ရေသန့်ဗူးမြည်သံ(သို့မဟုတ်)
ညစောင့့််ခေါင်းအုံး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ (^_^)
ရှင်လူ အသက် ၂၀ ကျော်အရွယ် အိမ်ထောင်မကျခင်
ပထမဆုံးလုပ်ခဲ့တဲ့အလုပ်က အကျိုးဆောင် ကုမ္ပဏီ မှာ အထွေထွေ
မန်နေဂျာ။ယ္ခု NLD ဗဟိုရ် ရုံးရှိရာ အမှတ်
၂၂၉ (-)အရှေ့ရွှေှဂုံတိုင်မှာ ဖြစ်ပါတယ်။အကျိုးဆောင်ကုမ္ပဏီဆိုတာ
အဲဒီ ခေတ်က နိုင်ငံတော်အလံ၊ သာသနာ့အလံ၊သံရုံးအမျိုးမျိုးရဲ့အလံတွေနဲ့ စစ်တံဆိပ်၊ရဲတံဆိပ် အမျိုးမျိုးကို ရိုက်နှိပ်
ရောင်းချပေးတဲ့ ဆေးဆိုးပန်းရိုက် ကုမ္ပဏီ
ကြီးပါ။နိုင်ငံတော်အလံများကို အမြောက်အမြားရိုက်နှိပ်ချုပ်လုပ်ပြီး
ကုန်သွယ်ရေးကိုပြန်သွင်းရတဲ့အထိ
လုပ်ငန်းအောင်မြင်ခဲ့တာပါ။အဲ့အချိန်က
လျှပ်စစ်ဋ္ဌာန ဘက်တံဆိပ်များကို
ESB ကနေပြီး EPC ပြောင်းရာမှာ အလုံလျှပ်
စစ်ဓာတ်အားကော်ပိုရေးရှင်းက အရာရှိကြီး နဲ့တွေ့ပြီး လုပ်ငန်းကိစ္စညှိနှိုင်းခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့အလုပ်မှာ ရှင်လူ မပျော်လို့
သုံးလေးလနဲ့ ထွက်ခဲ့ပါတယ်။ဘာကြောင့်
မပျော်ရတာလဲ ဆိုတော့ သူဋ္ဌေးက အဆဲ
ပုပ်လို့ပါပဲ။အမှန်တော့ သူဋ္ဌေးက ရှင်လူ့ကို
သာမာန်အလုပ်သမားအဖြစ် အလုပ်ဆင်းပြီး လေးရက်မြောက်နေ့မှာ
အထွေထွေမန်နေဂျာခန့်လိုက်တာဖြစ်ပါတယ်။ ရှင်လူ့ကို အလွန်အကျွံမြောက်စား
လိုက်တာပါ။ညနေတိုင်း ရှင်လူ့ကို မုန့်ဖိုးသပ်သပ်ပေးပြီး ရွှေဂုံတိုင်စာတိုက်မှာ
ငွေစုစာအုပ်နဲ့စုစေပါတယ်။ အစားအသောက်ကောင်းဆိုလည်း
ချစ်တီးထမင်း ဆိတ်ဦးနှောက်ဟင်းနဲ့က
ဘယ်ဆိုင်ကောင်းတယ်၊ ဆီချက်ခေါက်ဆွဲကအစ ဘယ်ဆိုင်ကောင်း
တယ်ဆိုတာ ကိုယ်တိုင်သူ့ ဘောက်ဆော
ကားနက်လေးနဲ့လိုက်ပို့ပြီးကြွေးခဲ့တာပါ။
သူ့ကိုရှင်လူမကြိုက်တာက အဆဲသန်တဲ့
ဝသီပါပဲ။ငါနဲ့ကိုင်တုတ်တယ်ခင်ဗျ။ပြီးတော့လည်း တဟဲဟဲနဲ့။ဒါမျိုးလာလုပ်လို့မရ
ဘူးလေ ၊ ရှင်လူက ၁၆နှစ်သားကတည်းက
ကဗျာဆရာလုပ်လာတာ။ဆတ်ဆတ်ထိမခံ
တတ်တဲ့ကောင်။လောကကြီးတခုလုံး
တောင်ပြောင်းလဲပစ်မယ်ဆိုတဲ့ကောင်လေ။
ဘယ်ရမလဲ သူ့အလုပ်ကိုဆက်မလုပ်နိုင်တော့ဘူးဆိုပြီး
အထွေထွေမန်နေဂျာရာဘာတံဆိပ်တုံးကို
သူ့စားပွဲပေါ် ဒေါက်ခနဲ...
