Saturday, August 16, 2025

story

ဒူးတင်ပေါင်တင်ဘောဂဗေဒ
                     😀😁😇😂🙂
ရှင်လူ (SATIRE-မဟုတ်)
🙃😎🤓🤩😛😡
"အမရေ..လုံချည်လေးတွေရောင်းချင်လို့၊ အားပေးပါအုံး"
"မယူသေးပါ ဘူး.. မသန်းရယ်၊ အိမ်မှာ လုံချည်တွေကများနေပြီ၊သွားစရာလာစရာလည်းသိတ်ရှိတာမဟုတ်ဘဲ နဲ့"
"အမရယ်..ကြည့်ပါအုံး အဆင်လေးတွေကဆန်းပြီးအသားကလည်းကောင်းသနဲ့၊ဝယ်စျေးတင် တထည်ကိုတသောင်းနဲ့ဝယ်ခဲ့ရတာ၊ အမယူမယ်ဆို ရှစ်ထောင်ပဲပေး"
ကပ်လျက်အခန်းက အချီအချစကားသံတွေကိုနားထောင်ရင်း ရှင်လူကြီးစိတ်ဝင်စားမိသွားပေါ့။ ဘယ့်နှယ် တသောင်းတန်ပစ္စည်းကို အမြတ်မတင်တဲ့အပြင် အရှုံးခံပြီးရောင်းနေရတယ်ဆိုတော့။
"ယူပါအမရယ်...ကဲကဲ ခွန်နှစ်ထောင်ပဲပေး၊ အိမ်မှာမနက်စာခုထိမချက်ရသေးဘူး ..ဆန်မရှိလို့...ဒီကပြန်မှဝယ်ချက်ရမှာမို့ပါ"
"ဒီလောက်တောင်ဖြစ်နေလားမသန်းရယ်...ရှင့်လင်ကနေ့တိုင်းဆိုက္ကားနင်းနေတဲ့ဥစ္စာ"
"သြော်...ဒီမသာကောင်အကြောင်းကတော့ မပြောပါနဲ့တော့အမရယ်၊တနေ့တနေ့ သူရှာတာနဲ့ သူအပင်းသျှိုတာ အရည်သောက်တာ လောက်တောင်မလောက်ဘူး၊ဒီကြားထဲ အကြီးကောင်ကလည်းဖအေ့ခြေရာနင်း အရက်သောက်ပြီးအရက်နာကျလို့ဆေးခန်းပြရသေးတယ်"
"တော့်မလဲ   ဒုက္ခပါပဲ...ပေးပေး  နှစ်ထည်ယူထားလိုက်မယ်"
"အဲဒါ..စျေးတန်းထဲအထည်ဆိုင်က နေ့သွင်း နဲ့ယူပြီးငွေပေါ်ချက်ချင်းလာရောင်းတာ၊ကန်စွန်းရွက်ရောင်းရတဲ့ပိုက်ဆံကမသုံးရပါဘူး၊နေ့သွင်းတွေနဲ့ စုမဲနဲ့တင်ကုန်နေတာ"
မသန်းစကားရဲ့အသွားအလာတွေအရ...သူကန်စွန်းရွက်ရောင်းတဲ့လမ်းကြားစျေးတန်းအထည်ဆိုင်ဆီက လုံချည်လေးတွေကိုနေ့သွင်းတထည်တသောင်းနဲ့သုံးထည်ယူ ၊ကန်စွန်းရွက်ရောင်းရငွေထဲကတနေ့သုံးထောင်ဆယ်ရက်ပြန်သွင်း၊တထည်ခွန်နှစ်ထောင်နဲ့ပြန်ရောင်းတော့ သုံးထည်ဆိုနှစ်သောင်းတထောင်ရ၊ ကိုးထောင်ရှုံးပေမယ့် လတ်တလောဆန်ဝယ်ဖို့ရ။အင်း ဒီနေ့အဖို့မိသားစုထမင်းမငတ်တော့။ဒီတိုင်းပါပဲ ခေါင်းရွက်ဗျတ်ထိုးစျေးသည်လေးတွေစုစုပြီးစုမဲဝင်ကြ။မဲနှိုက်ပြီးနံပတ်အစဥ်တိုင်းယူကြ။ကံကောင်းသူကငွေကိုလက်ငင်းသုံးရပြီးအကြွေးကိုနေ့သွင်းနဲ့ပြန်ဆပ်။တခါတခါမိန်းမိန်းတို့အပတ်မလည်တဲ့အခါမျိုးဆို
"ဟိုမသာကောင်...သေနာကောင်... အန်ဖတ်ဆို့ပြီးမသေနိုင်ဘူး၊
တအိမ်လုံးအပင်းသျှိုဖို့ ကုတို့ခလေးဘာလေးလဲပေးအုံး၊မပေးချင်ပြန်လာပြီးလည်းမမျိုနဲ့ မဆို့နဲ့" ဒီအသံမျိုးကြားလို့ကတော့ ဆိုက္ကားသမားဘခက်တို့ အနုကြမ်းစီးခံရသလို တုန်တုန်ရီရီနဲ့ ဆိုက္ကားကိုအသကုန်နင်းကြရပေါ့။
စီးပွားရေးဘောဂ ပညာရှင်ကြီးတွေဖြစ်တဲ့Adam Smith (အာဒမ် စမစ်)တို့John Maynard Keynes (ဂျွန်မေနာ့ဒ် ကင်းစ်)တို့Karl Marx (ကားလ်မာ့က်စ်)တို့ဘာတွေပြောခဲ့တာမိမိမသိ။အရင် အမိန့်ရအပေါင်ဆိုင်ဆိုတဲ့တရုတ်အပေါင်ဆိုင်တွေနဲ့အခု နေရာတကာမှာတွေ့နေရတဲ့ Micro finance ဆိုတာတွေလည်းနားမလည်။Demand တွေ Supply တွေလည်းမသိ။ဒူးတင်ပေါင်တင်ရပ်ကွက် လမ်းဘေးစျေးတန်းလေးရဲ့ ငွေကြေးလည်ပတ်စီးဆင်းပုံMarket Economy ကိုတော့ ရှင်လူကြီးရေးရေးနားလည်စပြုလာပြီဖြစ်ပါတယ်။
story#observation #shinlhu


