သရော်စာ(ရှင်လူ)
စတုတ္ထ မြောက်ပြဿနာ
[ ]--["""""|"""""|"""""|]>---
ရှင်လူ
ဟောဒီ ဗလုံးရှုပ်ထွေးကမ္ဘာကြီးဟာ
တင်းတိမ်ရောင့်ရဲ တတ်တဲ့အကျင့်ကမရှိလေတော့ ရှင်လူ
ရင်ပူနေရပြီကောဗျာ။
ကြည့်ကြပါဦးအရပ်ကတို့ရေ ``စတုတ္ထ
စက်မှုတော်လှန်ရေး´´တဲ့။
ပထမ၊ဒုတိယ၊တတိယ စက်မှုတော်လှန်ရေးတွေအထိ ရှင်လူ့မှာ
ပြဿနာမရှိ။ပထမတုန်းက ရှင်လူမမွေးသေးတာလည်းပါတာပေါ့လေ။
ပြီးတော့ ရှင်လူတို့အဖေကြီးတွေရဲ့
မဆလ ဆိုတဲ့ခေတ်တုန်းကလည်း
ရှင်လူတို့ ဒူးတင်ပေါင်တင်ယူနီယံကြီးရဲ့
အကြီးအကဲတွေက လူ့အခွင့်အရေးကို
သိတ်တန်ဖိုးထားခဲ့တာ။ဘေးကလူတွေ
ကြားကောင်းရုံ ``လက်မှုလယ်ယာမှသည်
စက်မှုလယ်ယာဆီသို့´´``စက်မှုစွမ်းအား
ခေတ်ကျော်လွှား´´ဘာညာညာ ဆိုင်းဘုတ်ကြီးတွေ စိုက်ထူထားပေမယ့်
သူ့ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်မသွားရအောင် နှစ်ပေါင်း
နှစ်ဆယ်အစိတ်သာအုပ်ချုပ်သွားတယ်။
သူများတပတ်ရစ် စက်စုတ်စက်ပြတ်လောက်ပဲ ပြည်တွင်းမှာ
ထူထောင်ခဲ့လေတော့ လူတွင်မက ကျွဲတွေ
နွားတွေပါအလုပ်လက်မဲ့မဖြစ်ခဲ့ကြ။အဲ့ဒီ
နောက်ပိုင်းတက်လာတဲ့ သားဆက်ဂါးဗားနားတွေခေတ်ကျတော့လည်း အဖေကြီးတို့နည်းအတိုင်း အုပ်ချုပ်လာခဲ့လေတော့ ရှင်လူကြီးတို့မှာ
အဆင်ပြေလို့။ လူလုံးမလှရင်သာရှိမယ်
အလုပ်လက်မဲ့တော့မဖြစ်ဘူး။
ရှင်လူတို့ ဒူးတင်ပေါင်တင်ယူနီယံကြီးဟာ
အဲ့လိုအမျှော်အမြင်ကြီးကြီးနဲ့ ပထမ၊ဒုတိယ စက်မှုတော်လှန်ရေးကြီးတွေကို ခုန်ပြန်ကျော်လွှားလာလိုက်တာ ၊ ဟော
...သိတ်မကြာခင်နှစ်တွေကပဲ တတိယစက်မှုတော်လှန်ရေးကြီးထဲကို
ဝင်ရောက်လာခဲ့တယ်။ မိုဘိုင်းဖုန်းလေးတွေကိုယ်စီနဲ့ ဂလိုဘယ်
ဗလုံးရှုပ်ထွေးဖြစ်စဉ်ထဲကိုချီတက်လာခဲ့ကြတာ။တချို့ဆို အိမ်သာကျင်းထဲဖုန်းပြုတ်ကျတာ ဆင်းကောက်ရင်း အသက်ပါစွန့်ခဲ့ရတဲ့တော်လှန်ရေးတပ်သားတွေတောင်ရှိခဲ့တယ်။ တချို့လည်း အင်တာနက် ချက်တင်ဆိုတာကြီးက ရဲဆားတွေဘာတွေဖြစ်၊ ညားသူညား၊ပွားသူပွား ၊မှားသူတွေမှားကြပြီး ဒါးထိုးသတ်တဲ့အမှုတွေဖြစ်လိုဖြစ်။အကျိုး
အကြောင်း အဆိုးအကောင်းပေါ့လေ။ရှင်လူကြီးက
တော့ဒီတတိယစက်မှုတော်လှန်ရေးကြီးမှာ
