Saturday, December 19, 2015
13 Dec 2015
ဂဏန်းကော်ကြော်သွားစားမလို့ တဲ့၊ ဘာကော်ကြော်လဲ..၊ဂဏန်းအသားကိုထုတ်ပြီး ကြော်ထားတာ အပြော့တမျိုး အကြွပ်တမျိုးရတယ်
ကျ ကျနော်နံမည်မေ့နေလို့တဲ့ ၊အေးကွာ မင်းမြင်တဲ့အတိုင်းပဲ ဟိုမှာ အလုပ်အပ်တဲ့လူကစောင့်ပြီးယူမှာ ဆိုတော့ ၊ ဒါဆို ကျနော်ပဲသွားလိုက်တော့မယ် တဲ့ အေးအေးပေါ့လေ။ဒီလိုနဲ့ ငရဲတယောက် ညနေ ၅ နာရီလောက်စက်ဘီးလေးနဲ့ ပေါက်ချလာပြန်ရော
အဘ ပြီးပလား အညာသွေးပဲသွားရအောင်တဲ့ ၊ ကဲကဲ ရှိစေတော့ဆိုပြီး လုပ်လက်စလေးတွေချထားလိုက်ပြီး စက်ဘီးတယောက်တစီးနဲ့ အညာသွေးဆိုင်ရှိရာ ၃၁ ဂိတ်ဟောင်းဘက်ထွက်လာခဲ့ကြတယ်...
စက်ဘီးနင်းလာရင်း စာရေးဆရာ သော်တာဆွေရေးတဲ့ မိုးကုတ်မြမောင်အကြောင်း
(ငွေကိုလေလိုသုံးသူ) သတိရမိတယ် ။မိုးကုတ်ဦးမြမောင်ဟာ ဘယ်လောက်ချမ်းသာသလဲဆို ပါရီ မှာတောင်ရတနာဆိုင်ဖွင့်ထားနိုင်တယ်၊တခါတလေ ထမင်းစားမကောင်းရင် နိုင်ငံခြားကိုလေယာဉ်စီးပြီးသွားစားတာ ၊အဲဒါတခါတခါ အထီးကျန်လို့ ငိုသတဲ့ ၊သော်တာဆွေနဲ့ခင်တော့ သော်တာဆွေကို ဟော်တယ်တွေမှာ ခေါ်ခေါ်ပြီးကြွေးလေ့ရှိတယ် ၊တခါဆို ဟော်တယ်မှာစားသောက်ပြီးအပြန် စားစရာတွေ ပါဆယ်ထုတ်ပိုးပြီး ပန်းကန်ခွက်ယောက်တွေပါအပြတ်ဝယ် ကားပေါ်တင်ပြီး အန်တီမေ(သော်တာဆွေ့ဇနီး)စားဖို့ပါ အိမ်ကိုလိုက်ပို့သတဲ့ ၊ ခု ငရဲက အဲ့လိုတော့ မချမ်းသာပေမယ့် သူ့မိဘဆွေမျိုးတွေဆီက အနုကြမ်းစီးလို့ရတဲ့ မုန့်ဖိုးတွေနဲ့ ရှင်လူ့ကိုခေါ်ကြွေးနေတာ ၊အညာသွေးဆိုင်ရောက်တော့ မီနူးကြီးကိုင်ပြီး အဘဘာစားမလဲတဲ့ ၊ငါမမှာတတ်ပါဘူးကွာဆိုတော့ ကြက်ကုန်းဘောင်တပွဲနဲ့ထမင်းအရင်မှာတယ်၊ပြီးတော့ အဘ ဘဲကင်စားမလား တဲ့ ၊ စားလေ့တော့မရှိဘူး မှာချင်မှာကွာဆိုတော့ ဘဲကင်တစိတ် မှာလိုက်တယ်၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ၊ရှင်လူက ဒီဘက် ၅နှစ် ၆နှစ်အတွင်း
ရပ်ကွက်ထဲက လေးဘမ်းရက်စတော့ရင့်တွေက ထမင်းဟင်း ၃ရာ ၄ရာဖို့းနဲ့ တနပ်တနပ်ငြိမ်းနေရတာ ခုလိုဟာကြီးတွေနဲ့ တွေ့တော့ အိမ်ပြန်ရောက်ရင် အစာကြေဆေးသောက်ရချည့်သေး၊ ကြက်ကုန်းဘောင်လေးဝါးလိုက်..ဖတ် ဖလပ်လပ်...ဘဲကင်လေးကလည်းနူးညံ့ လို့ အရိုးနုကလေးတွေပါ ဝါးလို့ကောင်းတာ ..ဖတ် ဖလပ် ..ဖလပ်..
၊ အဲဒီ မြည်သံစွဲ ..ဖတ် ဖလပ် ဖလပ်တွေက
ဒီလိုပါ ၊ အပေါ်က လျှာကသုခခံနေတုန်း ထိုင်မိတဲ့စားပွဲက မြောင်းဖုန်းပျဉ်ပြားပေါ်မှာမို့ ခုလိုညနေခင်းမှာ ဖြုတ်ကကိုက်တော့ လက်တဖက်ကခက်ရင်းကိုင် ကျန်လက်တဖက်က ဒူးပုတ် ပေါင်ပုတ် ပုဆိုးစဆွဲယမ်း ရ ကုတ်ရဖဲ့ရ ဒုက္ခ ၊ ခင်ဗျးတို့ရှင်လူကြီးဗျာ.....
Wednesday, December 9, 2015
ငါတို့ မျက်ရည်မှတ်တမ်းများ ====================== ကလေးရယ် မင်းနို့ရည်တွေကို ကျည်ဆံကခိုးသောက်ခဲ့ မင်းတက်ရမယ့်
======================
ကလေးရယ်
မင်းနို့ရည်တွေကို ကျည်ဆံကခိုးသောက်ခဲ့
မင်းတက်ရမယ့် စာသင်ကျောင်းတော့
စစ်ပွဲတွေက လုယက်သွားခဲ့ပြီး
မင်းဘဝရဲ့ အနာဂတ်ဟာ ..
ဟိုး ရှေ့က ယမ်းငွေ့မြူတွေအောက်မှာ
မှုန် ဝါးဝါး....
သယံဇာတကျိန်စာများ ပြယ်ပါစေတော့ကွယ်။
ညိုမြသွေး
11:34 AM
Wed,9 Dec 2015
poetry#observation#shinlhu
Saturday, December 5, 2015
ငရဲနှင့် ရှင်လူ =========== ဒီနေ့ ညနေ
===========
ဒီနေ့ ညနေ ၄နာရီခွဲထိ ရှင်လူ့အလုပ်တွေကမပြီးနိုင်၊ အလုပ်ခုံမှာထိုင်ပြီးဂဟေဆော်နေတုန်း ကိုရဲ ရောက်လာ။ ကိုရဲဆိုတာက ရှင်လူနဲ့ အဘိဓမ္မာသင်တန်းမှာမျက်မှန်းတန်းမိရာက ခင်နေတဲ့ အသက်၃၀ အရွယ်လူငယ်တယောက်ပါ။ ကိုရဲ အကျင့်
က ရှင်လူနဲ့မိတ်ဆွေဖြစ်တဲ့နေ့ကစပြီး ရှင်လူ့ကို အခြောက်တိုက် လေးစားအထင်ကြီးနေပြီး သူဘာဖြစ်လာလာ ၊ အထူးသဖြင့် သူ့အဖေ အမေ အစ ဆွေမျိုးတွေနဲ့ ပြဿနာဖြစ်လာတိုင်း ရှူးရှူးရှဲရှဲနဲ့ ရှင်လူ့ ဆီကိုလာလာပြီးရင်ဖွင့်လေ့ရှိတယ် ။ပထမတော့ အမှတ်တမဲ့ပဲ သဘောထားပြီး နားထောင်ပေးနေရာက ၊ တခါမှာတော့ သူ့ကိုအထင်သေးတဲ့ ဆွေမျိုးတွေကိုရော ပတ်ဝန်းကျင်ကိုပါ လက်စားခြေဖို့ အိုင်အက်စအဖွဲ့ထဲဝင်လို့ရရင် ဝင်ချင်တယ် ဆိုပဲ။ ဗုဒ္ဓေါ...။သူ့စကားကြောင့်ရှင်လူ ခေါင်း လေယာဉ်တင်သင်္ဘောနဲ့ ဝင်ဆောင့်မိသလို
ခြာလပတ်လည်သွားမိတယ်။ ဒီငနဲလေးအဖြစ်က မိန်းမလည်းလိုချင်နေပြီ ၊ဒါပေမယ့် သူ့အကြည့်ခံလိုက်ရတဲ့မိန်းကလေးတိုင်းက
နီရဲနေတဲ့ သူ့နှာခေါင်းကြီးနဲ့ စူးရဲရဲ သူ့မျက်လုံးကိုမြင်တာနဲ့ လန့်ပြေးကုန်ရော၊ ဒါကိုသူက
မကြေနပ်ဆုံး ၊ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်လို့ကြည့်တာပဲ ဘာဖြစ်လဲ၊ လူကိုမတူသလိုမတန်သလို ဆက်ဆံရပါ့မလားဆိုပြီး ရပ်ကွက်တခုလုံးကိုမြေလှန်ပစ်ချင်တာ၊သူ့ခံစားချက်တွေကိုရင်ဖွင့်ချင်တိုင်း ရှင်လူ့ဆီပေါက်ချလာပြီး တခုခုစားရင်းစကားပြောကြရအောင် အဘဆိုပြီး စားသောက်ဆိုင်တခုခုရှိရာ ခေါ်သွားတတ်တယ်။ လတ်တလောသူ့မှာ အလုပ်အကိုင်မရှိပေမယ့် သူ့မိဘဆွေမျိုးတွေဆီက အနုကြမ်းစီးထားတဲ့ပိုက်ဆံကတော့ ပါလာလေ့ရှိတယ်။ရှင်လူကလည်းသူ့ရင်ဖွင့်စကားလိုက်နားမထောင်ပေးရင်
တရပ်ကွက်လုံးဒုက္ခသည်တွေဖြစ်ကုန်မှာစိုးလို့
မလိုက်ချင်ပေမယ့် သူ့ကို အရမ်းသံယောဇဉ်ကြီးတဲ့ အမူအရာနဲ့ သူကြွေးတာလိုက်စားပြီးသူ့ရင်တွင်းဖြစ်တွေကို နားဆင်ပေးလေ့ရှိတယ်။တခါကတော့ အဘ ဘာအားဆေးသောက်လဲ ၊ သားဝယ်ပေးမယ်ပြောတာနဲ့ မင်းဝယ်ပေးတဲ့ အားဆေး ငါ့ကိုသောက်စေချင်ရင် မင်းဆီမှာရှိတဲ့ အမုန်းတွေ
ဒေါသတွေ ငါ့ကိုလှူရင်သောက်မယ်လို့ အရစ်တက်ကြည့်လိုက်မိတယ်။အဲဒီနေ့ကစပြီး
ရှင်လူ့ ကိုအားဆေးတိုက်မယ့်အကြောင်းသူထပ်မပြောတော့ဘူး။မတူတာတွေကိုဆွေးနွေးပွဲက ဖယ်ထုတ်ထားလိုက်တယ်။ သူ့ကိုလျော့တွက်လို့တော့မရဘူး၊သူကသင်္ချာနဲ့ ဘွဲ့ရထားတာ။အလုပ်လက်မဲ့ဖြစ်နေတာက သူ့ကိုအင်တာဗျုးတဲ့လူတွေကိုက အရည်အချင်းမရှိလို့ပဲလို့ သူသုံးသပ်ပြတယ်။ထားတော့။ဒီနေ့သူရောက်လာတာက သူ့အမေနဲ့ စကားများလာ ဆိုပဲ၊ အဲဒါ နဲ့ အဘ ဘာစားပြီးပြီလဲ၊ကျနော်အိမ်မှာထမင်းစားမကောင်းတာနဲ့ အပြင်ထွက်စားမလို့ ဟာ တယောက်ထဲဖြစ်နေလို့အဘကိုအဖော်လာခေါ်တာ တဲ့။ သိပြီလေ သူနဲ့ပတ်သက်ပြီး ရှင်လူလုပ်ပေးရမယ့်တာဝန်က ဘုရားသခင်တာဝန်မျိုး confession ကိုနားထောင်ပေးရမှာ ။သူ့ confession ကတော့ တလောကလုံးရဲ့အပြစ်တွေကိုဖွင့်ဆိုမှာ။ဒါနဲ့ ဘယ်သွားစားမလဲဆိုတော့ ``အညာသွေး´´တဲ့ ။အညာသွေးဆိုတဲ့ဆိုင်က အဝေးကြီး။ဥက္ကလာဘုရားတောင်ကျော်သွားသေးတယ်။ရှင်လူတို့ ၄ ရပ်ကွက်နဲ့ဆို အတန်ငယ်လှမ်းနေတယ် ။ငါကွာ ခုတလော အလုပ်ပင်ပန်းပြီးခါးနာချင်နေလို့ နီးနီးနားနားပဲသွားကွာ ဆိုတော့၊ ဒါဆို ဒီပါရမီဝင်းရှေ့က Bakeryဆိုင်သစ်ဖွင့်တဲ့ဆီသွားမယ် ၊ဖွင့်စဆိုတော့ discount ပေးချင်ပေးမှာတဲ့။ ကဲဒါဆို ငါလက်ဆေးလိုက်ဦးမယ် ခဏစောင့်ဆိုပြီး ကမန်းကတမ်း လက်ဆေး ၊စပို့ရှပ်ကောက်ဝတ်ပြီးထလိုက်လာခဲ့တယ် ။ဆိုင်ရှေ့ရောက်လာတော့ ကားအကောင်းစားတွေ ရပ်ထားတာအများကြီး။ သူရှေ့ကဝင်သွားတော့ ကိုယ်ကနောက်ကလိုက်ဝင်ပေါ့။ဆိုင်ကအရမ်းသားနားလွန်းနေ
တယ်။ပရိတ်သတ်ကလည်းအပြည့်။မုန့်တွေ ထည့်ထားတဲ့ ကေ့စ်တွေထဲကြည့်လိုက်တော့ ဈေးနှုန်းတွေက မုန့် တခု ၁၅၀၀ ဆိုတာ အနည်းဆုံးလောက်ရှိမယ်ထင်ရဲ့။စားပွဲထိုးလေးတွေက လှမ်းပေးတဲ့ အအေးခွက်ယူပြီး ဆိုင်အတွင်းဘက် စားပွဲလွတ်ရှိမယ့်နေရာရှာပြီးဝင်ထိုင်လိုက်ကြတယ်။
ဗုဒ္ဓေါ.. စားပွဲပေါ်မှာ ပဒေသာပင်ကြီးလား မှတ်ရတယ် ၊မုန့်တင်ထားတဲ့ စင်ပေါ်မှာ ပီဇာတွေရော၊အဆော့တစ်ကိတ်တွေရော၊ ဘာတဲ့ တချို့နာမယ်တွေ ရှင်လူဘယ်သိမလဲ၊မြင်မှမမြင်ဘူးတာ၊ပီဇာဆိုတာတောင် အမေရိကန်ဗွီဒီယိုရုပ်ရှင်ထဲမှာ ကြည့်ဖူးလို့ ပုံဖမ်းပြောရတာ။စိတ်ထဲက ခပ်ပူပူ။ ငရဲ..ဒီကောင် ဒီနေ့ အနုကြမ်းစီးလာတဲ့ပိုက်ဆံနဲ့ လောက်ငပါ့မလားပေါ့။အနားလာရပ်တဲ့ စားပွဲထိုးမလေးကို ဒီကောင် ခပ်တိုးတိုးမေးနေတယ်..၊
ဆိုင်ဖွင့်ပွဲ အလကားကြွေးနေတာလားဆိုတော့ ဟိုကခေါင်းညိတ်ပြီး ဟုတ်ကဲ့လို့ ပြန်ဖြေသံကြားလိုက်မှ ရှင်လူ့ရင်ထဲကနှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားတယ်၊ နှစ်ယောက်သားတယောက်မျက်နှာတယောက်လှမ်းကြည့်လိုက်တော့ ဂျိမ်းစဘွန်းမင်းသားရှောင်ကွန်နရီလို မျက်ခုံးပင့်လျက်သားဖြစ်နေကြပေါ့ ..
ဒုတိယပိုင်းကတော့ ပရိတ်သတ်ကြီးရေ..
သဘောပါရဲ့လား...၊ပုံတွေကိုသာ ရှုစားကြပါတော့ ။ကြော်ညာဝင်ပြီခင်ဗျ...
Friday, December 4, 2015
အခန်းအမှတ် ၆၃ ************** ညိုမြသွေး သူ့ကိုယ်သူ နာမကျန်းဖြစ် အလေနတောပြက္ခဒိန်တွေကိုတဖျပ်
**************
ညိုမြသွေး
သူ့ကိုယ်သူ နာမကျန်းဖြစ်
အလေနတောပြက္ခဒိန်တွေကိုတဖျပ် ဖျပ်လှန်
တချို့ အစာအိမ်အချဉ်ပေါက်သလို
သူက နှလုံးသားအချဉ်ပေါက်တာ
အကြောင်းပြပြပြီး သံတမန်ဧည့်ခံပွဲတွေကို
ရှောင်တတ်လာသည်။
တခါတခါ သူ့စကားလုံးတွေက
အေကေ 47 ပြောင်းဝကပြေးထွက်လာတဲ့
ကျည်ဆံ တွေ ပလူပျံနေသလို
တခါတလေတော့လည်း
ကျည်ဘောက်အခွံ နှလုံးသားကြီးက
စကားလုံးတွေ မဲ့ချင်မဲ့နေတတ်ပြန်သည်။
ဖုန်းဘီလ် ခဏခဏ ဖြည့်နေရတဲ့သူ.ဖုန်းက
မပြောချင်မဆိုချင်သလို
မထုံတက်သေး ။
စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့
သူ့အခန်းကျဉ်းလေးထဲမှာ
စကားလုံးမဲ့ တဲ့ လေးနက်မှုတွေကလည်း
ဖြစ်ရပ်မှန် သမိုင်းနောက်ခံဇာတ်လမ်းတခုကို
ဒဏ္ဍာရီတွေနဲ့ ဆတူရောလို့
ခပ်ဖွဖွကလေးပေါ့ 
တချို့ကိစ္စတွေက မမေ့လိုက်နိုင်ရင်
မေ့လို့မရရင်
သိုးနေတဲ့စိတ်အကြွင်းအကျန်များသာဖြစ်တော့မည်။
ညိုမြသွေး
11:56pm
Fri,4 Dec 2015
Monday, November 30, 2015
ပေးဆပ်သူတို့ပျော်ရာမြေ ==================== ရှင်လူ နိုင်ငံရေး လုပ်တာကို အခွင့်ထူးခံချင်သူတွေအကြောင်း
====================
ရှင်လူ
နိုင်ငံရေး လုပ်တာကို အခွင့်ထူးခံချင်သူတွေအကြောင်း ဒေါ်စုပြောတော့ ကွယ်လွန်သူ ဆရာ
တက္ကသိုလ်ထင်ကြီး ရဲ့ဖခင်ရေးထားတဲ့မှတ်တမ်းစာအုပ်ကို သွားသတိရမိတယ်။အဲဒီမှတ်တမ်းစာအုပ်က ခုချိန်ထိ ထုတ်ဝေတာမတွေ့မိသေးဘူးထင်တာပဲ။ထုတ်ဝေသူတဦးက စာမူကို မထုတ်ဖြစ်တာကြောင့် ရှင်လူနဲ့ လူကြုံပါးပြီး ဆရာတက္ကသိုလ်ထင်ကြီးထံပြန်ပို့ခိုင်းတယ်။စာမူကရှင်လူ့အိမ်မှာ တညအိပ်ခွင့်ရသွားလို့ ရှင်လူဖတ်လိုက်ရတာ။ ဆရာထင်ကြီးရဲ့ဖခင်က ကိုလိုနီခေတ် မီးရထားရုံပိုင်တယောက်ပါ၊ သူ့မှတ်တမ်းအရ BIA မြန်မာပြည်ထဲဝင်လာချိန်၊ရန်ကုန်တိုင်းအတွင်းဝင်လာခိုက် မြို့တမြို့မှာ BIA ဗိုလ်ကတရားဟောပါတယ်၊ ခင်ဗျားတို့တွေ BIAကို
အစစအရာရာ ကူညီရမယ် ၊လှည်းတို့ ကားတို့ကအစပေါ့ ၊တကယ်တော့ BIAကလိုချင်ရင်ခင်ဗျားတို့သမီးတွေတောင်သိမ်းယူလို့ရတယ်..တဲ့။ကဲ ဘယ့်နှယ်ရှိစ ခုလွှတ်တော်ထဲက နယ်လှည့်ပါးရိုက် ဝန်ကြီးမျိုးတွေပေါ့။ တော်လှန်ရေးသမားဆိုတာ နိုင်ငံရေးလက်အောက်ခံတွေပါ၊ ကျူးဘားတော်လှန်ရေးအတွင်းက ချေဂွေဗားရားအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားလေးကြည့်ခဲ့ဖူးပါတယ် ၊ ဘာတစ္စတာအစိုးရကိုတော်လှန်တော့ ချေဦးဆောင်လာတဲ့တပ်တွေဟာ တမြို့ပြီးတမြို့သိမ်းရင်း ချီတက်လာပါတယ်၊
မြို့သိမ်းတိုက်ပွဲတခုပြီးလို့ နောက်တမြို့ကိုချီတက်ရာမှာ ချေရဲ့ ရဲဘော်တယောက်က ဇိမ်ခံကားကြီးတစီးကိုမောင်းယူလာပါတယ်။ ဒါကိုချေမြင်တော့ ဘယ်ကယူလာလဲမေးပါတယ်၊ သူ့ရဲဘော်က မြို့ထဲကသိမ်းလာတာဖြစ်ကြောင်း ၊ ရန်သူ့ရဲ့ကားဖြစ်ကြောင်း ပြန်ရှင်းပြတော့ ချေက
မင်းကို သူများပစ္စည်းမယူရဘူးလို့ ငါပြောထားတယ်မဟုတ်လား သွားပြန်ထားလိုက်ဆိုတော့ ရဲဘော်က ဒါဆို ကျွန်တော်ဘာနဲ့ချီတက်ရမလဲလို့ပြန်မေးတယ်၊ ချေကတခွန်းထဲပြန်ပြောတယ် လမ်းလျောက်
လိုက်လာခဲ့တဲ့။ ရှင်လူတို့ ဗန္ဓုလစစ်သူကြီးစစ်ထွက်မိန့်ခွန်းမှာလည်း အများပြည်သူမကြည်ဖြူဘဲ သစ်ခက်တညွန့်မယူရဘူး ဆိုတဲ့သဘောမျိုးပါတာ မှတ်မိပါတယ်။ ရှင်လူပြောခဲ့တာတွေအားလုံး စိတ်မှတ်နဲ့ ပြန်ရေးတာမို့ အချက်အလက် အသေးစိတ်မှာလွဲကောင်းလွဲနိုင်ပါတယ်၊ ဒါပေမယ့် အများစုကတရားကိုယ်ကအမှန်ပါ။တော်လှန်ရေးတို့ နိုင်ငံရေးတို့ဆိုတာက ပေးဆပ်သူတို့ရဲ့နယ်မြေပါ၊ ပထမအကြိမ်လွတ်လပ်ရေးရပြီးပြန်လည်ထူထောင်ရေး လုပ်နေချိန်မှာ ရယူလိုသူတွေ ဝင်နှောက်သွားလို့ ပြည်သူလူထုဘဝဟာ လွတ်လပ်ရေးရွှေကျောင်းပြောင်ပြောင်မှာ ဝမ်းခေါင်ခေါင်ဖြစ်ခဲ့ရပါပြီ..