Friday, August 15, 2025

story

ဒူးတင်ပေါင်တင်အက်ရှင်ဒရာမာ🤓🤑😎😛🤩😡😳
"ဟဲ့..တရုတ်မ..ကွမ်းယာ..တဲ့"
ဒေါ်မော်ကြီး ကွမ်းယာဆိုင်ရှေ့ မိမိထိုင်လိုက်တော့ ဆိုင်နားထိုင်ပြီး ကလေးနို့တိုက်နေတဲ့ အသက်နှစ်ဆယ်ကျော်ခန့် ကလေးအမေကလှမ်းအော်လိုက်တယ်။ဗြုတ်စဗျင်းတောင်း အခန်းငယ်လေးတွေမွစာကြဲနေတဲ့အိမ်စုတဝိုက်ကလေးတွေခွေးတွေကလည်း လမ်းဒေါင့်မှာ ရှောင်မလွတ်။ဆိုင်ရှင်တရုတ်မကလည်း နေ့လယ်ခင်းဆိုရင် နီးစပ်ရာအခန်းတခုခုမှာ ပိုကာဝင်ဒေါင်းနေတတ်သမို့ မိမိမှာအကြွေသုံးရာကိုင်ရင်းအေးဆေးပင်ထိုင်စောင့်နေလိုက်တယ်။
        "ဟဲ့.. မသာကောင်..ဆိုင်ကယ်တွေဖမ်းနေတယ်ဆိုကာမှ..သူများဆိုင်ကယ်..ယူမောင်းနေတယ်"
          မိန်းမရွယ်တယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားမှာ တက်တူးတွေတကိုယ်လုံးထိုးထားတဲ့ ပိန်ညှောင်ညှောင်လူတယောက် သုံးဘီးဆိုင်ကယ် ဘီးလှိမ့်ရင်း ကွမ်းယာဆိုင်ဘေး ထိုးရပ်လိုက်တယ်။
         "ဒီမှာ သော့ ထားသွားလို့.. ကောင်မ..ဘာမှနားမလည်ဘဲ.."
          "သူ့ဖာသာ သော့ထားသွားတာ..မသာကောင် နင်နဲ့ဘာဆိုင်လဲ...သူများဆိုင်ကယ်အဖမ်းခံရရင်.. နင့်မှာရော်စရာ စောက်ဆံရှိလို့လား
ငါ စပနဲ့ပွတ်လိုက်ရ"
             ကွမ်းယာသည်တရုတ်မ ထွက်မလာခင်ထိ ဒူးတင်ပေါင်တင်ရပ်ကွက်ဒရာမာကိုတော့ ဆက်ရှုစားနားဆင်ရပေဦးမပေါ့။တနေ့တနေ့ အချစ် အကြမ်း စွန့်စားခန်းတွေကြား အသက် ၇၀ ကျော်အောင်နေလာခဲ့တဲ့ မိမိကိုယ်မိမိ ရှင်လူကြီးအံ့သြနေမိတယ်။
story#observation #shinlhu


