ရှင်လူနဲ့ ဂေါက်ကြောင်ရာဇဝင်
~~~~~~~~~~~~~~
ရှင်လူနေထိုင်ရာ ငါတကောရပ်ကွက်ထဲမှာ ဂေါက်ကြောင်တွေက ပေါပါဘိ။ ရှင်လူဒီလိုပြောလို့ ဘာလဲဟ
ဘာဂေါက်ကြောင်လဲ ဟု ကွက်ရှင် ထုတ်သူကထုတ်လာနိုင်သဖြင့် ရှင်းပါအံ့။ ဘယ်သူမှမမေးလည်း ပြောဖို့က ပလန် ရှိပြီးသားပါ။ ဟဲ ဟဲ..။ ဒီလိုပါ ငါတကောရပ်ကွက်ဆိုတာမျိုးက ဒီနိုင်ငံအတွင်း ဘယ်ဒေသမျိုးမှာမဆို ရှိနေ တွေ့နေကျ ရပ်ကွက်မျိုးပါ။ဖုတ်ထူ ခြင်ပေါ ၊ကလေးပေါ ခွေးပေါ ၊ဖသောဖဿ မဆင်ခြင်
၊ကိုယ်ထင်ရာကိုယ်စိုင်း ၊ crime မသိ၊ law မရှိ၊ကလေးကအစ ခွေးကအစ အဘ အဆုံး ၊ဘွားအေကြီးအဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ကိုယ့်ဖာသာ
စိတ်ကြိုက်ရေးဆွဲပြီး ပမာမခန့်နေထိုင်ကြတဲ့ ဒူးတင်ပေါင်တင်တိုင်းဒေသကြီး ထင်ရာစိုင်းမြို့နယ်အတွင်း ပါဝင်နေတဲ့ ငါတကောရပ်ကွက်လေးပါ။ နေရာအခင်းအကျင်းကို နိဒါန်းပျိုးနေရတာက ဒီလိုနေရာမျိုးမှာ ဒီလို အပင်
နဲ့ ဒီလိုသက်ရှိမျိုးသာရှင်သန်နိုင်ကြောင်းသိစေချင်လို့ပါ။
အဲ ..အဲဒီရပ်ကွက်ထဲမှာရှိကြတဲ့ ဂေါက်ကြောင်ဆိုတာက
ဥပမာ ဒီလူက တချိန်(မဆလ)ခေတ်တုန်းက ရပ်ကွက် သမဝါယမအသင်းတခုမှာ ဥက္ကဋ္ဌ လုပ်ခဲ့ဖူးတယ်၊ ခုလောလောဆည်တော့ သူက Trishaw master ဆိုက္ကားသမား၊ဒီလူက ဆိုက္ကားတော့နင်းတယ် ဒါပေမယ့်သတင်းစာတစောင်ကိုအမြဲ ချိုင်းကြားညှပ်ထားတယ်။အားရင် အရိပ်ကောင်းကောင်းအောက်မှာထ်ိုင်ရင်း ဒီသမဝါယမဆိုင်ကြီးရှိတုန်းက သူကဥက္ကဋ္ဌအဖြစ် ဘယ်လိုတွေဆောင်ရွက်ခဲ့တာ၊ အဲဒီအချိန်က ဘယ်သူဘယ်ဝါက အတွင်းရေးမှူး ဘာညာစသဖြင့်တော်ကီပစ်လေ့ရှိပြီး သူ့ရဲ့ အရည်အချင်းဟာ လက်ရှိဘဝနဲ့ မထိုက်တန်သလိုမျက်နှာပေးကြီးနဲ့ သော့ခတ်ထားတဲ့ သမဆိုင်ဘက်ကိုလွမ်းလွမ်းဆွေးဆွေးငေးမျှော်နေတတ်ပါတယ်။နောက်တယောက်ကတော့ စစ်ပြန်ကြီးတယောက်ပါ သူကတော့သနားစရာလည်းကောင်းပါတယ်၊ရှေ့တန်းမှာငှက်ဖျားအပြင်းအထန်မိပြီး တပ်ကထွက်လာရတာဆိုတော့သူ့ရဲ့ အနှစ်၂၀ ကျော် တပ်မတော်သားအကျင့်ကိုအရပ်သားအကျင့်နဲ့ ပြန်အစားထိုးမရတော့တာပါ ။တပေါင်းလရဲ့ တရှိန်းရှိန်းတောက်နေတဲ့ နေအပူရှိန်အောက်မှာ ပျောက်ကျားယူနီဖောင်း အပြည့်အစုံ ၊ရင်ထိုးတံဆိပ်အပြည့်အစုံနဲ့ တောဆောင်းဦးထုပ်ကြီးဆောင်းကာ လမ်းသလားလေ့ရှိပါတယ်၊လက်ဖက်ရည်ဆိုင်တွေမှာ နားထောင်သူ တယောက်လောက်ရှိရင်တော့သူရဲ့တိုက်ပွဲ အတွေ့အကြုံတွေကို ပြောပြလေ့ရှိပါတယ်။ နောက်တယောက်ကတော့ တချိန်က နာမည် အလတ်တန်းလောက်ရှိခဲ့တဲ့ ဇာတ်အဖွဲ့တခုက ပြဇာတ်မင်းသားပါ။ခုအချိန် ပြဇာတ်ခေတ်ကလည်းမရှိတော့။ ဇာတ်သဘင်ကလွင့်စင်ထွက်လာပြီးရှင်ကျန်တာဆိုလို့ လူပြက်တွေပဲရှိပါတော့တယ်၊ ရုပ်ရှင်မင်းသား ၊ဇာတ်မင်းသားနဲ့ Popအဆိုတော်တွေကအစ လူပြက်ခွင်မကြာမကြာဝင်နေကြရတယ် ၊သြော် လူပြက်ခေတ်ပေကိုး။ဒီတော့ ခုနပြဇာတ်မင်းသားခမြာ လူပြက်ကလည်း မလုပ်တတ်
အသက်ကလည်း ၆၀ ကျော်ဆိုတော့ စိတ်ညစ်ညစ်နဲ့ အရက်တစွပ်စွပ်သောက်ရင်း တလမ်းဝင်တလမ်းထွက် ဘဝလက်ကျန် ပြဇာတ်ဟန်ကလေးထုတ်ထုတ်ပြီး
အင်္ကျီလက်ရှည်လေးကိုအသာခေါက်၊လက်မောင်းကလေးကိုဟန်ပါပါပင့်ရင်း အကိုနေကောင်းလား၊ အော် ငါ့နှမလေးမတွေ့တာကြာပြီနော်၊ အဟဲ အကိုကစေတနာနဲ့ပြောတာပါညီရ စိတ်မဆိုးနဲ့နော် စသဖြင့် တွေ့ကရာလူကို ဇာတ်မင်းသားလေနဲ့ ဟန်ပါပါ စကားအစရှာ ရင်းဇာတ်စုံခင်းလေ့ရှိပေရဲ့။ ဒါက ဂေါက်ကြောင်တွေအကြောင်း နမူနာမျှ ထုတ်ပြခြင်းပါ။ ပင်နီတိုက်ပုံ ကျူးနစ်အင်္ကျီ ဗမာ ပင်နီရှမ်းပင်နီအမျိုးမျိုးဖက်ရှင်တွေဝတ်ပြီးတနိုင်ငံလုံးကို ကယ်တင်ပေးတော့မယ့်ဟန်နဲ့နိုင်ငံရေးသမားဂေါက်ကြောင်၊ အကောင်ကြီးကြီး
အမြီးရှည်ရှည်တွေနဲ့ သူနဲ့က ဂေါ်လီရိုက်ဖက်၊ရည်းစားလုဖက် စတိုင်မျိုးနဲ့ လေမျိုး ၈၀ ပစ်တတ်တဲ့ ဘဝင်ဂေါက်ကြောင်စသဖြင့် ပေါ့လေ ။ဂေါက်ကြောင်သမိုင်းကားငါတကောရပ်ကွက်သမိုင်းနဲ့အတူ တနေ့တည်းမွေးလို့ဆိုရမလားပဲ။ ရှင်လူ့မှာတနေ့တနေ့ အဲဒီဂေါက်ကြောင်တွေကိုပတ်ရှောင်နေရတဲ့ ဒုက္ခကမသေးလှပါ။သူတို့စက်ကွင်းသာမိသွားရင် ပြောမဆုံးပေါင် တောသုံးတောင်ဇာတ်ထဲမျောပြီး အလုပ်အကိုင်ပျက်ကာ အချိန်ပါ အချောင်ကုန်ဦးမယ်။ အဲဒီလိုရှောင်လင်လုပ်နေတဲ့ ကြားက
