Wednesday, July 9, 2025

story

ဝါဆိုရယ် သိတ်သတိရမိတယ်😎🤓🤩🤑🤪🤗🤭🤫
သြော်...ဒီနေ့ ဝါဆိုလပြည့်နေ့ပဲ။ရှင်လူကြီးက ရုံးမှာဂျူတီကျနေတော့ နေ့လယ်စာကို ဖွေးတို့အိမ်ပြန်စားလို့မဖြစ်တော့။ ဒီတော့ မနက်အိပ်ယာကထ ထချင်း မျက်နှာသစ် သန့်စင်ပြီး မြင်သာစျေးရှေ့ Breakfast စားနေကျ လက်ဖက်ရည်ဆိုင် ဘက်ထွက်လာတော့ လက်ဖက်ရည်ဆိုင်က ပိတ်ထားတာတွေ့လိုက်ရတယ်။ ဒါနဲ့ မြင်သာစျေးထဲဝင်လာပြီး စားဖူးတဲ့ ဆိုင်လေးတခုမှာ နို့ခေါက်ဆွဲတပွဲ အကြော်နဲ့စားလိုက်တယ်။ ပြီးတော့ အသားတန်းဘက်သွားပြီး ဝက်သားသုံးထပ်သား လေးထောင်ဖိုးဝယ်၊ လေယာဥ်ပျံတံဆိပ် ပဲငံပြာရည် တပုလင်း တထောင်နဲ့ဝယ်၊ချင်းငါးရာဖိုးဝယ်။ ဘာလိုသေးလဲ.....အဲ...ခေါင်းတွေယားနေပြီ။Clear ခေါင်းလျှော်ရည် တထုပ်ဝယ်။ ပြီးတော့ ဝက်သားဟင်းနဲ့တွဲစားဖို့ ဒေါ်ဆုံကြီးမျှင်ငါးပိထောင်းတဘူးဝယ်ပြီး တို့စားဖို့ ရုံးပတီသီးနှစ်စည်း ငါးရာဖိုးဝယ်၊ ဓာတ်စာအတွက် ဖီးကြမ်းငှက်ပျောသီး သုံးလုံးတထောင်နဲ့ဝယ်ပေါ့။ အဲဒါ ဆိုင်ပြန်ရောက်ရောက်ချင်း ဆန်တဘူးလျော့လျော့ ခပ်လိုက်ပြီး ထမင်းအိုးတည်ထားလိုက်တယ်။ ခုတလော လျှပ်စစ်မီးက စိတ်ကောင်းဝင်နေတော့ အေးအေးဆေးဆေး ချက်ပြုတ်လို့ရတယ်။ထမင်းအိုးတည်ထားပြီး ဟင်းမချက်ချင်သေးတာနဲ့ ဖုန်းထိုင်ပွတ်နေလိုက်သေးတယ်။ထမင်းအိုးကျက်ပြီးခနနေမှ ဝက်သားဆေးကြော ပြီး ဆား နံနွင်း အချို့မှုန့် ကြက်သွန် ဖြူနီ ချင်း လှီးချွတ်ထည့် နယ်ဖတ်ပြီးအပေါ်ကဆီလေးနည်းနည်းထည့်။ဟင်းအိုးပလပ်တပ်ပြီး နည်းနည်းမာအောင်မွှေပြီးမှ ရေအနေတော်ထည့်။အဲ့ရေခန်းလောက်မှ နူးရုံမှန်းပြီးရေနည်းနည်းထပ်ထည့်။ဆယ့်ငါးမိနစ်လောက်နေတော့ ရေခန်းလောက်မှ ပဲငန်ပြာရည် တဇွန်းသာသာထည့်မွှေပြီး ငရုတ်ကောင်းစေ့ နည်းနည်းပစ်ထည့်။အရည်ကို ဇွန်းဖျားလေးနဲ့ခပ်မြည်းလိုက်တော့ အပေါ့အငံအရသာကအနေတော်ပဲ။အိုကေပြီ။ဟင်းအိုးဆီပြန်တော့ ပလပ်ဖြုတ်ပြီးခနနား ဖုန်းပွတ်။အင်း ဒီကြားထဲ ရုံးပတီသီး ငါးတောင့်ဆေးကြောပြီးထမင်းအိုးအဖုံးဖွင့် အပေါ်ကတင်နှပ်ထားလိုက်သေး။ အမောပြေလောက်မှ အပေါ်တက် ရေချိုး ခေါင်းလျှော်။စိမ်ထားတဲ့အဝတ်တထည်နှစ်ထည်လျှော်၊ ခြောက်တဲ့အဝတ်တွေခေါက်သိမ်း ။အားလုံးပြီးမှ အောက်ဆင်းလာပြီး နား။ဆယ့်တစ်နာရီခွဲလောက်ဘိုက်ဆာလာတာနဲ့ ထမင်းစား။ဒီနေ့ ကတော့ ကိုယ်ချက်ထားတဲ့ဝက်ချိုဟင်းနဲ့ ဒေါ်ဆုံကြီးငါးပိထောင်းကရသာရုံကို အကြိုက်တွေ့သွားခဲ့တယ်။ထမင်းစားပြီး ဆိုင်ရှေ့ သံတံခါးရှေ့ထိုင်ရင်း စီးကရက်တလိပ်ဖွာနေရာက "သြော်...ဒီနေ့ ဝါဆိုလပြည့်နေ့ပါလား"။ရှင်လူကြီးရဲ့ စိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဝါဆိုလပြည့် နေ့တနေ့ ဆီပြန်ရောက်သွားခဲ့တယ်။ ဒန်...တန်တန် ဒန်...😛