Wednesday, August 13, 2025

story

ရေသန့်ဗူးမြည်​သံ(သို့မဟုတ်​)
ည​စောင့့််​ခေါင်းအုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^) 
ရှင်​လူ အသက်​ ၂၀ ​ကျော်​အရွယ်​ အိမ်​​ထောင်​မကျခင်​
ပထမဆုံးလုပ်​ခဲ့တဲ့အလုပ်က အကျိုး​ဆောင်​ ကုမ္ပဏီ မှာ အ​ထွေ​ထွေ
မန်​​နေဂျာ။ယ္ခု NLD ဗဟိုရ်​ ရုံးရှိရာ အမှတ်​
၂၂၉ (-)အ​ရှေ့​ရွှေှဂုံတိုင်​မှာ ဖြစ်​ပါတယ်​။အကျိုး​ဆောင်​ကုမ္ပဏီဆိုတာ
အဲဒီ ​ခေတ်​က နိုင်​ငံ​တော်​အလံ၊ သာသနာ့အလံ၊သံရုံးအမျိုးမျိုးရဲ့အလံ​တွေနဲ့ စစ်​တံဆိပ်​၊ရဲတံဆိပ်​ အမျိုးမျိုးကို ရိုက်​နှိပ်​
​ရောင်းချ​ပေးတဲ့ ​ဆေးဆိုးပန်းရိုက်​ ကုမ္ပဏီ
ကြီးပါ။နိုင်​ငံ​တော်​အလံများကို အ​မြောက်​အမြားရိုက်​နှိပ်​ချုပ်​လုပ်​ပြီး
ကုန်​သွယ်​​ရေးကိုပြန်​သွင်းရတဲ့အထိ 
လုပ်​ငန်း​အောင်​မြင်​ခဲ့တာပါ။အဲ့အချိန်​က
လျှပ်​စစ်​ဋ္ဌာန ဘက်​တံဆိပ်​များကို
ESB က​နေပြီး EPC ​ပြောင်းရာမှာ အလုံလျှပ်​
စစ်​ဓာတ်​အား​ကော်​ပို​ရေးရှင်းက အရာရှိကြီး နဲ့​တွေ့ပြီး လုပ်​ငန်းကိစ္စညှိနှိုင်းခဲ့ဖူးပါတယ်​။
ဒါ​ပေမယ့် အဲ့အလုပ်​မှာ ရှင်​လူ မ​ပျော်​လို့
သုံး​လေးလနဲ့ ထွက်​ခဲ့ပါတယ်​။ဘာ​ကြောင့်
မ​ပျော်​ရတာလဲ ဆို​တော့ သူ​ဋ္ဌေးက အဆဲ
ပုပ်​လို့ပါပဲ။အမှန်​​တော့ သူ​ဋ္ဌေးက ရှင်​လူ့ကို
သာမာန်​အလုပ်​သမားအဖြစ်​ အလုပ်​ဆင်းပြီး ​လေးရက်​​မြောက်​​နေ့မှာ
အ​ထွေ​ထွေမန်​​နေဂျာခန့်လိုက်​တာဖြစ်​ပါတယ်​။ ရှင်​လူ့ကို အလွန်​အကျွံ​မြောက်​စား
လိုက်​တာပါ။ည​နေတိုင်း ရှင်​လူ့ကို မုန့်ဖိုးသပ်​သပ်​​ပေးပြီး ​ရွှေဂုံတိုင်​စာတိုက်​မှာ
​ငွေစုစာအုပ်​နဲ့စု​စေပါတယ်​။ အစားအ​သောက်​​ကောင်းဆိုလည်း
ချစ်​တီးထမင်း ဆိတ်​ဦး​နှောက်​ဟင်းနဲ့က
ဘယ်​ဆိုင်​​ကောင်းတယ်​၊ ဆီချက်​​ခေါက်​ဆွဲကအစ ဘယ်​​ဆိုင်​​ကောင်း
တယ်​ဆိုတာ ကိုယ်​တိုင်​သူ့ ​ဘောက်​​ဆော
ကားနက်​​လေးနဲ့လိုက်​ပို့ပြီး​ကြွေးခဲ့တာပါ။
သူ့ကိုရှင်​လူမကြိုက်​တာက အဆဲသန်​တဲ့
ဝသီပါပဲ။ငါနဲ့ကိုင်​တုတ်​တယ်​ခင်​ဗျ။ပြီး​တော့လည်း တဟဲဟဲနဲ့။ဒါမျိုးလာလုပ်​လို့မရ
ဘူး​လေ ၊ ရှင်​လူက ၁၆နှစ်​သားကတည်းက
ကဗျာဆရာလုပ်​လာတာ။ဆတ်​ဆတ်​ထိမခံ
တတ်​တဲ့​ကောင်။​လောကကြီးတခုလုံး
​တောင်​​ပြောင်းလဲပစ်​မယ်​ဆိုတဲ့​ကောင်​​လေ။
ဘယ်​ရမလဲ သူ့အလုပ်​ကိုဆက်​မလုပ်​နိုင်​​တော့ဘူးဆိုပြီး
အ​ထွေ​ထွေမန်​​နေဂျာရာဘာတံဆိပ်​တုံးကို
သူ့စားပွဲ​ပေါ် ​ဒေါက်​ခနဲ...
ခတ်​တည်​တည်​​ကျောခိုင်းထွက်​လာခဲ့​တော့
သူ​ဋ္ဌေးခင်​ဗျာ 
မျက်​စိသူငယ်​ နားသူငယ်​ဖြစ်​ပြီးကျန်​ခဲ့တာ။
ဟုတ်​တယ်​​လေ သူ သုံး​လေးလ​လောက်​ အပင်​ပန်းခံ သင်​ကြားပြသ​ပေးထားရတဲ့
အ​ထွေ​ထွေမန်​​နေဂျာကထွက်​​တော့မယ်​ဆို​တော့ စီးပွားတွက်​တွက်​ရင်​ သူရှုံးတယ်​​
လေ။အဲ့ ကုမ္ပဏီကထွက်​ပြီး ​လေဘာလုပ်​၊
ပြီး​တော့ သူငယ်​ချင်းတ​ယောက်​ရဲ့အကူအညီနဲ့ 
စက်​မှုတွင်းထွက်​ကုန်​ကြမ်း​ကော်​ပို​ရေးရှင်း
အမှုန့်ကြိတ်​စက်​ရုံမှာဝင်​လုပ်​ခဲ့တာ။အဲ့တုန်းက စက်​ရုံမှူးကိုယ်​တိုင်​ ရှင်​လူ့ကို အင်​တာဗျူးပြီး ``မင်း ​ပေါင်​၁၆၀ အိတ်​ထမ်းနိုင်​မလား ´´ဆို​တော့ လူကိုယ်​တိုင်​ ​ပေါင်​၁၀၀မပြည့်တဲ့​ကောင်​က ခတ်​တည်​တည်နဲ့``ထမ်းနိုင်တယ်​´´ဆိုပြီး
ဝင်​လုပ်​ခဲ့တာ။စုစု​ပေါင်းလုပ်​သက်​သုံးနှစ်​။
ပါမင့်နင့်ဖြစ်​ပြီ။မိန်းမသွားခိုးဖို့ခွင့်တင်​​တော့။
ခွင့်ယူရခြင်းအ​ကြောင်းရင်းမှာ မိန်းမခိုးရန်​
ဆိုပီးဖြည့်လိုက်​တယ်​။စက်​ရုံမှူးက 
မင်္ဂလာ​ဆောင်​ရန်​လို့ ပြင်​​ရေးခိုင်းတယ်​။