ခတ်တည်တည်ကျောခိုင်းထွက်လာခဲ့တော့
သူဋ္ဌေးခင်ဗျာ
မျက်စိသူငယ် နားသူငယ်ဖြစ်ပြီးကျန်ခဲ့တာ။
ဟုတ်တယ်လေ သူ သုံးလေးလလောက် အပင်ပန်းခံ သင်ကြားပြသပေးထားရတဲ့
အထွေထွေမန်နေဂျာကထွက်တော့မယ်ဆိုတော့ စီးပွားတွက်တွက်ရင် သူရှုံးတယ်
လေ။အဲ့ ကုမ္ပဏီကထွက်ပြီး လေဘာလုပ်၊
ပြီးတော့ သူငယ်ချင်းတယောက်ရဲ့အကူအညီနဲ့
စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်း
အမှုန့်ကြိတ်စက်ရုံမှာဝင်လုပ်ခဲ့တာ။အဲ့တုန်းက စက်ရုံမှူးကိုယ်တိုင် ရှင်လူ့ကို အင်တာဗျူးပြီး ``မင်း ပေါင်၁၆၀ အိတ်ထမ်းနိုင်မလား ´´ဆိုတော့ လူကိုယ်တိုင် ပေါင်၁၀၀မပြည့်တဲ့ကောင်က ခတ်တည်တည်နဲ့``ထမ်းနိုင်တယ်´´ဆိုပြီး
ဝင်လုပ်ခဲ့တာ။စုစုပေါင်းလုပ်သက်သုံးနှစ်။
ပါမင့်နင့်ဖြစ်ပြီ။မိန်းမသွားခိုးဖို့ခွင့်တင်တော့။
ခွင့်ယူရခြင်းအကြောင်းရင်းမှာ မိန်းမခိုးရန်
ဆိုပီးဖြည့်လိုက်တယ်။စက်ရုံမှူးက
မင်္ဂလာဆောင်ရန်လို့ ပြင်ရေးခိုင်းတယ်။
ဒါသက်သက်အနိုင်ကျင့်တာပဲ။မိန်းမခိုးတာနဲ မင်္ဂလာဆောင်တာမတူဘူး။ မိန်းမခိုးတာက အခန့်မသင့်ရင် ဓားနဲ့အခုတ်ခံရနိုင်တယ်လေ။ထားတော့။မိန်းမကမခိုးလို့မှမဖြစ်တော့တာ။
သူပြောသလို မင်္ဂလာဆောင်ရန်ပဲ ဖြည့်လိုက်ရတယ်။
အဲဒါ ဟိုမှာ ခိုးဖို့ဝှက်ဖို့ ခြောင်းတာ အဆင်မပြေနိုင်တာနဲ့ ခွင့်ရက်က သုံးရက်လွန်သွားတယ်။ကိစ္စပြီးလို့
စက်ရုံပြန်ရောက်တော့ စက်ရုံမှူးက ``မင်း
ခွင့်ရက်နောက်ကျတဲ့အတွက် EC အစည်းဝေးထိုင်ရအုံးမယ် တဲ့။သြော်
ဟုတ်လား..ပေါ့။``ECထိုင်မနေပါနဲ့တော့ဗျာ၊အလုပ်ရှုပ်ပါတယ် ၊ကျုပ်အလုပ်ထွက်တယ်
ဗျာ ´´ဆိုပီးထွက်လာတာ ၊ပြီးရော။
အင်း ရှင်လူ ၂၄ နှစ်မပြည့်ခင်ကထဲက
ဝန်ထမ်းအလုပ်တွေကထွက်ခဲ့တာ ခု
အသက်၆၄နှစ်ထိ ။ကိုယ်ပိုင် အိမ်တွင်း
လက်မှုလုပ်ငန်းလေးနဲ့ရှင်သန်နေခဲ့တာ။
၂၀၀၉ ဇန္နဝါရီမှာ ဇနီးသည်ကွယ်လွန်။
သားထောက်သမီးခံကလည်းမကျန်။
ဆွေမျိုးတွေကလည်း ရှင်လူ့ကို မျိုးချစ်စိတ်
မရှိတဲ့ကောင်လို့မြင်ကြတော့အားလုံးအဆက်ပြတ်။
(တလောကလုံးကို
ချစ်တဲ့ကောင်ဆိုမျိုးချစ်တွေကအထင်မကြီးတတ်)
ဒီနှစ်ပိုင်းရှင်လူကြီးအိမ်ကကိုယ်ပိုင်အလုပ်ကသိတ်မကောင်း။အရောင်းအဝယ်က