      "  မင်းတို့ ငါနဲ့ရွာကိုလိုက်မလား "
မနက်ဖြန် ဝါဆိုလပြည့် ကျောင်းပိတ်မှာမို့ မုဒုံမြို့နယ် ဝက်တဲရွာသားဖေသိန်းကအားလုံးကိုမေးလိုက်ပါတယ်။မုဒုံမြို့နယ် အတွင်း ဒေသအသီးသီးက ဒီရွှေနတ်တောင် အထက မှာလာရောက်စာသင်ကြသူချည်းမို့ အားလုံးဟာ တမြေထဲနေတရေထဲသောက်သူငယ်ချင်းတွေပါ။
ဖေသိန်းကြီးက သူ့ရွာမှာ အရှိန်သြဇာရှိတဲ့မိသားစုမို့ သူငယ်ချင်းတွေကို အလည်ခေါ် ပြုစုချင်တာလည်းပါ၊ဝါဆိုလပြည့် ဓလေ့ ပွဲတွေအတူကျင်းပ ချင်တာလည်းပါပုံရပါတယ်။ ဒီလိုနဲ့ ကျောင်းစပိတ်တဲ့အဖိတ်နေ့ညနေမှာပဲ ရှင်လူတို့တသိုက် ဖေသိန်းနဲ့အတူ ဝက်တဲရွာကိုလိုက်ခဲ့ကြပါတယ်။သူငယ်ချင်း အားလုံးပေါင်း ခွန်နစ်ယောက်ပေါ့။ဖေသိန်းတို့ အိမ်ကြီးက ရှေးမွန်အိမ်များအတိုင်း ခြေတန်ရှည် ရေနံချေးဝနေတဲ့ သစ်သားအိမ်ကြီးပါ။ရွာမှာတော့ အိမ်ကြီးအိမ်ကောင်း အမျိုးအစားပေါ့။ရှင်လူတို့ အားလုံး ရောက်ရောက်ချင်းခနနားပြီး ရေမိုးချိုးကြပါတယ်။ ရေချိုးပြီးတော့ ရိုးရာဓလေ့အတိုင်းပဲ ဖေသိန်းကြီးက တောအရက် လေးထောင့်သံပုံးကြီးနဲ့ စားစရာတွေယူလာပေးပါတယ်။ရှင်လူတို့အဖွဲ့သားအားလုံးကလည်း အထက်တန်းကျောင်းသားတွေပြီပြီ အရက်မကြိုက်တဲ့သူ တယောက်မှပါမလာပါဘူး။အမှန်ပြောရရင်တော့ ဝက်တဲရွာရဲ့ ညနေခင်းလေးဟာ ရီတီတီ မူးတူးတူးပါ။အဲတော့ အဖွဲ့ထဲပါလာတဲ့ လူရှိုင်းအမျိုးသား ဂျပု အောင်သင်းဆိုတဲ့ကောင်က သူနဲ့အတူပါလာတဲ့ ဂစ်တာကြီးကို စတင်တီးခတ်ပါတော့တယ်။အောင်သင်းဆိုတဲ့ကောင်ကလည်း ဘာကျွမ်းသလဲဆို ဂစ်တာကို မှောက်ခုံတီး ပက်လက်တီး စောက်ထိုးတီး ဘယ်လိုတီးရတီးရတီးနိုင်သူပါ။အင်း ဒီလိုပဲ ရှင်လူတို့ အဆိုသမားတွေကလည်း မှောက်ခုံ ပက်လက် စောက်ထိုး အကုန်ဆိုတတ်ပါတယ်။အဆိုကျွမ်းကြလို့
​တော့မဟုတ်ပါ။ မီးတောက်တောအရက်ကြောင့် မှောက်လိုမှောက် လှန်လိုလှန် ၊အန်လိုအန်ကုန်တာပါ...ညတုန်းကတွေ့ခဲ့တဲ့...ကောင်မလေးတယောက်...ဂေ့....ပျောက်သွားလို့ လိုက်ရှာနေတယ်...ဂေ့......ဂီတာတလက်...အရက်ကတစည်   ...မိန်းမလှလေးရယ်ကတယောက်...ဂေ့.....