ဒါသက်​သက်​အနိုင်​ကျင့်တာပဲ။မိန်းမခိုးတာနဲ မင်္ဂလာဆောင်​တာမတူဘူး။ မိန်းမခိုးတာက အခန့်မသင့်ရင်​ ဓားနဲ့အခုတ်​ခံရနိုင်​တယ်​​လေ။ထား​တော့။မိန်းမကမခိုးလို့မှမဖြစ်​​တော့တာ။
သူ​ပြောသလို မင်္ဂလာ​ဆောင်​ရန်​ပဲ ဖြည့်လိုက်​ရတယ်​။
အဲဒါ ဟိုမှာ ခိုးဖို့ဝှက်​ဖို့ ​ခြောင်းတာ အဆင်​မ​ပြေနိုင်​တာနဲ့ ခွင့်ရက်​က သုံးရက်​လွန်​သွားတယ်​။ကိစ္စပြီးလို့
စက်​ရုံပြန်​​ရောက်​​တော့ စက်​ရုံမှူးက ``မင်း
ခွင့်ရက်​​နောက်​ကျတဲ့အတွက်​ EC အစည်း​ဝေးထိုင်​ရအုံးမယ်​ တဲ့။​သြော်​
ဟုတ်​လား..​ပေါ့။``ECထိုင်​မ​နေပါနဲ့​တော့ဗျာ၊အလုပ်​ရှုပ်​ပါတယ် ၊ကျုပ်အလုပ်ထွက်တယ်​
ဗျာ ´´ဆိုပီးထွက်​လာတာ ၊ပြီး​ရော။
အင်း ရှင်​လူ ၂၄ နှစ်​မပြည့်ခင်​ကထဲက
ဝန်​ထမ်းအလုပ်​​တွေကထွက်​ခဲ့တာ ခု
အသက်​၆၄နှစ်​ထိ ။ကိုယ်​ပိုင်​ အိမ်​တွင်း
လက်​မှုလုပ်​ငန်း​လေးနဲ့ရှင်​သန်​​နေခဲ့တာ။
၂၀၀၉ ဇန္နဝါရီမှာ ဇနီးသည်​ကွယ်​လွန်​။
သားထောက်​သမီးခံကလည်းမကျန်​။​
ဆွေမျိုး​တွေကလည်း ရှင်​လူ့ကို မျိုးချစ်​စိတ်​
မရှိတဲ့​ကောင်​လို့မြင်​ကြ​တော့အားလုံးအဆက်​ပြတ်​။
(တ​လောကလုံးကို
ချစ်​တဲ့​ကောင်​ဆိုမျိုးချစ်​​တွေကအထင်​မကြီးတတ်​)
ဒီနှစ်​ပိုင်းရှင်​လူကြီးအိမ်​ကကိုယ်​ပိုင်​အလုပ်​ကသိတ်​မ​ကောင်း။အ​ရောင်းအဝယ်​က
​အေး​တော့ အသုံးစားရိပ်​ကမလုံ​လောက်​။
ဒါ​ကြောင့်တ​နေ့ငါး​ထောင်​စားည​စောင့်အလုပ်​ဝင်​လုပ်​​နေတာပါ။ခုည​စောင့်လုပ်​​တော့လည်း ရှင်​လူ့အ​ပေါင်းသင်းထဲက ဝါရင့်
ည​စောင့်ဆီမှာ အနီးကပ်​သင်​တန်းတက်​ပြီးမှလုပ်​တာပါ။
သူ့ပို့ချချက်​ကကြည့်ပါဦး။``ည​စောင့်
အလုပ်​က လုပ်​သက်​ သုံးလ​​ကျော်​မှ
​အောင်​မြင်​တဲ့ည​စောင့်ဖြစ်​တာအဘရ၊
တချို့ မခံနိုင်​လို့ထွက်​​ပြေးတယ်​။တချို့
မအိပ်​တတ်​​တော့ဦး​နှောက်​​သွေး​ကြောပြတ်​
​သေတာချည်းပဲ​။လုပ်​သက်​သုံးလကျော်​တဲ့လူဟာ အိပ်​​ရေးဝလို့...တဲ့။ဗု​ဒ္ဓေါ...ရှင်​လူနားလည်​တာက မိမိတာဝန်​ယူထားတဲ့ အရာ​တွေကို
သတိဝိရိယနဲ့ ​စောင့်ကြပ်​ဖို့ပဲ၊ အိပ်​​နေရင်​
ည​စောင့်ဘယ်​ဟုတ်​​တော့မလဲ။ရှင်​လူတို့
က​ဆေးရုံမှာလူနာ​စောင့်လည်းဒီအတိုင်းပဲ။
ဘိုပီ နှလုံး​ရောဂါ​ကြောင့်​မြောက်​ဥက္ကလာ
နှလုံးအထူးကြပ်​မ ကုသ​ဆောင်​မှာတက်​
​တော့ရှင်လူသွား​​စောင့်​​ပေးခဲ့ဖူးတယ်​။​ဆေးရုံကသန့်ရှင်းသပ်​ယပ်​ပြီး​ဟော်​တယ်​ကြီးအတိုင်းပဲ။ ခုတင်​လွတ်​​တွေအများချည်းပဲ။
ခုတင်​အသစ်​ ကူရှင်​အသစ်​​တွေဆို​တော့ 
တခြားလူနာ​စောင့်​တွေတ​ခေါခေါ။ထစားလိုက်​ကြပြန်​အိပ်​လိုက်​ကြနဲ့အဆင်​ကို​ပြေလို့။ရှင်​လူက​တော့သူတို့ကိုအံ့သြ​နေမိတယ်။နှလုံးအထူးကုသမား​တော်​ကြီးက
လူနာနဲ့မှားပြီးခွဲသွားရင်​ဒုက္ခပါပဲလို့​တွေးမိတယ်။မနက်ကျ​​တော့ ဘိုပီက ``အဘညက တ​ရေးမှမအိပ်​ဘူးလား´´တဲ့။
``​အေး​လေ..ငါကလူနာ​စောင့်​လေ´´ဆို
​တော့``သူများ​တွေလည်းအိပ်​​နေတာပါပဲအဘရာ´´တဲ့။တတ်​နိုင်​ဘူး ကိုယ်​မှ
မအိပ်​ချင်​တာ။ ခု ည​စောင့်အလုပ်​ဝင်​​တော့
ချက်​ချင်းပဲ ည​စောင့်​ခေါင်းအုံးကို ရှင်​လူ
တီထွင်​လိုက်​တယ်​။အလုပ်​သမား​ကောင်​
​လေး​တွေပစ်​ထားတဲ့​ရေသန့်ဗူးခွံတခု​
​ကောက်ပြီးမိုးကာ​ဘောင်းဘီနဲ့ပတ်​လိုက်​တယ်​။​ညောင်းလာရင်​ အဲဒါကို​ခေါင်းအုံးပြီး
အိပ်​ချလိုက်​ ...​ ​ဖောက်​ဖောက်​နုဲ့မြည်​တယ်​၊
ဟိုဘက်​ ဒီဘက်​​စောင်းလိုက်​ရင်​လည်း
​ဖောက်​က​လောက်​​လောက်​မြည်​တယ်​။
ကဲ မျက်​လုံးဖွင့်ပြီး အိပ်​ကြည့်စမ်းပါ အချစ်​ရယ်​​ပေါ့။ဘယ်​အိပ်​​ပျော်​​တော့မလဲ။မ​တော်​လို့
ဦး​နှောက်​​သွေး​ကြောပြတ်​ရင်​​တောင်​​ ဘေးလူမသိနိုင်​ဘူး ရေသန့်ဗူးမြည်​တာပဲလို့ထင်​နိုင်​တယ်​။
story#observation#shinlhu

