Monday, August 4, 2025

story

လော်မာတဲ့ နေ့လယ်စာ 🍖🍤🍜🍗😎🤓           ဒီမနက် ၁၀ နာရီကျော်လောက် ရဲလင်းကျော်ဆီက ဖုန်းဝင်လာပါတယ်           "ရှင်လူ ဘယ်မှာလဲ"           "ဖွေးတို့ အိမ်မှာ"           "ထမင်းစားပီးပလား"           "ဘယ်စားရအုံးမလဲ"           "ဒါဆို ၁၁ ရပ်ကွက်က ရှမ်းခေါက်ဆွဲဆိုင်မှာသွားစားမယ်၊လိုက်မလား၊ရှမ်းခေါက်ဆွဲတပွဲနှစ်ထောင့်ငါးရာ၊အများကြီးပဲ"             ရဲလင်းကျော်တယောက် ဒီလိုမဖိတ်ခေါ်တာ သုံးနှစ်လောက်များရှိမလားပဲ။အရင်ကတော့ "ရှင်လူ မြို့ထဲတရုတ်တန်းမှာ ကဏန်းကော်ကြော် သွားစားရအောင်၊ အညာသွေးမှာ ဘဲကင် အသားလုံးချိုချင်နဲ့ထမင်းသွားစားရအောင် စသဖြင့် အိပ်နေတာတောင်အတင်းနှိုးပြီးခေါ်လေ့ရှိတယ်။ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းရှင်လူကျန်းမာရေးမကောင်းလို့လဒမှိိုင်မှိုင်ပြီးငြိမ်ကုပ်နေတာတကြောင်းကြောင့်ရော စီးနေကျစက်ဘီးတွေရောင်းပစ်လိုက်တာရောကြောင့်ပါ အရင်လိုအပြင်ထွက်စားဖို့သိတ်မခေါ်ဖြစ်တော့။ခုတော့ ရှင်လူ နည်းနည်းပိုကျန်းမာလာပြီး စက်ဘီးပါပြန်စီးနေပြီဆိုတော့ အစားတလိုင်းရဲလင်းကျော်တယောက် နေ့လယ်စာကိုမကြာမကြာဒိတ်တော့တာပေါ့။အမှန်တော့ သူ့အိမ်ကလည်း အစားကောင်းကြိုက်ကြပါတယ်။ငါးပိကအစ ကျောက်တန်းငါးပိမှာစားတာမျိုး၊တောင်ငူကမျှစ်မှာစားတာမျိုး ဘယ်ကဘာကောင်းတယ်ဆို မှာစားနေကျ။အဲဒါမကြေနပ်နိုင်ဘဲဒလီသမားပြီပြီ ဘယ်ရပ်ကွက် ဘယ်ဆိုင်မှာ ဘာကောင်းဆိုတာသိပြီးသားမို့ မကြာမကြာ အပြင်ထွက်စားလေ့ရှိတယ်။ခုလည်းရှင်လူ့ ဖုန်းဆက်ပြီး သူ့ဘီးလေးနဲ့ထွက်လာတယ်။ဒါနဲ့ရှင်လူလည်းကိုယ့်ဘီးလေးဆွဲထုတ်ထွက်လာခဲ့တယ်။အမှန်တော့ ဖွေးတို့အိမ် မှာအဆင်သင့်ရှိတဲ့နေ့လယ်စာ ဝင်စားနေကျ၊ခု သူခေါ်တော့ အင်း...ငါလည်း ကျန်းမာရေးအတွက်စက်ဘီးပြန်စီးနေတာ သူနဲ့နေ့လယ်စာလိုက်စားရင်ထိုင်နေမယ့်အစားစက်ဘီးနင်းဖြစ်တာပေါ့ဆိုပြီးထလိုက်လာတာပါ။အပြင်ရောက်တော့"ငါ ရှမ်းခေါက်ဆွဲမစားချင်ဘူးကွာ၊ထမင်းပဲစားချင်တယ်"ဆိုတော့ "ဒါဆို မာမူကြီးဆိုင်သွားစားမယ်၊ကျနော့မှာတသောင်းတထောင်ပဲပါတယ်၊လိုတာရှင်လူစိုက်ထား၊ကျနော်နောက်တခေါက်ပြန်ထွက်မှ ရှင်လူ့ပိုက်ဆံပြန်ပေးမယ်"တဲ့။ဒီလိုနဲ့ ၄ ရပ်ကွက်ကထွက် ၆ ရပ်ကွက်ကိုဖြတ် ၇ ရပ်ကွက်ထဲဝင် မေတ္တာလမ်းကိုကူးပြီးမှ မာမူကြီးဆိုင်ရောက်ခဲ့တယ်။ဆိုင်ရှေ့ စက်ဘီးသော့ခတ်၊ဆိုင်ထဲဝင်၊ စက်ဘီးလှမ်းမြင်တဲ့နေရာမှာထိုင်ပြီး ထမင်းဟင်းမှာပေါ့။သူက ဆိတ်ဦးနှောက်စားချင်တယ်ဆိုပြီး ဆိတ်ဦးနှောက်မှာတာနဲ့ ရှင်လူကအမဲနှပ်မှာလိုက်တယ်။လိုက်ဟင်းတွေကလည်း ပန်းကန်လေးတွေနဲ့မွစာကျဲလို့ ။ပဲကုလားဟင်း၊မျှစ်ကြော်၊ရွှေဖရုံသီးဟင်း၊ခရမ်းချဥ်သီးငါးပိချက်၊သခွားသီး ရှောက်ရွက်တို့စရာအစုံအပြင် ငရုတ် ကြက်သွန်နီ ချဥ်ကတပွဲ၊မနုတ်သန်နီအရည်ခွက်လေးတွေလည်းပါရဲ့။ဒီလိုနဲ့ စားရင်းသောက်ရင်း စက်ဘီးကိုလှမ်းရှိုးလိုက်တော့  လုံခြုံရေးကရှင်လူ့
ဘီးကိုမပြီးနေရာရွှေ့နေတာတွေ့ရတယ်။ရှင်လူ့မျက်စိကွယ်ရာကားတစီးနောက်ရောက်သွားတယ်။မနက်ကမှဝယ်တတ်ထား တာ ခြင်းဖိုး ဒေါက်ဖိုး လက်ခအပါအဝင်တသောင်းသုံးထောင်ကုန်ထားတဲ့ကိုကြီးလူရှင်းအမွေဘီးကလေး။ထမင်းစားရတာမဖြောင့်တော့။ထမင်းတပွဲအမြန်မျိုချပြီး မနုတ်သန်နီဟင်းရည်ခွက်ကောက်မော့ပလိုက်တယ်။"ကဲ..ရှင်းလိုက်တော့၊ငါ့စက်ဘီးစိတ်မချဘူး"ဆိုတော့ အားလုံး တသောင်းနဲ့ခွန်နှစ်ထောင်တဲ့။
"ရှင်လူ ခြောက်ထောင်ခဏစိုက်"ဆိုတာနဲ့ ငွေခြောက်ထောင်ထုတ်ပေးပြီးထွက်လာကြတယ်။တကယ်ပါပဲ
ဒီထမင်းတနပ်ကတော့ မြွေမျိုသလိုပါပဲ ဘာအရသာမှန်းကိုမသိတော့ဝူးအဒေါ်ရေ။
story#observation #shinlhu

No comments:

Post a Comment