Saturday, August 16, 2025

story

ဒူးတင်ပေါင်တင်ဘောဂဗေဒ
                     😀😁😇😂🙂
ရှင်လူ (SATIRE-မဟုတ်)
🙃😎🤓🤩😛😡
"အမရေ..လုံချည်လေးတွေရောင်းချင်လို့၊ အားပေးပါအုံး"
"မယူသေးပါ ဘူး.. မသန်းရယ်၊ အိမ်မှာ လုံချည်တွေကများနေပြီ၊သွားစရာလာစရာလည်းသိတ်ရှိတာမဟုတ်ဘဲ နဲ့"
"အမရယ်..ကြည့်ပါအုံး အဆင်လေးတွေကဆန်းပြီးအသားကလည်းကောင်းသနဲ့၊ဝယ်စျေးတင် တထည်ကိုတသောင်းနဲ့ဝယ်ခဲ့ရတာ၊ အမယူမယ်ဆို ရှစ်ထောင်ပဲပေး"
ကပ်လျက်အခန်းက အချီအချစကားသံတွေကိုနားထောင်ရင်း ရှင်လူကြီးစိတ်ဝင်စားမိသွားပေါ့။ ဘယ့်နှယ် တသောင်းတန်ပစ္စည်းကို အမြတ်မတင်တဲ့အပြင် အရှုံးခံပြီးရောင်းနေရတယ်ဆိုတော့။
"ယူပါအမရယ်...ကဲကဲ ခွန်နှစ်ထောင်ပဲပေး၊ အိမ်မှာမနက်စာခုထိမချက်ရသေးဘူး ..ဆန်မရှိလို့...ဒီကပြန်မှဝယ်ချက်ရမှာမို့ပါ"
"ဒီလောက်တောင်ဖြစ်နေလားမသန်းရယ်...ရှင့်လင်ကနေ့တိုင်းဆိုက္ကားနင်းနေတဲ့ဥစ္စာ"
"သြော်...ဒီမသာကောင်အကြောင်းကတော့ မပြောပါနဲ့တော့အမရယ်၊တနေ့တနေ့ သူရှာတာနဲ့ သူအပင်းသျှိုတာ အရည်သောက်တာ လောက်တောင်မလောက်ဘူး၊ဒီကြားထဲ အကြီးကောင်ကလည်းဖအေ့ခြေရာနင်း အရက်သောက်ပြီးအရက်နာကျလို့ဆေးခန်းပြရသေးတယ်"
"တော့်မလဲ   ဒုက္ခပါပဲ...ပေးပေး  နှစ်ထည်ယူထားလိုက်မယ်"
"အဲဒါ..စျေးတန်းထဲအထည်ဆိုင်က နေ့သွင်း နဲ့ယူပြီးငွေပေါ်ချက်ချင်းလာရောင်းတာ၊ကန်စွန်းရွက်ရောင်းရတဲ့ပိုက်ဆံကမသုံးရပါဘူး၊နေ့သွင်းတွေနဲ့ စုမဲနဲ့တင်ကုန်နေတာ"
မသန်းစကားရဲ့အသွားအလာတွေအရ...သူကန်စွန်းရွက်ရောင်းတဲ့လမ်းကြားစျေးတန်းအထည်ဆိုင်ဆီက လုံချည်လေးတွေကိုနေ့သွင်းတထည်တသောင်းနဲ့သုံးထည်ယူ ၊ကန်စွန်းရွက်ရောင်းရငွေထဲကတနေ့သုံးထောင်ဆယ်ရက်ပြန်သွင်း၊တထည်ခွန်နှစ်ထောင်နဲ့ပြန်ရောင်းတော့ သုံးထည်ဆိုနှစ်သောင်းတထောင်ရ၊ ကိုးထောင်ရှုံးပေမယ့် လတ်တလောဆန်ဝယ်ဖို့ရ။အင်း ဒီနေ့အဖို့မိသားစုထမင်းမငတ်တော့။ဒီတိုင်းပါပဲ ခေါင်းရွက်ဗျတ်ထိုးစျေးသည်လေးတွေစုစုပြီးစုမဲဝင်ကြ။မဲနှိုက်ပြီးနံပတ်အစဥ်တိုင်းယူကြ။ကံကောင်းသူကငွေကိုလက်ငင်းသုံးရပြီးအကြွေးကိုနေ့သွင်းနဲ့ပြန်ဆပ်။တခါတခါမိန်းမိန်းတို့အပတ်မလည်တဲ့အခါမျိုးဆို
"ဟိုမသာကောင်...သေနာကောင်... အန်ဖတ်ဆို့ပြီးမသေနိုင်ဘူး၊
တအိမ်လုံးအပင်းသျှိုဖို့ ကုတို့ခလေးဘာလေးလဲပေးအုံး၊မပေးချင်ပြန်လာပြီးလည်းမမျိုနဲ့ မဆို့နဲ့" ဒီအသံမျိုးကြားလို့ကတော့ ဆိုက္ကားသမားဘခက်တို့ အနုကြမ်းစီးခံရသလို တုန်တုန်ရီရီနဲ့ ဆိုက္ကားကိုအသကုန်နင်းကြရပေါ့။
စီးပွားရေးဘောဂ ပညာရှင်ကြီးတွေဖြစ်တဲ့Adam Smith (အာဒမ် စမစ်)တို့John Maynard Keynes (ဂျွန်မေနာ့ဒ် ကင်းစ်)တို့Karl Marx (ကားလ်မာ့က်စ်)တို့ဘာတွေပြောခဲ့တာမိမိမသိ။အရင် အမိန့်ရအပေါင်ဆိုင်ဆိုတဲ့တရုတ်အပေါင်ဆိုင်တွေနဲ့အခု နေရာတကာမှာတွေ့နေရတဲ့ Micro finance ဆိုတာတွေလည်းနားမလည်။Demand တွေ Supply တွေလည်းမသိ။ဒူးတင်ပေါင်တင်ရပ်ကွက် လမ်းဘေးစျေးတန်းလေးရဲ့ ငွေကြေးလည်ပတ်စီးဆင်းပုံMarket Economy ကိုတော့ ရှင်လူကြီးရေးရေးနားလည်စပြုလာပြီဖြစ်ပါတယ်။
story#observation #shinlhu


No comments:

Post a Comment