Wednesday, August 6, 2025

story

ထွက်​ခွာခြင်း ကျန်​ရစ်​ခြင်းနဲ့ ဆိုက်​​ရောက်​ခြင်းများ
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
 တာရာမင်း​ဝေ ကွယ်​လွန်​ခြင်း ၁၀ နှစ်​ပြည့်အထိမ်းအမှတ်​မှာ ဆုံကြဖို့ messenger ထဲက​နေပြီး နှင်းခါးမိုးကလှမ်းချိတ်​လာတယ်​။ထုံးစံအ
တိုင်း ​နွေလယ်​​နေလည်းပါမယ်​​ပေါ့။
ဒီလိုနဲ့ August, 5 ရက်​​နေ့​ရောက်​​တော့
သွားမယ့်အစီအစဉ် ကိုစဉ်းစားရတယ်​။
ရန်ကုန်မြို့ထဲအ​ရာက်အ​​ပေါက်က
နည်း​​လေတေ့YBS လည်းမစီးတတ်​။
ပါရမီဘူတာကပဲ ရထားစီးသွားဖို့ ဆုံးဖြတ်​
ရတယ်​။ ဒီလိုနဲ့ ၁၂ နာရီဝန်းကျင်​ ဘူတာကို​ရောက်​လာပြီး ၁၂:၂၈ ဆိုက်​မယ့်
ရထားကို​​စောင့်​ရတယ်​။ရထားက ၁၂နာရီ
ခွဲပြီးတာ​တောင်​​ရောက်​မလာ။ သွားရမယ့်
BookPlazaကလမ်း​မတော်​သံ​ဈေးမှာဆို
​တော့ဘုရားလမ်းဘူတာဆင်းပြီး
လမ်း​လျှောက်​သွားရ​တော့မှာ​ပေါ့။​
နေရာတကာ ဘတ်​စ်​ကားလည်းအားမက်ိုးချင်​။သံ​ဈေးဆိုတာလည်းဇနီးသည်​ရှိစဉ်​ကလုပ်​ငန်းသုံးကုန်​ပစ္စည်းဝယ်​ရင်းမကြာခဏ​ရောက်​​နေကျ။
ခု​တော့လည်းသံ​ဈေးမ​ရောက်​တာ နှစ်​နဲ့ချီ
​နေခဲ့ပြီ။ နဂိုရ်​​ဈေး​ရုံကြီး​နေရာမှာအထပ်​မြင့်
အ​ဆောက်​အဦဖြစ်​​နေခဲ့​လေ​တော့အမှတ်​အသား​တွေလည်းမမှတ်​မိ​တော့။ဟိုမေးဒီ
​မေးနဲ့ပဲ Book Plaza ​ရှိရာ ၅ ထပ်​ကိုဓာတ်​
​လှေခါးနဲ့တက်​လာခဲ့တယ်​။ ရှင်​​လူ​ရောက်​​တော့အခမ်းအနားကစ​နေပြီ။​နောက်​ကျ​နေ​တော့​ဝေတဲ့စာအုပ်​လည်းမရ​တော့။ နှစ်​ချို့သူငယ်​ချင်းကြီး ကိုစန်းလှိုင်​
နဲ့ပန်းချီဆရာ​ကျော်​စွာတ်ို့နှစ်​​ယောက်​စာအုပ် ဆိုင်​တဆိုင်​​ရှေ့မှာထိုင်​​နေတာ​တွေ့လို့
ဝင်​နှုတ်​ဆက်​ရင်း ဗိုက်​ဆာလာတာနဲ့
``ဘာ​ကြွေးလဲ´´​မေးလိုက်​​တော့ ကိုစန်းလှိုင်​က``အိမ်​မှာလုပ်​တုန်းကလို
ထမင်း​တော့မ​ကြွေးဘူး၊ လာ ​ကော်​ဖီဆိုင်​သွားကြတာ​ပေါ့´´ဆိုပြီး
​ကော်​ဖီဆိုင်​ဆီ​ခေါ်တာနဲ့ လိုက်​သွားပြီး
ညှပ်​​ခေါက်​ဆွဲသုတ်​တပွဲနဲ့​ကော်​ဖီတခွက်​တီးလိုက်​တယ်။စား​သောက်​​နေတုန်း
​အောင်​ဒင်​​ရောက်​လာ​တော့ ကိုစန်းလှိုင်​
လက်​ညိုးညွှန်​လို့ ​အောင်​ဒင်​ကြီး ရှင်​လူ့ကို
မြင်​သွားတယ်​။ အနားကပ်​လာပြီး ``အကို
ဘာလိုအပ်​လဲ´´ ​မေးလို့ မလိုပါဘူး ဒီမှာစား​နေပြီလို့။စား​သောက်​ပြီးဟိုဟိုဒီဒီ
​လျှောက်​ကြည့်​ရင်းသီချင်း​ရေးတဲ့ KZ(​ဇော်​သန်းထွဋ်​)နဲ့ဆုံ​တော့ KZ က
``အမှတ်​တရစာအုပ်​ထဲမှာ ဆရာနဲ့ ​ရွှေဘုန်း
ကျ​နော့အိမ်​လာခဲ့တဲ့အ​ကြောင်း​လေး
ကျ​နော်​​ရေးထားတယ်​´´​ဆိုပြီးနှုတ်​ဆက်​တယ်​။ နှင်းခါးမိုးနဲ့ ​နွေလယ်​​နေတို့ အခမ်းအနား​နောက်​နားကခုံမှာထိုင်​​နေတာ​တွေ့လိုက်​တယ်​။သူတို့နားဝင်​ထိုင်​မလို့ လုပ်​တုန်းနန်းနွယ်​(Ahla Thit Art Gallery)
နဲ့​တွေ့တာနဲ့ အပြန်​အလှန်​လက်​ပြွနှုတ်​ဆက်​ကြ​ပေါ့။ခဏ​နေ​တော့သက်​ဦး
​ရောက်​လာတယ်။သက်ဦးက​တေ့သူ့ပုံစံအတိုင်းစပ်​ဖြဲဖြဲ​နောက်​​နောက်​​ပြောင်​​ပြောင်​​ပေါ့ ။ Stage ​ပေါ်က ကဗျာရွတ်​ကြ အမှတ်​တရ​ပြောကြတာ​တွေ ခဏ နား​ထောင်​ပြီး အ​ပေါ့အပါးသွားဖို့ထလာ
​တော့ခရမ်းပြာဝမ်းဆက်​နဲ့အမျိုးသမီးတ
​ယောက်​က ``အကို့ကိုအ​စောကြီးကတည်းက
လိုက်​ရှာ​နေတာ ခုမှ​တွေ့တယ်​ ´´တဲ့။ 
ဗု​ဒ္ဓေါ..၊ စာ​ပေအသိုင်​အဝိုင်းထဲမှာ အ​ရောက်​အ​ပေါက်​နည်းလှတဲ့ရှင်​လူ့ကို
အဘယ်​ စာ​ရေးဆရာမကများ သိ​နေသလဲ
ဆိုပြီး​ခေါင်းစားသွားရဲ့။ကို​အောင်​ဒင်​ကို
​တောင်​စော​စောကမေး​​နေ​​သေး​တာ၊ဦးရှင်​လူကို​တွေ့ချင်​လို့ဆိုတော့သူကလည်းမ​တွေ့
ရ ​သေးဘူးတဲ့။ အမျိုးသမီး​ဘေးကကပ်​ပါလာတဲ့
အသက်​၃၀ ဝန်းကျင်​က​လေးမ​လေး
​ရွှေနန်းဆက်​ကို​တွေ့မှ