အတော်အဆင်ပြေနေခဲ့ပါတယ်။ မက်ဆင်ဂျာ ကျေးဇူးနဲ့ အမရိကားရောက်နေတဲ့သယ်ရင်းတွေဆီက ပိုက်ဆံချေး လိုချေး၊ ဖိလိပိုင်က
မဒမ်ကြီးနဲ့က ဘာလိုလိုတောင်ဖြစ်လို့၊
တခါတခါ လိုင်းပေါ်ဆုံမိတဲ့ သားလိုသမီးလို
မိတ်ဆွေများ ကလည်း ရှင်လူ့ဖုန်းထဲ
ဘေလ်လှမ်းထည့်လိုထည့်နဲ့ ။
ခက်နေတာက လက်ရှိ ဂါဗာနာတွေပေါ့ဗျာ။
တတိယစက်မှုတော်လှန်ရေးနဲ့ ရှင်လူတို့
အိုစကေနေပြီပဲ။ ဒီအတိုင်းထားလိုက်ရောပေါ့။ ခုတော့သူတို့
အေးအေးမနေလို့ ရှင်လူနဲ့အပေါင်းပါလူတန်းစားတွေ ဒုက္ခတွေ့နေကြပြီ။
The fourth industrial revolution စတုတ္ထစက်မှုတော်လှန်ရေးတဲ့ဗျာ။အရင်အဘတွေလို အခွေရစ်သလို ကျော်မပစ်ဘဲ
ရင်ဆိုင်လိုက်တော့
Internet of Things (IoT), robotics, virtual reality (VR) and artificial intelligence (AI) အဆင့်လွန်နည်းပညာသုံး လူအစားထိုး စက်ပစ္စည်းတွေကိုဖောဖောသီသုံးလာ
တော့ စက်ရုံ အလုပ်ရုံ ဂိုထောင်တွေမှာ
လုံခြုံရေး ၊ညစောင့်စသဖြင့် လုပ်ကိုင်ဝမ်းကျောင်းနေကြရတဲ့ ရှင်လူတို့အပေါင်းပါတွေ အလုပ်လက်မဲ့ဖြစ်ရပြီလေ။ ကုမ္ပဏီတွေ
ဘက်ကကြည့်တော့လည်း ရှင်လူတို့ကို
ဘယ်အလိုရှိနိုင်ပါတော့မလဲ။ AI နည်းပညာသုံး ရိုဘော့လုံခြုံရေးစက်ရုပ်တခုဟာ ဆေးလိပ်မသောက် ကွမ်းမစားရုံမက
ထမင်းပါမစားတဲ့အပြင် ဘက်ထရီ ချာဂျင်
သွင်းထားရုံနဲ့ ၂၄ နာရီ ဂျူတီကို ဆက်တိုက်ဝင်နိုင်တယ်။ဟို ရှင်လူ့ပါတနာကြီးကိုတင်ဦး လို အရက်ပုလင်းလေးတံခါးကြားဝှက်ပြီးတစွတ်စွတ်လည်းမသောက်တတ်၊ ဟိုလူ့
ချောက်တွန်း ဒီလူ့ အပြစ်ပြောနဲ့ ကပ်ဗူးခွံတွေ ဗီနိုင်းစတွေလည်းခိုးမရောင်းတတ်။ ရိုဘော့
လုံခြုံရေးစက်ရုပ်က သူမြင်သမျှ ရုပ်ပုံတွေ
အသံတွေကို မှတ်တမ်းတင်ထားနိုင်ပြီး
အိတ်လည်းမငိုက်တတ်လေတော့ ရှင်လူ့ထက်သာသွားပြန်ရော။
ဖြစ်ပုံကတော့ အဲဒီအတိုင်းပဲ။ ဒီ စတုတ္ထ
စက်မှုတော်လှန်ရေးကို ရှင်လူတို့ လုံခြုံရေး
တွေတင်မက ကျောင်းဆရာ၊ဆရာဝန်၊သူနာပြု၊စာရင်းစစ်၊
စာရေးစာချီမက ရဲနဲ့ စစ်တပ်ကလူတွေပါ
အထွေထွေ မကြေနပ်မှုကြီးက ထိပ်ဆုံးရောက်လာခဲ့ပါတယ်။
ရှင်လူတို့ ညစောင့်ဒရဝမ် အစည်းရုံး ဗီနိုင်း
စာတန်းကြီးနောက်မှာ အရောင်အသွေးစုံ
