကစားပွဲပေါ်အသင့်ရှိနေတဲ့ Export Mandaly Rum ပုလင်းယူပြီးခွက်တလုံးနဲ့"ခင်ဗျားဟာခင်ဗျားထည့်သောက်"ဆိုတော့ နှစ်ပက်လောက်ထည့်ပြီးရေရော။
ပြီးတော့တငုံချင်းထိုင်ငုံတယ်။ခဏနေတော့
"ဦးအောင်မြင့်ဘော်ဒါတွေမလာကြဘူးလား"ထပ်မေးတယ်။သူထပ်မေးတော့"ဘဝတွေခြားကုန်ပြီထပ်ဖြေရတယ်။ "ဦးအောင်မြင့်တယောက်ထဲနေတာ တူတူမတွေမရှိဘူးလား" "အရင်အလုပ်လာလုပ်တဲ့တပည့်လေးမလာဘူးလား"ဆိုတဲ့မေးခွန်းတွေကိုလည်း "တူတူမတွေနဲ့ အဆက်ပြတ်နေပြီ""တပည့်လေးက လုပ်ငန်းခွဲထွက်သွားတာကြာပြီ"ဆိုပြီး မေးခွန်းတခုကိုသူကသုံးလေးခါထပ်မေး၊ရှင်လူကသုံးလေးခါထပ်ဖြေရတယ်။ဒီတခါ "ရှင်လူ့ဘော်ဒါတွေ မလာကြဘူးလား"သူထပ်မေးတော့"ဘဝတွေခြားကုန်ကြပြီ"လို့ထပ်ဖြေရင်း ကွကိုယ်တွေးမိတယ်။သူနဲ့အခန်းချင်းကပ်နေခဲ့တုန်းက ရှင်လူ့ဘော်ဒါစာရေးဆရာကဗျာဆရာ၊ပန်းချီဆရာကာတွန်းဆရာ
တွေ ရှင်လူ့အိမ်ဝင်ထွက် ၊အတူတူသောက်စားနေကြတာသူမှတ်မိနေတာကိုး။ခုတော့တကယ်လည်းဘဝတွေခြားနေခဲ့ကြပြီ။စာရေးဆရာမောင်ရွှေစွန်၊မြင့်ဝင်းနီ၊မောင်မောက်(ဥက္ကလာ)ကာတွန်း မောင်ဌေးအောင်၊ဇေယျာမှိုင်း
တာရာမင်းဝေ၊မူးသာ(ခင်မင်း)
တို့က၃၁ ဘုံ မှာဘယ်အထပ်တွေရောက်နေကြမှန်းမသိတော့။နွေလယ်နေကမအူကုန်းလမ်းကျယ်ထိပ်သုံးလွှာမှာ၊ဒတ္ထကရှစ်မိုင်ကဟိုတယ်တခုပေါ်မှာ၊နှင်းခါးမိုးက စံပြစျေးနားကခြောက်ထပ်တိုက်
သုံးလွှာထင်ရဲ့။
နှစ်ပေါင်းလေးဆယ်နီးနီး ရှင်လူ့အခန်းကတော့ ဒီအခန်းပါပဲ။ ဒီအခန်းပြောင်းလာတုန်းက
မှတ်မှတ်ရရ ဝိုင်းပြောင်းပေးတဲ့အထဲ ဒတ္ထလည်းပါရဲ့။
ဒီအခန်းကို အတူတူပါလာတဲ့ဇနီးသည်မမလည်း ဘဝခြားခဲ့ပြီ။
ကိုမြင့်ဌေး...ဒီလူ.. သူ့ရဲ့တကြော့နှစ်ကြော့သုံးလေးကြော့၊
ထပ်ကြော့မေးခွန်းတွေကြောင့်ရှင်လူ့ခမျာ သုံးဆယ့်တဘုံသံသရာလည်လိုက်ပုံများ ခေါင်းတောင်မူးရဲ့။
တခုတော့ရှိတယ်၊သူကသတိမေ့တတ်ပေမယ့် အဲ့လိုပဲမေ့တခါလျော့တခါ ရှင်လူ့အိမ်ကို ဝင်လာတတ်တယ်။
သူနဲ့တော့ ခုချိန်ထိ ကမ္ဘာမခြားသေးဘူးထင်တာပဲလေ...
နှစ်ယောက်စလုံး မူးမူးမေ့မေ့တော့ဖြစ်စပြုနေကြပြီ။
ပြီးတော့လည်း အားလုံး...
No comments:
Post a Comment