ရှင်​လူ့ memo ​တွေအသက်​ပြန်​ဝင်​လာ
တယ်​။ မြ သန်း ရင်...။လွန်ခဲ့တဲ့နှစ်​ပေါင်း
၃၀​ ​ဝန်းကျင်​​ ၈ ​လေးလုံးကာလ တုန်းက
မြသန်းရင်​တ​ယောက်​ ခရမ်းက​နေပြီး
ရန်​ကုန်​တက််​လာရင်း​ဇေယျာမှိုင်း​​နေ
ထိုင်ရာ​
တောင်​ဥက္ကလာ၄ရပ်​ကွက်​ကအိမ်​မှာ​
သောင်​တင်ခိုက်​ဇေယျာမှိုင်းနဲ့​​ရေစက်ဆုံ
ခဲ့ရတယ်​။သူတို့မင်္ဂလာ​​ဆောင်​​ဖို့လုပ်​တော့
​ဇေယျာမှိုင်းက``ကျ​​နော့ဘက်​ကအမျိုး​တွေ
ကသိတ်​မ​ကြေနပ်​ကြဘူး ၊ဒါ​ကြောင့်မင်္ဂလာ
​ဆောင်​ကိုအကိုအ​ဖော်​လိုက်​ခဲ့​ပေးပါ´´ဆိုတာနဲ့ မြသန်းရင်​တို့ရွာ ၊ ခရမ်းမြို့နယ်​၊
​ညောင်​ကုန်း​ကျေးရွာကို ရှင်​လူလိုက်​ပါခဲ့ဖူး
တယ်​။
 ခုမြသန်းရင်​ကို​တွေ့​တော့ ချက်​ချင်း ရှင်​လူ
မမှတ်​မိ။ သူနဲ့ကပ်​ပါလာတဲ့သမီးဖြစ်​သူ
​ရွှေနန်းဆက်​​ကြောင့်သာ သူ့ကိုမြသန်းရင်​
မှန်းသိ​တော့တယ်​။မ​တွေ့ရတဲ့နှစ်​​တွေက
ကြာခဲ့ပြီ​လေ။​ရွှေနန်းဆက်​ကိုလည်းလသားအရွယ်​​လောက်​ကသာအပြင်​မှာ​တွေ့ဖူးခဲ့တာ။ ကြုံကြိုက်​ချင်​​တော့ နှစ်​နှစ်​နီးပါး​တော့
ရှိ​လောက်​ထင်​ရဲ့ ​ဇေယျာမှိုင်းကွယ်​လွန်​တဲ့
သတင်းကိုအ​တော်​​နောက်​ကျပြီးမှသိရတဲ့အ​ကြောင်း​fbမှာရှင်​လူ​ရေးတင်​လိုက်​တာကို
​ရွှေနန်းဆက်​ဆိုတဲ့ acc တခုက like ,share
လုပ်​ပြီး​ဇေယျာမှိုင်းဟာ သူ့ဖခင်​ဖြစ်​​ကြောင်း
​ပြန်​​ရေးထားတာ​တွေ့ရတယ်​။ဒီ​တော့မှ 
​ရွှေနန်းဆက်​ဟာ ကွယ်​လွန်​သူ ညီကဗျာ
ဆရာ ​ဇေယျာမှိုင်းသမီးဖြစ်​​ကြောင်းသိရတယ်​။
သူ့wall ​ပေါ်က သူ့ဓာတ်​ပုံ​တွေနဲ့လည်း
ရင်းနှီးခဲ့ရတယ်​။အဲ့ဒီအချိန်​ကသူတို့စု​ပေါင်း
ထုတ်​ထားတဲ့ ကဗျာစာအုပ်​အဖုံးပုံက​လေး
ကိုလည်း messenger က​နေ​ရွှေနန်းဆက်​
ပို့​ပေးလို့သိရတယ်​။သူ့အ​ဖေကို ကဗျာ​တွေ
​ရေးပြီးတမ်းတ​နေတဲ့ ​ကောင်​မ​လေး။
ခု​တော့ဘက​ကျောင်းမှာဆရာမလုပ်​​နေတာ​တောင် ၆ နှစ်ရှိပြီ တဲ့။သူ​ကသူ့အ​ဖေကိုကဗျာနဲ့တမ်းတ​နေတာ
​တွေ့ရ​တော့ ရှင်​လူက ​ဇေယျာမှိုင်း​ရေးခဲ့တဲ့
``သမီး​ကောင်း´´ဆိုတဲ့ကဗျာ​လေးကိုသတိရတယ်​။​ရွှေနန်းဆက်​​လေး​မွေးခါစ အရွယ်​၊ရှင်​လူ့မိတ်​​ဆွေ (ကွယ်​လွန်​သူ)
​အောင်​လင်းလက်​(ဥက္ကလာ)​
``ပန်းဝတ်​ရည်​´´က​လေးဂျာနယ်​ထုတ်​
​တော့ ရှင်​လူက ​ဇေယျာမှိုင်းဆီ ကဗျာတပုဒ်​
​တောင်းတယ်​။​ဇေယျာမှိုင်းက ​ရွှေနန်းဆက်​
ဖြစ်​လာမယ့်သမီးငယ်​​လေးကို ရည်​ရွယ်​ပြီး
``သမီး​ကောင်း´´ဆိုတဲ့ကဗျာ​လေး​ရေး​ပေး
လို့ ပန်းဝတ်​ရည်​ က​လေးဂျာနယ်​မှာထည့်​ပေးခဲ့ဖူးတယ်​။
ခု ​ရှေး​ဟောင်း​နှောင်းဖြစ်​​တွေ​ပြောရင်း
မြသန်းရင်​တို့သားအမိမျက်​ရည်​ဝဲကြတယ်​။
ရှင်​လူလည်း နှင်းခါးမိုးနဲ့ ​နွေလယ်​​နေကို
​ခေါ်ပြီး​ရွှေနန်းဆက်​တို့သားအမိနဲ့မိတ်​ဆက်​​ပေးရတယ်။ သူတို့ကလည်း fb ​ပေါ်မှာ
ရှင်​လူ​ရေးခဲ့တာ​တွေသိပြီးသားမို့ ​ဇေယျာမှိုင်းသမီး ​ရွှေနန်းဆက်​လို့​ပြောလိုက်​တာနဲ့သိတယ်​။
တချိန်​က ​တောင်​ဥက္ကလာ ဇနပုဒ်​မှာ
​ဇေယျဝတီ မင်းလွင်​စိုး ဆိုတဲ့ ရှင်​လူရယ်​၊
​မောင်​မိုးထွန်းဆိုတဲ့​နွေလယ်​​နေရယ်​၊
​အောင်​ဒင်​ဆိုတဲ့ ဒတ္ထရယ်​၊​ဇေယျာမှိုင်း
ရယ်​၊ နှင်းခါးမိုးရယ်​၊​ရွှေဘုန်းလူဆိုတဲ့
တာရာမင်း​ဝေ ရယ်​တို့ဟာ ဗွက်​ထူ 
ရိုင်းကြမ်းတဲ့ ​မြေနီလမ်း​တွေ​ပေါ်မှာ 
ဥဒဟို ပုခုန်းချင်းဖက်​ပြီး ရန်​ဖြစ်​လိုက်​ 
ပြန်​ချစ်​လိုက်​၊ ကဗျာနဲ့ အရက်​နဲ့ လက်​ဖက်​ရည်​ကို ​ဖော်​မြူလာအမျိုးမျိုး
နဲ့မြည်းစမ်းခဲ့ကြပြီး ခု​တော့ တချို့ ထွက်​ခွာ၊
တချို့ကျန်​ရစ်​၊တချို့ ဆိုက်​​ရောက်​နဲ့...
အင်း..သမီး​ရွှေနန်းဆက်​က ​တော့ ဆိုက်​​ရောက်​ဆို ရင်​ မှားမထင်​....
story#observation #shinlhu


