Saturday, July 19, 2025

story

ရူပါတို့ အသဲမာလိုက်ပုံ က

🌸🌷🍀🌹🌻🌺🍁🌷

ရူပါ ၊ အောင်ညာဏ်ဖြိုး တို့အမေ။ သူ့ကိုရှင်လူက တခါတခါ ရူပါယတနံ  စက္ခုဝိညာဏ ဓာတုယာ လို့  ခေါ်လေ့ရှိတယ်။
အင်း သူ့နာမည်က အဲ့လို အာရမ္မဏ ပစ္စည်းဖြစ်ခဲ့ပေသကိုး။
အပျိုကြီးဘဝ လွန်ခဲ့တဲ့ ၆ နှစ်က မင်းထက်နဲ့အိမ်ထောင်ကျတော့ မင်းထက်က သု့ထက် ၈ နှစ်ငယ်တယ်။ ခု သူ ၃၉ နှစ်ရှိပြီ။သူ့သားအောင်ညာဏ်ဖြိုးက တနှစ်နဲ့ ကိုးလလားပဲ။
သူ့ယောက်ျား မင်းထက်က
တောင်ဥက္ကလာ ကေတုမာလာကွေ့ ဘတ်စ်မှတ်တိုင်မှာ
Star Lay ကွမ်းယာဆိုင်ဖွင့်ထားတယ်။ဒီကောင် မင်းထက် အလုပ်တော့ အတော်လုပ်တယ်။တနေကုန် အိမ်မှာမတွေ့ရတတ်။နေဝင်မိုးချုပ် ကွမ်းယာဆိုင်မှာပဲ အချိန်ကုန်လေ့ရှိတယ်။တခါတခါ နေ့ကြီးရက်ကြီးတွေမှ နားပြီး မိုးမလင်းခင် ရွှေတိဂုံ
 ဖြစ်ဖြစ် ကမ္ဘာအေးဖြစ်ဖြစ်သူ့မိသားစုကိုခေါ်သွားပြီး။မိသားစုဓာတ်ပုံ fb တင်တတ်တယ်။ဒီနေ့ သားသားလေးနဲ့ ဘုရားပေါ်မှာ ဘာညာပေါ့။
ရူပါကလည်းသူ့သား လသားကတည်းက အိမ်မှာကွမ်းယာဗန်းထားပြီး လမ်းထဲကဖောက်သည်တွေကို ငါးရာဖိုး တထောင်ဖိုး ဖုန်းအော်ဒါနဲ့ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးတယ်။နေ့ခင်းစာကို ခလေးတဖက်နဲ့ကမန်းကတန်းချက်ပြုတ်။ယောက်ျားအတွက်ထမင်းချိုင့်ထည့်ပြီးရင် ဆိုက္ကားသမားဖောက်သည်နဲ့ချိုင့်ပို့တယ်။ပြီးခဲ့တဲ့နွေက သူ့သားအပေါ်ထပ်မှာပူလို့ဆိုပြီး ရှင်လူ့အခန်းမှာ ပုခက်ဆင်ရင်း ရှင်လူနဲ့ နှစ်အိမ့်တအိမ်ဖြစ်လာတယ်။ဒီလိုနဲ့ ရှင်လူလည်း ဟင်းစားဘာညာအဆင်ပြေသွားအောင်ရူပါတို့နဲ့အိုးစားဖက်တွဲလိုက်တယ်။ရူပါက
အလုပ်များသလောက် ဖြိုးဖြိုးဖျတ်ဖျတ်ရှိတယ်။သူ့သားအောင်ညာဏ်ဖြိုးကမအေကပ်ပြီး ဆော့ကလည်းအားကြီးဆော့တယ်။ရှင်လူ့အခန်းဆို သူရောက်လာကတည်းက စားပွဲအောက်ကအရက်ပုလင်း သူမမီတဲ့ စားပွဲပေါ်ရောက်သွားတယ်။ဒီကောင် ဆွဲလို့ရတာအကုန်ဆွဲတယ်။တို့လို့တွဲလောင်းဆို ဖုန်းအားသွင်းကြိုး၊ပေါင်းအိုးကြီုး၊စက်ဘီးကယ်ရီယာကကြိုးကအစ ဘာမှ သူမီအောင်ထားလို့မရ။ အိုးခွက်ပန်းကန်၊ရှင်လူ့လုပ်ငန်းသုံးစူးဆောက်တန်းဆာပလာ၊တူ ၊ပလိုင်ယာ စာအုပ် သောက်ရေခွက်ကအစ အကုန်ကိုင်ပေါက်။ရေသန့်ပုလင်းကို သူ့ကြောက်လို့ အဖုံးအတင်းကြပ်ထားရင် အသာလေးဖွင့်မော့ပြီးသွန်ပစ်တယ်။ဒီကောင်က အရမ်းသန်မာသလောက်အကြမ်းပတမ်း