ယခုတခါ ပြန်လည်ထူထောင်ရေး ကာလမှာနိုင်ငံရေးဆိုတာ ပေးဆပ်သူတို့ပျော်ရာမြေသာဖြစ်သင့်ပါကြောင်း....
ရှင်လူ
story#observation#shinlhu
Friday, November 27, 2015
ရှင်လူ: ရှင်လူနဲ့ ဂေါက်ကြောင်ရာဇဝင်
Friday, November 20, 2015
ဒီနေ့ ရှင်လူတို့ အဖွဲ့
လှူခဲ့တဲ့ ဓနုတ်စံပြကျေးရွာ မူလွန်ကျောင်း
က ကလေးတွေ ကိုမြင်တော့ ရှမ်းပြည်နဲ့
ကချင်ပြည်နယ်ဘက်က ကလေးတွေအကြောင်းတွေးမိတယ်၊လတ်တလောဖြစ်နေတဲ့စစ်ပွဲတွေကြောင့် သူတို့ခမျာ အရမ်းဒုက္ခရောက်နေကြပြီ။တိုက်ခိုက်နေတဲ့ နှစ်ဘက်တပ်ဖွဲ့တွေကို ရပ်တံ့ကြဖို့ ရှင်လူအမိန့်မပေးနိုင်ဘူးလေ၊ ရှင်လူက ဘာအာဏာမှမရှိ
ဘဲ။ ဒါပေမယ့် သူတို့ဆီကို message. တခုတော့ ပို့နိုင်တယ်။ ခင်ဗျား တို့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ကျုပ်မသိဘူး။
လူ့သမိုင်းစဉ်ထဲမှာ လူသားတွေတီထွင်ခဲ့တဲ့ အမှားတခုကစစ်ပွဲ ဖြစ်ပြီး အမှန်တခုက စာသင်ကျောင်းတွေပဲဖြစ်တယ်။
Thursday, November 12, 2015
ဦးကျော်သူအောင်၊အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်တဲ့၊ ဒီပုဂ္ဂိုလ်လေးCampaign
ဖြိုးဓန နိုဘယ်လ်မြန်မာစာပေ ပွဲတော်တုန်းက လက်ဖက်ရည်ဆိုင်ကလေးတခုမှာ ရှင်လူသူနဲ့
နိုဘယ်လ်မြန်မာစာပေ ပွဲတော်တုန်းက
လက်ဖက်ရည်ဆိုင်ကလေးတခုမှာ ရှင်လူသူနဲ့ ခဏဆုံခဲ့ဖူးတယ်။မျက်ခုန်းကောင်းကောင်း အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တောင်ငူတက္ကသိုလ်ကဘွဲ့ရထားတဲ့ကောင်လေး။နေရပ်ကရေတာရှည်ဘက်ကထင်တယ်။
နိုင်ငံရေးစိတ်နဲ့ တက်ကြွနေတဲ့ လူငယ်လေးပဲ။ သူက ကျောင်းမှာ နိုင်ငံရေးအတွက်စည်းရုံးရင် Hip Hop တို့ Rap တို့နဲ့စည်းရုံးရမယ် creativity ရှိဖို့လိုတယ် ၊ လူစိတ်မဝင်စားရင်အလကားပဲတဲ့ ။သူ့စကားကို ရှင်လူပြုံးပြီးနားထောင်နေလိုက်တယ်၊ သူကမြစ်လယ်ရေစီးကြောင်းမှာ အရှိန်အဟုန်နဲ့ မျောနေသူ ။ရှင်လူက မြစ်ကမ်းနဘေးကပ်မျောနေတဲ့ ဖော့ဘူးခွံကြီးလို၊သူ့အယူအဆကိုဘာမှဝင်မပြော။နိုင်ငံရေးစိတ်တက်ကြွနေတဲ့သူ့ကိုကြည့်ပြီး စိမ်းလန်းစိုပြည် တဲ့ယာခင်းကြီးတခုကိုကြည့်ရသလို ရှင်လူပျော်နေတယ်။ ဒီလိုနဲ့ မိတ်ဖြစ်ဆွေဖြစ် fb
acc ခြင်းadd ပြီးမကြာခင် ရှင်လူ့မိတ်ဆွေရောက်အလာမှာ သူထသွားခဲ့တယ်။နောက်ပိုင်းသူ့ နိုင်ငံရေး လှုပ်ရှား မှုတွေfb ပေါ်မှာတွေ့တွေ့နေရတယ်၊ တခါက နေညိုချိန်နောက်ခံမှာ ထောင်အုတ်ရိုး ပုံကြီးဓာတ်ပုံရိုက်ပြီး fb ပေါ်တင်တာတွေ့လိုက်တယ်။ အင်း
ဒီကောင်လေး ထောင်ကိုမျက်စောင်းထိုးနေပြီနဲ့တူတယ်လို့ တွေးလိုက်မိသေး။ ခု ဖြိုးဓနတယောက်ထောင်ထဲမှာ အစာငတ်ခံ
ဆန္ဒပြနေဆိုပဲ ၊Hip Hop တို့ Rap တို့နဲ့စည်းရုံးမယ့်လူက အခု ဂန္ဒီကြီးနည်း သုံးနေပြန်တယ် ၊ ဒီကလေးတွေကို သေကုန်မှာ ရှင်လူစိုးရိမ်တယ်။နောက်နောင်အနာဂတ်ကာလတွေမှာ စိတ်အားထက်သန်တဲ့ နိုင်ငံရေးသမားတွေ လိုအပ်နေဦးမှာပဲလေ။ သူတို့ အယူအဆကိုမကြိုက်တောင် သူ့တို.ကိုတော့လွှတ်ပေးသင့်တယ်။ဒီလိုကလေးမျိုးတွေက သားဖွားဆေးရုံတွေမှာနေ့တိုင်းအများကြီး ထပ်မွေးနေတာ ၊လူကြီးမင်းတို့တသက်လုံးဖမ်းနေရတဲ့အလုပ်နဲ့တင် ကျန်တာလုပ်နိုင်မှာမဟုတ်ဘူး။ဘွဲ့ရပညာတတ်တယောက်သေသွားရင် တိုင်းပြည်ပဲနာမှာ။
Wednesday, November 11, 2015
************************
အဲ ဒီ မကောင်းမှု အမှောင်ခန်းထဲက ထွက်ဖို့ရာ
သော့ ဖွင့်မယ့် လူ လိုတယ်
ကျန်တာ ငါတို့ကိုယ်တိုင် လုပ်နိုင်တယ်
ဒီအမှောင်ထဲမှာ ငါတို့ တဦးနဲ့တဦး
နင်းမိခဲ့ကြရင် ခွင့်လွှတ်ပ
ငါတို့ဟာ မမြင် မသိနိုင်တဲ့ အမှောင်ကြောင့်
မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့
ဒင်းကြမ်း ပြည့်နေခဲ့ကြတယ်
ဒီမှာ မိတ်ဆွေတို့
အရှေ့ဆီမှာ ရောင်နီ ပြိုးပြက်
ပတ္တမြား ပန်းခက်တို့ ယှက်သန်း
လမ်းပြကြယ်ညွှန်ရာ ကြည့်လိုက်ပါ
မကြာမီမှာ
နေခြည်ပြိုးပြောက် ရွှေရည်ဖြိုးမောက်
မြေမဟီမိုးသောက် မြန်ပြေတဝှမ်း....
ရှင်လူ
poem#observation#shinlhu
Wednesday, October 7, 2015
``ရှင်လူရေ ရှင်လူ့ ဖိုးသောကြာ တော့ ဒီမှာ ထိန်းမနိုင်တော့ဘူး ၊ ပါးမှာ စတေကာတွေကပ်ပြီး အလံတွေ
ကိုင်ပြီးတော့ အမေစု ..အမေစု နဲ့ တနေကုန် သောင်းကျန်းနေလေရဲ့ ´´တဲ့။
ဘာလာ့ ဖုန်းသတင်းကြောင့် ရှင်လူ ရီလိုက်မိတယ်၊ တကယ်တော့ ဘာလာတို့. မိသားစု မုံရွာ (ခင်မွန်)ကို
ပြောင်းသွားတာ ခြောက်လကျော်ကျော်လောက်ပဲရှိသေးတယ်၊ အရင်က ရှင်လူ့အပေါ် ထပ်ခန်းကပေါ့။သူ့ယောက်ျား မောင်ဖြူသီးက ရခိုင် ပန်းထိမ်ဆရာလေး။
ဘာလာ က တောင်ဥက္ကလာ သူဗမာ။သူတို့ညားခါစရှင်လူ့အပေါ်ထပ်ခန်းမှာ လာငှါးနေကြတော့ မောင်ဖြူသီးက
``ဦးလေး ရေ ကျနော်တို့ အပေါ်ထပ်မှာ ပန်းထိမ် လုပ်
ရတာ အဆင်မပြဘူး ၊ ထုရရိုက်ရတာလည်း ဘေးခန်းတွေ အားနာနေရတယ် ၊ ဦးလေးအခန်းမှာ တိုက်ခုံတနေရာစာချပြီး လုပ်ပါရစေ ဆိုတော့ ရှင်လူက တယော က်တည်းသမားလည်းဖြစ်ပြန် ၊ ၁၀ ပေ ပေ၄၀ ခန်းလည်းဖြစ်ပြန် ၊ သံမံတလင်းခန်းလည်းဖြစ်နေလေတော့
``အိမ်ရှင် အဖွားကြီးဆီ ခွင့်တောင်းကွာ၊ ငါ့ဘက်ကတော့
အိုကေပဲ မီးသုံးတဲ့အတွက်တော့ သူနဲ့ညှိပြီး မီးဖိုးပေးလိုက်ပေါ့ ´´ဆိုပြီးကာ ရှင်လူ့ ကွပ်ပစ်ခြေရင်းမှာ သူ့အလုပ်ခုံရောက်လာခဲ့တယ် ၊ ညဥ့်နက်သန်းခေါင်တိုင်အောင် သူပန်းထိမ်လုပ်လေတော့ ရှင်လူ့မှာ အိပ်ရေးတွေဘာတွေပျက်ရပေါ့၊ သူတို့် ဆီကဘာအဖိုးအခမှမယူလေတော့ အဆင်သင့်တဲ့အခါများမှာ ရှင်လူ့ကို ရခိုင်ချက်အစပ်ဟင်းနဲ့ ထမင်းတွေ ဘာတွေ ကျွေးပေါ့ ။ဒီလိုနဲ့ တကောင်ကြွက်ကြီးရှင်လူ မိသားစုကလေးတခု ရလာခဲ့တယ် ။ ဒီလိုနဲ့ ယောက်ျား ပန်းထိမ်ခုံဘေးမှာ ထိုင်ထိုင်ပြီး အကို အကိုနဲ့ လုပ်လေ့ရှိတဲ့ ဘာလာ့ ကိုယ်ဝန်ကလည်း တစစရင့်မာလာခဲ့တယ်၊ ရှင်လူကလည်း အရူးဆိုတော့ အဲဒီ ကိုယ်ဝန်သည်ကို ဓာတ်ပုံရိုက်ပြီး fb မှာ cover photo တင်လိုတင်ပေါ့။ နောက်ဆုံး တော့ 21.6.2013 Friday မှာ ဖိုးသောကြာလေးကိုမွေးခဲ့တယ်။ ဖိုးသောကြာဆိုတာ ပုခက်တွင်းဘဝကလမ်းပေါ် တောက်တောက်ပြေးတဲ့ အချိန်ထိ ရှင်လူ့ရဲ့ fb မော်ဒယ်ပေါ့၊ ဒါပေမယ့် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ဆိုတဲ့အတိုင်း ဖိုးသောကြာလေး စကားမပြောတတ်ခင်မှာပဲ သူတို့မိသားစုရဲ့ ရေကြည်ရာ မြက်နုရာ တရွာမပြောင်း သုကောင်းမဖြစ် အစီအစဉ်အရ ခင်မွန် (မုံရွာ) ကို ပြောင်းသွားခဲ့ကြတယ်၊ဒီကလေးပါးစပ်က ရှင်လူလို့ခေါ်သံကို ငံ့လင့်နေတဲ့ ရှင်လူကတော့ အသည်းဟက်တက်ကြီးပေါ့။ ခု ဘာလာ့ ဆီက ဖုန်းသတင်းအရ ဆို ဒီကောင်က...ဒီဖိုးသောကြာဆိုတဲ့ကောင်က အမေစုကိုကြိုဆိုသတဲ့၊ သားကအမေစုကိုသိလိုလားဆိုတော့ သိတာပေါ့ ဆိုပြီး ကားမှာဆင်ထားတဲ့ ဒေါ်စုပုံကို
လက်ညိုးထိုးပြသတဲ့ ။ကောင်းရော ၊ ရှင်လူ့မှာ နှစ်ပေါင်း၂၅ နှစ်ကျော်အောင် အမေစုနဲ့ NLD ကိုဝန်းရံလာခဲ့တာ ခု လာမယ့် ၂၀၁၅ နိုဝဘာင်္ ဆို ရှင်လူ့ အသက် ၆၃ နှစ်ပြည့်ပြီ ။ အင်း သေရမယ်ဆိုရင်တောင်အသေဖြောင့်ပြီပေါ့ ။ ဖိုးသောကြာတယောက်လုံးရှိနေပြီလေ..။
ခုအောက်တိုဘာဆိုတော့ ဖိုးသောကြာ ၂နှစ်နဲ့၎လသားပေါ့၊(အထူးမှတ်ချက်)ခုလောလောဆည်မှာတော့ ရှင်လူ့fb မော်ဒယ်က သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့မှာ တနှစ်တင်းတင်းပြည့်မယ့် ခြေရင်းခန်းက ဖွေးဖွေး ခေါ် ဝူဘူလေးဖြစ်ပါတယ်ခင်ဗျား။
story#observation#shinlhu
Monday, September 7, 2015
ဈေးကြီးကြီးပေးခဲ့ရတဲ့အိပ်မက်
~~~~~~~~~~~~~~
ညိုမြသွေး
တမလွန်မှာ ဝိုင်နီတခွက်နဲ့
မိတ်ဆွေတယောက် က စောင့်နေမလား
ငါ့ ကို လွမ်းတတ်သူကြီးလို့ တချို့က
ထင်ကောင်းထင်လိမ့်မယ်။
ငါ့ခံတွင်းတွေ ကခပ်ပျက်ပျက်
ဖြစ်နိုင်မယ်ဆို ဇာတ်လမ်းရဲ့အလယ်စာမျက်နှာတွေဆွဲဆုတ်
စာအုပ်အသစ်တအုပ် ပုံစံနဲ့
ခပ်တည်တည် လက်မှတ်ထိုးပြီး
မိတ်ဆက်ပွဲ လုပ်ပစ်ချင်တယ်
စာမဖတ်တဲ့ ပရိတ်သတ်တွေနဲ့ပဲပေါ့။ ။
ညိုမြသွေး
Sat 5 Sep 2015
poem#observation#shinlhu
Monday, August 17, 2015
~~
အထိတ်တလန့် ငှက်တွေထပြန်ပြီးမှ
သေနတ်သံက နောက်ကလိုက်လာတယ်
ဒီတောက တော့ နောကျေနေပြီးသား
တောကောင်မှန်သမျှ တချက်ခေါင်းထောင်ကြည့်လိုက်ပြီး
ကိုယ့်စားကျက်နဲ့ကိုယ် စားမြုံ့ပြန် နေကျ ..
မုဆိုးရဲ့တောလား...
သားကောင်ရဲ့ တောလား..
သမိုင်းဆိုတာ သူ့အလှည့် ကိုယ့်အလှည့်
တလှည့်စီ ရေးခဲ့တာပါပဲ။ ။
ညိုမြသွေး
15 August 2015
poem#observation#shinlhu
Thursday, August 13, 2015
သက်ကြီး ကောင်ပု ဘင်ဇိုင်းပင် ပေါ်မှ
~~~~~~~~~~~~~~~~
ဂမ္ဘီရဆူးတချောင်း
~~~~~~~~
ညိုမြသွေး
နှစ်တွေက
အဲဒီ ပြက္ခဒိန်တွေ တရွက်စီလန်သလို
တဖျပ်ဖျပ် နဲ့ အမြန်ဆုံး
လန်ထွက် သွားခဲ့ကြ
တချို့က အရိပ်ကောင်းတဲ့ တောအုပ်ဆီ
တချို့က ငှက်မြင်ကွင်းလို ကြည့်နိုင်တဲ့
တောင်တန်းမြင့်မြင့်ကြီးတွေဆီ
တချို့က အဝေးပြေး လမ်းမကြီးတွေပေါ်ရောက်လို့
GPS မလိုပါဘူး
ငါ့ တည်နေရာက အရင်အတိုင်းမရွေ့၊
တခုပဲ ပိုထွက်လာခဲ့တယ်
ကဗျာဆိုတဲ့ ဂမ္ဘီရ ဆူးလေးတချောင်းတော့
မြဲမြဲ ကိုင်ထားသင့်တယ် မဟုတ်လား။ ။
ညိုမြသွေး
13.8.2015
poem#observation#shinlhu
Monday, August 3, 2015
ဒီနေ့ fb ပေါ်မှာ သူငယ်ချင်း နွေလယ်နေရဲ့
အထက်ပါကဗျာကိုတွေ့ လိုက်ရတယ်၊ ငါ့ သူငယ်ချင်း အရမ်းပေါက်ကွဲ နေပြီပဲ ၊ ရာဇဝတ်အကျဉ်းသား အများစုပါဝင်တဲ့ 
အကျဉ်းသား ၆၀၀၀ ကျော် မှာ ၈ ရက်သာထောင်ထဲနေခဲ့ရတဲ့ တသက်တကျွန်း
တရုတ် သစ်ခိုးသမား တွေကို တသက်တကျွန်းတချက်လွှတ်အမိန့်လို့ ဆိုလေသလား ၊ ဒီရက်ပိုင်း တနိုင်ငံလုံး
ရေဘေးဒုက္ခရောက်နေလို့ရှင်လူ စိတ်မကောင်းဖြစ်ပြီး ရေဘေးသတင်းတွေပဲလိုက်ရှယ်နေခဲ့တာ ၊ဘာကဗျာ မှမတင် ဘာဟာသမှမဖောက်ပဲနေခဲ့တာ နွေလယ်နေ့
ကဗျာတွေ့လိုက်တော့ ကိုယ်ပါရောယောင်ပြီးငေါ့ချင်စိတ်ပေါက်တာ
ကြောင့်
ကြိမ်းလှချည်လား ၊သခင်ဘကြိမ်းရယ်၊ ဝအိရေးပျက်လယ်.. လို့comment ရေးလိုက်မိတယ်။ အမှန်တော့
ဒေါ်အောင်ဆန်းစုကြည် ပြောသလို အိမ်နီးချင်းဆိုတာ ကိုယ်ရွေးချယ်လို့မှမရပဲ ၊တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် အဆင်ပြေအောင်တော့ ပေါင်းရပေမပေါ့ ၊ခု သစ်ခိုးတာလည်း တရုတ်နိုင်ငံသား သူခိုးတွေခိုးတာ တရုတ် အစိုးရနဲ့ တရုတ်လူကြီးလူကောင်းတွေ ခိုးတာမဟုတ်ဘူး ၊ဒီလိုပြစ်မှုမျိုး သူတို့နိုင်ငံထဲ
မှာလုပ်ရင် သေဒဏ်တောင်ပေးပစ်မလားပဲ၊
ဒီတော့ ကိုယ့်အချုပ်အခြာနဲ့ကိုယ် ဒီ
သစ်သူခိုးတွေကို ၈ ရက်နဲ့ လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးတယ်၊ အပိုဆု ခိုး ဆိုး ခါး တွေပါ နိုင်ငံရေးဖြစ်စဉ်ထဲ ပူးပေါင်းပါဝင်နိုင်အောင်လွှတ်ပေးခဲ့လေတော့
ကမ္ဘာပေါ်မှာ ဒီလောက် သဘောထားပြည့်ဝပြီး ဒီမိုကရေစီအသွင်ကူး
ပြောင်းရေးကို စိတ်ရောကိုယ်ပါ လက်တွေ့ကျကျ လုပ်တဲ့ အစိုးရမျိုးမရှိသေးဘူးဗျ။လူကောင်းသူကောင်းတွေကတော့ ကိုယ့်လုံခြုံရေး ကိုယ့်ဘာသာတာဝန်ယူကြပေါ့ဗျာ။ ရေဘေးသင့်ပြည်သူများလည်း ကိုယ့်မှာကျန်တဲ့ပစ္စည်းလေးတွေ ကိုယ့်ဘာသာဂရုစိုက်ကြပေါ့။ရှင်လူ့ရဲ့ ငေါ့တော့တော့ comment ကြောင့်
နွေလယ်နေကြီး ဒေါသတွေ ပေါက်ကွဲ သွားပုံ
ရတယ်ခင်ဗျ၊ အောက်က comment တခုထပ်တက်လာတယ်
..ကိုယ်ရေးချင်တာ ကိုယ်ရေးတာ၊ပေါတောတောမှတ်ချက်တွေတော့ မရေးနဲ့ ၊ကိုယ်အသက်၆၀နီးပြီ၊ဟီးဟီးဟားဟားလောက်နဲ့ ကိုယ် အသက်မရှင်ချင်ဘူး..