Monday, August 4, 2025

story

လော်မာတဲ့ နေ့လယ်စာ 🍖🍤🍜🍗😎🤓           ဒီမနက် ၁၀ နာရီကျော်လောက် ရဲလင်းကျော်ဆီက ဖုန်းဝင်လာပါတယ်           "ရှင်လူ ဘယ်မှာလဲ"           "ဖွေးတို့ အိမ်မှာ"           "ထမင်းစားပီးပလား"           "ဘယ်စားရအုံးမလဲ"           "ဒါဆို ၁၁ ရပ်ကွက်က ရှမ်းခေါက်ဆွဲဆိုင်မှာသွားစားမယ်၊လိုက်မလား၊ရှမ်းခေါက်ဆွဲတပွဲနှစ်ထောင့်ငါးရာ၊အများကြီးပဲ"             ရဲလင်းကျော်တယောက် ဒီလိုမဖိတ်ခေါ်တာ သုံးနှစ်လောက်များရှိမလားပဲ။အရင်ကတော့ "ရှင်လူ မြို့ထဲတရုတ်တန်းမှာ ကဏန်းကော်ကြော် သွားစားရအောင်၊ အညာသွေးမှာ ဘဲကင် အသားလုံးချိုချင်နဲ့ထမင်းသွားစားရအောင် စသဖြင့် အိပ်နေတာတောင်အတင်းနှိုးပြီးခေါ်လေ့ရှိတယ်။ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းရှင်လူကျန်းမာရေးမကောင်းလို့လဒမှိိုင်မှိုင်ပြီးငြိမ်ကုပ်နေတာတကြောင်းကြောင့်ရော စီးနေကျစက်ဘီးတွေရောင်းပစ်လိုက်တာရောကြောင့်ပါ အရင်လိုအပြင်ထွက်စားဖို့သိတ်မခေါ်ဖြစ်တော့။ခုတော့ ရှင်လူ နည်းနည်းပိုကျန်းမာလာပြီး စက်ဘီးပါပြန်စီးနေပြီဆိုတော့ အစားတလိုင်းရဲလင်းကျော်တယောက် နေ့လယ်စာကိုမကြာမကြာဒိတ်တော့တာပေါ့။အမှန်တော့ သူ့အိမ်ကလည်း အစားကောင်းကြိုက်ကြပါတယ်။ငါးပိကအစ ကျောက်တန်းငါးပိမှာစားတာမျိုး၊တောင်ငူကမျှစ်မှာစားတာမျိုး ဘယ်ကဘာကောင်းတယ်ဆို မှာစားနေကျ။အဲဒါမကြေနပ်နိုင်ဘဲဒလီသမားပြီပြီ ဘယ်ရပ်ကွက် ဘယ်ဆိုင်မှာ ဘာကောင်းဆိုတာသိပြီးသားမို့ မကြာမကြာ အပြင်ထွက်စားလေ့ရှိတယ်။ခုလည်းရှင်လူ့ ဖုန်းဆက်ပြီး သူ့ဘီးလေးနဲ့ထွက်လာတယ်။ဒါနဲ့ရှင်လူလည်းကိုယ့်ဘီးလေးဆွဲထုတ်ထွက်လာခဲ့တယ်။အမှန်တော့ ဖွေးတို့အိမ် မှာအဆင်သင့်ရှိတဲ့နေ့လယ်စာ ဝင်စားနေကျ၊ခု သူခေါ်တော့ အင်း...ငါလည်း ကျန်းမာရေးအတွက်စက်ဘီးပြန်စီးနေတာ သူနဲ့နေ့လယ်စာလိုက်စားရင်ထိုင်နေမယ့်အစားစက်ဘီးနင်းဖြစ်တာပေါ့ဆိုပြီးထလိုက်လာတာပါ။အပြင်ရောက်တော့"ငါ ရှမ်းခေါက်ဆွဲမစားချင်ဘူးကွာ၊ထမင်းပဲစားချင်တယ်"ဆိုတော့ "ဒါဆို မာမူကြီးဆိုင်သွားစားမယ်၊ကျနော့မှာတသောင်းတထောင်ပဲပါတယ်၊လိုတာရှင်လူစိုက်ထား၊ကျနော်နောက်တခေါက်ပြန်ထွက်မှ ရှင်လူ့ပိုက်ဆံပြန်ပေးမယ်"တဲ့။ဒီလိုနဲ့ ၄ ရပ်ကွက်ကထွက် ၆ ရပ်ကွက်ကိုဖြတ် ၇ ရပ်ကွက်ထဲဝင် မေတ္တာလမ်းကိုကူးပြီးမှ မာမူကြီးဆိုင်ရောက်ခဲ့တယ်။ဆိုင်ရှေ့ စက်ဘီးသော့ခတ်၊ဆိုင်ထဲဝင်၊ စက်ဘီးလှမ်းမြင်တဲ့နေရာမှာထိုင်ပြီး ထမင်းဟင်းမှာပေါ့။သူက ဆိတ်ဦးနှောက်စားချင်တယ်ဆိုပြီး ဆိတ်ဦးနှောက်မှာတာနဲ့ ရှင်လူကအမဲနှပ်မှာလိုက်တယ်။လိုက်ဟင်းတွေကလည်း ပန်းကန်လေးတွေနဲ့မွစာကျဲလို့ ။ပဲကုလားဟင်း၊မျှစ်ကြော်၊ရွှေဖရုံသီးဟင်း၊ခရမ်းချဥ်သီးငါးပိချက်၊သခွားသီး ရှောက်ရွက်တို့စရာအစုံအပြင် ငရုတ် ကြက်သွန်နီ ချဥ်ကတပွဲ၊မနုတ်သန်နီအရည်ခွက်လေးတွေလည်းပါရဲ့။ဒီလိုနဲ့ စားရင်းသောက်ရင်း စက်ဘီးကိုလှမ်းရှိုးလိုက်တော့  လုံခြုံရေးကရှင်လူ့
ဘီးကိုမပြီးနေရာရွှေ့နေတာတွေ့ရတယ်။ရှင်လူ့မျက်စိကွယ်ရာကားတစီးနောက်ရောက်သွားတယ်။မနက်ကမှဝယ်တတ်ထား တာ ခြင်းဖိုး ဒေါက်ဖိုး လက်ခအပါအဝင်တသောင်းသုံးထောင်ကုန်ထားတဲ့ကိုကြီးလူရှင်းအမွေဘီးကလေး။ထမင်းစားရတာမဖြောင့်တော့။ထမင်းတပွဲအမြန်မျိုချပြီး မနုတ်သန်နီဟင်းရည်ခွက်ကောက်မော့ပလိုက်တယ်။"ကဲ..ရှင်းလိုက်တော့၊ငါ့စက်ဘီးစိတ်မချဘူး"ဆိုတော့ အားလုံး တသောင်းနဲ့ခွန်နှစ်ထောင်တဲ့။
"ရှင်လူ ခြောက်ထောင်ခဏစိုက်"ဆိုတာနဲ့ ငွေခြောက်ထောင်ထုတ်ပေးပြီးထွက်လာကြတယ်။တကယ်ပါပဲ
ဒီထမင်းတနပ်ကတော့ မြွေမျိုသလိုပါပဲ ဘာအရသာမှန်းကိုမသိတော့ဝူးအဒေါ်ရေ။
story#observation #shinlhu