အေးတော့ အသုံးစားရိပ်ကမလုံလောက်။
ဒါကြောင့်တနေ့ငါးထောင်စားညစောင့်အလုပ်ဝင်လုပ်နေတာပါ။ခုညစောင့်လုပ်တော့လည်း ရှင်လူ့အပေါင်းသင်းထဲက ဝါရင့်
ညစောင့်ဆီမှာ အနီးကပ်သင်တန်းတက်ပြီးမှလုပ်တာပါ။
သူ့ပို့ချချက်ကကြည့်ပါဦး။``ညစောင့်
အလုပ်က လုပ်သက် သုံးလကျော်မှ
အောင်မြင်တဲ့ညစောင့်ဖြစ်တာအဘရ၊
တချို့ မခံနိုင်လို့ထွက်ပြေးတယ်။တချို့
မအိပ်တတ်တော့ဦးနှောက်သွေးကြောပြတ်
သေတာချည်းပဲ။လုပ်သက်သုံးလကျော်တဲ့လူဟာ အိပ်ရေးဝလို့...တဲ့။ဗုဒ္ဓေါ...ရှင်လူနားလည်တာက မိမိတာဝန်ယူထားတဲ့ အရာတွေကို
သတိဝိရိယနဲ့ စောင့်ကြပ်ဖို့ပဲ၊ အိပ်နေရင်
ညစောင့်ဘယ်ဟုတ်တော့မလဲ။ရှင်လူတို့
ကဆေးရုံမှာလူနာစောင့်လည်းဒီအတိုင်းပဲ။
ဘိုပီ နှလုံးရောဂါကြောင့်မြောက်ဥက္ကလာ
နှလုံးအထူးကြပ်မ ကုသဆောင်မှာတက်
တော့ရှင်လူသွားစောင့်ပေးခဲ့ဖူးတယ်။ဆေးရုံကသန့်ရှင်းသပ်ယပ်ပြီးဟော်တယ်ကြီးအတိုင်းပဲ။ ခုတင်လွတ်တွေအများချည်းပဲ။
ခုတင်အသစ် ကူရှင်အသစ်တွေဆိုတော့
တခြားလူနာစောင့်တွေတခေါခေါ။ထစားလိုက်ကြပြန်အိပ်လိုက်ကြနဲ့အဆင်ကိုပြေလို့။ရှင်လူကတော့သူတို့ကိုအံ့သြနေမိတယ်။နှလုံးအထူးကုသမားတော်ကြီးက
လူနာနဲ့မှားပြီးခွဲသွားရင်ဒုက္ခပါပဲလို့တွေးမိတယ်။မနက်ကျတော့ ဘိုပီက ``အဘညက တရေးမှမအိပ်ဘူးလား´´တဲ့။
``အေးလေ..ငါကလူနာစောင့်လေ´´ဆို
တော့``သူများတွေလည်းအိပ်နေတာပါပဲအဘရာ´´တဲ့။တတ်နိုင်ဘူး ကိုယ်မှ
မအိပ်ချင်တာ။ ခု ညစောင့်အလုပ်ဝင်တော့
ချက်ချင်းပဲ ညစောင့်ခေါင်းအုံးကို ရှင်လူ
တီထွင်လိုက်တယ်။အလုပ်သမားကောင်
လေးတွေပစ်ထားတဲ့ရေသန့်ဗူးခွံတခု
ကောက်ပြီးမိုးကာဘောင်းဘီနဲ့ပတ်လိုက်တယ်။ညောင်းလာရင် အဲဒါကိုခေါင်းအုံးပြီး
အိပ်ချလိုက် ... ဖောက်ဖောက်နုဲ့မြည်တယ်၊
ဟိုဘက် ဒီဘက်စောင်းလိုက်ရင်လည်း
ဖောက်ကလောက်လောက်မြည်တယ်။
ကဲ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်ပေါ့။ဘယ်အိပ်ပျော်တော့မလဲ။မတော်လို့
ဦးနှောက်သွေးကြောပြတ်ရင်တောင် ဘေးလူမသိနိုင်ဘူး ရေသန့်ဗူးမြည်တာပဲလို့ထင်နိုင်တယ်။
story#observation#shinlhu
No comments:
Post a Comment