ရှင်လူ့ သူငယ်ချင်း အတော်ခံစားနေရပုံပဲ။အသက် ၆၀ တန်းတွေဆိုတာ ရပ်မိရပ်ဖ စကားမျိုးနဲ့ တန်းတူပြုရရင် နိုင်ငံ့မိ နိုင်ငံ့ဖ
စာရင်းဝင်နိုင်သကိုး (တာဝန်လက်ပတ်မပါ
တဲ့ တာဝန်တွေပေါ့ဗျာ) ရှင်လူလည်း ဝင်မန့်ပြီးမှ စိတ်မကောင်းဘူး ၊ အသက် ၆၀ နီး ပါးလူတယောက်ဟာ ဟီးဟီးဟားဟား
လောက်နဲ့ အသက်မရှင်ချင်ဘူးဆိုတဲ့စကား
ဟာ ရှင်လူတို့ တိုင်းပြည် အတွက် အလွန်
အရေးပါတယ် ။ နိုင်ငံမိ နိုင်ငံ့ဖ တွေလေ။
ရှင်လူဆက်လည်းပြောချင်တယ် ။တခုလည်းသွားသတိရတယ် ရှင်လူတို့ ငယ်စဉ်က ဘုရားပွဲ ဇာတ်ရုံတွေ မှာ ဝင်ကြေးမတတ်နိုင်တော့ ထရံဖြဲ ချောင်းကြတာပေါ့ဗျာ ၊ အဲဒါ သန်းခေါင်
ကျော် လင်းခါနီး ရုံဖွင့်ပြီဆိုရင်တော့ အပြေးအလွှား ဇာတ်ရုံထဲဝင်ပြီး အားရပါးရ
ကြည့်ကြရတာဆိုတော့။ အခု အင်းစိန်ဇာတ်ရုံကြီးကလည်းရုံဖွင့်ကာနီးနေပြီ။ထရံပဲ ဆက်ဖြဲရကောင်းနိုး ဒွိဟတွေနဲ့။
ကဲလေ မထူးတော့ပါဘူး ကောင်းခန်းကလည်းရောက်နေပြီဆိုတော့ ။သူငယ်ချင်းရေ ...
ကိုယ်ပျင်းပျင်းရှိတာနဲ့ ကဗျာစာအုပ်တအုပ်ကောက်လှန်လိုက်တာ
သူငယ်ချင်း ဘယ်တုန်းကရေးပြီး ပေးထားမှန်းမသိတဲ့ ကဗျာ တပုဒ်သွားတွေ့တယ် ။ ခေါင်းစဉ်က
ဘာတဲ့....
လူအကြီးကြီးများအကြောင်း...တဲ -------------------------
နွေ လယ် နေ
~သူလို ငါလို အလုံးအဖန် နဲ့
သူလို ငါလို အလေးချိန်နဲ့
ခြေနှစ်ဖက် လက်နှစ်ဖက် ခေါင်းတစ်လုံးနဲ့
ဒါပေမယ့်
ရာထူးကြီးကြီး
တာဝန်ကြီးကြီး မို့
`လူကြီး´ လို့ ခေါ်သတတ်...။
~သြော်...`လူကြီး´-တဲ့...
~ကာလသားခေါင်းစရိုက်နဲ့
တပည့်မွေးတာပျော်ပိုက်တဲ့ လူကြီး၊
~မာဖီးယားဂိုဏ်းချုပ်လို
မှုန်တေတေ မျက်မှောင်ကြုတ်တဲ့ လူကြီး၊
~ဘုရားဂေါပကအိုက်တင်နဲ့
အိနြေ္ဒဆည်ချင်တဲ့ လူကြီး၊
~တရားလည်းထိုင်ချင်
ကားလည်းပိုင်ချင်တဲ့ လူကြီး၊
~တစ်ရာဘိုး စွန့်ကြဲပြီး
တစ်ထောင်ဘိုး လွှတ်ဆဲတဲ့ လူကြီး၊
~မောင်းပြန်လက်ညှိုး နဲ့ အော်တိုမက်တစ်
ပါးစပ်
မေထုံမဲ့ စပ်ထားတဲ့ လူကြီး၊
~မော်ရင်ညိုလို ပရိယာယ်ကြွယ်ပြီး
ကော့ပါးဖီးလို ပဉ္စလက်ဆန်တဲ့ လူကြီး၊
~စုဘူးလို အသွင်းလွယ် အထုတ်ခက်ပြီး
ဖွဲ့စည်းပုံလို အရေးလွယ် အပြင်ခက်တဲ့
လူကြီး၊
~လူ့အကျိုး မထူပွေ့ ပဲ
သူ့အိုး သူဖြည့်တဲ့ လူကြီး၊
~ထီးလို အရိပ်မပေး ပဲ
မီးလို အဆိပ်ကြွေးတဲ့ လူကြီး၊
~ပျော့ပျော့နဲ့ နံတဲ့ ကြောင်ချေးလို လူကြီး
မာမာနဲ့ ကျစ်တဲ့ ကျောက်တုံးလိုလူကြီး၊
~ကျွန်တော်တို့ ခင်ဗျားတို့
ဘဝတစ်သက်တာမှာ
အသက်သာကြီးသွားတယ်
လူကြီးမဖြစ်လိုက်ရတဲ့
ဘင်ဇိုင်းပင်ပုလို အတန်းအစားက
အများစု မဟုတ်လား ၊
~ကဲ !
ခင်ဗျားတို့ ကျွန်တော်တို့
ဘယ်လိုလူကြီးမျိုး လက်အောက်မှာ
လက်မြှောက်ချင်သလဲ
ဒူးထောက်ချင်သလဲ....
~သေချာတာကတော့
ဒါဟာ ရွေးချယ်ခွင့် မရှိတဲ့
ကံစမ်းမဲတခုသာဖြစ်ရဲ့ ။ ။
နွေလယ်နေ
story#observation#shinlhu
Tuesday, July 28, 2015
မိုးက ရွာလိုက် ရပ်လိုက် ။ မနက်ခင်းလက်ဖက်ရည်ဆိုင်ကပြန်လာတော့ ကမန်းကတမ်း ဆန်တဘူးလျော့လျော့ကို အမြန်ဆေးပြီး
မီးမပျက်ခင် တည်ထားလိုက်ပါတယ်။ ခုတလောဝါဆိုသင်္ကန်းကပ် အလှူတွေရှိနေလို့ လွန်ခဲ့တဲ့
နှစ်ရက်က ကြော်ထားတဲ့ ဝက်သားကျန်နေတာကို သတိရလိုက်မိတယ်။ ပန်းကန်ကိုလှပ်ကြည့်လိုက်တော့
ဝက်ကြော် တတုံးစ နှစ်တုံးစ ဆီလွတ်နေတဲ့နေရာမှာ
မှိုတက်စပြုနေပြီ ။ သွန်ပစ်ဖို့ လုပ်နေရင်း အတွေးတခုဝင်လာတယ်။ ဒါကို ရေနဲ့ စင်အောင်ဆေးပြီး
ပြန်ချက်စားလို့ရနိုင်တာပဲ ။ ဒီလိုနဲ့ ကြက်သွန်နီ နှစ်ဥ ပါးပါးလှီး ၊အဖြူ အနည်းငယ် အခွံနွှာပြီး မထူမပါးလှီး။
ရေဆေးထားတဲ့ဝက်သားကြော်ကို ဒယ်အိုးထဲ ထည့်ပြုတ်ထားရင်း လမ်းထိပ်ဆိုင်က ၅၀ တန် ငါးပိထောင်းတဗူးပြေးဝယ်။ ပြုတ်ထားတဲ့ ဝက်သားကို
ရေအေးနဲ့ဆေးပြီး အမွှာလေးတွေဖြစ်အောင်ဖဲ့။ အဲ ပြီးတော့ ဆီထည့်ပြီး ဝက် ဗာလချောင်ကြော် ကြော်ပေါ့။
ဒီနေ့ မနက်စာ ညစာအတွက် အိုကေသွားပြီ။ တနေ့လုံးသည်းလိုက် စဲလိုက်မိုးကြောင့် အေးစက် စိုစွတ်
နေတဲ့ အခန်းထဲမှာ ရှင်လူတယောက်တည်း။ အသက် ၆၂ နှစ်ပြည့်ကာနီး ရှင်လူ တယောက်တည်း။ အားငယ်
နေမယ်ထင်သလား။ နိုး နိုး..ဝမ်းနည်းနေတာ ကောလင်း
ရေဘေး သင့်ရွာပေါင်း ၈၀ ကျော်သတဲ့ ၊ ရခိုင်ပြည်နယ်
ကျောက်တော် ၊ မြောက်ဦး နဲ့ မင်းပြားမှာ ရေကြီးမှုက
အတော်ဆိုးရွားနေဆိုပဲ ၊ကလော ...ရှင်လူ့ မွေးရပ်မြေ
ရှမ်းပြည်တောင်ပိုင်းက တောင်ပေါ်မြို့ကလေးတောင်
ရေဘေးသင့်နေပြီတဲ့ ၊ သူတို့ ဒုက္ခတွေကို အတွေးထဲက
စာနာမှု နဲ့ မေတ္တာပို့ရင်း ကိုယ်ချက်ထားတဲ့ထမင်းဟင်း
တောင်မျိုမကျချင်ဘူး ၊ ဘုရားဘုရား ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးသာ အထမြောက်သွားရင်....
Thursday, July 9, 2015
~~~~~~
တောကြို တောင်ကြားက ဘူတာရုံလေးတခု မှာ
ဘယ်တော့ ရောက်လာမယ်မှန်း မသိ တဲ့
ရထားတစင်းစင်းကို တယောက်ထဲ စောင့်ရင်း
ငါ့ သက်ပြင်း တွေ ဆံပင် ဖြူခဲ့ဖူးတယ်...။
မျှော်လင့်ခြင်းဟာ
မျှော်လင့်ခြင်းပါ ပဲ...
ခုတော့ ရောက်ရာ အရပ်ကို
ငါ့အိမ်လို့ မှတ်လိုက်ပြီ။ ။
ညိုမြသွေး
poem#observation#shinlhu
Notepad location :Wai Za Yan Tar Road, Yangon, Republic of the Union of Myanmar
Monday, July 6, 2015
Friday, July 3, 2015
~~~~~~~~~~~~
သူ့မျက်နှာကို
ဂျာနယ် တစောင်လို ဝေ့ကြည့်လိုက်ပြီး
သတင်းခေါင်းစည်းတွေကို တခုချင်း
ခပ်မြန်မြန် လျှမ်းဖတ်
ကိုယ့်စိတ်နဲ့ ငြိလောက်မယ့်ဟာ တခုနှစ်ခု
တခါတလေ ကြော်ငြာ တခုနှစ်ခု
ဒီလိုနဲ့ ရက်သတ္တတပတ် ပြီးသွားပြန်ရော..
နောက်တခါထပ်ဖတ်ဖို့
ခွန်နှစ်ရက် ကြာသွားပြန်ရော။
ညိုမြသွေး
poem#observation#shinlhu
~~~~
``ကောင်းငြိမ်း စားတော်ဆက်´´ တဲ့
လမ်းမတန်းက အနံကြီးကွင်းကျယ်ဆိုင်မျိုးမဟုတ်၊
ရပ်ကွက် အတွင်းဘက် ကျကျ အိမ်စုတ်တွေကြားက
ပကာသနမရှိတဲ့ သေရည်ဆိုင်။
ပညတ်သွားရာ
ဓာတ်သက်ပါ ဆိုသလို
ဆိုက္ကား ဆရာ ၊ ပန်းရံ ၊ လက်သမား
လက်လုပ် လက်စား ၊ အနာဂတ်မဲ့ မျက်လုံးကြောင်တောင်နဲ့ ညှင်းသိုးသိုး လူသားများ.....
တယောက်ပြီး တယောက်
ကောင်းကောင်းပြီး အလှည့်ကျ ငြိမ်းသွားခဲ့ကြ
မနက်ခင်း လမ်းဘေးမီးတိုင်တွေ ငြိမ်းသွားသလို
အတန်းလိုက် အစဉ်လိုက် တဖျတ်ဖျတ်။ ။
ညိုမြသွေး
poem#observation#shinlhu
Friday, June 19, 2015
~~~~~~~~~~~~~~~~~~~
ရှင်လူတယောက် ဖေ့ဘွတ်ရွာကြီးထဲမှာ ရွာရိုး
ကိုးပေါက် လျောက်လည်နေခဲ့သည်မှာ ကြာပြီ။ဖေ့ဘွတ်ရွာကြီးကား ဂလိုဘယ်ရွာကြီးမျိုးဖြစ်သဖြင့်
လူဦးရေကများ ၊လူမျိုးကလည်းစုံလှသဖြင့် လူမှုကိစ္စ
အဝဝကလည်းစုံလှ၏။ ပြီးတော့ ထိုရွာကြီး၌ကား
Imformation Democracy ခေါ်စံနစ်ကြီး
ကလည်းအစွမ်းကုန် ထွန်းကားလျက်ရှိသဖြင့် အမြင်
မကြည်သူအချို့ကထိုရွာသူရွာသားတွေကို မျက်မုန်းကျိုး
လေသည်။အချို့ကဆိုလျှင် `` ဟေ့ ဖေ့ဘွတ်ထဲက
ကောင်တွေ ၊ ဟိုတချိန်ကမင်းတို့ဘာလုပ်နေကြသလဲ´´
ဟု ငေါက်လိုငေါက်၊ အချို့ကလည်း ``မင်းတို့ ပုဆိုးခြုံ
ထဲက လက်သီးပြမနေကြနဲ့ ၊ငါတို့က အင်းစိန်ဂါမကလာ
ခဲ့တာ ဘာမှတ်သလဲ ဆိုပြီး ကြိမ်းသူကကြိမ်း။ ယုတ်စွ
အဆုံး ကိုယ့်တရွာတည်းသား ဘလော့ဂါဆိုသူကပင်
အွန်လိုင်းပူးလစ် ( on line police ) ထားမှဖြစ်တော့
မယ် ဟုအသံဟစ်လေ၏။
သူတို့ပြောမယ်ဆိုလည်း ပြောစရာတခု
တော့ရှိပါ၏။ရှင်လူတို့ဖေ့ဘွတ်ရွာသားတွေကား ရှင်လူမှလွဲ၍ပေါ့လေ 1988- 89-90 ဝန်းကျင်
နောက်ပိုင်းမွေးဖွားသူတွေကများသဖြင့် ဟိုတုန်းကမင်း
တို့ဘာလုပ်နေကြသလဲ ဆိုလျှင် မာမီ့ဘိုက်ထဲမှာ
၁၀၉- ၁၁၀ ထိုင်စားနေကြတယ်လေဟုသာဖြေကြမယ်
ထင်၏။ရှင်လူကတော့ သူတို့နှင့် အလိုက်သင့်ပေါင်းပြီး
သူတို့ဆီကလေ့လာသင်ယူစရာရှိသည်များကို ချော့မော့
လက်ဖက်ရည်တိုက်၊ ဘီယာတိုက်ပြီးသင်ယူလေ့လာနေ
ရ၏။ ဥပမာ သူငယ်ချင်းကို သယ်ရင်းဟုရေး၏။ပထမတော့ ဒီကောင်တွေ သဒ္ဒါဖျက်တွေဟု ထင်၏။
နောက်တော့ ရှင်လူကိုယ်တိုင် အင်တာနက်ဝန်ဆောင်ခ
တနာရီ သုံးလေးရာပေးနေရတာဆိုတော့ သူငယ်ချင်းကို
နှစ်ချောင်းငင် ဖြုတ် ၊င ဖြုတ်၊ခခွေး ယပင့် ၂ခုရေးရမည့်နေရာမှာ
ရ ကောက်နဲ့ အစားထိုးလိုက်တော့ သယ်ရင်းဖြစ် ၊အချိန်တွေပိုထွက်ပြီး
ငှားသုံးရတာတွက်ချေကိုက်လာသည်။ နောက်ပြီး
ယင်းဂလိလို cul8r see you later၊ 14a
a41 one for all and all for one ၊ 2b or
not 2b to be or not to be ၊ 4 ever
forever ၊ b4 before ၊ ilu l love you ။
အမှန်အတိုင်း ဝန်ခံရလျှင်တော့ ရှင်လူတို့လိုလက်ကျန်
အချိန် ဘတ်ဂျက်နည်းနေသူတွေကို ငွေကုန်လည်း
သက်သာ ၊ အချိန်ပိုလည်းထွက်လာအောင်အကျိုးပြု
ပေးနေသော ဖေ့ဘွတ်ရွာသားကလေးများကို ရှင်လူ
ကတော့ ကျေးဇူးတင်လျက်ရှိ၏။
သူတို့က ဖေ့ဘွတ် wall ( နံရံ ) တွေပေါ်မှာ
တွေ့ကရာရေးတာလည်း အပြစ်မဆိုသာ။ ရှင်လူတို့
ငယ်စဉ်က ဘုန်းကြီးကျောင်းအုတ်တံတိုင်း နံရံတွေမှာ၊
ကျောင်းအိမ်သာ နံရံတွေမှာ နှပ်ချီးထူမကို ဘောကြီး
ချစ်သည်။ ဟေ့ကောင်ဗလကြီး ၊ ကြီးပြီးအချိန်မစီးတဲ့
ကောင်၊အားနည်းတဲ့သူတွေကို အနိုင်မကျင့်နဲ့ ခွေးမဒါး
နှာဘူးကြီး စသဖြင့် မီးသွေးခဲ မြေဖြူ ရရာနဲ့ခြစ်ခဲ့ကြ
သည်။ ခု သူတို့က အင်တာနက်ပေါ်မှာ ခြစ်တာဆိုတော့
ရှေးတုန်းကလိုအုတ်တံတိုင်းနံရံတွေပေါ်မှာ သိတ်ပြီး
မညစ်ပတ်တော့။
ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်လူတို့ မြန်မာစာပေ
အတိတ်သမိုင်းတခုကို ရှင်လူဆက်စပ်တွေးမိတာရှိသည်။
နိုင်ငံကျော် ဗန်းမော်ဆရာတော် ။ မင်းတုန်းမင်းလက်
ထက်မြို့မန္တလေးရတနာပုံနေပြည်တော်မှာ ဗန်းမော်
ဆရာတော်ဆိုလျှင် ဘဝရှင်မင်းတြားကြီးကို အအိပ်ပျက် အစားပျက် ဒေါသထွက်လောက်အောင် comment
တွေရေးလေ့ရှိ၏။မင်းတြားကြီးခင်မျာ သည်းမခံနိုင်
သည့်အဆုံး ဗန်းမော်ဆရာတော်ကို ဗန်းမော်သို့ပြန်ပို့ရန်
အမိန့်ထုတ်ရသည်အထိ ဖြစ်ခဲ့ဖူးလေသည်။
ရှင်လူကား Jumper ပြီပြီ စိတ်သွားကိုယ်ပါ
သမို့ ဆရာတော့်ကိုတမ်းတပြီး ခုန်လိုက် မိရကား ဝုန်း
ခနဲ စစ်ကိုင်းမြောက် မင်းကွန်းဘက်ခြမ်းတရုတ်စံကားပင်
ရင်းမြေပြောင်ပြောင်ပေါ်တွင် ကားယားကြီးကျလေ
သည်။ကျောင်းသင်္ခန်းရှေ့တံမြက်လှည်းနေသောဆရာ
တော်က ရှင်လူ့ကိုစောင်းငဲ့ကြည့်ရင်း
`` ဟဲ့ ဘယ်သူများတုန်း´´
``တပည့်တော် ရှင်လူပါဘုရာ့၊ လူရှင်မီဒီယာကပါ´´
`` ကိစ္စက...´´
`` ဆရာတော်နဲ့ အင်တာဗျူးဖို့ လာခဲ့တာပါ၊
သနားသဖြင့်ဗျူးခွင့်ပေးတော်မူပါ ´´
``နို့ နေပါဦး ဒကာက ငါ့ရောသိလို့လား´´
`` သိပါ့ဘုရား ၊ ပဏ္ဏိတဝံသ သိရိပဝရ မဟာဓမ္မ ရာဇာဓိဂုရု တံဆပ်နာမံအပူဇော်ခံရသောဗန်းမော်ဆရာ
တော်ဘုရားကြီးပါဘုရာ့´´
``အင်း ဒကာရှင်လူကစာတော့ဖတ်ထားပုံပဲ၊ ငါက တော်ကြာ ဗန်းမော်တင်အောင်နဲ့မှားမှာစိုးလို့ပါ´´
``ဆရာဗန်မော်တင်အောင်ကိုလည်းတပည့်
တော်သိပါတယ်ဘုရာ့´´
`` အေး အေး ဟိုတလောတုန်းက ဂျာနယ်လစ်
ကလေးတွေ ဒဂုန်တာရာကိုဗိုလ်တာရာနဲ့မှားပြီးအမဲလိုက်
ဝတ္ထုတွေမရေးတော့ ဘူးလားဆိုပြီးဗျူးတဲ့အကြောင်း
ဖတ်မိလို့ရီရသေးတယ် ဟားဟား´´
ရှင်လူက အသံဖမ်းစက်ကို ရယ်ဒီလုပ်
လိုက်ပြီး
``အရှင်ဘုရားကို ဘဝရှင်မင်းတြားကြီးက ဗန်းမော်ပြန်ပို့တဲ့ကိစ္စ အကျဉ်းလေး အရင် သိချင်ပါတယ်
ဘုရာ့´´
``အင်း ဒီကိစ္စက ဒီလို ဒကာရှင်ရဲ့ ၊ငါက
ဘာသာ သာသနာအရေး၊တိုင်းနိုင်ငံအရေးတွေနဲ့
ပတ်သက်ရင် ခြေဥ ၂၀၀၈ ခုနှစ် ၊အခန်း (၈) နိုင်ငံသား၊
နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ
၃၅၄ ( က )မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များ
ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့်
အတိုင်း ...