Saturday, August 2, 2025

story

တမာရနံ့🧄🧅🌶🌽
ရွှေမင်းဝံတောင်တော်ရိုးမြူခိုးဝေ့ လာပါရင်ပုညရှင်စေတီ ပါးမှာလွမ့်းအားပိုခဲ့သရှင်..........အညာကိုလာခဲ့စေချင်.......
ရွှေမင်းဝံတောင်ထုပမာပြုကာ မေတ္တာခိုင်သရှင် သစ္စာတိုင်ချင် တိုင်တည်သစ္စာထား မေတ္တာတရား ကြီးမားတဲ့သူပင် ....
              ရှင်လူကြီး ဘရိတ်ဖတ်စ်အတွက် လက်ဖက်ရည် ဆိုင်ထိုင်ရင်း ဆိုင်ကဖွင့်နေတဲ့သီချင်းလေးထဲအာရုံဝင်စားနေမိတယ်။တကယ်တော့ မိမိထိုင်နေတဲ့လက်ဖက်ရည်ဆိုင်က တောင်ဥက္ကလာ ၅ ရပ်ကွက်
သရေခေတ္တရာလမ်းနဲ့ ပင်းယလမ်းထောင့်က
 "ကမ္ဘာကျော်"လက်ဖက်ရည် 
ဆိုင်ပါ။စေတသိကဓမ္မတွေက အညာမြေ ပုညရှင်စေတီ ကိုရောက်နေပါတယ်။လတ်တလော မိမိထိုင်နေတဲ့ ကောင်းကင်နဲ့ မြေလွှာအကြား
ငြိမ်းချမ်းနေသလို တမာရနံ့သင်းတဲ့ အညာမြေမှာကော အေးချမ်းပါလေစ။အညာကဗျာ အညာသီချင်း အညာဝတ္ထုတွေ ခေတ်အဆက်ဆက်ခံစား ဖတ်ရှုခဲ့ဖူးတဲ့တိုင် အသစ်အသစ်သော အညာရနံ့တွေက ရှူမဝ ရှိုက်မဝ ငေးမဝနိုင်သေး။
ခုတလော FB မှာတွေ့တွေ့နေတဲ့ အညာရနံ့ ဝတ္ထုဆရာမလေး ပျိုး ရဲ့
တမာမြေအကြောင်းဝတ္ထုလေးတွေလည်း အလျဥ်းသင့်ရင် ဖတ်ရှုခံစားချင်သေးတယ်။ တကယ်တော့ ရှင်လူကြီးတို့လို စေတသိကခရီးသည်ကြီးတွေအဖို့ အနုသုခုမယာဥ်တွေနဲ့သာ အညာကိုအမြန်ဆုံးတွေ့ထိနိုင်မှာမဟုတ်လား။
story#observation#shinlhu

Friday, August 1, 2025

story

ထူးဆန်းတဲ့ ဒေါင်ဒေါင်မြည်နေ့လယ်စာ😀😬🤓😎🤩🥳👏👋👍
10:32 AM မှာ ဖုန်း Call တခု ဝင်လာတာနဲ့ ကောက်ကိုင်လိုက်တော့ ကဗျာဆရာ စေတ ဆီကဖြစ်ပါတယ်။တကယ်တော့ ခုနောက်ပိုင်း တယောက်နဲ့တယောက် ဖုန်းအဆက်အသွယ် မဖြစ်ကြတာ အတန်ကြာပြီလို့ဆိုနိုင်ပါတယ်။ FB ပေါ်မှာတော့ စေတတယောက် ဇနီးသည်ကွယ်လွန်ပြီးနောက်ပိုင်း ကျန်းမာရေး ချူခြာနေကြောင်းတွေမကြာခဏတွေ့နေရပါတယ်။သွားပြဿနာ၊ သိုင်းရွိုက်ပြဿနာ၊ ပါကင်ဆန် စတဲ့ပြဿနာတွေလည်းမကြာခဏတွေ့နေရလို့ တလောကတော့ ဖုန်းဆက် အားပေးခဲ့မိသေးတယ်။အဲဒါ ဒီနေ့တော့ သူရှင်လူ့ကိုသတိရတယ်ထင်ပါတယ်။ဖုန်းဆက်ပြီးမြောက်ဒဂုံ"ဒေါင်" တီးဟောက်စ်မှာ သူရှိမယ့်အကြောင်း ၊အားရင်လာခဲ့ဖို့အကြောင်းပြောပါတယ်၊ သူ့ပြင်ဘယ်သူတွေပါသေးလဲမေးတော့ တယောက်ထဲလို့ပြောပါတယ်။ဒါနဲ့ရှင်လူလည်းအားနေတာကြောင့် တဥက ဘတ်စ်ကားစီးပြီး
မြောက်ဒဂုံ "ဒေါင်"ရှိရာထွက်လာခဲ့ပါတယ်။ကားပေါ်ရောက်တော့သတိရပြီး ညီကဗျာဆရာ နေလအောင်ဖုန်းကိုလှမ်းတောက်မိပါတယ်။ အားရင်အတူဆုံဖြစ်အောင်ပေါ့။ဒါပေမယ့်နေလအောင်လည်း
သင်္ဘောပြန်တက်ဖို့ အလုပ်ရှုပ်နေတော့ မလာနိုင်။ တခြားရဲဘော်များလည်း သူတို့ကိစ္စနဲ့သူတို့မို့ ဒီနေ့တော့ စေတနဲ့ရှင်လူ နှစ်ယောက်ထဲသီးသန့်လိုဆုံဖြစ်ခဲ့ကြတယ်။သူ ဂျပန်သွားမလိုလို သတင်းကြားထားတာကြောင့် အခြေနေသိချင်လို့မေးတော့"သွားရင်လည်း ခဏပါပဲ၊သမီးကခေါ်နေတာကြာပြီ"။သူ့သမီးငယ်က ဂျပန်မှာအတော်ကြာနေပါပြီ။သူ့ကြည့်ပြီးရှင်လူလည်းစိုးရိမ်တာနဲ့"ခုချိန်တော့ဘယ်မှမသွားတာကောင်းပါတယ်၊ လတ်တလောကတော့ ကျုပ်တို့နေတဲ့ရန်ကုန်က အကောင်းဆုံးပါပဲ၊ဂျပန်ကမှ ဆူနာမီကြောက်နေရသေးတယ်။ရှင်လူလည်းအနာဂတံသညာဏ်တော်ရှိလို့မဟုတ်ပါဘူး၊ မိတ်ဆွေချင်းကြံဖန်အားပေးရတာပါ။တကယ်တော့ ကိုယ်လည်း ကျန်းမာရေးက ကောင်းလှတာမဟုတ်ပါဘူး။"အင်း..နိုင်ငံခြားနဲ့ပတ်သက်ရင် သတိတော့ထားပေါ့ဗျာ၊ နွေလယ်နေတောင် အမေရိကားရောက်နေတာ "ကျားဖောင်ပေါ်ရောက်နေပြီ"ဆိုပြီးပို့စ်တင်တင်နေတာ လှိုင်သာယာကိုကြီးရှင်လူလည်းမကယ်နိုင်ဘူးဗျ။ဒီလိုနဲ့ ကိုစေတက
"ဘာစားမလဲ မှာလေ"ဆိုလို့၊ သူစားနေတဲ့ အမဲနှပ်နဲ့ထမင်းတလုံး ကိုကြည့်ပြီး၊"အင်း..ခင်ဗျားစားတဲ့အတိုင်းမှာလိုက်ဗျာ၊အမဲနှပ်ဟင်းကကောင်းပုံပဲ"ဆိုတော့ သူကိုယ်တိုင်ငွေသွားရှင်းပြီးမှာပေးလို့ နေ့လယ်စာကိုစားဖြစ်သွားတယ် ။ချဥ်ပေါင်ကြော်လေးနဲ့ အမဲနှပ် နူးအိအိလေးဆိုတော့ မဆိုးပါဘူး။
story#observation #shinlhu