Monday, July 14, 2025

story

မှတ်ဉာဏ်လေ့ကျင့်နည်း😀😬😁😂😃😅😆
လာမယ့် နိုဝင်္ဘါ ၂၉ ရက်ဆို ရှင်လူကြီးအသက် ၇၂ နှစ်ပြည့်တော့မယ်။ ခုတလော ရုတ်တရက်မှတ်ဉာဏ်တွေ ချို့တဲ့လာတတ်လို့ အတော်သတိထားနေရတယ်။အိမ်မှာဖုန်းအားသွင်းထားရင်း မေ့ပြီး အလုပ်ကိုထွက်လာ၊ ဘတ်စ်ကားပေါ်ရောက်မှ ဖုန်းကျန်ခဲ့တာသတိရ။ဘာမဟုတ်တာလေးပေမယ့် ကားခအပိုကုန် ၊အချိန်ကုန် ပြီး စိတ်ရော လူရောပင်ပန်းရ။တခါတခါ ဦးထုပ်ကိုခေါင်းမှာဆောင်းထားပြီး ဦးထုပ်လိုက်ရှာလိုလိုက်ရှာ။
                ဒီတိုင်းဆိုရင်တော့ မဖြစ်သေးပါဘူးလေ ဆိုပြီး မှတ်ဉာဏ်လေ့ကျင့်ခန်းကို ပြန်လုပ်ရတယ်။ ဝိသုဒ္ဓိမဂ်ထဲက ဇာတိဿရဉာဏ်အတွက်လေ့ကျင့်ပုံတော့ဖတ်ဖူးတယ်။အတိအကျတော့မမှတ်မိတော့။ ကဲလေဘာဖြစ်ဖြစ် ကွကိုယ်အဆင်​ပြေမယ့် နည်းတခုခုတော့ တီထွင်မှပဲလို့တွေးလိုက်တော့ မှတ်ဉာဏ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း
၅၀ ကျော်က တဖက်သတ်ချစ်ခဲ့ရတဲ့ ကောင်မလေး မျက်နှာတန်းပေါ်လာတယ်။အင်း..ဟုတ်ပြီ ၊သူ့နာမည်ကနေပါအုံး မာဂရက်...ဟုတ်ပြီ...မာဂရက် ၊အရာရှိကြီးတယောက်ရဲ့တဦးတည်းသမီး ညိုပြာညက်​လေး။ မာဂရက်ကို ချစ်ပေမယ့် လူနေမှုအဆင့်ချင်းကမိုးနဲ့မြေလိုခြားလွန်းသမို့ ရှင်လူကလေးဖွင့်ဟချစ်ရေးမဆိုရဲခဲ့။ဟိုသီချင်းတပုဒ်လို...ဘာတဲ့"အုံ့ပုံးချစ်"
အဲ...ဟုတ်တယ်။အုံ့ပုံးချစ်နဲ့ပဲ ဇာတ်သိမ်းခဲ့ရတယ်။ဒါပေမယ့်  အစွဲအလန်းကြီးလွန်းတဲ့ လူတယောက်ဖြစ်တဲ့ရှင်လူလေးဟာ ညည အိပ်မပျော်နိုင်ပဲ မာဂရက်ပေါ်ချစ်မိတာကို ကဗျာတပုဒ် ရေးစပ်ခဲ့မိတယ်။ဘာတဲ့...."မျက်ကန်းချစ်"..ဟုတ်တယ် မျက်ကန်းချစ်ပဲ။အင်း...ခေါင်းစဥ်မှတ်မိပေမယ့် ကဗျာအစက တွေးမရပြန်ဘူး။ဒီလိုနဲ့ ဟိုတပိုင်းသတိရ၊ဒီတပိုင်းသတိရနဲ့ ညနေအလုပ်သွားချိန်ရောက်လို့ YBSပေါ်ရောက်မှ တပုဒ်လုံးမှတ်မိပြီး မေ့သွားမစိုးလို့ ကားပေါ်မှာပဲ ဖုန်းထုတ်ပြီးမှတ်ရ တေးရတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀
ကျော်က ကဗျာပါ၊ရာစုနှစ်တဝက်ကြာခဲ့ပြီ။မှတ်ဉာဏ်လေ့ကျင့်ရင်းတင်တာပါ။မဆီမဆိုင်ဝင် ကရုဏာသက်မိကြမစိုးလို့ သတိပေးတာပါ။
မျက်ကန်းချစ်😰😥😓😭😢😰😓😥😓😭😢
လူ့သဘာဝအရ
သူ့မာနကပဲကြီးလို့လား
ချို့တဲ့လှတဲ့ကိုယ့်ရဲ့ဘဝကပဲ
သိမ်ငယ်လေသလား
အကြောင်းကြီးငယ်မသိသလ်ို
ပေါင်းစည်းဘွယ်မရှိတာလည်းအမှန်ပင်
အချစ်ဆိုတာဖြစ်လိုရာတွေး
လွမ်းလွမ်းဆွေးဆွေးကဗျာရေးနေရလျှင်
ကမ္ဘာတခြမ်းပျက် လာလမ်းခက်လည်း
တဖက်တခြမ်းက
တသက်လွမ်းကာနေရပါလျှင်
လက်လှမ်းမဖြစ်သမို့
မျက်ကန်းအချစ်လို့ပဲဆိုကြပါစို့။
ရှင်လူ  
မှတ်ချက်။  ။အဲ့မာဂရက်လည်း ရှင်လူနဲ့သာညားခဲ့ရင် ဆင်းရဲချင်ဆင်းရဲမယ်၊ ခုလိုကံဆိုးမယ်မထင်ပါ။ရှင်လူသိရသလောက် မာဂရက်ခမျာအရာရှိကြီးတယောက်ရဲ့ပီအေနဲ့ညားပြီးမကြာခင် အစာအဆိပ်သင့်ပြီးဆုံးခဲ့ရှာပါတယ်။အမ်....ရှင်လူ့မှတ်ဉာဏ်တွေ တနေ့ထဲနဲ့ အတော်တိုးတက်နေပါကလား။
story#observation #shinlhu


No comments:

Post a Comment