``အရှင်ဘုရား အဲဒါတွေက တပည့်တော်တို့
ခေတ်မှပေါ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ..ဒေ....´´
``တယ် လေ ဒကာရှင် ... နင်မြင်သလိုငါ
လည်းမြင်သကွယ့်၊ နင်တောင်ငါတို့အတိတ်ကို လာမြင်
နိုင်သေးရင် ငါကနင်တို့ခေတ်ကို ဘာလို့မမြင်နိုင်ရမှာ
တုန်းဟ ´´
``သေသင့်ပါတယ်ဘုရား´´
``နင်လား ငါလား´´
``တပည့်တော်ကိုပြောတာပါဘုရား´´
``စကားကို အကွက်စေ့အောင်ပြောကွယ့်၊
စကားဆိုတာအကွက်မစေ့ရင်ပြဿနာ ဖြစ်တတ်တယ်´´
``တပည့်တော် ငမိုက်သားရှင်လူ မှတ်သား
ထားပါမယ်ဘုရား´´
``ဟားဟား ဒီလိုမှပေါ့ ဒကာရှင်ရဲ့´´
``ဒီလိုကွယ့် တခါတုန်းက ရွှေနန်းတော်ရှေ့
မှာ စာချိုးတခုရေးပြီး ငါပစ်ချထားခဲ့ဖူးတယ်....၊ အဲဒီစာ
က * ပုခန်းမှာလေ၊ လောင်းရှည်မှာ ဓား၊ ခန်းပတ်မှာနား၊
ရေနံတတိုင်ချင်းရယ်နှင့် လင်းပါ့မလား * ဆိုပြီး ´´
``အဓိပ္ပာယ်က ပခန်းမှာလေဆိုတာက ပခန်းမြို့စားဝန်ရှင်တော်မင်းကြီးက လေနာရောဂါသည်ကွယ့်၊ လောင်းရှည်မှာဓားဆိုတာက လောင်းရှည်
မြို့စားဝန်ရှင်တော်မင်းကြီးက ၁၂၂၈ ခုနှစ်မြင်ကွန်းမင်း
အရေးတော်မှာဓားလက်နက်ဒဏ်ရာကြောင့် မသန်မာ
ဘူး၊ ခန်းပတ်မှာနားဆိုတာက ခန်းပတ်မြို့စားဝန်ရှင်
တော်မင်းကြီးမှာ နားလေးနေတဲ့အတွက်ရွှေလွှတ်တော်
ကြီးထဲမှာ ဘယ်လိုဆုံးဖြတ်ဆောင်ရွက်နိုင်မှာလဲ၊ ရေနံ
တတိုင်ချင်းရယ်နှင့်လင်းပါ့မလား ဆိုတာကဝန်ရှင်တော်
မင်းကြီးလေးပါးအနက်ရေနံချောင်းမင်းကြီးတပါးသာ
သန်မာသူဖြစ်တဲ့အတွက် နိုင်ငံတော်တည်းဟူသော
တိုက်ခန်းကြီးမှာရေနံချောင်းမင်းဆိုတဲ့ မီးတိုင်တတိုင်နဲ့
မလင်းနိုင်လို့ဆိုတာပေါ့ကွယ်၊ ဒါ နိုင်ငံ့အရေးမဟုတ်လား၊
ဆိုရေးရှိကဆိုအပ်လှပေါ့၊ ဒီလိုနဲ့ ဘာသာသာသနာအ
ရေး၊နိုင်ငံအရေးတွေမှာ အမြင်မတော်တိုင်း ပစ်စာကဗျာ
တွေရေးလေ့ရှိတော့ ဘဝရှင်မင်းတြားကြီးက ဉေယျဓမ္မာ
ဘိဝံသသိရီပဝရာလင်္ကာရဓမ္မသေနာပတိမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်နာမံ တော်ရှိသောသံဃရာဇာသာသနာ
ပိုင်ဆရာတော်ဘုရားကြီးထံလူလွှတ်လျှောက်ထားပြီးငါ့
ကိုတိုင်သပေါ့ကွယ်၊ဒီတော့ သာသနာပိုင် ဆရာတော်
ဘုရားကြီးကငါ့ကိုပင့်ခေါ်ပြီး စစ်မေးတယ်ဆိုပါတော့၊ ငါ
ကလည်း ပဏ္ဏိမရေး မှန်၏ လို့သာ လျှောက်ထားဖြေ
ကြားခဲ့လေတော့၊ သင်စီကုန်းသောစာမဟုတ်လောမေး
လည်း ပဏ္ဏိမရေးမှန်၏ လို့သုံးကြိမ်သုံးခါပြန်လည်
လျှောက်ထားပြီးငါ့ကျောင်းငါပြန်ခဲ့တယ်၊ ဒီလိုနဲ့ပဉ္စမသင်္ဂါ
ယနာတင်ဘဝရှင်မင်းတြားကြီးက ငါ့ကိုနန်းတော်ပင့်ပြီး
မူးမတ်အစုံအလင်ရှေ့မှာလျှောက်ထားတာက၊ ယခု
ဆရာတော်ဘုရားသည် တပည့်တော်ကို မထေမဲ့မြင်ပြု
သောအားဖြင့်စာများကိုရေးသားပစ်ထားခြင်းမှာမသင့်
လျှော်ပါ၊ဆရာတော်ကဲ့သို့ချည်းပြုလုပ်ကြမည်ဆိုလျှင်
တပည့်တော် ၏အသရေပျက်စီးခြင်း၊တိုင်းသူပြည်သား
တို့၏အရိုအသေနည်းခြင်းဖြစ်ရာသည်။ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံ ခြေဥ အရ၊ အခန်း ( ၈ )နိုင်ငံသား၊နိုင်ငံသား
များ၏မူလအခွင့်အရေးနှင်တာဝန်များ ၃၅၄။ မှာနိုင်ငံသားတိုင်းသည်နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေ
စိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်ပြည်သူ
တို့၏ကိုယ်ကျင့်တရားအကျိုးငှာပြဌာန်းထားသည့်
ဥပဒေများနှင့်မဆန့်ကျင်လျှင်ကိစ္စမရှိပါဘုရား၊ ခုတော့
ဆရာတော်ကိုတပည့်တော်အထူးမလျှောက်ထားလို၊
ဗန်းမော်မြို့သို့သာကြွတော်မူပါတော့လို့ငါ့ကိုလျှောက်ထားပြီးသူ့အဆောင်တော်ထဲကိုစိတ်မျက်ပြီး ဝင်သွားခဲ့တာပဲ
ဒကာရှင်´´
``ဒီနေ့တော့ ဒီလောက်သိ ရတာကျေနပ်ပါပြီ
ဘုရာ့ နောက်များမှ အလျှဉ်းသင့်ခဲ့ရင်တပည့်တော်ကို
ထပ်မံမေးမြန်းလျှောက်ထားဗျူးခွင့်ပေးသနားတော်မူပါ´´
``အိမ်း ကောင်းပြီ ဒကာရှင်ငါကလည်းနင့်ကို
ခုလိုပြောကြားခွင့်ရတဲ့အတွက်........´´
``အရှင်ဘုရား သက်တော်လည်းကြီးရင့်
လှပါပြီ ၊ တီဗွီ အင်တာဗျူးတွေအကြည့်များရင်မျက်စိထိ
ခိုက်နိုင်ပါ....ပါ....´´
``တယ်လေ သူ့ကျတော့ အမေးအမြန်း
ထူသလောက် ငါ့စကားကျ ကပျက် ယပျက်လုပ်ချင်
တဲ့ ဒကာရှင် နဒီပြင်ဧရာကျောမှာ ခွေးသေလိုပေါလော
မျောပြီး၊ သောင်မတင်ကမ်းမဆိုက် ၊ အသင်ငမိုက်သား
နေထိုင်ရာ ဥက္ကလာဇနပုဒ်ကို ဂျိမ်း တုတ်တုတ် မြန်းလေ
ရော့လဟယ်......´´
ဗန်းမော်ဆရာတော့် ကန်ချက်ကား ဘာစီ
လိုနာအသင်းသားမက်ဆီ၏ ကန်ချက်ပမာရှင်လူ့မှာ
အခံခက် ၊ မျောပက်လက်ပြန်ခဲ့ရပါကလား သယ်ရင်း
တို့.......။
ရှင်လူ
နှင်းဆီဖြူဂျာနယ်
မေလ ၁၉ ၊ ၂၀၁၅
story#observation#shinlhu
Sunday, June 7, 2015
~~~~~~~~~~~~~~~~~
တလုံးမှမပါဘူးနော်
~~~~~~~~~
အမှန်တော့ ဒီလိုကိစ္စမျိုးတွေမှာ ရှင်လူ ဝင်ပါလေ့မ ရှိ ။ သိုသော်လည်းပေါ့လေ မထင်မှတ်ဘဲ ဖိတ်စာ
ကရောက်လာခဲ့လေတော့ ၊ ဘယ်သူမပြု မိမိမှုလို့ပဲ ဆိုရ
တော့မှာပေါ့ ။ ကိုယ့်ဘာသာ အေးဆး မနေပဲ ဖေ့ဘွတ်
ပေါ်မှာ မလှမပ ကိုယ့်မျက်နှာကြီးကို Photoshop နဲ့
လှအောင်ပြင်ပြီးတင် ၊ Post ကို ဘာရေးရမှန်းမသိတော့ အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်တာ တခုခု
ရေး ။ ငါတို့ဂြိုလ်ပြာကြီးကိုကယ်တင်ရမယ် ( We save our blue planet )စသဖြင့်တွေခဏ ခဏ လုပ်ခဲ့လေတော့ Friend တွေကလည်းများများ
လာကာ နိုင်ငံတကာက အကူအညီတောင်းခံတဲ့ အီးမေးလ်တွေက ၅ မိနစ်ကို တစောင်လောက် ပုံမှန်
ဝင်နေခဲ့တာ သိပ်ပြီး မဆန်း ။ အဲ ဒါပေမယ့် ဒီဖိတ်စာကအသေအချာဖတ်ကြည့်လိုက်တော့ နည်းနည်းဆန်း
နေပေါ့။ သို့ / သ္ခင်ကိုယ်တော်ရှင်လူ ဆိုပဲ ၊ ကျွန်ုပ်တို့၏
Save The Shawedagone Forum သို့
မပျက်မကွက်တက်ရောက်ပါရန် တဲ့။ နေရာက
``စတုမဟာရာဇ် ဟိုတယ်´´။ ဖိတ်စာ အောက်ခြေမှာ
ရေးထားတာက Historical Member Onlyဆို
တော့ကာ ရှင်လူလည်းစိတ်ဝင်စားစွာနဲ့ သွားတက်ခဲ့ပါတယ် ။ နေအပူရှိန်က ဦးထွန်းလွင်ပြောပြထားလို့ရှင်လူတို့ခေါင်းပေါ်ရောက်နေမှန်းသိရက်နဲ့ ခုလိုထွက်လာခဲ့
တာ မှားပြီလို့တွေးနေဆဲ တက္ကစီက ဟော်တယ်ရှေ့ထိုး
ရပ်လိုက်တော့ အပူတွေချက်ချင်းပျောက်ကွယ်သွားပါ
တယ်။ ခန်းမထဲမှာ ``ပဉ္စသိင်္ခ ခရော့စ်´´အဖွဲ့က
``မြတ်ဘုရား ရွှေတိဂုံ´´ သီချင်းကိုတီးမှုတ်ဖျော်ဖြေနေပြီး
Security လုံခြုံရေးယူထားတဲ့ စတုမဟာရာဇ်နတ်မင်း
ကြီးလေးပါးနဲ့အဖွဲ့က အဝင်အထွက်တွေအားလုံးကို
CCTV နဲ့ရော လူအင်အားနဲ့ပါ အသေအချာစောင့်ကြပ်
စစ်ဆေးနေပါတယ်။ အခမ်းအနားမှူးက ရွှေတိဂုံ
ဘိုးဘိုးကြီးကိုယ်တိုင်တာဝန်ယူထားပြီး မမနှဲနဲ့ဖွဲ့က
ဧည့်သည်များကို နတ်သုဒ္ဓာ ဒန်ပေါက်ပွဲများလိုက်ချပေးနေပါတယ်။ အဲဒီအချိန်မှာပဲ မာတလိ ခပ်သွက်သွက်
ဝင်ရောက်လာပြီး ရွှေတိဂုံဘိုးဘိုးကြီးနားကပ်ကာ လေသံ
တိုးတိုးနဲ့ သိကြားမင်း ပွိုင့်မိနေလို့ နည်းနည်းနောက်ကျမယ့်သတင်းပို့လာပါတယ်။ ခန်းမထဲမှာ အသီးသီး
ကိုယ့်အစုနဲ့ကိုယ် စကားလက်ဆုံကျနေခိုက် ကားပါ
ကင်ဘက်က ပြိုင်ကားတစီးဝူးကနဲစက်သပ်သံကြား
လိုက်ရပြီး တောင်ပြုံး ညီနောင်ဒယီးဒယိုင်ဝင်လာတာကို
ရှေ့ဆုံးစားပွဲမှာထိုင်နေတဲ့ အဘ ဘိုးမင်းခေါင်က လှမ်းပြီး မျက်စောင်းထိုးလိုက်ပါတယ် ။
ဒီလိုနဲ့ မကြာခင်မှာ အခန်းအနားစတယ်ဆိုပါတော့ဗျာ ။ စစခြင်းပဲ ဆူးလေဘိုးဘိုးကြီးက `` ဆူးလေ
သဖွယ် မျက်နှာငယ် ´´စာတမ်းကိုအချက်အလက်တွေ
စုံစုံလင်လင်နဲ့ဖတ်ကြားတင်သွင်းသွားပါတယ်။အဆောက်အဦးကြီးတွေက ဘုးရားထက်မြင့်လာတာရယ်၊
လူနေထူထပ်လာတာ ကြောင့် ဘုရားဝန်းကျင် Land pollution ဖြစ်လာပြီး မကြာခင်မှာ ဆူးလေကိုအမှီပြု
နေထိုင်ကြရသော နတ်တွေရော စေတီတော်ပါ လယ်တီသိမ်လို Landmark ပျောက်မယ့် အန္တရာယ်နဲ့
ရင်ဆိုင်နေရကြာင်း ၊ ဒီလိုကိစ္စမျိုးကိုသာဓက ယူပြီး ရွှေတိဂုံစေတီတော်ကြီးအတွက် ထည့်သွင်းစဉ်းစားဖို့ပြောပြီးနိဂုံးချုပ်သွားပါတယ်။ တက်ရောက်လာသူတွေထဲက ဓမ္မစေတီမင်းနဲ့ ရှင်စောပုတို့ကတော့ ဘုရားဒါယကာများပြီပြီ မျက်နှာမကောင်းကြပါ။
စဥ့်ကူးမင်းကတော့ ဒီအတိုင်းဆို သူ့ခေါင်းလောင်းကြီး
ကို ဆက်မထားနိုင်ကြောင်း အဆိုပြုသွားပါတယ်။
ဗိုလ်တထောင်ဘိုးဘိုးကြီးနဲ့ ရွှေဘုန်းပွင့်ဘိုးဘိုးကြီးကတော့ အင်း..လောကဓံတရားပဲလေ ဆိုတဲ့ အမူအရာမျိုး
နဲ့ထိုင်နေခိုက်မှာ ၊ ပုဂံ နတ်လှောင်ကျောင်း ကိုယ်စားလှယ်နတ်တပါးက ဒါဟာ စတုမဟာရာဇ်လုံခြုံရေး
အင်အားနည်းလို့ဖြစ်ရတာဖြစ်ကြောင်း ဒါကြောင့် မိမိတို့
အကျဉ်းခံနတ်များ နတ်/ကျဉ်းများကို ပြန်လွှတ်ပေး
သင့်ကြောင်းပြောအပြီး ခန်းမအဝင်ပေါက်နားက
ရုတ်ရုတ်သည်းသည်းဖြစ်သံကြောင့် ရှင်လူလှည့်ကြည့်
လိုက်တော့ ကိုယ်တော်ကြီးကိုယ်တော်လေးတို့က
``ဒီကောင်တွေကို လက်တွေ့ ပညာပေးမှရမယ်´´ဆိုပြီး
မူးမူးနဲ့ ငှက်ကြီးတောင် တရမ်းရမ်းလုပ်နေတာကြောင့်အိမ်တွင်း
မင်းမဟာဂီရိ ကိုယ်တော်ကြီးက ဆယ်ပေါင်တူကြီးနဲ့ကိုင်
ပြီးဟန့်လိုက်မှပြန်ငြိမ်ကျသွားပါတယ်။ ကိုယ်တော် ညီနောင်တွေငြိမ်လို့
မှမကြာသေးဘူး ဦးမင်းကျော်က ``ဒီကိစ္စ မင်းညီနောင်မှန်တယ်´´မီးလောင်ရာလေပင့်ဆက်လုပ်နေတာနဲ့
ရှင်လူလည်း အခြေအနေမကောင်းမှန်းရိပ်စားမိပြီး
Toilet သွားသလိုလို ဘာလိုလိုနဲ့ Forum ခန်းမထဲမှ
လစ်ထွက်ခဲ့ပါကြောင်း ။
ရှင်လူ ( သ္ခင်ကိုယ်တော် ရှင်လူ)
ဇွန်လ ၅ ရက် ၊၂၀၁၅
နှင်းဆီဖြူဂျာနယ်
story#observation#shinlhu
Notepad location :Wai Za Yan Tar Road, Yangon, Republic of the Union of Myanmar
Monday, May 18, 2015
က ။
ပင်လယ်က ပြာချင်ပြာမည် ၊ ဝါချင်ဝါမည်၊ အရေး
မကြီး ၊ ပင်လယ်ကပင်လယ်ပဲဖြစ်သည်။ သူသတိပြန်
ရလာချိန် သူ့ခေါင်းထဲအရင်ဆုံးရောက်လာသည်က
ပင်လယ်ပဲဖြစ်သည် ။ သင်္ဘောတစီးလုံး မုန်တိုင်းထဲမှာ
တစစီကွဲပျက်နစ်မြုပ်အပြီး အချိန်မည်မျှကြာသွားပြီကို
သူလုံးဝမမှတ်မိတော့။ အချိန်မမှတ်မိတော့ဘာဖြစ် သလဲ ၊ ဘာမှမဖြစ် ။ ပထမဦးဆုံးအချိန်ဆိုတာမလို
အပ်မှန်းသူတွေးမိသွားသည်။ အချိန်သိလို့လည်းဘာ
အသုံးဝင်မှာလဲ ။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီး
ထဲမှာ ကျောင်းချိန်မီဖို့၊ ရုံးချိန်မီဖို့ ၊ ကားထွက်ချိန် ရထား
ထွက်ချိန်မီဖို့ စသည်စသည် အချိန်နှင့်ဆွေမျိုးစပ်စရာ
ကိစ္စဟူသမျှဘာမှမရှိ ။ သင်္ဘောမပျက်ခင်တုန်း
ကတော့အချိန်ရှိခဲ့ပါသေးသည်။ဘယ်နေ့ ဘယ်ရက်
ဘယ်နာရီ ဘယ်ဆိပ်ကမ်းကိုဆိုက်ကပ်မည် ဆိုသော direction ရှိခဲ့သည်ကိုး ။ ခုသင်္ဘောပျက်ပျဉ်ပြားချပ်
ကြီးတခုအပေါ် မှောက်လျက်သားမျောပါနေသောလူ
တယောက်အဖို့ direction အားလုံးပျောက်ဆုံးနေခဲ့
လေပြီ။ သူ့အနေဖြင့်ဆက်သွယ်နိုင်သူတစုံတဦး
(စကားပြောဖော်)သာရှိနေပါက `` ဟေ့အချိန်ဆိုတာ
ကြီးက အလကားဟာကြီးကွ ၊ direction ဆိုတဲ့ဦး
တည်ချက်မရှိတာနဲ့သူလည်းမရှိတော့ဘူး၊ ခု မင်းအချိန်
ကိုရှာတွေ့သေးလား´´လို့ဦးဆောင်ဆွေးနွေးလိုက်ရ
လျှင်စိတ်အားထက်သန်သောဆွေးနွေးပွဲတခုဖြစ်လာ
နိုင်စရာရှိသည် ။ သူက အဲဒီလို စအပြောမှာ တဖက်လူ
ကလည်း ခပ်ထူထူမဟုတ်လျှင် ``ဟာဗျာ နေတွေ
လတွေ နေ့တွေ ညတွေရှိနေတာပဲ ။ နေ့အချိန်
ညအချိန်ဆိုတာ ရှိနေဦးမှာပေါ့ဗျ ´´ဟုပြန်လှန်စောဒက
တက်လာပါက သူ့ အတွေးအခေါ်အပေါ်သူကိုယ်တိုင်
သံသယဖြစ်စပြုလာနိုင်သည် ။ သို့သော် ဘယ်ရမလဲ
ဒီလောက်နဲ့တော့အလျော့ပေးလို့မဖြစ် ``ဟ သယ်
ရင်းရ အဲဒါကတော့ realativityပဲကွ ၊နှိုင်းရသဘော ကြီးပဲ ၊ နေတွေ လတွေမရှိဘူးဆိုပါတော့ကွာ´´ ``ဟာ ရှိနေတာကို မရှိဘူးလုပ်လို့ရမလားဗျ ´´
အယ် မနောဝိဥာဉ် ။ ပင်လယ်ထဲကပျဉ်ပြားပေါ်မှာ
တယောက်တည်းမှောက်လျက်သားမျောနေတာတောင်
စိတ်ကအဖေါ်ခေါ်ပြီးငြင်းခုံနေသေး ။ အင်း ငြင်းချင်ခုံချင်
ရင်တောင်မှ တဦးနှင့်တဦး ယုံကြည်ချက် သို့မဟုတ်
ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်သို့မဟုတ် လားရာ
direction ချင်းမတူမှငြင်းခုံလို့ရကြတာပဲ။ တူနေမှ
တော့ဘာဆင်ခြေပေးနေစရာလိုမလဲနော် ....