ဒီလိုနဲ့ မှောက်သွားကြပြီး အမူးပြေလောက်ချိန်ရောက်တော့ ညမှောင်စပြုပါပြီ။ဖေသိန်းတို့အိမ်သားတွေကထမင်းပွဲတွေအဆင်သင့်ပြင်ပြီး ရှင်လူတို့ကိုဧည့်ခံခဲ့​ပါတယ်။ဒါပေမယ့် မတရားသောက်ထား မူးထားကြတော့ ထမင်းကို ဟုတ္တိပတ္တိမစားနိုင်ကြပါ။ထမင်းစားပြီးတော့ ဖေသိန်းကြီးက အားလုံးအပြင်သွားဖို့ပြောပါတယ်။ဂျပုအောင်သင်းကိုလည်း ဂစ်တာပါယူခဲ့ဖို့ပြောပါတယ်။ ဒီလိုနဲ့ ရှင်လူတို့အဖွဲ့ ဝက်တဲရွာထဲ တအိမ်တက်တအိမ်ဆင်း လက်ဖက်သုတ် အစ မြန်မာမုန့်မျိုးစုံစားလိုက်ကြ၊ သီဆိုဖျော်ဖြေလိုက်ကြနဲ့... အဟိ...ဒီနေရာမှာ ပြောပြစရာက ဇာတ်လမ်းရဲ့ Climix အမြင့်ဆုံးဗျ။သူတို့ ဓလေ့ထုံးစံအရ ခုလိုဝါဆိုလပြည့်မတိုင်ခင် အဖိတ်နေ့ညဟာ တရွာလုံးက အပျိုအိမ်တွေဟာ အောက်လင်းမီး(ရေနံဆီထည့် လေထိုးပြီး မီးစာနဲ့ထွန်းရတဲ့ မှန်မီးအိမ်)တွေ တထိန်ထိန်ထွန်းပြီး အိမ်စဥ်လှည့်လာတဲ့ ကာလသားတွေကို ဧည့်ခံရတဲ့ဓလေ့ပါ။တချို့ ရွာသူပျိုဖြူများဆို စောစောက မီးတောက်တောအရက် မူးထားတဲ့ကောင်တောင် မေ့သွားလောက်ပါတယ်..ငိ...