အလံအမျိုးမျိုးနဲ့ သမဂ္ဂ အမျိုးမျိုး စာတန်းတွေဟာ လူပင်လယ်ကြီးထဲပန်းပွင့်တွေမျောနေသလိုပါပဲ။
``ရိုဘော့ စံနစ် ဖျက်သိမ်းရေး´´
``ဒို့အရေး..ဒို့အရေး´´
``စက်ရုပ်အစိုးရ အလိုမရှိ´´
``အလိုမရှိ ..အလိုမရှိ´´
အထွေထွေအုံကြွမှုကြီး စတင်မယ်ကြံတုန်းမှာပဲ စက်ရုပ်ရင်ပြင်
တီဗွီကြီးပေါ်မှာ စက်ရုပ်သမ္မတကြီးပုံ
ပေါ်လာပြီး သတင်းကြေငြာသူစက်ရုပ်က
``စက်ရုပ်သမ္မတကြီးက အလုပ်လက်မဲ့
လူပိုထုကြီးကို မိန့်ခွန်းခြွေပါတော့မယ်´´
ဆိုတဲ့အသံကြောင့် အားလုံးငြိမ်ကျသွားပါတယ်။ဒါပေမယ့်
သမ္မတမိန့်ခွန်းက ပိတ်သတ်ကြီးကိုပိုပြီး
ဒေါသူပုန်ထ စေပါတယ်။
``ခင်ဗျားတို့က အချောင်ခိုတတ်၊လာဘ်စားတတ်၊အတင်းအဖျင်းပြောတတ်၊ ခွင့်ယူတတ်၊ခိုးတတ်၊ဝှက်တတ်၊ဖျက်ဆီးတတ်၊ တော်ကြာ ဟိုသမဂ္ဂ ဒီသမဂ္ဂ ဖွဲ့၊
လစာတိုးတောင်းဖို့ အခွင့်အရေးဆိုဖို့ အကျင့်ဆိုးတွေရှိကြပေမယ့် ခင်ဗျားတို့ထက်စွမ်းဆောင်ရည်သာတဲ့
ရိုဘော့တွေကတော့ အားလုံးခင်ဗျားတို့နဲ့ဆန့်ကျင်ဘက်တွေ
ချည်းပဲ´´
``ဖျောင်း..ဝုန်း..ဒုန်း..ဂွမ်း.......´´
လူပိုထုပိတ်သတ်ကြီးဟာ သမတမိန့်ခွန်းကြောင့် ယမ်းပုံမီးကျဖြစ်ကုန်ပါပြီ။နီးစပ်ရာ မည်းမည်းမြင်ရာ ပစ္စည်းတွေကို ရိုက်ခွဲ၊
ချိုးဖဲ့ မီးရှို့ ကြလို့ နေရာအတော်များများကမီးခိုးလုံးကြီးတွေ
လှိမ့်တက်လာပါတယ်။
``လာနေပြီဟေ့...ပြေးကြ..ပြေးကြ´´
လူပိုထုကြီးဟာရုတ်တရက် တန့်သွားပါတယ်။လမ်းဆုံ လမ်းခွတွေမှာ
Cyber Cop ခေါ် စက်ရုပ်ရဲတွေက အထိကရုဏ်းနှိမ်နင်းရေး လေဆာလက်နက်တွေနဲ့ ပေါ်လာကြပါတယ်။ ကောင်းကင်ပေါ်ကလည်း ထောက်လှမ်းရေး ဒရုမ်းတွေက လဒတွေလိုဝဲကာ
ဗွီဒီယိုတွေ ရိုက်ကူးနေကြပြီး ပါဝင်သူတွေကို နောက်ရက်တွေမှာ ဖမ်းဆီး
ထောင်ချမှာမို့ လူပိုထုကြီးဟာ သူတို့မျက်နှာတွေမပေါ်ရအောင် ရရာအဝတ်တွေ ပုဝါတွေနဲ့ မျက်နှာအုပ်ပြီးကစင့်ကလျားထွက်ပြေးကြပါတယ်။ရှင်လူကြီးလည်း လက်ကိုင်ပုဝါလေးမှ မယူလာမိသူဆိုတော့
ခါးကပုဆိုးကိုပဲချွတ်ပြီး ခေါင်းပေါ်အုပ်လိုက်ရပါတယ်။
ဒါတောင် ဖင်ကိုစကင်ဖတ်ပြီးအဖမ်းခံရရင်တော့
ဘဝပျက်ပြီ။ဘုရားသခင်ကယ်တော်မူပါ...
ရှင်လူ
့story#observation #shinlhu