ခ။
လေကငြိမ်သက်နေသော်လည်း နေက
တဖြည်းဖြည်းပိုပူလာသည်။ ဒီနေရာမှာ အာခေါင်တွေ
ခြောက်ကပ်ကွဲအက်လာတာ ၊ ရေဓါတ်ခန်းခြောက်ပြီး
သူ၏အရေခွံများရှုံ့တွပျော့တွဲလာတာ ၊ ကြွက်တက်
ချင်သလို ဖြစ်လာတာ စသဖြင့် စာဖတ်သူကကြိုက်
သလိုသာပုံဖေါ်ပြီး ဖြည့်စွက်တွေးကြည့်ပေတော့။
လူတိုင်းလူတိုင်းဘယ်သူမဆို စာပေ ၊ ရုပ်ရှင် ၊ ပုံပြင်
အတွေ့အကြုံတွေ အများကြီးရှိပြီးသားပဲ။
အဲဒီအချိန်မှာပဲ ( ဟာ လာပြန်ပြီ ဒီအချိန် ၊ ထားလိုက်ပါတော့)ဟိုးမိုးကုပ်အစွန်းပင်လယ်
အခုံး ထိပ်မှာ အမည်းစက်ကလေးတစက်ပေါ်လာ ပြီး
အဲဒီအမည်းစက်ကလေးဟာ ပထမ နှမ်းစေ့လောက်
နောက် မန်ကျည်းစေ့လောက် ၊ နောက်တဖြည်းဖြည်း
ဆီးစေ့လောက် ။ ဒါက ပျဉ်ပြားပေါ်မှောက်လျက်မျော
လာတဲ့သူ အနေနဲ့ လုံးဝသိတာမဟုတ်ဘူး ၊ သူ့အနေ
နဲ့ ဒါလောက် သတိဝီရိယ တွေရှိမနေတော့ဘူးလေ၊
အားအင်တွေက ကုန်ခန်းသလောက်ဖြစ်နေတာ။ဒါကို
စာရေးသူက ကြားဝင်ပြောပြနေရတာ။ အဲဒီတော့
စာဖတ်သူကလည်း ကူညီပြီးဝိုင်းတွေးပေးပါဦး ။ အမည်း
စက်ကတဖြည်းဖြည်း ကြီးကြီးလာတာ အုန်းသီးလောက်
ဆန်ကောလောက် ။ ကဲ ခင်ဗျားတို့ တွေ့ပြီမဟုတ်လား၊
အဲဒါ ဘာကြီးလဲ။ ထုံးစံအတိုင်း ပင်လယ်ကူးသင်္ဘော
တစီးပေါ့ဗျာ ၊ ဟုတ်ပြီလား ။
သင်္ဘောကြီးက တဖြည်းဖြည်း သူနှင့် နီးလာသည် ။ သူနှင့် အတန်သင့်လှမ်းသောနေရာမှာ
အင်ဂျင်စက်ရှိန်ကို လျော့ချလိုက်ပြီး ဆယ့်ငါးမိနစ်
လောက်အကြာမှာ သင်္ဘောပေါ်မှရာဘာလှေတစင်း
သူရှိရာသို့ချဉ်းကပ်လာခဲ့သည်။ ရာဘာလှေက သူ့ကို
ခဏတာမျှလှည့်ပတ်အကဲခတ်နေပြီး လှေပေါ်ကစကား
သံအချို့ထွက်ပေါ်လာသည်။``အသက်တော့ရှိသေးပုံ
ရတယ် ၊ ဒါပေမယ့်သေမှာပါပဲ ၊သူ့ကိုသင်္ဘောပျက်
ကတည်းကတခါထဲသေသွားပြီထင်ခဲ့တာ ၊ ခုလိုမျိုးပြန်
တွေ့ရမယ်မထင်ခဲ့ဘူး ၊ အင်းလေ ဘာဘဲဖြစ်ဖြစ်
မိတ်ဆွေဟောင်းတွေပဲ တခုခုတော့လုပ်ပေးရမှာပေါ့´´
သတိရ တချက် မရ တချက်ကြားမှ အိပ်မက်
လိုလို တကယ်လိုလို သူ့နားထဲမှာအလွန်ရင်းနှီးသော
မိတ်ဆွေတယောက်၏ အသံကိုကြားလိုက်ရသလိုလို။
ပျဉ်ပြားနှင့်သူ့ရင်ခွင်ကြားမှာခပ်မာမာအရာတခုခုကို
ထိုးသွင်းလိုက်ပုံရသည်။ ရာဘာလှေကသူနှင့်ဝေးရာ
သင်္ဘောဘက်ဆီသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူကတဖြည်းဖြည်းချင်းသတိကပ်ဖို့ကြိုးစားရင်းအားယူ
ကာ ရင်ခွင်ထဲမှအရာဝတ္ထုကိုစူးစမ်းလိုက်မိသည်။
တစစနှင့် ပုလင်းတခုဆိုတာသိလာခဲ့သည် ။ပြာဝေနေသောမျက်စိဖြင့်အတန်ကြာအားစိုက်ကြည့်
လိုက်သောအခါ ဝီစကီပုလင်းမှန်းသိသာလာသည်။
ဘာပဲဖြစ်ဖြစ်လေ ခုချိန် ဟောဒီပင်လယ်ကြီးထဲမှာ
သူစွမ်းဆောင်နိုင်မည့်အရာက ဒီတခုပဲရှိတော့သည်။
ဝီစကီကိုသောက်လိုက်ရုံမှတပါး အခြားမရှိ။ ပုလင်းအဖုံး
ကိုလှည့်ဖွင့်ဖို့ပင် အတန်ကြိုးစားခဲ့ရသည် ။ ပထမဆုံး
ဝီစကီတငုံသည် ငရဲမီးကိုငုံလိုက်ရသလားထင်မိသည်။
လျာနှင့်လည်ချောင်းများကွဲအက်နေသဖြင့်ရေဓါတ်
ခန်းခြောက်နေသည့်တိုင်မျက်ရည်များကပေါက်ပေါက်
ကျလာသည်။ သို့ပေမယ့် ဒုတိယနှင့် တတိယအငုံများ
မှာတစစ အဆင်ပြေစပြုလာပြီး သူ့ အသိဥာဏ်များပြန်
လည်နိုးကြားစပြုလာသည်။
ဂ။
ဝီစကီအရှိန်လေးနှင့် မှိန်းနေတုန်း သူ့ပျဉ်
ချပ်ဘေးမှာရေလှိုင်းများဘောင်ဘင်ခတ်သွားသဖြင့်
လှည့်ကြည့်လိုက်တော့ဖေါင်တခုခု သူ့အနားကပ်လာ
တာမြင်လိုက်ရသည်။ ဟုတ်မှဟုတ်ရဲ့လား၊ သူ့အမြင်
တွေမှောက်မှားနေတာလားလို့ တွေးနေဆဲ တဖက်ဖေါင်
ပေါ်ကနှုတ်ခွန်းဆက်သံ တခု ပီပီပြင်ပြင်ကြီးကြားလိုက်ရ
သည်။
``ဟိုင်း ဂွတ် မောနင်း´´
``မောနင်း ´´ ထိုသူ ကိုအလိုက်သင့်ပြန်လှန်နှုတ်ခွန်းဆက်လိုက်ရင်း
အသေအချာ လေ့လာအကဲခတ်နေမိသည်။
အလွန်ရင်းနှီးနေခဲ့ဖူးတဲ့မျက်နှာတခုအဖြစ်မှတ်မိလိုက်
ပြီး မှတ်ဥာဏ်ကိုဖြစ်ညှစ်ပြီးတွေးကြည့်လိုက်သော
အခါ အရမ်းကြီး အံ့သြ သွားမိလေသည်။
``တွမ်ဟင့် Tom Hanks ,ခင်ဗျား
တွမ်ဟင့် အစစ်ပဲ´´
``ဟုတ်ပ ဗျာ ၊ ဒီနေရာမျိုးမှာ Tom Hanks ဖြစ်ဖြစ် Chuck Noland ဖြစ်ဖြစ် အရေး
မကြီးပါဘူး ´´
``အေးဗျာ ခင်ဗျား Cast Away ရြေမျော
ကမ်းတင်] ထဲမှာသရုပ်ဆောင်တာ ကျုပ်သိတ်သဘောကျတာပဲ ´´
``ဒီ ပင်လယ်ကြီးထဲ လာပြီးဘာသာပြန်မနေစမ်းပါနဲ့ဗျာ ´´
``အဲဒီ ဇာတ်ကားထဲမှာ ခင်ဗျားစီးလာတဲ့ လေယာဉ်ပျက်ကျပြီး ကျွန်းတခုပေါ်မှာအကြာကြီးသောင်တင်နေ ၊ နောက်တော့ဖောင်တခုဖွဲ့ ပြီးပင်လယ်ထဲထွက်တော့ ပင်လယ်ကူးသင်္ဘောတစီးကကယ်၊
အိမ်ပြန်ရောက်တော့ မိန်းမကနောက်အိမ်ထောင်နဲ့
ကလေးတောင်ရနေပြီ ။ ဒီတော့ ခင်ဗျား ကားမောင်း
ထွက်လာပြီး လမ်းဆုံလမ်းခွအရောက်မှာဘယ်ဘက်ကို
ကွေ့ရမှန်းမသိ ဖြစ်နေတာ´´
``ဘယ်သူမဆို ဒီလိုပဲ ဖြစ်မှာပဲလေ၊ ကိုယ့်ကိုသေစားရင်းသွင်း ပြီးတာနဲ့ မိသားစုဆိုတဲ့ ဇာတ်ညွှန်း
က ပြောင်းသွားရော၊ ကျုပ်က ကျုပ်မိသားစုထဲမှာ အပြင်လူဖြစ်သွားပြီ ၊ တစိမ်းတယောက်က ကျုပ်မိန်းမရဲ့ယောက်ျားဖြစ်လို့ ၊ ဟားဟား ဘယ်လောက်ရီစရာကောင်းလဲ ၊ ကိုယ့်အိမ်ကိုယ်ပြန်လာတာတောင် ဂြိုလ်သား
တကောင် ကမ္ဘာပေါ် ဆင်းလာရသလို...´´
တွမ် က သူ့စကားကိုရှေ့မဆက်တော့ဘဲ
ရပ်လိုက်သည်။
``အေးဗျာ ၊ ဒါနဲ့ ခင်ဗျား က ဘယ့်နှယ် အခု ပင်လယ်ထဲပြန်ရောက်လာတာလဲ´´
``အင်း တကယ်တော့ ချစ်သူ ခင်သူ
မရှိတဲ့ကုန်းမြေဆိုတာ ပင်လယ်နဲ့ အတူတူပဲဗျ ၊ ဆွစ်
လူမျိုး စာရေးဆရာ ဟာမင်းဟက်စ Hermann
Hesse .....´´
``ဟာ ခဏလေးနေပါဦးဗျ ၊ ဟာမင်းဟက်စ က ဂျာမန်စာရေးဆရာပါဗျ ´´
``ဟုတ်ပါတယ် ခင်ဗျားဘာလူမျိုးလဲဗျ
အတော်ပေါက်ပေါက်ရှာရှာအငြင်းသန်တာပဲ ၊ ဆွစ်အမျိုးသားဖြစ်ပြီး 1877 ကဂျာမဏီနိုင်ငံမှာ မွေးပြီး1962 ကွယ်လွန်ချိန်ထိဂျာမန်စာရေးဆရာအဖြစ်ကမ္ဘာကျော်ခဲ့တာဗျ ၊ စာပေနိုဘယ်ဆုပါရခဲ့တာ ၊ထားပါတော့လေ ၊ *ခြေဦးတည့်ရာ*ထဲမှာ ဟာမင်းဟက်စ ရေးခဲ့တာက*လမ်းတိုင်းဟာ ငါ့အိမ်ရှိရာသို့ဦးတည်*
ဆိုသလို ပုံသေသတ်မှတ်ထားတဲ့နေရာကိုစွန့်လွှတ်လိုက်ရင် အရှေ့အနာက် တောင် မြောက် ၊ ခင်ဗျားဘယ်
ကိုသွားသွား ဘယ်မှာအိပ်အိပ် အဲဒီနေရာဟာ ခင်ဗျားအိမ်ပဲပေါ့ ´´
တွမ်ဟင့် စကားများကြောင့် သူ့အတွေး
များပင် ကုန်းမြေပေါ်သို့ ပြန်ရောက်သွား၏။ သူ့မှာလည်း
ခင်မင်တွယ်တာစရာ မိသားစုရယ်လို့ တယောက်တလေမျှရှိသည်မဟုတ်။ ဒါဆို ပင်လယ်ဖြစ်စေ ကုန်းမြေဖြစ်စေ အထီးကျန်မှု ကအတူတူပဲ ပေါ့။
``အေးဗျာ ခုလို ပင်လယ်ကြီးထဲမှာ
ခင်ဗျားနဲ့စကားပြောရတာကောင်းလိုက်တာ ၊ကဲ ကြုံ
တုန်းဝီစကီတငုံလောက် ဧည့်ဝတ်ပြုပါရစေ ..ရော့
မော့လိုက်ပါဦး´´
တွမ်ဟင့် ကဝီစကီပုလင်းကို တအံ
တသြလှမ်းယူလိုက်ရင်း
``တယ်ဟုတ်ပါလား ဝီစကီတွေဘာတွေ
နဲ့´´
``အေးဗျာ မိတ်ဆွေတယောက် ကျေးဇူး
ုပြုသွားတာ´´
တွမ်ဟင့်က ဝီစကီကိုငုံရင်း ပင်လယ်
အခုံးထိပ်ဖက်သို့ လှမ်းမျှော်ကြည့်လိုက်ကာ
``ရော့ ရော့ ခင်ဗျားပုလင်း ၊ ကျေးဇူးပဲ
ကျုပ်တော့လစ်တော့မယ် ဟိုးအရှေ့ဖက်က စပိဘုတ်
တစီးလာနေတယ် ၊ဆိုမာလီ ပင်လယ်ဓားပြတွေလား
မသိဘူး ၊အချောင်သေနေဦးမယ်´´
တွမ်ဟင့်က ဝီစကီပုလင်းကို သူ့ထံ
ကမန်းကတမ်း ပြန်ပေးလိုက်ပြီး ဖောင်တိုင်ပေါ်က အဖြူညစ်ညစ်ရွက်စုတ်ကြီးကိုလွှင့်တင်လိုက်ကာ အလိုက်သင့်တိုက်ခတ်လာသောလေနှင့်အတူ အနောက်ဖက်ဆီသို့ထွက်ခွာသွားခဲ့ပြီ။ တွမ်ဟင့်ထွက်သွားပြီးမကြာ
မီမှာပင်မော်တော်စက်သံကတဖြည်းဖြည်းနီးကပ်လာနေသည်။သဲသဲကွဲကွဲမြင်ရလောက်အောင်ရောက်လာခိုက်လှမ်းကြည့်လိုက်တော့မော်တော်ပေါ်မှာစက်
သေနတ်ကြီးတလက်ကိုအသေအချာတပ်ဆင်ထားတာတွေ့ရသည်။သေချာပါပြီ၊ ဆိုမာလီပင်လယ်ဓားပြတွေပါပဲ။
``ငါ့ကိုအကြောင်းမဲ့တော့ အန္တရာယ်မပြုနိုင်၊ ဟောဒီအရက်ပုလင်းမြင်ရင်တော့ လူကိုပစ်သတ်ပြီးပုလင်းကိုယူသွားနိုင်တယ် ၊ဓားပြဆိုတာက
ပစ္စည်းရှိသူကိုသာ အန္တရာယ်ပေးတတ်တာပဲ´´
ရုတ်တရက်ပေါ်လာသောအတွေးကြောင့် အရက်ပုလင်းကိုရင်ဘတ်အောက်ဖိဝှက်ရင်း
အသာလေးသေချင်ယောင်ဆောင်နေလိုက်သည်။
အတော် ကံကောင်းသွားပါသည်။ သူ့ကိုတပတ်နှစ်ပတ် ပတ်ကြည့်လိုက်ပြီး အချင်းချင်းကွိကွိကွကွပြောကာစပိဘုတ်ကိုဝူးကနဲမောင်းထွက်သွားကြ
သည် ။ သူ့မှာအသက်အောင့်ထားခဲ့ရသဖြင့်သေမတတ်ခံစားနေရသည်။ ထို့နောက်မှာအရက်ရှိန်ကြောင့်လား အားနည်းလို့လားမသိ သူသတိတဖန်မေ့မျောသွားခဲ့ပြန်သည်။
အဆုံးပိုင်း။
နံနက်ခင်းပဲဖြစ်မည်ထင်သည် ၊ သူသတိပြန်ရလာတော့ပင်လယ်ပြင်ကငြိမ်သက်နေပြီး နေမပူသေးသဖြင့် သက်တောင့်သက်သာရှိနေသည်။ ထိုအခိုက် ဘယ်ကပျံလာမှန်းမသိရသောငှက်တကောင်
ပျဉ်ပြားစွန်းမှာလာနားသည် ။ လှမ်းဆွဲပြီးသတ်စားလိုက်ရင်ကောင်းမလားတွေးလိုက်မိသေးသည်။ဟင့်အင်း
ဒီလိုလုပ်လို့မဖြစ်သေး၊ဒါ ကမ်းရှာငှက်များဖြစ်နေမလား
ပဲ။ကမ်းရှာငှက်တွေ့ရင် ကမ်းခြေနဲ့နီးနေပြီ ။ ချစ်သူ
ခင်သူမရှိတဲ့ကုန်းမြေဆိုတာ ပင်လယ်နဲ့အတူတူပဲဗျ ဆို
သော တွမ်ဟင့်စကားကို ပြန်လည်ကြားယောင်မိနေသည်။ သူ့စိတ်ကူးထဲမှာ ဆိပ်ကမ်းဆိုတာရောရှိပါ
သေးရဲ့လား။ အတန်ကြာအောင် သူတွေဝေနေမိသေး
သည်။ စိတ်ကူးဆိပ်ကမ်းမှာ ငါ့သူငယ်ချင်းတွေ မိတ်ဆွေ
တွေ ရှိနေသေးတာပဲ၊မိတ်ဆွေဆိုတာ ဘယ်လောက်မကောင်းဘူးပြောပြော ငါ့ကိုသက်တောင့်သက်သာ
အသက်ထွက်နိုင်အောင် အရက်တပုလင်းတော့တိုက်သွားဦးမှာ ၊ပင်လယ်ဓားပြလိုမဟုတ်ဘူး ။
ကမ်းရှာငှက်က ရုတ်ချည်းထပျံသွားခဲ့သည်။သူပျံသန်းရာဘက်ကိုလှမ်းကြည့်လိုက်တော့ ဟိုးအဝေး ခပ်မှိုင်းမှိုင်းကောင်းကင်နောက်ခံအောက်မှာ ဆိပ်ကမ်းရေးရေး...က...