အဲ...ဒီလိုနဲ့ ညဥ့်နက်သန်းခေါင် အထိ အိမ်လည်ပြီးကြတော့ အားလုံး ဖေသိန်းအိမ်ကိုပြန်စုကြပြီး ကုသိုလ်ပြုကြဖို့ အရက်ပုံးနားထိုင်ကြပေါ့ဗျာ။ဒီလိုနဲ့ပဲ... နောက်တနေ့ မိုးလင်းကြတော့ အခါကြီးရက်ကြီး ဝါဆိုလပြည့်နေ့ကိုရောက်လာတော့တာပါပဲ။ ရှင်လူမှတ်မိသလောက်ကတော့ "ကဲ...အားလုံး ဂျုံးဂျုံးကျရေတံခွန်ကိုသွားကြမယ်" ။မနက်ဘရိတ်ဖတ်စ်စားပြီးချိန်မှာ ဖေသိန်းကြီးကနှိုးဆော်လိုက်တာပါ။ သူတို့ ဒေသ ဓလေ့စရိုက်တွေက တခုပြီးတခု အစီအစဥ်တကျပါပဲ။ မုဒုံမြို့နယ်တဝိုက် နေရာအသီးသီးကလူတွေဟာ ဘတ်စ်ကားအစ ကြုံရာယာဥ်ရထားတွေနဲ့ ဂျုံးဂျုံးကျ ရေတံခွန်ရှိရာကိုဦးတည်သွားနေကြပါတယ်။ ဒီနေရာမှာ..ဂွိ...ပြောရရင်
အဲ့ခေတ်က ခေတ်စားတဲ့မျက်နှာချေ
ထုပ်(ခုခေတ်ဆို မိတ်ကပ်ခေါ်မလားပဲ)ကို ရေနဲ့ဖျော်ပြီး မျက်နှာမှာ အစွမ်းကုန် လိမ်းခြယ်ထားတဲ့ မုဒုံသူလှပဂေးတွေ တိုးဝှေ့လိုက်ပါလာတဲ့ဘတ်စ်ကားကို နောက်ခြေနင်းခုံတွယ်..မတ်တတ်လိုက်လာတဲ့ ရှင်လူကြီးတို့တသိုက် တညနေလုံး တညလုံးမူးလာတဲ့မီးတောက် တောအရက် အရှိန်ဟာ သူ့အလိုလိုတဖန် မီးပြန်တောက်ပြီး အငွေ့တရီရီနဲ့ မေ့ချင် မျောချင်သလိုလို။အင်း...အရာရာဟာ သူ့ရစ်သမ်နဲ့သူတော့ဟုတ်နေတာလို့ဆိုရမှာပါပဲ။
ဒီလိုနဲ့ ဂျုံးဂျုံးကျ ရောက်ခဲ့ပါပြီ။သာယာလှပတဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ အမြင့်က တဝေါဝေါစီးဆင်းနေတဲ့ ဂျုံးဂျုံးကျရေတံခွန်ဟာစောစောက အငွေ့တရီရီနဲ့  မေ့ချင်မျောချင်နေတဲ့စိတ်များကို ပြန်လည်လန်းဆန်းလာစေခဲ့ပါတယ်။အဲတော့ လျိုမြောင်စိမ့်စမ်းတောတန်းနဲ့မစိမ်းလှတဲ့ ရှင်လူလေးအဖို့ အင်္ကျီနဲ့ ပုဆိုးတွေကိုချွတ်ချလိုက်ပြီးအောက်ခံဘောင်းဘီတိုလေးနဲ့ ရေတံခွန် ထိပ်ဆီလျောက်သွားလိုက်ပါတယ်။ပြီးတော့ ခင်ဗျားတို့တွေးကြည့်ပေါ့ဗျာ။တာဇံကားထဲကလို စိမ်းညို့ ကြည်လဲ့နေတဲ့ စမ်းအိုင်ထဲကို ရေတံခွန်ထိပ်မှာ လက်နှစ်ဖက်ဆန့်တန်းပြီး လေထဲ ကျွမ်းနှစ်ပတ်လောက်ပစ်ပြီးစိုက်ဆင်းလာတဲ့ရှင်လူတယောက်။ကျောက်စရစ်နဲ့ ငါးကလေးတွေပါမြင်နေရတဲ့ ရေအောက်ကို ဝါးတပြန်နီးနီးစိုက်ဆင်းသွားပြီး အောက်ခြေမြေပြင်ကို လက်နဲ့ထောက်ကန်ပြီးပြန်တက်လာတဲ့ တာဇံရှင်လူ့ စွန့်စားခန်းတွေဟာ....
          အင်း....အခုမဟုတ်ဘူးနော်။လွန်ခဲ့တဲ့နှစ်ပေါင်း၅၀ကျော်၆၀နီးပါးဝါဆိုလပြည့်နေ့တနေ့အကြောင်းပြောတာ။အခုကတော့ ရှင်လူကြီးဒိုင်ဗင်ပစ်ဖို့မပြောနဲ့ တိုင်ကီထဲကရေတောင်ဆင်ခြင်ချိုးနေရတာ...ဂွိ...မျက်နှာချေသနပ်ခါးရည်အမွှေးနံတွေပြင်းလွန်းရင်လည်း ဆီးချို သွေးတိုးသမားမို့ မခံနိုင်တော့ဘူး။ တောအရက်လား..၊ဂွိ...လာမပေးနဲ့... သောက်မိမစိုးလို့....
story#observation #shinlhuqw

No comments:

Post a Comment