ကောင်။ဖိုးသောကြာတို့ ဖွေးဖွေးသိမ့်တို့တုန်းကဆို ဒီအရွယ် ရှင်လူကြီးလက်ဖက်ရည်ဆိုင်ခေါ်သွားပြီးပြီ။ဒီကောင့်ကိုမခေါ်သွားရဲသေး။ထိမ်းမနိုင်သိမ်းမရ ကောင်။အဲဒါ သူ့ကိုဒိုက်ပါစီးပေးထားပြီး ရူပါကထမင်းဟင်းချက်၊တခါတခါသူ့ဒိုက်ပါချွတ် ဆေးကြောပြီးဆက်ချက်။ရူပါက အဲ့လိုအလုပ်တွေ ဇယ်စက်နေတဲ့ကြားက ရှင်လူ့အခန်းထဲမှာ 
အလှမွေးငါးကန်ကြီးလုပ်လိုက်သေးတယ်။သူမို့ အားအားလျားလျား သုံးရက်တခါ ဒီငါးကန်ကြီးကို သန့်ရှင်းရေးလုပ်၊ရေသစ်လဲ အလုပ်ရှုပ်ပ။ငါးစာကုန်ရင် ပြေးဝယ်ရသေး။
တလောက ရူပါက
"ရှင်လူရေ ကန်စွန်းရွက်ချဥ်ရည် ကောင်းလား"တဲ့။"ကောင်းသားပဲဟ"ဆိုတော့"အဲဒါ..ကန်စွန်းခင်းထဲက သွားခူးလာတာ"တဲ့။
ဗုဒ္ဓေါ..တောင်ဥက္ကလာ ၄ရပ်ကွက် ကျားကူးနဲ့ လ၆ ကြားမှာ အရင်ကတည်းက ကန်စွန်းခင်းရှိတယ်။ခုတော့ ကလေးကစားကွင်းလုပ်ပေးထားတာမှမကြာသေး။ဟုတ်မဟုတ်တော့မသေချာ NLD က
ဧဒင်မြန်မာကို ရောင်းထားလို့ဆိုပြီး အောက်ခြေပါတီဝင်တွေနဲ့ပြဿနာဖြစ်နေတဲ့နေရာ။ကန်စွန်းခင်းဟောင်းတွေဆိုတော့ အလေ့ကျတွေသူသွားခူးမှာပေါ့။ဒီလောက်မအားတဲ့ကြားကစက်ဘီးနဲ့ လှစ်ခနဲသွားခူးလိုက်ပုံရတယ်။
တလောက ရူပါတို့လင်မယား
ရန်ဖြစ်ကြတယ်။မင်းထက်ကမူးပြီးရူပါကိုလက်သီးနဲထိုးသတဲ့။ဒီလိုနဲ့ ရူပါနှင်ချလို့ မင်းထက်လည်းအထုပ်ကလေးဆွဲပြီးဆင်းသွားတယ်။သတင်းဖြစ်စဥ်ကို လေ့လာလိုက်တော့
တခါတခါမင်းထက်ဘီယာသောက်တာကို ရူပါက အိမ်သောက်ခွင့်ပြုထားတယ်။ဒါပေမယ့် ဟိုငနဲကယောက်ျားတို့သဘာဝ အပေါင်းအသင်းနဲ့ကြုံတော့အပြင်မှာသောက်တယ်။ဒီမှာ ရူပါပေါက်ကွဲတာပဲ။မင်းထက်ကမူးရင်သွေးဆိုးတတ်လို့ စိုးရိမ်ပြီး အပြင်မှာမသောက်ဖို့တားတာ၊ခုတော့ဖုန်းတွေကလည်းရှိ၊သတင်းပေးကလည်းရှိ(ဒေါ်ရူပါက ထောက်
လှမ်းရေးဗီဇရှိပုံရတယ်)
ကွမ်းယာဆိုင်လိုက်သွားပြီး
အပြစ်သားကို စွဲချက်တွေနဲ့
ပွဲကြမ်းပါလေရော(အရပ်သတင်းအရ အဆဲအဆိုတွေပါတယ်)