{စိတ်ကူးဆိပ်ကမ်း အဖွဲ့သားများသို့ အမှတ်တရ}
ညိုမြသွေး
မိုးလုံးမှိုင်း
စာပေအနုပညာ( ၂ )
မေလ၊ ၂၀၁၅
story#observtion#shinlhu
Tuesday, May 12, 2015
~~~~~~~~~~~~~~~~~~~~
ရီစရာမကောင်းတဲ့ ဟာသပြက်လုံးတွေကို
လိုက်ရီပေးရုံ
ဒါမှမဟုတ် အမြီးအမောက်မတဲ့၊
လက်တွေ့နဲ့မိုင်ပေါင်းကုဋေ ဝေးနေ တဲ့ မိန့်ခွန်းများ
ဟောကြားချက်များ
ဒေသနာများကို လက်ခုပ်တီးပေးရုံ
သာဓုနာနာ ခေါ်ပေးရုံ
ဟန်ဆောင် မျက်နှာဖုံး အမျိုးမျိုးပြောင်းတပ်ပြီး
ဇာတ်ကွက်အလိုက် ဝင်ကပေးလိုက်ရုံ မျှနဲ့
အသက်မွေးမှုလွယ်ကူတဲ့ ဟောဒီရွာမှာ
မိတ်ဆွေများ ၊ ရဲဘော်များခင်ဗျာ
ခင်ဗျားတို့ လွယ်သလောက်
အားလုံးခက်နေတဲ့ ဒုက္ခ
လူဆိုရင် လူလိုသိကြ ဖို့
သတိပေးနှိုးဆော်လိုက်ပါကြောင်း။
ပုံ - ရှင်လူ ( ဥက္ကဋ္ဌ )
ဘာညာ ဘာညာ အစည်းအရုံး
Poem#Observation#ShinLhu
Sunday, May 10, 2015
~~~~~~~~~~
ခုတလော အချို့ ဒေသမြို့ကြီးတွေမှာ နေ့အပူချိန် က
၄၅ံ စင်တီဂရိတ်ထိ ဖြစ်နိုင်ဆိုပဲ၊ မန္တလေးမှာ ၄၃ံ စင်တီဂရိတ်ထိ မြင့်တက်နေသတဲ့။ ရာသီဥတုက
ပူရတဲ့အထဲ ဖတ်ရတဲ့သတင်းတွေကလည်း အပူတွေချည်း။ နီပေါ မြေငလျင်ကလည်းစိတ်မချမ်းမြေ့
ဖွယ်။ အင်တာနက်ထဲတက်လာတဲ့ မြန်မာနိုင်ငံက
လောက်ကိုင် အရေးကလည်း စိတ်မအေးဖွယ်။
ရှင်လူလည်း ရင်ပူပူနဲ့ ဒီနွေကိုအန်တုရင်း သီးစုံ
ဓာတ်ဆားသောက်တဲ့ခါသောက် ၊ဘီယာဘူးလေးများ
ဖောက်တဲ့ခါဖောက် အလျဉ်းသင့်သလိုနေထိုင်ရင်း
လုပ်နေကျ အလုပ်တွေလည်းပုံမှန်မလုပ်နိုင်၊ ဒီတလော
ဘတ်ဂျက်အတော်ထိခိုက်နေပေါ့။ နီးစပ်ရာ အယ်ဒီတာ
မိတ်ဆွေများတောင်းထားတဲ့စာမူလေးများလည်းရေးလို့
မရ။ စာမူတပုဒ်ကို တခြား ဘာအလုပ်မှမလုပ်ပဲ ငယ်ငယ်ကငါးမျှားသလို စိတ်ရှညှ်ရှည်ထိုင်စောင့်ရေး
မယ်ကြံလိုက်တော့လည်း အတွေးတွေက တောင်ရောက်
မြောက်ရောက် ။ ရှင်လူကလည်း စာရေးတယ်ဆိုပေမယ့်
Pot Boiler လိုမျိုး စာပေနဲ့ အသက်မွေးသူမဟုတ်၊
ရှင်လူ့ဖေ့ဘွတ် ပရိုဖိုင်း မှာ Small Arms Repair
Home Base Business တဲ့။ အသေးစားအိမ်
တွင်းအပိုပစ္စည်းလုပ်ငန်းလို့ပြန်ရမယ်ထင်ရဲ့။ ပန်းထိမ်
သုံး လက်နက်ကိရိယာ အပိုပစ္စည်းလုပ်ငန်း။ ကိုယ်ပဲ
အလုပ်ရှင် ကိုယ်ပဲ အလုပ်သမားဆိုတော့ ဒီနေ့ ကိုယ့်အလုပ်ကိုယ် သပိတ်မှောက်ပြီးသရော်စာတပုဒ်ရေး
မယ်၊ ဘာဖြစ်သေးလဲ။
အမှန်တော့ ရှင်လူကဗျာစရေးတာ ၁၉၆၉ခု၊
၁၆နှစ်သားကပေါ့။ ကျောင်းက ကြက်ခြေနီ အသင်းထဲ
ဝင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ လူမှုရေးသတင်းစဉ် စာ
စောင်လေးတွေဖတ် ကဗျာရေးချင်တဲ့ပိုးဝင်လာတာ
ကြောင့် ကဗျာတွေစမ်းရေး။ပြီးတော့ ကြက်ခြေနီသတင်း
စဉ်ကိုစာတိုက်ကနေပို့။ ဟော နောက် တပတ်လောက်
နေတော့ ရှင်လူ့ ကျောင်းလိပ်စာနဲ့ စာတိုက်ကနေပြီး
ကြက်ခြေနီသတင်းစဉ်ရောက်လာတယ်။ အဲဒီတုန်းက
ကလောင်နာမည်က အောင်မြင့်စိုး (အ.လ.က)
ဇေယျဝတီ။ စာစဉ်ကိုဖွင့်ပြီး ကဗျာကဏ္ဏကိုကြည့်လိုက်
တော့ ၊ ခု ခေါင်းစဉ်မမှတ်မိ တော့တဲ့ ကဗျာလေးကိုတွေ့
လိုက်ရတယ်
အသည်းကစေတနာ
ခန္ဓာက လူမှုထမ်း
ကြက်ခြေနီဆိုတဲ့ပန်း
လန်းလန်း ဆန်းဆန်း
စိတ်နာမ်နဲ့ ခန္ဓာ
လိုက်လျောစွာ ဆောင်ရွက်
လူသားတွေကောင်းကျိုးကို
သည်ပိုးချီတက်
ခရီးဆက်ရှေ့သို့ချီ
ညီညာသည့်အောင်ပွဲ
မေတ္တာ ဂရုဏာဖြင့်
ကမ္ဘာမြေ သာစေကြောင်းကို
ပေါင်းစုဆင်နွှဲ ။ ။
တကယ်တော့ အဲဒီအချိန်တုန်းက ရှင်လူတို့
၁၆ နှစ်ရွယ် ၊ငယ်ငယ်ချောချော ..အဟဲ ။ပွဲလမ်းသဘင်ရှိ
တဲ့အခါများမှာ ကြက်ခြေနီလက်ပတ်လေးနဲ့ ဆေးပုံးက
လေးကိုင်ပြီး တွေ့တဲ့လူကို ရှူဆေး ဂွမ်းဖတ်လေးများ
ပေးပြီး နှာလိုက်နှပ်နေတဲ့ လူငယ်လေးပေါ့။ မှတ်ချက်။ ။ အဲဒီ အချိန်က ကြက်ခြေနီ သူနာပြု
တံဆိပ်ပါရင်ခုလို သေနတ်နဲ့ပစ်ဖို့ ၊ကန်ကြောက်
ဖျက်ဆီးဖို့နေနေသာသာ ဘယ်သူကမှ စိတ်နဲ့တောင်
မပြစ်မှားကြ ၊ ဟီ ဟိ ကောင်မလေးတွေကဆိုရင်
ချိုချင်တွေ၊ရေခဲချောင်းတွေ ပါးစပ်ထဲထိ ခွန့်မကြွေးရုံ
တမည်။ ခုနေခါ ပြန်သုံးသပ်ရရင် အဲဒီတုန်းက ရှင်လူ့
စွမ်းဆောင်မှုတွေကအခွင့်ကောင်း မကြုံခဲ့လို့သာ ၊ နို့မို့
ဟင်နရီ ဒူးနှံ့ ဘွဲ့တွေဘာတွေ ရသွားနိုင်ရဲ့။
ဒီလိုနဲ့ စာစောင်တွေ မဂ္ဂဇင်းတွေ ဟိုလှန်ဒီလှန်
လှန်တတ်လာတော့ တချို့ ကလောင်နာမည် လှလှ
လေးတွေ တွေ့ လာတယ် ။ ရွှေဖြူး လွင်သစ္စာတို့
ကေတုလင်းနိုင်တို့ တောင်ငူ လူမော်တို့ မကျည်းတန်
လွိုင်ကော်တို့ မောင်ယဉ်ဋ္ဌေး ဇေယျဝတီတို့ ရွှေဖြူး
မောင်ယဉ်မျိုးတို့ စသဖြင့်ပေါ့လေ။ အဲဒီတော့ မိမိ ကိုယ်တိုင် ဇေယျဝတီ မင်းလွင်စိုး ဆိုတဲ့ နံမည်လေးကို
ရွေးမိတယ် ၊အဲဒီကလောင်နံမည်လေးနဲ့ ကဗျာ တို့ ဝတ္တု
တိုတို့ ဆက်ရေးပေါ့ ။ ဒါပေယ့် ရှင်လူ့မှာ အကောင်းလား
မကောင်းလား မသိရတဲ့ အကျင့်တခုရှိတယ် ။ ငယ်စဉ်
လက်သွေးတုန်းက စာတွေ ကဗျာတွေ အများကြီး
ရေးခဲ့ပေမယ့် နောက်ပိုင်း စာရေးပျင်းလာတယ်။ နဝတ/နအဖ ခေတ်ဆိုပိုဆိုးလာတာပေါ့ ။ ကိုယ်ရေးတဲစာကို
မဂ္ဂဇင်းအယ်ဒီတာကရွေးပါပြီတဲ့၊ စာပေစီစစ်ရေးဆို
တာကြီးက စီစစ် ဖြတ်တောက် ၊ပိတ်ဆို့ ဖြဲ ကပ် လုပ်ချင်လုပ်သေးတယ်။ အဲဒီတော့ အယ်ဒီတာတို့ ထုတ်ဝေသူတို့ကလည်း သူတို့ အလုပ် အဆင်ပြေရေး
၊စီးပွားရေးကိစ္စဆိုတော့ ဘေးကင်းရန်ကင်းစာများကို
ဦးစားပေးလာကြရပေါ့။တချို့ သတ္တိကောင်းတဲ့ အယ်ဒီတာ ပတ်ဘလစ်ရှာများကျတော့လည်း အခန့်မသင့်ရင် အခြေပျက်ကြရပေါ့ ။ ဒီတော့ ရှင်လူလည်း စာသိတ်မရေးဖြစ်တော့ ။စာရေးပါတယ်ဆိုမှ
ကိုယ်ရေးချင်တာရေးမှာပေါ့ ၊ သူတို့ကြိုက်တာ သူတို့အလိုကျ လိုက်လုပ်ရမယ့်အတူတော့ ဦးရှင်ကြီးပဲ
အငှားလိုက်တင်တော့မပေါ့။ ဒီလိုနဲ့ ရေးချင်ရေး မရေးချင်နေနဲ့ နေလာလိုက်တာ တခါတခါ ကလောင်နာ
မည်အမျိုးမျိုး ပြောင်းချင်ပြောင်းလိုက်တာပဲ။ ဆရာ
သော်တာဆွေတို့ ရွှေတည်ရန်နောင်တို့ကိုင်တဲ့ သောင်း
ပြောင်းထွေလာ ရယ်စရာထဲမှာ ``ရိုးရိုးလေးပဲ တွေးပါ
သည်´´ ဆိုတဲ့ သရော်စာ တပုဒ် ၊ဖိုးဝေလ နာမည်နဲ့
ရေးမိပါတယ် စာအုပ်နဲ့ စာမူခသွားထုတ်တော့ ဆရာသော်တာဆွေက `` ကောင်းတယ် တခြားမဂ္ဂဇင်းတွေကိုပို့ပါ ´´ တဲ့ ။သူ့ မဂ္ဂဇင်းမှာတော့
နောက်ထပ်ထည့်မပေးတော့။ ဒီလိုနဲ့ မိတ်ဆွေဖြစ်သူ
အောင်လင်းလက် (ဥက္ကလာ)ထုတ်တဲ့ ပန်းဝတ်ရည်
ကလေးဂျာနယ်အတွက် ကဗျာတောင်းတော့ ဖိုးဝေလ
နာမည်နဲ့ပဲ ``သဘာဝ´´ဆိုတဲ့ ကဗျာတပုဒ် ရေးပေးခဲ့
တယ်။
ချောင်းရိုးစပ်က ရွှံနန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ် ပုံမှန် လုပ်ဆောင်ရ
အဲဒါသဘာဝ။ ။
အဲဒီနောက် ကလေးကဗျာဈာန်ဝင်သွားပြီး
ကလေးကဗျာတပုဒ်ထပ်ရေးတော့ ထည့်ပေးမယ့်စာ
စောင်မရှိတော့၊ တချို့မိတ်ဆွေတွေကိုရွတ်ပြတော့
လည်း မသိကျိုးကျွန်ပြုနေကြတယ်။ဒါနဲ့ ယဉ်ကျေး
လိမ္မာတို့ ဓမ္မစကူးလ်တို့လုပ်နေတဲ့ မိတ်ဆွေတွေကိုပေး
တော့လည်း မသိချင်ယောင်ဆောင်ပြီး စကားလွှဲသွား
ကြတယ်။ ကဗျာလေးက
လက်ဦးဆရာ
~~~~~~
ခွေးမကြီးက ဝုတ်ဝုတ်ဟောင်
ခွေးလေးဝုတ်ဝုတ်ဟောင်
ကြောင်မကြီးကညောင်ညောင်အော်
ကြောင်လေး ညောင်ညောင်အော်
ဝက်မကြီးက အွစ် အွစ် အွစ်
ဝက်လေး အွစ် အွစ် အွစ်
-----------------
-----------------
အဖေ အမေ လုပ်သမျှ
သားသမီးတွေကလိုက်လုပ်ကြ
ပုဗ္ဗာစရိယ မိနှင့်ဖ ။ ။
ဒီလိုနဲ့ ရှင်လူတို့လည်း သက္ကရာဇ်တွေကို အမြည်း
လုပ် ရင်း အဝိဇ္ဇာသစ်ရိပ်အောက်က ဝိဇ္ဇာနေခြည်ပြောက်
ကို ပလိုင်းပေါက်နဲ့ လိုက်ကောက်ရင်းဆိုတဲ့ နွေလယ်
နေရဲ့ ``ကျမ်းကိုး´´ကဗျာထဲကလို ၁၉၉၀ ပါတီစုံရွေး
ကောက်ပွဲ ကြီးနားကိုကပ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ
ရှင်လူ့အိမ်ကို ဗကသ က ရွှေဘုန်းလူ (နောင် တာရာ မင်းဝေ )ရောက်လာခဲ့ပါတယ်။ သူလည်း ၈၈၈၈ ကာလ
တလျောက်လုံး ဟိုတိမ်းဒီရှောင်နဲ့ရှင်လူ့အိမ်မှာအနေများ
ခဲ့လေတော့ တနေ့မှာ
``အကို ကျနော် အိုးဝေ လုပ်နေတယ် ၊ အက်ဆေးလေး
ဘာလေးလုပ်ပါ´´ဆိုတော့ ``ညီမျှခြင်းနဲ့ ကြက်ခြေခတ်´´
ဆိုတဲ့ တိုနှံ့ နှံ့ အက်ဆေးတပုဒ်ရေးဖြစ်ပါတယ်။ ရေးပြီး
ကလောင်နာမည်တပ်မယ်ကြံတော့ ဇေယျဝတီ မင်း
လွင်စိုးဆိုရင် ချက်ချင်းသိသွားမယ်၊ကလောင်နာမည်
ပြောင်းမှဆိုပြီး ``အိုးဝေ´´ဆိုတော့ အိုးဝေဦးညိုမြကို
ချက်ချင်းမြင်ရောင်မိပါတယ် ။ဒါနဲ့ပဲ ညိုမြသွေးဆိုတဲ့
ကလောင်နာမည်ကိုရွေးပြီး အက်ဆေးမှာ ဆိုင်းထိုးပေး
လိုက်ပါတယ်။ နောက် ရွှေဘုန်းလူကပဲ ဗကသ က
``မီးဒုတ်´´ သတင်းစာအတွက်တောင်းပြန်တော့
``အကြမ်းဖက်သမားများ´´ ကိုရေးပြီး ညိုမြသွေးပဲ
တပ်ခဲ့ပါတယ် ၊ နောက် ၉၀ ခု ရွေးကောက်ပွဲနီးလာချိန်
မှာ ရွှေဘုန်းလူကစာမူတောင်းပြန်တော့ရွေးကောက်ပွဲကိုချိန်ပြီး`ကြော်ငြာများ´´ကိုရေးပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကြော်ငြာများပါမလာတော့ပဲ ရွေးကောက်ပွဲ
မတိုင်ခင် ရွှေဘုန်းလူပါသွားပါတော့တယ်။
ရွေးကောက်ပွဲ ရက်ကပ်လာတော့ ကြားလူက
တဆင့်ဆက်သွယ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်
လောင်း သ္ခင်ဦးစိုးမြင့် (ထိုစဉ်ကNLD ရဲ့ဗဟိုကော်မီ
တီဝင် ၊နောင် ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်း
ဥက္ကဌ ) အတွက် မဲ ရုံကိုယ်စားလှယ်လုပ်ပေးဖို့
ကမ်းလှမ်းလာပါတယ်၊ သူတို့ NLD အဖွဲ့ဝင်တွေ
အများကြီးပဲ ရှိတာပဲဆိုပြီး ငြင်းလိုက်ပါတယ် ၊ ဒါပေမယ့်
ကြားလူက အကြိမ်ကြိမ်လာတိုက်တွန်းနေလေတော့
အင်း လေ တရက်တလေ လုပ်ပေးရတာပဲ လို့တွေးပြီး
လမ်းထိပ်လက်ဘက်ရည်ဆိုင်မှာသ္ခင်စိုးမြင့်နဲ့တွေ့ပြီး
တာဝန်ကိုလက္ခံ လိုက်ပါတယ် ။ အဲသလို အားနာနာ
နဲ့ လက္ခံလိုက်တဲ့ နိုင်ငံရေး တာဝန်ဟာ ၁၉၉၀ ရွေး
ကောက်ပွဲရလာဒ် အနှစ်၂၀ တိတိ အကောင်အထည်
မပေါ်တာကြောင့် တောင်ဥက္ကလာ ပမြို့နယ်မဲဆန္ဒနယ် အမှတ်(- )ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သ္ခင်
စိုးမြင့်ကို သူကွယ်လွန်ချိန် ၂၀၁၀ မေလ အထိ အကူအညီပေးခဲ့ပါတယ် ။အဲဒီအတောအတွင်း
တနေ့မနက် စောစော လမ်းအတူလျှောက်ရင်း သ္ခင်
ဦးစိုးမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေကိုအားပေးတဲ့
စာမျိုး၂ ပုဒ်လောက်ရေးပေးဖို့ ပြောပါတယ်။ မက်ဆေ့ ၂၊NLD သတင်းလွှာ ၂ မှာထည့်မယ်ပြောပါတယ်။ရှင်လူ
နောက်နေ့မှာ သူ့လက်ထဲစာမူ ၂ ပုဒ်အပ်ခဲ့ပါတယ်။
``သဲတစ်ပွင့် ရေတစ်စက် တောင်တန်းနှင့် ပင်လယ်
သမုဒ္ဒရာများအကြောင်း ´´ နဲ့ နောက်တပုဒ်က ခေါင်းစဉ်
မမှတ်မိတော့ပါ ။မက်ဆေ့ ၂ ထွက်လာတော့ ``သဲတစ်
ပွင့် ရေတစ်စက် တောင်တန်းနဲ့ ပင်လယ် သမုဒ္ဒရာများ
အကြောင်း ´´ ပါလာပါတယ်။ သတင်းစာနာရေးကြော်
ငြာလောက်တောင်မရှည်တဲ့ အက်ဆေးတိုလေးပါ။
နောက်တပုဒ်ကတော့ God Father ရုပ်ရှင်ဝင်ကြည့်
ရင်း ဂေါ့ဖားသားက စ္စလီကျွန်းမှာ ပုသ်ရဟန်းမင်းကြီးကို
လုပ်ကြံဖို့ တိုင်ပင်ခိုက် နိုင်ငံရေးနဲ့ ရာဇဝတ်မှုဟာအတူတူ
ပဲလို့ပြောလိုက်တာကိုရှင်လူကသဘောမကျ၊ ဒီကြားထဲ
ရုပ်ရှင်ပြီးလို့ ရုံပြင်ထွက်မယ်ကြံတော့ရုံထဲလူချောင်လို့ဖိ
နပ်ချွတ်ပြီး ရှေ့ခုံပေါ်ခြေတင်ကြည့်ခဲ့တာ ရှင်လူ့ကြိုးကြာ
ပိန်းတန်းဖိနပ်အသစ်လေး အခိုးခံလိုက်ရတယ်။နေပူပူ ပလက်ဖောင်းပူပူပေါ် ဖိနပ်မပါပဲ ရှင်လူ့နှုတ်က ပြော
လိုက်မိတာက `` ဒွန်ကော်လီယွန်(God Father)
ရေ ၊ ခင်ဗျားပြောသလိုဆိုရင် ဟောဒီ ဖိနပ်ခိုးတဲ့လူက
လည်း နိုင်ငံရေးလုပ်တာပါလို့ ပြောမှာပေါ့ဗျာ ´´ ဆိုပြီးအဆုံးသတ်ထားတယ်။ အဲဒါ သ္ခင်ဦးစိုးမြင့်က
`` စာမူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရွေး
တာ၊ စာမူတပုဒ်ကတော့ စာရေးဆရာ ဒုက္ခရောက်သွား
မယ်ဆိုပြီး မစုကမသုံးတာ´´တဲ့။ အမှန်တော့ ရှင်လူ့စာ
ပေဘဝမှာ တကယ့် အတော်ဆုံး အယ်ဒီတာတွေနဲ့ချည်း
တွေ့ခဲ့ရပေါ့။ဟိုတလောက နှင်းဆီဖြူ ဂျာနယ် တာဝန်ခံ
အယ်ဒီတာ နှင်းခါးမိုးတယောက် ``ရှင်လူနဲ့ ဂေါက်
ကြောင်ရာဇဝင်´´ ကို ``ရာဇဝင်ထဲက ဂေါက်ကြောင်
များ´´လို့ ပြင်လိုက်တယ်။တချို့စာမူထဲမှာလည်း အရေး
ကြီးတဲ့ အပိုဒ်တွေ ကျန်ခဲ့ရဲ့။သူ့မှာ အယ်ဒီတာလိုင်စင်
ရှိတယ်လေ ။လုပ်ပေါ့ ။ဟော တနေ့က မိုးလုံးမှိုင်း
စီစဉ်တဲ့ ညီတော် လင်္ကျာဝင်းခေါ် အသော အထေ့
ဆရာ မောင်မှန် က ``အကိုကြီး ရှေ့ အပတ် စာအုပ်
ထွက်တော့မယ်၊ အကိုကြီး ကလောင်နာမည် ထပ်နေမှာ
စိုးလို့ ညိုမြသွေးကို ဖျက်ပြီး ကျနော် ရှင်လူလို့ ပြောင်း
လိုက်တယ် ´´ တဲ့ ၊ အိုစကေ ကိစ္စမရှိ ။ အဲ နောက်ဆက်
တွဲက ``အဲဒါ ဒီဇိုင်နာက ကိုတလုံး ထပ်ထည့်လိုက်လို့
ကိုရှင်လူဖြစ်သွားတယ်´´တဲ့ ။ တော်ပါသေးရဲ့ မရှင်လူ
မဖြစ်လို့။ အောင်ဒင်တို့ တာရာမင်းဝေတို့ဖခင်ကြီး
ဦးကျော်ရှိန် ၊စာရေးဆရာ မြေလပ် ဖိုးအောင်ပြောတာ
သွားပြီး အမှတ်ရမိတယ်။ `` ငါ့ ကွာ မြဝတီမဂ္ဂဇင်းကိုစာ
မူပို့လိုက်တာ ၊ အယ်ဒီတာက ငါ့ကလောင်နာမည်
မြေလပ်ဖိုးအောင် မှာ မြေလပ်ဆိုတာ သတ်ပုံမှားနေတ ယ်၊ မြေလတ်မှအမှန်´´ဆိုပြီး ပြင်လိုက်တယ်၊ အဲဒါ ငါက
``ကျုပ်က မြေယာမရှိတဲ့ကောင် ၊မြေလပ်နေတဲ့ကောင်မို့
မြေလပ်လုပ်ထားတာလို့ မနည်းပြောယူရတယ်´´တဲ့။
ရှင်လူ့ အယ်ဒီတာနဲ့ ဒီဇိုင်နာတွေကတော့ ဒီလောက်
မညံ့ကြပါဘူး ဖောက်ထွက်တွေးနိုင်ကြပါတယ်။ရှင်လူ
ကိုယ်တိုင်က သေမင်းမျက်စိလည်အောင် နာမည်တွေ
အမျိုးမျိုး နဲ့ပုံဖျက်ထားတာ။ နောက်ပြီး ရှင်လူ့ ညီနောင်
ကဗျာဆရာ စေတ တို့ ပြောသလိုဆိုရင် ဒါ Collaboration Art ပေါ့ ၊ အနုပညာတခုကို လူအများပူးပေါင်းပါဝင်ကြတာ။ အတ္တဗဟိုချက်လည်း
ပျောက်သွားတာပေါ့ ၊စာမူတခုကိုစာရေးဆရာရယ်
အယ်ဒီတာရယ် ဒီဇိုင်နာရယ် သန့်ရှင်းရေးသမားရယ်
ကွန်ပျူတာစာစီသမားရယ် ရေသန့်ပို့တဲ့သူရယ် အား
လုံးဝိုင်းပြီးဝင်ရေးကြ။ ရှင်လူကတော့ ဖြစ်နိုင်ရင် သူတို့
အားလုံး ကြိုက်သလိုရေး ကြိုက်ရာ ကလောင်နာမည်
တပ်ပြီး ရှင်လူ့ကိုစာမူခပဲပေး ။အားလုံး ကဗျာဆရာ၊
စာရေးဆရာဖြစ်စေရမယ်။ဘာတဲ့ ကွန်ဆက်ချူရယ်လစ်
ဆို ပိုတောင်ခေတ်မီသေး ..ဟားဟား ။
ရှင်လူ
story#observation#shilhu
Saturday, May 9, 2015
အိမ်မရှိသူတွေလိုက်ခဲ့ကြ. ~~~~~~ ~~~
ရှင်လူ့ နှာမှုတ်သံကြီးက စပိန်နွားရိုင်းသတ်ပွဲ
မှ ဒေါပွနေသော နွားကြီးတကောင်လို တ ရှူးရှူးမြည်လျက်။ အမရိကားပြန်ဘော်ဒါကြီးပြောလိုက် သမျှ စကားလုံးတိုင်းက နွားရိုင်းကိုပမာမခန့်လုပ်ပြနေသော အနီရောင်အဝတ်စနှယ်။
``ဒီဆိုင်ကအစားအစာတွေက ညစ်ပတ်တယ်ဗျ၊ မစားချင်ဘူး´´ ဆိုပဲ။
``တောက် ရာဇဝင်ရိုင်းလိုက်လေ´´
အမရိကားပြန်ရှင်လူရဲ့သူငယ်ချင်းက ရှင်လူနေ့စဉ်စားတော်ခေါ်နေကျ Road side ရက်စတောရင့်တွေကိုညစ်ပတ်တယ်ပြောတော့ ရှင်လူမခံနိုင်။သင်းတို့က Euroတွေ USD တွေကို Master Card တွေ Visa Card တွေတချပ်ချပ်နှင့် ကြယ် ၁၅ ပွင့်အဆင့်
ရှယ်လတန်ဟော်တယ်ကြီးတွေမှာ ကြက်ဆင်သား ဖင်ဆီ ဘူးဟင်းတွေ သစ်ကုလားအုတ်နို့တွေနှင့်စည်းစိမ်ခံခဲ့လေတော့ပြောရက်မှာပေါ့လေ။ရှင်လူက တမျိုးတည်းတောင် အရွယ် မညီသည့်တထောင်တန် ၊ငါးရာတန်၊ နှစ်ရာတန် စတဲ့
မြန်မာကျပ်ငွေများကိုစိတ်ရှုပ်ခံ ရေတွက် ရင်း ဖုန်းပွတ်သလိုပွတ်သပ်လျက် ချောင်အကျဆုံး ပေါချောင် ရက်စတောရင့်များမှာ မျိုဆို့နေရတာကိုမှအားမနာ လျှာမကျိုး
ပြောရက်လိုက်တာ ။ အခု ရှင်လူတို့ Road side ဆိုင်တွေကိုလည်း အဆင့်အတန်းမြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ ဘာတွေ လုပ်နေပါပြီ ။ရှေးအတီတေ သမိုင်းကြောင်းအရ ယဉ်ကျေးမှု အဆင့်အတန်းထောင်ချီနေသော ဒူးတင်ပေါင်တင်ရပ်ဝန်းမှာတော့ ဒါပထမဆုံး
အကြိမ်ကြားဖူးရတာပါပဲ။ ပြောချင်လို့ပြောနေတာတော့မဟုတ်ပါဘူး ၊ အဲဒီ အမရိကန်ကြက်ဆင်ကြီးတို့လို စူပါပြန်တွေကို မခံချင်လွန်းလို့ပါ။တကယ်တော့ ရှင်လူ့အဖို့ သတင်းစာတွေထဲပါတဲ့ အလုပ်ရုံဆွေးနွေးပွဲဆို ရွံတောင်ရွံမိပါတယ်၊
အလုပ်ရုံကိုဘာသာပြန်လိုက်ရင် Work shop ဆိုတော့ စက်ဆီမဲမဲတွေ ရေမြောင်းထဲစီးကျနေတဲ့နေရာကိုမြင်ယောင်မိပါတယ်။ ဆေးလိပ်ခုံဆွေးနွေးပွဲဆိုတော်သေး။ ထားပါတော့လေ ၊ အဲလိုတိုးတက်ပြီးအဆင့်
မြင့်လာတော့မယ့်ဟာကို ။တခုပဲပြောစရာရှိတယ် ဟို လမ်းမတန်းကဆိုင်တွေလို အဆင့်မြင့်ပြီးဈေးပါမြင့်ကုန်မှ ဒုက္ခ။ ခုရှင်လူတို့စားနေတဲ့ဆိုင်က ကန်စွန်းပလိန်း
တပွဲ သုံးရာ နဲ့ရတယ်၊အပြင်တန်းမှာက တထောင့်ငါးရာ၊
ဘယ်လောက်ကွာသလဲ ။ သက်သာ တာလည်းမပြောနဲ့၊
ကန်စွန်းရွက်က လမ်းဘေးမြောင်းစပ်က လတ်လတ်ဆတ်ဆတ်ခူးထားတာ။ငါးကျော်တပွဲ သုံးရာ ၊ အဲဒီမြောင်းထဲက လတ်လတ်ဆတ်ဆတ် ဖမ်းထားတာ။ ပြောစရာဆိုလို့ အဲဒီမြောင်းက ဆေးဆိုးပန်းရိုက် ၊ဝပ်ရှော့၊ပန်းတိမ် စတဲ့ လုပ်ငန်းစုံက ထွက်လာတဲ့ အက်ဆစ်၊ကော့စတစ်၊ပြဒါး ၊စက်ဆီ ၊ဆိုးဆေးအပြင် ကြွက်သေ၊အမှိုက် ချေးသေးတွေကအဆစ်ပါသေး။ ဒါလည်း အသေချာတွေးကြည့်တော့ မဆိုးလှ၊တနေ့တခြားတိုးတက်နေသော လူနေမှုစားရိပ်တွေကလွတ်မြောက်ဖို့က ရေမနီးကျေးရွာတွင်သွားပြီးအနားယူဖို့သာ။ ငွေမည်း၊ငွေဝါ၊ငွေပြာတွေက လျှော် ဖွတ် မီးပူတိုက် လောင်ဒရီလုပ်လွန်းတော့ ရှင်လူတို့ငွေဖြူ ခမျာ မယားပါသားပမာ မျက်နှာငယ်ရပြီ ။ ဒီငွေမည်းလောင်ဒရီကိစ္စလည်း မကြာခင်ဝပ်ရှော့ရောက်မှာတော့မှန်ပါရဲ့။ ဒါပမယ့်ခုလောလောဆည်က ငွေဖြူသမားတွေအတွက်ဒုက္ခသည်စခန်းဆောက်ပေးဖို့လိုအပ်နေတာပါ ကုလသမဂ္ဂရေ။ လက်ရှိအိမ်ခန်း၊ ၁၉၈၃ ခု အစဦးနေစဉ်တုန်းက အိမ်လခ ငါးရာသာပေးခဲ့ရသော ရှင်လူတယောက် ခု၂၀၁၅ မှာ အိမ်ခန်းလစာ ခြောက်သောင်း ဆိုတော့ ၊ ဟဲ ဟဲ အဆင့်မြင့်လိုက်ပုံများ ရှေ့ဆက်မြင့်ဖို့တောင် ခက်ရချည့်။ သတင်းစာထဲမှာတော့ဖတ်ရပါ၏။ အားလုံးအောင်မြင်ချမ်းသာတိုးတက်ဖို့ ငြိမ်းချမ်းရေးကအဓိက
တဲ့။ ငြိမ်းချမ်းရေးရအောင်လုပ်မည်၊အားလုံးပါလာရမည်၊
မပါလာတဲ့ကောင် ချမည်တဲ့။ ခက်နေတာက ငြိမ်းချမ်းရေးကလည်း စောလူးမင်းတို့ ငရမန်ကန်းတို့မတိုင်ခင်ကတည်းက တခါမှရတယ်မရှိ။ ရှင်လူကတော့ ဘယ်သူဘာပြောပြော ရေဇလာနဒီလှိုင်းဖွေးကြားမှာ ဝေသာလီဗျိုင်းလေးနားတာ ရှာလို့တွေ့ချင်တွေ့နိုင်လိမ့်မယ်၊ ယုန်ကောင်ငုံပြီး ယုံရုပ်ရေးပြသော်လည်း ...