တနေ့ခင်း လမ်းထိပ်အထွက် ပြဇာတ်မင်းသားနဲ့ ပက်ပင်းတိုးပါလေရော ။ ``အာ ဒီယနေ့ အကိုနဲ့တွေ့တာ အတော်ပဲ၊အကို့ကိုကျနော်တခုပြောချင်နေတာ၊ ခနလေးပါအကို´´သူကပြောပြောဆိုဆို ရှင်လူ့လက်ကိုဖမ်းဆွဲထားပြီး၊ ``ဒီလိုအကိုရ အကို့ကိုကျနော်ပြောမှာက ၊အကိုဟာလေ နိုင်ငံတော်သမ္မတကြီးနဲ့ တော်တော့ကိုတူတာပဲ´´ ``အာ မဟုတ်တာဗျာ´´``ဟုတ်ပါတယ်အကိုရ ၊ တကယ် သမ္မတကြီး ဦးသိန်းစိန်နဲ့တူတာပါ ``နေစမ်းပါဗျာ စိတ်ညစ်ရတဲ့အထဲ ခင်ဗျားကတမှောင့်´´``ကဲပါ အကိုရာ စိတ်မရှိပါနဲ့ ညီ့ကိုအကြွေလေးပါရင် တရာလောက်ပေးခဲ့ပါ ကွမ်းစားချင်လို့´´
ရှင်လူလည်းလေမရှည်ချင်တော့သဖြင့် ငွေတရာထုတ်ပေးပြီးသူ့ရှေ့ကအမြန်လစ်ခဲ့ရပေါ့ ။ဒီလိုနှင့် နေ့တိုင်းလိုလို ပြဇာတ်မင်းသားကလမ်းထိပ်မှာစောင့်စောင့်ပြီးလက်အုပ်ကလေးချီလို့ ခါးလေးညွှတ်ပြီး``သမ္မတကြီး
တရာလောက်´´လုပ်မြဲလုပ်ချေပေါ့။ ရှင်လူကလည်းတရာ တရာလောက်နဲ့တော့မပြောပလောက်၊သူကလည်းတရာရရင် တရာဖိုးသောက်။အိုစကေလို့။ ရှင်လူ့ခမျာလည်း အိမ်ကထွက်ကာနီးရင် မှန်ရှေ့ရပ်ရပ်ပြီးထိပ်ပြောင်လေးပွတ်သပ်လို့``အင်း သူပြောတာလည်းဟုတ်ချင်ချင်ရယ်´´ ဒီလိုနဲ့ မိတ်ဆွေတချို့ကရှင်လူ့ကိုကြည့်ကြည့် ပြီး ``ကိုရှင်လူကြီး ခုတလောဘာဖြစ်နေလဲဗျ´´``ဘာဖြစ်လို့လဲဗျ ´´ ``ခင်ဗျားကြည့်လိုက်ရင်အရင်ကလိုမဟုတ်ဘူး ၊အမြဲလိုုလို မချိပြုံးကြီးနဲ့´´
ဟိုက် ဗုဒ္ဓေါ.. ၊ငါဘာဖြစ်နေပါလိမ့် ။ကိုယ့်ဘာသာအတန်တန်တွေးတော့ အဖြေကရေးရေး ။ ဟိုခွေးမသား ပြဇာတ်မင်းသားလက်ချက်၊ဒင်းလုပ်တာနဲ့ ငါ့ကိုယ်ငါ
ယုံထင် ကြောင်ထင်။ဒီတိုင်းဆိုမဖြစ်တော့ဘူး ။ငါ့မျက်နှာကိုပလပ်စတစ်ဆာဂျရီ လုပ်ရင်လုပ် ၊ မလုပ်နိုင်ရင်တော့ ငါလည်း သမ္မတဂေါက်ကြောင်နေပြီ၊ မြတ်စွာဘုရား ကယ်တော်မူပါ့။
ရှင်လူ
(နှင်းဆီဖြူဂျာနယ်)
story#observation#shinlhu
No comments:
Post a Comment