ဒီတော့ ဟိုကလည်း ယောကျ်ားသဘာဝအရ ဘေးလူတွေရှေ့မှာ မယားကြောက်ဘွဲ့ကြီးနှင်းအပ်ခံရမှာအစိုးရိမ်လွန်ပြီး
အောက်လအင်ဆန်းကွက်တွေသုံးလိုက်တာ ဒီဇာတ်လမ်းကြီးဖြစ်ခဲ့ပေါ့။နောက်နေ့ ရူပါ့ကိုစိုးရိမ်လို့ ရှင်လူကြီး သူတို့အပေါ်ထပ်တက်သွားတော့
ရူပါတယောက် တုံးလုံးလှဲပြီး အောင်ညာဏ်ဖြိုး ကိုနို့တိုက်နေတယ်။အောင်ညာဏ်ဖြိုးကမအေ့ရင်ပေါ်မှောက်ပြီးနို့ဆွဲနေပေမယ့် ရူပါကမျက်နှာပေါ်အဝတ်တခုအုပ်ပြီး ကိုရီးယားကားထဲကမိန်းမကြီးတွေလို
"အာရိကို..အာရိကို"မအော်ရုံတမယ်ပဲ။"သမီးဖျားနေလို့ ရှင်လူ"တဲ့။ယောက်ျားဆင်းသွားတာတရက်ရှိသေး အဖျားကတက်ပြီ။သူအဖျားတက်တာအရေးမကြီး ဒီစစ်ပွဲကြောင့်ရှင်လူလည်းအိုးပျောက်ခွက်
ပျောက် ဒုက္ခသည်ဘဝရောက်။
ဒီလိုနဲ့နှစ်ရက်ကျော်လာတော့
Reconciliation မြန်မြန်လုပ်မှဖြစ်တော့မယ်လို့တွေးရင်းခေါင်းခြောက်နေတုန်း ရူပါ့အမေ ဒေါ်တင်မြင့်ရောက်လာတယ်။
"အကိုရယ် အကိုလည်းသိတဲ့အတိုင်းပဲ"
"ဟုတ်ပါတယ်၊သိပါတယ်"
"ကောင်လေးကိုခေါ်ထားတယ်၊အဲဒါအကိုပါ အပေါ်တက်ပြီး
ဆုံးမပါအုံး"တဲ့
"အင်းပါ၊ စိတ်ချပါ"ပေါ့။ပြောသာပြောရတာ ရူပါ့ရဲ့ Demandတွေက လွယ်တော့မလွယ်။သူ့ယောက်ျားမင်းထက်က သူ့ကို ကန်တော့ပြီးတောင်းပန်ရမတဲ့။ Unconditional မဟုတ်။ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေက မဖြစ်နိုင်တာတွေနဲ့ဆိုတော့
သူ့သားမင်္ဂလာဆောင်ထိ ကြာသွားနိုင်တဲ့ပြဿနာ။
ကဲ တတ်နိုင်ဘူး။သူ့အဆိုပြုချက်ကို ကြားကရှင်လူကိုယ်တိုင် မသိသယောင်ဆောင်ပြီး။
"မင်းကလည်း ကိုယ့်သားမယားကို လက်မပါနဲ့လေကွာ။ရူပါကလည်းကိုယ့်ယောက်ျားကို လူကြားထဲ မရိုင်းရဘူး။ယောက်ျားဆိုတာ
လူကြားထဲ သိက္ခာချခံရရင် ရှက်ရမ်းရမ်းတတ်တယ်၊ငါတို့လည်းတူတူပဲ"
"တော်ပြီ..ငါရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊မင်းတို့ အဲ့လိုခဏခဏဖြစ်ရင်စီးပွားပါပျက်မယ်၊ဒါပဲ"
ရှင်လူလည်း ပြဿနာတခုခုဆိုဗိုလ်ချုပ်အောင်ဆန်းစစ်ထွက်မိန့်ခွန်းသွားသတိရတယ်။
ဒီတိုင်းပြည်က လျှာရှည်နေသင့်တဲ့တိုင်းပြည်မဟုတ်။
အဲလေ.. နိုင်ငံရေးတွေပါကုန်ပြီ...
story#observation #shinlhu

No comments:

Post a Comment