အယ် ဘယ်တွေရောက်ကုန်ပါလိမ့်။ ဒီအတိုင်းကတော့
သတင်းစာထဲပါတဲ့သတင်းတပုဒ်ကို အသုံးချရုံသာရှိတော့မည်။ စပိန်နိုင်ငံ မဲဒရစ်လေဆိပ်မှာ အိုးမဲ့အိမ်မဲ့
တွေနေလို့ရသတဲ့။ အန္တရာယ်မပြုလျှင် အာဏာပိုင်တွေ
ကနေခွင့်ပေးသတဲ့။ သန့်စင်ခန်းအခမဲ့ဆိုတော့ ရေမီတာ၊မီးမီတာအတွက်လည်းမပူရ။ အလုပ်အကိုင်ကတော့စပိန်
နွားရိုင်းသတ်ပွဲ မှာ ဝင်စွန့်စားလိုက်ရုံပဲ ၊ဒီမှာက အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံး၊
ရွှေဝါရောင် စသည်ဖြင့် ကိုယ့်စားရိပ်ကိုယ်စားပြီး စွန့်စားခဲ့တာ မသေရုံတမယ်၊ စပွန်စာပေးမယ့်သူလည်းမရှိ။
မဲဒရစ်သွားဖို့ လေယာဉ်ခအတွက်ကတော့
သိတ်ခက်စရာမရှိ ။ အသိဝါးဆိုင်ကဝါး အကြွေးငှါး၊
အသံချဲ့စက်အကြွေးငှါး ၊ အလှူခံမဏ္ဏပ်ထိုး ၊ ခေါင်းစည်း
စာလုံးက *စပိန်နိုင်ငံ မဲဒရစ် အတွက် *လို့ရေး။ ဘယ်သူမှ
မော့ကြည့် စူးစမ်းမှာမဟုတ်ဘူး။ အင်မတန်ရက်ရောတတ်တဲ့လူတွေ ။သူတို့ကို မိုက်တလုံးနဲ့ ``အခုလိုလှူဒါန်းရတဲ့အတွက် ဇောတိက ၊ဇဋိလ၊
ကာကွဏ္ဍ ၊မေဏ္ဍက သူဋ္ဌေးကြီးလေးဦး ကဲ့သို့ ရွှေအိုးကြီးတွေမြှုပ်နှံနေလိုက်ကြတာ မြေလွတ်တောင်
မကျန်တော့ဘူးခင်ဗျ၊ မွစာကိုကျဲလို့ ၊သာဓု သာဓု
သာဓု´´။ အဲသလိုအော်ပေးလိုက်ရင် သူတို့လည်း
နောက်ဘဝကောင်းနိုး သောမနဿ မျှော်လင့်ချက်တွေနဲ့
အားတက်ရှာမှာပါ။
``ဘာတွေ တကုပ်ကုပ် ထိုင်ရေးနေလဲဗျ´´
ရှင်လူ ဈာန်ဝင်နေတုန်း အမရိကားပြန်ဘော်ဒါကြီး
ရုတ်တရက် ဝင်လာသဖြင့် သူ့ကိုမော့ကြည့် အညောင်းဆန့်ရင်း ``သြော် နှင်းဆီဖြူဂျာနယ်အတွက် သရော်စာလေးရေးနေတာပါ ၊ ပြီးပါပြီ´´
`` လာဗျာ အပြင်ထွက်ပြီးတခုခု သွားစားရအောင်´´
ဒီတခါတော့ သူ့ကိုစိတ်မဆိုးနိုင်တော့၊စပိန်နိုင်ငံ မဲဒရစ်လေဆိပ်သွားဖို့က ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်သောက်တတ်ဖို့လိုသည်။သူ့ဆီကလည်း နည်းနည်းတော့ အလှူခံရဦးမည်။
ရှင်လူ
၂၀၁၅ ၊မတ်လ၂၇ ၊
နှင်းဆီဖြူဂျာနယ်
Tuesday, April 28, 2015
တန်ဖိုး
~~~
ဦးဝင်းတင် ကွယ်လွန်သွားတာ
ကြယ်တလုံးကြွေကျသွားတာမဟုတ်ဘူး၊
ကြယ်တလုံးကြွေရုံနဲ့ ကမ္ဘာတခု မှောင်မသွားဘူး၊
ခုဟာက မုသာဝါဒ မိုးမှောင်ကျနေတဲ့ ငါတို့နိုင်ငံထဲမှာ
အရေးပါတဲ့ ဂျင်နရေတာကြီးတခု ရပ်သွားတာ...
ညိုမြသွေး
Poem#Observation#ShinLhu
Monday, April 27, 2015
ပိတောက်ပြက္ခဒိန် ၊၂၀၁၅ ဧပြီလ ၂၇ ရက်
~~~~~~~~~~~~~~~~~~~
ပိတောက်ပင်ကြီးက မေးတယ်
မင်း နောက်ထပ် ဘယ်နှစ်ကြိမ် ပွင့်ဦးမှာလဲ ..တဲ့
သူ့ကို ပြန်ဖြေလိုက်တယ်
ငါလည်း သိပ်မသေချာဘူးကွာလို့ ..
ညိုမြသွေး
Poem#Ovservation#ShinLhu
Monday, April 13, 2015
လွမ်းတတ်သူမဖတ်ရ
~~~~~~~~~~
ငှက်ကလေးရေ မင်းက တကောင်တည်းလား
ငါလည်း တကောင်တည်းပဲကွဲ့
ဟောဒီ ကောင်းကင်ကြီး ဟာ
အလွမ်းတွေနဲ့ဖောက်လုပ် ထားတဲ့ အဝေးပြေး
လမ်းမကြီး တခုဆိုရင်
မင်းနဲ့ငါဟာ လွမ်းဖော်လွမ်းဖက် ခရီးသည် နှစ်ဦးပေါ့ကွယ်။
ညိုမြသွေး
Poem#Observation#Shin Lhu
Thursday, April 9, 2015
နွေအလွမ်း
~~~~~
မီးလန့်သံချောင်း ခေါက်တဲ့ခါ
ရတတ်သမျှ ပစ္စည်းတွေ အညာစောင်နဲ့ထုတ်ပြီး
ပြေးဖို့ အသင့်ဖြစ်နေတတ်တဲ့ ငါ့ရဲ့ဇနီးသည် ၊
သူ့အညာစောင်ကလေးနဲ့ သူ့ကိုယ်ကိုပတ်ပြီး
ထွက်ခွာသွားခဲ့တာ...
ခုဆို..၆ နှစ်ကျော်ကြာခဲ့ပြီ။ ။
ညိုမြသွေး
poem#observtion#shinlhu
Sunday, March 29, 2015
ရှင်လူနဲ့ ဂေါက်ကြောင်ရာဇဝင်
~~~~~~~~~~~~~~
ရှင်လူနေထိုင်ရာ ငါတကောရပ်ကွက်ထဲမှာ ဂေါက်ကြောင်တွေက ပေါပါဘိ။ ရှင်လူဒီလိုပြောလို့ ဘာလဲဟ
ဘာဂေါက်ကြောင်လဲ ဟု ကွက်ရှင် ထုတ်သူကထုတ်လာနိုင်သဖြင့် ရှင်းပါအံ့။ ဘယ်သူမှမမေးလည်း ပြောဖို့က ပလန် ရှိပြီးသားပါ။ ဟဲ ဟဲ..။ ဒီလိုပါ ငါတကောရပ်ကွက်ဆိုတာမျိုးက ဒီနိုင်ငံအတွင်း ဘယ်ဒေသမျိုးမှာမဆို ရှိနေ တွေ့နေကျ ရပ်ကွက်မျိုးပါ။ဖုတ်ထူ ခြင်ပေါ ၊ကလေးပေါ ခွေးပေါ ၊ဖသောဖဿ မဆင်ခြင်
၊ကိုယ်ထင်ရာကိုယ်စိုင်း ၊ crime မသိ၊ law မရှိ၊ကလေးကအစ ခွေးကအစ အဘ အဆုံး ၊ဘွားအေကြီးအဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ကိုယ့်ဖာသာ
စိတ်ကြိုက်ရေးဆွဲပြီး ပမာမခန့်နေထိုင်ကြတဲ့ ဒူးတင်ပေါင်တင်တိုင်းဒေသကြီး ထင်ရာစိုင်းမြို့နယ်အတွင်း ပါဝင်နေတဲ့ ငါတကောရပ်ကွက်လေးပါ။ နေရာအခင်းအကျင်းကို နိဒါန်းပျိုးနေရတာက ဒီလိုနေရာမျိုးမှာ ဒီလို အပင်
နဲ့ ဒီလိုသက်ရှိမျိုးသာရှင်သန်နိုင်ကြောင်းသိစေချင်လို့ပါ။
အဲ ..အဲဒီရပ်ကွက်ထဲမှာရှိကြတဲ့ ဂေါက်ကြောင်ဆိုတာက
ဥပမာ ဒီလူက တချိန်(မဆလ)ခေတ်တုန်းက ရပ်ကွက် သမဝါယမအသင်းတခုမှာ ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတယ်၊ ခုလောလောဆည်တော့ သူက Trishaw master ဆိုက္ကားသမား၊ဒီလူက ဆိုက္ကားတော့နင်းတယ် ဒါပေမယ့်သတင်းစာတစောင်ကိုအမြဲ ချိုင်းကြားညှပ်ထားတယ်။
အားရင် အရိပ်ကောင်းကောင်းအောက်မှာထိုင်ရင်း ဒီသမဝါယမဆိုင်ကြီးရှိတုန်းက သူကဥက္ကဋ္ဌအဖြစ် ဘယ်လိုတွေဆောင်ရွက်ခဲ့တာ၊ အဲဒီအချိန်က ဘယ်သူဘယ်ဝါက အတွင်းရေးမှူး ဘာညာစသဖြင့်တော်ကီပစ်လေ့
ရှိပြီး သူ့ရဲ့ အရည်အချင်းဟာ လက်ရှိဘဝနဲ့ မထိုက်တန်သလိုမျက်နှာပေးကြီးနဲ့ သော့ခတ်ထားတဲ့ သမဆိုင်ဘက်ကိုလွမ်းလွမ်းဆွေးဆွေးငေးမျှော်နေတတ်ပါတယ်။နောက်တယောက်ကတော့ စစ်ပြန်ကြီးတယောက်ပါ သူကတော့
သနားစရာလည်းကောင်းပါတယ်၊ရှေ့တန်းမှာငှက်ဖျားအပြင်းအထန်မိပြီး တပ်ကထွက်လာရတာဆိုတော့သူ့ရဲ့ အနှစ်၂၀ ကျော် တပ်မတော်သားအကျင့်ကို
အရပ်သားအကျင့်နဲ့ ပြန်အစားထိုးမရတော့တာပါ ။တပေါင်းလရဲ့  တရှိန်းရှိန်းတောက်နေတဲ့ နေအပူရှိန်အောက်မှာ ပျောက်ကျားယူနီဖောင်း အပြည့်အစုံ ၊ရင်ထိုးတံဆိပ်အပြည့်အစုံနဲ့ တောဆောင်းဦးထုပ်ကြီးဆောင်းကာ လမ်းသလားလေ့ရှိပါတယ်၊လက်ဖက်ရည်ဆိုင်တွေမှာ နားထောင်သူ တယောက်လောက်ရှိရင်တော့သူရဲ့တိုက်ပွဲ အတွေ့အကြုံတွေကို ပြောပြလေ့ရှိပါတယ်။ နောက်တယောက်ကတော့ တချိန်က နာမည် အလတ်တန်းလောက်ရှိခဲ့တဲ့ ဇာတ်အဖွဲ့တခုက ပြဇာတ်မင်းသားပါ။ခုအချိန် ပြဇာတ်ခေတ်ကလည်းမရှိတော့။ ဇာတ်သဘင်ကလွင့်စင်ထွက်လာပြီးရှင်ကျန်တာဆိုလို့ လူပြက်တွေပဲရှိပါတော့တယ်၊ ရုပ်ရှင်မင်းသား ၊ဇာတ်မင်းသားနဲ့ Popအဆိုတော်တွေကအစ လူပြက်ခွင်မကြာမကြာဝင်နေကြရတယ် ၊သြော် လူပြက်ခေတ်ပေကိုး။ဒီတော့ ခုနပြဇာတ်မင်းသားခမြာ လူပြက်ကလည်း မလုပ်တတ်
အသက်ကလည်း ၆၀ ကျော်ဆိုတော့ စိတ်ညစ်ညစ်နဲ့ အရက်တစွပ်စွပ်သောက်ရင်း တလမ်းဝင်တလမ်းထွက် ဘဝလက်ကျန် ပြဇာတ်ဟန်ကလေးထုတ်ထုတ်ပြီး
အင်္ကျီလက်ရှည်လေးကိုအသာခေါက်၊လက်မောင်းကလေးကိုဟန်ပါပါပင့်ရင်း အကိုနေကောင်းလား၊ အော် ငါ့နှမလေးမတွေ့တာကြာပြီနော်၊ အဟဲ အကိုကစေတနာနဲ့ပြောတာပါညီရ စိတ်မဆိုးနဲ့နော် စသဖြင့် တွေ့ကရာလူကို ဇာတ်မင်းသားလေနဲ့ ဟန်ပါပါ စကားအစရှာ ရင်းဇာတ်စုံခင်းလေ့ရှိပေရဲ့။ ဒါက ဂေါက်ကြောင်တွေအကြောင်း နမူနာမျှ ထုတ်ပြခြင်းပါ။ ပင်နီတိုက်ပုံ ကျူးနစ်အင်္ကျီ ဗမာ ပင်နီရှမ်းပင်နီအမျိုးမျိုးဖက်ရှင်တွေဝတ်ပြီးတနိုင်ငံလုံးကို ကယ်တင်ပေးတော့မယ့်ဟန်နဲ့နိုင်ငံရေးသမားဂေါက်ကြောင်၊ အကောင်ကြီးကြီး
အမြီးရှည်ရှည်တွေနဲ့ သူနဲ့က ဂေါ်လီရိုက်ဖက်၊ရည်းစားလုဖက် စတိုင်မျိုးနဲ့ လေမျိုး ၈၀ ပစ်တတ်တဲ့ ဘဝင်ဂေါက်ကြောင်စသဖြင့် ပေါ့လေ ။ဂေါက်ကြောင်သမိုင်းကားငါတကောရပ်ကွက်သမိုင်းနဲ့အတူ တနေ့တည်းမွေးလို့ဆိုရမလားပဲ။ ရှင်လူ့မှာတနေ့တနေ့ အဲဒီဂေါက်ကြောင်တွေကိုပတ်ရှောင်နေရတဲ့ ဒုက္ခကမသေးလှပါ။သူတို့စက်ကွင်းသာမိသွားရင် ပြောမဆုံးပေါင် တောသုံးတောင်ဇာတ်ထဲမျောပြီး အလုပ်အကိုင်ပျက်ကာ အချိန်ပါ အချောင်ကုန်ဦးမယ်။ အဲဒီလိုရှောင်လင်လုပ်နေတဲ့ ကြားက
တနေ့ ခင်း လမ်းထိပ်အထွက် ပြဇာတ်မင်းသားနဲ့ ပက်ပင်းတိုးပါလေရော ။ ``အာ ဒီယနေ့ အကိုနဲ့တွေ့တာ အတော်ပဲ၊အကို့ကိုကျနော်တခုပြောချင်နေတာ၊ ခနလေးပါအကို´´သူကပြောပြောဆိုဆို ရှင်လူ့လက်ကိုဖမ်းဆွဲထားပြီး၊ ``ဒီလိုအကိုရ အကို့ကိုကျနော်ပြောမှာက ၊အကိုဟာလေ နိုင်ငံတော်သမ္မတကြီးနဲ့ တော်တော့ကိုတူတာပဲ´´ ``အာ မဟုတ်တာဗျာ´´``ဟုတ်ပါတယ်အကိုရ ၊ တကယ် သမ္မတကြီး ဦးသိန်းစိန်နဲ့တူတာပါ´´ ``နေစမ်းပါဗျာ စိတ်ညစ်ရတဲ့အထဲ ခင်ဗျားကတမှောင့်´´``ကဲပါ အကိုရာ စိတ်မရှိပါနဲ့ ညီ့ကိုအကြွေလေးပါရင် တရာလောက်ပေးခဲ့ပါ ကွမ်းစားချင်လို့´´
ရှင်လူလည်းလေမရှည်ချင်တော့သဖြင့် ငွေတရာထုတ်ပေးပြီးသူ့ရှေ့ကအမြန်လစ်ခဲ့ရပေါ့ ။ဒီလိုနှင့် နေ့တိုင်းလိုလို ပြဇာတ်မင်းသားကလမ်းထိပ်မှာစောင့်စောင့်ပြီးလက်အုပ်ကလေးချီလို့ ခါးလေးညွှတ်ပြီး``သမ္မတကြီး
တရာလောက်´´လုပ်မြဲလုပ်ချေပေါ့။ ရှင်လူကလည်းတရာ တရာလောက်နဲ့တော့မပြောပလောက်၊သူကလည်းတရာရရင် တရာဖိုးသောက်။အိုစကေလို့။ ရှင်လူ့ခမျာလည်း အိမ်ကထွက်ကာနီးရင် မှန်ရှေ့ရပ်ရပ်ပြီးထိပ်ပြောင်လေးပွတ်သပ်လို့``အင်း သူပြောတာလည်းဟုတ်ချင်ချင်ရယ်´´ ဒီလိုနဲ့ မိတ်ဆွေတချို့ကရှင်လူ့ကိုကြည့်ကြည့် ပြီး ``ကိုရှင်လူကြီး ခုတလောဘာဖြစ်နေလဲဗျ´´``ဘာဖြစ်လို့လဲဗျ ´´ ``ခင်ဗျားကြည့်လိုက်ရင်အရင်ကလိုမဟုတ်ဘူး ၊အမြဲလိုလို မချိပြုံးကြီးနဲ့´´
ဟိုက် ဗုဒ္ဓေါ ၊ငါဘာဖြစ်နေပါလိမ့် ။ကိုယ့်ဘာသာအတန်တန်တွေးတော့ အဖြေကရေးရေး ။ ဟိုခွေးမသား ပြဇာတ်မင်းသားလက်ချက်၊ဒင်းလုပ်တာနဲ့ ငါ့ကိုယ်ငါ
ယုံထင် ကြောင်ထင်။ဒီတိုင်းဆိုမဖြစ်တော့ဘူး ။ငါ့မျက်နှာကိုပလပ်စတစ်ဆာဂျရီ လုပ်ရင်လုပ် ၊ မလုပ်နိုင်ရင်တော့ ငါလည်း သမ္မတဂေါက်ကြောင်နေပြီ၊ မြတ်စွာဘုရား ကယ်တော်မူပါ့ ။
ရှင်လူ
story#observation#shinlhu
Monday, March 16, 2015
မတော်တဆတွေ့ဆုံမိသောမိတ်ဆွေများ
~~~~~~~~~~~~~~~~~~~
ငါ့ဖုန်း call တွေက တနေ့တခြား
နည်းနည်းလာတယ်
ငါကလည်း မေတ္တာပို့ရမယ့်အစား
ဒေါသတွေချည်း ပို့နေမိတယ်
ငါမမှန်ရင်တောင်
သင်တို့မှားနေနိုင်တာလည်း
အချက်တချက်အနေနဲ့ စဉ်းစားသင့်တယ်
ခုချက်ချင်း ငါ့ဖုန်းကိုပြန်ခေါ်ပါ။ ။
ညိုမြသွေး
Poem#Observation#Shin Lu
Thursday, February 26, 2015
ဒီဝဋ်ကြွေးဆို အကြိုက်ဆုံး~~~~~~~
ရှင်လူ
~~~~~~~~
ပြင်သစ်နိုင်ငံက အပတ်စဉ်ထုတ် သရော်စာ
မင်္ဂဇင်းတိုက် ချာလီဟဘ်ဒို ကို အကြမ်းဖက်သမားများကဝင်ရောက် တိုက်ခိုက်တဲ့သတင်းကြားရတော့ရှင်လူတယောက် အလိုလိုနေရင်း သွေးနားထင်ရောက်မိရဲ့။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၅ ဇန္နဝါရီလထဲမှာ
နှင်း ဆီဖြူဂျာနယ် တာဝန်ခံအယ်ဒီတာကြီးကဒီလထဲ မှာစတင်ထုတ်ဝေမယ့် နှင်းဆီဖြူဂျာနယ် အတွက်
သရော်စာရေးခိုင်းလာတယ်။ တနေ့ကပဲ သူခရီးမသွားခင်ဖုန်းဆက်ပြီး စာမူမပြီးသေးဘူးလား လှမ်မေးနေလို့ရေးနေပါပြီပြောလိုက်ရတယ်။ ပြောသာပြောလိုက်ရတယ်
တကယ်က တလုံးမှကိုချမရေးနိုင်သေး။ ရှင်လူ့ရင်ထဲမှာ
အများကသရော်စာဆိုလို့သာလိုက်ပြီးသရော်စာလိုက်ရတယ်။ဒီနေ့ ဂျာနယ် တွေ သတင်းစာတွေမှာရေးနေတာတွေကို ရှင်လူက ဟာသ joke တွေလို့ပဲထင်တယ်။
ရှင်လူ သိထားတဲ့သရော်စာက ဆရာမောင်ထင်ရဲ့
``ငဘ´´တို့ ရုရှားက အက်တွမ် ချက်ကော့ဗ်တို့ အရေးအသားမျိုးမှ satire လို့ထင်တယ်။ ထားပါတော့လေ ၊ကိုယ့်အယူအဆတွေ။ အများက သရော်စာဆိုလည်း သရော်စာပဲပေါ့၊ ခုချိန်မှာ ဒီကိစ္စက အရေးမကြီးပါဘူး။အရေးကြီးတာက အဲဒီသရော်စာရေးတဲ့၊
ရုပ်ပြောင်ရေးတဲ့နာမည်ကြီးကာတွန်းဆရာတွေ သေနတ်
မှန်ပြီး စုတေခဲ့ရတော့ ဘယ်ဘုံ ဘယ်ဘဝမှာ ဘာသွားဖြစ်မလဲ သိချင်စိတ်က ရင်ထဲမှာ ဖုန်း Ring tone မြည်သလို မြည်လာတယ်။ နောင်ဘဝမှာဝဋ်လိုက်မယ်ဆိုလည်း ဘယ်လိုဝဋ်မျိုးလဲ ပေါ့။ ရှင်လူတို့ဒူးတင်ပေါင်တင်ရပ်ဝန်းက သရော်စာရေးသူတွေ ၊ရုပ်ပြောင်ရေးသူ ကာတွန်းနစ်တွေရဲ့ရေးကွက်ပစ်မှတ်က သမ္မတကြီးနဲ့အစိုးရ အပါအဝင် လွှတ်တော်ရယ် ၊ စစ်တပ်ရယ် ၊ ခရိုနီတွေရယ် ။ ရုပ်ရှင်၊သဘင်၊စာပေ၊ဂီတ
စသဖြင့်ဟိုလောက ဒီလောက ၊ လောကတွေကများသမို့
ရေးကွက်တွေကလည်းများပါဘိ။ ဒါကြောင့်ရှင်လူတွေးမိတာက ငါတို့သရော်စာသမားဆိုတာမျိုးက အန္တရာယ်နဲ့နီးတယ်၊စလေဦးပုညဆိုလည်း လက်သံပြောင်လွန်းလို့ ပြင်သစ်သရော်စာသမားတွေထက် နှစ်ပေါင်းများစွာစောပြီး ဦးဦးဖျားဖျားလုပ်ကြံခံရတယ်။
ဗန်းမော်ဆရာတော်ကြီးတောင် ဘုန်းကြီးမို့ မသတ်ရဲလို့ဗန်းမော်ပြန်ပို့ပြီးနယ်နှင်ခံခဲ့ရသေးတယ်။ ဒီတော့သရော်စာရေးတဲ့သူဆိုတာ အသက်နဲ့ရင်းပြီးရေးရတာဆိုပြီး
(သွေးနားထင်ရောက်မိရဲ့)တကယ်ဆို သူရရှင်လူ၊
သီဟသူရရှင်လူစသဖြင့်ပေါ့လေ။ ထားပါတော့လေ ရှင်လူတို့ကတိုင်းပြည်ချစ်လို့ အသက်စွန့်ပြီးသရော်စာရေးနေတာ ၊ဘွဲ့ထူး ဂုဏ်ထူးတွေလိုချင်လို့မှမဟုတ်ဘဲ။
အဲ ..ဒါပေမယ့်နောက်ဘဝ လည်မယ့်ဝဋ်အတွက်တော့စဉ်းစားထားသင့်တယ်။အလှဖန်တီးရှင်တွေကိုသရော်မိတဲ့လူက အလှဖန်တီးရှင်ဖြစ်မယ်၊ မော်ဒယ်တွေကိုသရော်မိတဲ့လူကမော်ဒယ်ဖြစ်မယ်။ မင်းသား မင်းသမီး ဒါရိုက်တာတွေကိုသရော်မိတဲ့လူက မင်းသား မင်းသမီး ဒါရိုက်တာပြန်ဖြစ်ပြီး တပြန်တလှည့်သရော်ခံတဲ့
ဝဋ်ပြန်ခံ။ ရှင်လူ ခေါင်စားသွားမိပေါ့(အမြီးတော့မစားပါ)
ဒါတွေကသိတ်မဟန်သေးပါဘူး။ ဝဋ်လိုက်ခံရမယ့်တူတူ
တော့ အဆင့်မြင့်မြင့်ပဲခံလိုက်ချင်တယ်။
တည်းခိုခန်းပိုင်ရှင်၊ လူမှောင်ခို၊ နေ့စားလူမိုက်
၊တက္ကစီ ဒရိုင်ဘာ ၊ အိမ်ပွဲစား..၊ တခုမှ မမိုက်သေးပါဘူး။
တာဝန်ခံအယ်ဒီတာကြီးရေ ကူပြီးစဉ်းစားစမ်းပါဦး။ ခင်ဗျားဂျာနယ်ဆိုတော့ အကြမ်းဖက် ဗုံးခွဲခံရမှ ရှင်လူ့အပေါ်ချည့်ပုံမချနဲ့ ၊ ရှင်လူ့အရင် သရော်စာရေးနေကျလူတွေက စာမူခရရင်ပြီးရောဆိုပြီး တွေ့ရာမြင်ရာ ရေးစရာလို့ချည်းထင်ကြတာ။ ရှင်လူကတော့ စာမူခအပြင် ရုတ်တရက် အကြမ်းဖက်ခံရလို့သေရင်တောင် ဝဋ်အမျိုးအစားကောင်းကောင်းကိုလိုချင်နေတာ။
ဒီတော့ကာ သမ္မတ ကြီးကိုသရော်ရင် သမ္မတကြီး ပြန်ဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌကြီးကိုသရော်ရင်လွှတ်တော်
ဥက္ကဋ္ဌကြီးပြန်ဖြစ်၊ တရားသူကြီး၊ ရဲချုပ်၊ ခရိုနီ..။
ဟင့်အင်း တခုမှဇိမ်မရှိ ၊ဒီလိုဝဋ်မျိုးထက်စာရင် အလှဖန်တီးရှင်ကမှ ဇိမ်ကျသေးတယ်..၊ အဲ အဲ ရပြီ ရပြီ အိုစကေ
ပြီ ခင်ဗျ။
စာဖတ်ပရိတ်သတ်ကြီးခင်ဗျာ ရှင်လူအလိုက်ချင်ဆုံးဝဋ်ကို သင်တို့တွေးနိုင်ပါက ကုဒ် နံပါတ်....။
တော်ပြီဗျာ ခင်ဗျားတို့ အာလုံးမှန်ကုန်ရင် ရှင်လူ့မှာဆုပေးစရာ ဘာစပွန်စာမှမရှိဘူးဗျ။
အဖြေမှန်ကတော့...
အဖြေမှန်ကတော့....
အဖြေမှန် ...က...တော့ ....
စစ်...အာ....ဏာ...ရှင် ဖြစ်ပါတယ်ခင်ဗျား ။
ေ ဖြာင်း ..ဖြောင်း...ဖြောင်း....
ပြေး ....ကြ....ဟေ့..ပြေးကြ. ။ ။
ရှင်လူ
နှင်းဆီဖြူဂျာနယ် ၊၂၇ ဖေဖေါ်ဝါရီ ၊၂၀၁၅
Saturday, February 14, 2015
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲမှာ ငါဟေ့ငါ
~~~~~~~~~~
မြန်မာ့ လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တဲ့နယ်တယ်...။ ရှင်လူတယောက်
ဗိုလ်ချုပ်အောင်ဆန်းတေးသွားကို ဆိုလိုက် ၊လေချွန်လိုက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကို ဂုဏ်ပြုကြိုဆိုနေမိသည်။ ရှင်လူ့လိုပဲ ဒူးတင်ပေါင်တင်ရပ်ဝန်းဒေသကြီး တခုလုံး ဟိုမှာလည်း ဗိုလ်အောင်ဆန်း၊
ဒီမှာလည်းဗိုလ်အောင်ဆန်း ၊ ဗိုလ်အောင်ဆန်းအသံတွေ
ဘဝဂ်ညံနေလေတော့ ရှင်လူ့အတွေးများက လွန်ခဲ့သော
အတိတ်ကာလ များဆီ ပြန်လစ်ခဲ့မိလေသည်တမုံ ။
ရှင်လူ ၉ နှစ်သားအရွယ် ၁၉၆၂ ခု မတ်လ ၂ ရက်နေ့ကဖြစ်ပါသည်။မဟာရန်ကုန်မြို့တော်၏ အချက်အချာကျသောနေရာများမှာ စစ်သားအများအပြားက
အသစ်စက်စက် ဂျီသရီးသေနတ်များကိုင်ဆောင်ပြီး
စောင့်ကြပ်နေကြလျက်။
``တပ်မတော်မှဗိုလ်ချုပ်ကြီးနေဝင်းက ဦးဆောင်ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီ ´´
ဆိုပဲ ။ ထိုအချိန်က ရှင်လူနေသောနေရာနှင့်စစ်တပ်ရုံးများမှာမနီးမဝေးအနေအထားမို့ ရှင်လူက ရုံးခန်းများထဲဘာများတွေ့ရမလဲဟုစပ်စပ်စုစု သွားပြီးချောင်း
လေသည်။ အလို နံရံမှာချိတ်ထားသော ဓါတ်ပုံ အကြီး
ကြီးကခန့်သား။ ကာကီယူနီဖောင်းဆင်တူဝတ်လျက်
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူရပ်နေသောဗိုလ်ချုပ်နေဝင်း
ပုံကြီးကိုတွေ့ခဲ့ရသည်။ သြော် ..ဗိုလ်ချုပ်အောင်ဆန်း
ကား ရဲဘော်စိတ်ရှိပေစွ၊ ကျဆုံးပြီးတာတောင် ဗိုလ်နေဝင်းကို ရဲဘော်အချင်းချင်းရိုင်းပင်းကူညီသည်ပေါ့၊
ဤသို့ဖြင့်ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းအကူအညီကိုယူကာ ဘောင်းဘီချွတ် ပုဆိုးဝတ်သည့်တိုင် ၁၉၆၂ မှ ၁၉၈၈ ခုထိ ၂၅ နှစ်တိုင်တိုင် မြန်မာပြည်
ကိုLDC ဘဝသို့ချီတက်ပို့ဆောင်ခဲ့လေသည်။တဖန်
၁၉၈၈ တွင်သမ္မတများဖြစ်လာကြသော ဦးစိန်လွင်နှင့်
ဒေါက်တာမောင်မောင်တို့ကားမအူမလည်များဖြစ်ကြဟန်တူသည်။ဗိုလ်ချုပ်အောင်ဆန်းကိုအားကိုးတတ်ဖို့နေနေသာသာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုင်ပြီးဆန္ဒပြချီတက်လာသောကလေးများကိုပစ်သတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းခမျာ ကျဆုံးပြီးရင်းကျဆုံးရဖြင့် အာဇာနည်ဘွဲ့တွေ
၂ထပ်ကွန်း ၃ထပ်ကွန်းမက အထပ်ထပ်ရခဲ့ပြန်သည်။အဲဒီအချိန်က ၈လေးလုံးအရေးတော်ပုံ သပိတ်လှိုင်းကြီး
ကြောင့်ဓါတ်ပုံဆိုင်များပိတ်ထားရသဖြင့် သမ္မတများဖြစ်သည့်တိုင်သူတို့ပုံများနိုင်ငံတော်ရုံးတွေမှာချိတ်ခွင့်မသာဖြစ်ခဲ့မည်ထင်ပါသည်။သို့သော်သူတို့နောက်ပုဂ္ဂိုလ်တို့ကား ဗိုလ်ချုပ်အောင်ဆန်းသည်သူတို့လောက်အနစ်နာခံခဲ့သူမဟုတ်၊ငယ်ငယ်နှင့်သေခဲ့သူဖြစ်သဖြင့်သူတို့လောက်တိုင်းကျိုးပြည်ကျိုးဆောင်ချိန်မရ။ ဒါကြောင့်သူတို့ပုံတွေသာရုံးများမှာချိတ်လေသည်။ထိုအချိန်က
အနားယူထားသောဦးနေဝင်းလည်း သူ့အကြောင်းသူသိသဖြင့်သူ့ဓါတ်ပုံများဆက်မချိတ်ဖို့အဆိုပြု၏။အရေးအခင်းအဆက်ဆက် သူ့ဓါတ်ပုံကြီးတွေကို ရှင်လူ
အုတ်ခဲကျိုးနှင့်ထုခဲ့တာတွေ ရိပ်မိသွားပုံရ၏။ သက္ကရာဇ်
၂၀၀၀ ခုတုန်းကရှင်လူတယောက် ထောက်လှမ်းရေး
တပ်ရင်းတခုသို့မထင်မှတ်ပဲ အလည်အပတ်ရောက်ခဲ့ဖူး၏။ တပ်ရင်းရုံးနံရံထက်မှာ ``လက်ကြောင့်မသေ
နှုတ်ကြောင့်သေ´´ ၊ ``နံရံတိုင်းမှာနားတွေရှိတယ်´´ဟူ
သောစာတမ်းတွေနှင့်အတူဗိုလ်ချုပ်ခင်ညွန့်ပုံ အကြီးကြီး
တွေ့ခဲ့ရ၏။ သြော် ရှင်လူတို့ဒူးတင်ပေါင်တင်ရပ်ဝန်းကြီး
မှာဗိုလ်ချုပ်တွေမှိုလိုပေါက်သလောက် နိုင်ငံတော်ရုံးတွေကလည်း ဖက်ရှင်အမျိုးမျိုးပြောင်းလေ့ရှိသတတ်။
ဟော ခုကာလ ကြည့်လိုက်ပါဦး ။နိုင်ငံတော်သမ္မတကြီးကဒေါ်အောင်ဆန်စုကြည်နှင့်တွေ့ဆုံစဉ်မှာ
ဗိုလ်ချုပ်အောင်ဆန်း ပုံနောက်ခံကို မထင်မှတ်ပဲတွေ့လိုက်ရတော့ လူတွေ အံ့အားသင့်ကုန်၏။ဗိုလ်ချုပ်အောင်ဆန်းကား နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရန်
ပြန်ပေါ်ခဲ့ပြန်လေပြီ။ ၁၉၉၀ ခု NLD ရွေးကောက်ပွဲ
နိုင်စဉ်က ရှင်လူတို့ လက်ဖက်ရည်ဆိုင် ထိုင်လျှင်
ပဲပြုတ်နှင့်နံပြားကို အသံကျယ်ကျယ်နှင့်မှာယူစားသောက်လေ့ရှိ၏။နှုတ်မှလည်း ``တို့ဗိုလ်ချုပ်ကပဲပြုတ်နဲ့နံပြားဆိုသိတ်ကြိုက်တာကွ ၊ဒါကြောင့်ငါလည်းပဲပြုတ်နံပြားနေ့တိုင်းစားနေတာ´´။တဆိုင်လုံးကြားအောင်အော်ချက်ထုတ်၏။ရင်ဘတ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံရင်ထိုး
အကြီးကြီး ကိုမဖြုတ်တန်းထိုးထားသဖြင့်ရှပ်အကျီင်္ီပင်
တွယ်ချိတ်မှသံချေးစွန်းသဖြင့်ချွတ်မရ။ အဲ ..နောက်ပိုင်း
ဒေါ်စု နေအိမ်အကျယ်ချုပ်ကျ၊NLDတွေကို အပစ်ရှာ
ဖမ်းဆီး အကြောင်းအမျိုးမျိုးပြထောင်ချ၊နှိပ်စက်ကလူ
လုပ်ကြပြန်တော့ရှင်လူ့ခမျာ မနက်လက်ဖက်ရည်ဆိုင်မှာ
အခြေအနေအရ နံပြားထောပတ်သုတ်ပြောင်းစားခဲ့ရပြီး၊ရင်ဘတ်ကဗိုလ်ချုပ်အောင်ဆန်းရင်ထိုးဖြုတ်၊ အိမ်အမိုးကြွက်လျောက်ထုတ်တန်းကြားမှာအသာဝှက်၊ အိမ်ရှေ့ဧည့်ခန်းက ဗိုလ်ချုပ်ဓါတ်ပုံကြီးဖြုတ်ပြီး အဝတ်သေတ္တာအောက်ဆုံးမှာ သတင်းစာနှင့်ပတ်ပြီးလုံလုံခြုံခြုံ
သိမ်း။
အေးလေ..ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်း
နှစ်တရာပြည့်အထိမ်းအမှတ် အဖြစ် ရှင်လူကိုယ်တိုင်
Post ကလေးတခုရေးပြီး ရှင်လူ့ကတုံးပုံ(ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းခွံခြင်းခပ်ဆင်ဆင် ပုံနှင့်တွဲပြီး
ဖေ့ဘွတ်ပေါ်တင်ခဲ့ပါသည်) သဘောတူသူများ Likes
ပေးကြပါ ။ဗိုလ်ချုပ်အောင်ဆန်း သာအသက်ပြန်ရှင်လာမယ်ဆိုရင်ဗိုလ်ချုပ်ပါးရိုက်ခံရမယ့် လူစာရင်းမှာ ရှင်လူလည်း
ရှေ့ဆုံးကပါမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီလောက်မတရားလုပ်နေတဲ့ အစိုးရအဆက်ဆက်လက်
အောက်မှာ နှစ်ပေါင်း ၆၀ ကျော်ထိ အသက်ရှည်နေလို့ပဲ။
တပ်ချုပ်ကြီးကတော့ ၆၀ မပြည့်သေးလို့ ရှင်လူ့စာရင်းမှာမပါသေးပါ။
အာခေါင်နီ ရှင်လူ
နှင်းဆီဖြူဂျာနယ် ၊
၁၅ ဖေဖေါ်ဝါရီ ၊၂၀၁၅. ..